အကျဉ်းချုပ်
ကိုယ်ခန္ဓာရှိသွေးသည် အရိုးများ ကျန်းမာနေစေရန်နှင့်တည်ဆောက်ရန်အတွက် အာဟာရဓာတ်များနှင့် အောက်ဆီဂျင်ကဲ့သို့သော လိုအပ်သော ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးသည်။ သွေးထောက်ပံ့မှု ယာယီ သို့မဟုတ် အမြဲတမ်း ပြတ်လပ်မှုကြောင့် အရိုးတစ်သျှူးများ သေဆုံးသွားသောအခါ အရိုးပုပ်ခြင်း ဖြစ်ပေါ်လာစေသည်။ ထိုသို့ဖြစ်သောအခါတွင် အရိုးတွင် သေးငယ်သောကျိုးခြင်းများကို ဖြစ်စေနိုင်ပြီး ထိုမှတဆင့် အရိုးပြိုလဲပျက်စီးခြင်းကို ဖြစ်စေနိုင်သည်။ အရိုးကျိုးခြင်း သို့မဟုတ် အဆစ်လွဲသွားသောအခါ အရိုး၏ အစိတ်အပိုင်းတစ်ခုဆီသို့ သွေးထောက်ပံ့မှုသည် ပြတ်တောက်သွားသည်။ လူနာသည် စတီးရွိုက်ဆေးဝါးများ အများအပြားသောက်သုံးခြင်းနှင့် အရက် သို့မဟုတ် ဆေးလိပ်တို့ကို ကြာရှည်စွာ သောက်သုံးပါက အရိုးပုပ်ဖြစ်ပေါ်လာနိုင်သည်။ ဤရောဂါသည် အသက် ၃၀ မှ ၅၀ နှစ်ကြား အရွယ်ရောက်ပြီးသူများတွင် အများဆုံးဖြစ်ပွားနိုင်သော်လည်း မည်သူမဆို ဖြစ်ပွားနိုင်သည်။ အဆစ်အနီးတွင် ဤကဲ့သို့ အရိုးပုပ်ခြင်းဖြစ်ပွားလာပါက ထိုနေရာတစ်ဝိုက်ရှိ အရိုးမျက်နှာပြင်သည် ကျိုးသွားနိုင်သည်။ ၎င်းကြောင့် တစ်ချိန်တည်းတွင် အရိုးတစ်ခု သို့မဟုတ် အရိုးပေါင်းများစွာကို ထိခိုက်စေနိုင်သည်။
လက္ခဏာများ
အရိုးပုပ်ခြင်း၏ အစောပိုင်းအဆင့်တွင် ရောဂါလက္ခဏာ မပေါ်တတ်ပါ။ ရောဂါ တိုးတက် လာသည် နှင့်အမျှ ထိခိုက်နေသော အဆစ်များသည် ထိုနေရာသို့ဖိအားပေးသောအခါ/ဖိမိသောအခါ နာကျင် လာနိုင်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ လူနာများသည် လှဲလျောင်းနေချိန်တွင်ပင် နာကျင်မှုကို ခံစားရလိမ့်မည်။ နာကျင်မှုအဆင့်သည် အနည်းငယ်မှ ပြင်းထန်သည်အထိ ရှိပြီး တဖြည်းဖြည်း မြင့်တက်လာနိုင်သည်။ တင်ပါးဆုံရိုး၏ အရိုးပုပ်ခြင်းမှ ဖြစ်ပေါ်လာသော နာကျင်မှုသည် ပေါင်ခြံ၊ တင်ပါး သို့မဟုတ် ပေါင်နေရာများတွင် စတင်ခံစားနိုင်သည်။ တင်ပါးဆုံရိုးအပြင် အခြား နေရာများ ဖြစ်သော ပခုံး၊ ဒူး၊ လက်နှင့် ခြေထောက်အစရှိသောနေရာများသည် ဤရောဂါဖြစ်ပွားနိုင်သောနေရာများဖြစ်သည်။
အကြောင်းရင်းများ
အရိုးများသို့ သွေးစီးဆင်းမှု ပျက်ယွင်းခြင်းသည် အရိုးပုပ်ခြင်း၏ အဓိdကအကြောင်းရင်းဖြစ်သည်။ သွေးထောက်ပံ့မှု ပြတ်တောက်ခြင်းသည် အောက်ပါအကြောင်းရင်းများကြောင့် ဖြစ်ပွားနိုင်သည်-
- ဒဏ်ရာ။ အရိုးကျိုးသွားသောအခါ (အဆစ်ထဲသို့ သို့မဟုတ် အဆစ်နှင့်အနီးတဝိုက်တွင်ကျိုးသွားသောအခါ) သို့မဟုတ် အဆစ်တစ်ခုကျွံသွားသောအခါ အနီးနားရှိ သွေးကြောများကို ထိခိုက်ဒဏ်ရာရစေနိုင်သည်။ တင်ပါးဆုံရိုးကျိုးခြင်းသည် အရိုးပုပ်ခြင်းကို ဖြစ်စေနိုင်သော အဖြစ်များသော ဒဏ်ရာအမျိုးအစားဖြစ်သည်။ ကင်ဆာကုသမှုအတွက် ပေးသော ဓာတ်ရောင်ခြည်ကုထုံးသည်လည်း အရိုးများကို အားနည်းစေပြီး သွေးကြောများကို ပျက်စီးစေသည့် အကြောင်းရင်းတစ်ခု ဖြစ်နိုင်သည်။
- သွေးကြောများတွင် အဆီများစုပုံခြင်း။ အဆီများစုပုံခြင်းသည် သွေးကြောငယ်များကို ပိတ်ဆို့နိုင်ပြီး အရိုးများလိုအပ်သော သွေးစီးဆင်းမှုကို လျော့နည်းစေသည်။
- ရောဂါအချို့။ သွေးအားနည်းရောဂါနှင့် Gaucher’s ရောဂါကဲ့သို့သော ဆေးဘက်ဆိုင်ရာရောဂါအချို့သည် အရိုးသို့ သွေးထောက်ပံ့မှု ပြတ်တောက်စေနိုင်သည်။
သို့သော် အရိုးပုပ်ခြင်းခံစားနေရသော လူနာ ၂၅ ရာခိုင်နှုန်းခန့်တွင်သွေးထောက်ပံ့မှုပြတ်တောက်ခြင်း၏ အကြောင်းရင်းကို မသိရှိရသေးပါ။
အရိုးပုပ်ခြင်းပိုမိုဖြစ်လွယ်စေသောအချက်များ
- အရိုးကျိုးခြင်း သို့မဟုတ် အရိုးလွဲခြင်းကဲ့သို့သော ဒဏ်ရာများသည် ပတ်ဝန်းကျင်ရှိ သွေးကြောများကို ပျက်စီးစေပြီး အရိုးများသို့ သွေးထောက်ပံ့မှုကို လျော့နည်းစေနိုင်သည်။
- စတီးရွိုက်များ မြင့်မားစွာသောက်သုံးခြင်းသည်အရိုးပုပ်ခြင်းကို ဖြစ်စေနိုင်သည်။
- အရက်အလွန်အကျွံသောက်သုံးခြင်း သို့မဟုတ် နှစ်ပေါင်းများစွာ ဆေးလိပ်သောက်ခြင်းသည် သွေးကြောများကို ပိတ်ဆို့စေသော အဆီများ စုပုံလာစေနိုင်သည်။
- အရိုးပွခြင်းအတွက်ကုသသောဆေး ဘစ်ဖော့စဖိုနိတ် သုံးစွဲခြင်းသည် မေးရိုး အရိုးကျိုးခြင်း ဖြစ်ပေါ်စေနိုင်သည်။
- ကင်ဆာလူနာများတွင် ရောင်ခြည်ကုထုံးကဲ့သို့သော ဆေးဘက်ဆိုင်ရာကုသမှုအချို့သည် အရိုးများကို အားနည်းစေနိုင်သည်။ အချို့သော ကိုယ်တွင်းအင်္ဂါများကို အစားထိုးခြင်း၊ အထူးသဖြင့် ကျောက်ကပ်အစားထိုးခြင်းသည် အရိုးပုပ်ခြင်း ဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်းဖြစ်နိုင်သည်။
ပန်ကရိယရောင်ခြင်း၊ ဆီးချို၊ Gaucher’s ရောဂါ၊ HIVပိုးကူးစက်မှု၊အရေပြားလေးဖက်နာ နှင့် sickle cell anemiaသွေးအားနည်းရောဂါကဲ့သို့သော ဆေးဘက်ဆိုင်ရာအခြေအနေများစွာသည် အရိုးပုပ်ခြင်းကိုလည်း ဖြစ်စေနိုင်သည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်သည် လူနာကိုစစ်ဆေးမှုပြုလုပ်ပြီး အဆစ်များတစ်ဝိုက်တွင် နာကျင်မှုရှိမရှိ ရှာဖွေပါမည်။ အဆစ်များကို ပုံမှန်အတိုင်းအတာအတိုင်းလှုပ်ရှားနိုင်ခြင်းရှိမရှိကို ထိုအဆစ်များကို ပတ်ပတ်လည်လှုပ်ရှားကြည့်ပြီး စစ်ဆေးပါမည်။
ပုံရိပ်ဖော်စစ်ဆေးမှုများ
- ရောဂါ၏အစောပိုင်းအဆင့်တွင် X-rayဓါတ်မှန်များသည် ပုံမှန်ဖြစ်လေ့ရှိသည်။ ၎င်းသည် အရိုးပုပ်ခြင်းအဆင့်မြင့်လာပြီး ပိုဆိုးလာသောအဆင့်များတွင် အရိုးများတွင် ပုံမှန်မဟုတ်မှုများကို ပေါ်လာနိုင်ပြီး ပြသနိုင်ပါလိမ့်မည်။
- သံလိုက်ဓါတ်မှန်ရိုက်ခြင်း (MRI) နှင့် ကွန်ပျူတာဓါတ်မှန် (CT) စကင်န်သည် ရိုးပုပ်ခြင်း၏ လက္ခဏာတစ်ခုဖြစ်နိုင်သော အစောပိုင်းအဆင့်တွင်အရိုးများ ပြောင်းလဲမှုများကို ဖော်ပြသည့် ရှင်းလင်းသောပုံရိပ်များကို ဖန်တီးပေးနိုင်သည်။
- အရိုးစကင်န်သည် သွေးကြောထဲသို့ ရေဒီယိုသတ္တိကြွပစ္စည်းတစ်ခု ထိုးသွင်းရန် လိုအပ်သော လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်သည်။ ထိုပစ္စည်းသည် အရိုးများ၏ ဒဏ်ရာရနေသောနေရာ သို့မဟုတ် ပြန်လည်ကောင်းမွန်လာသောအစိတ်အပိုင်းများဆီသို့ သွားပြီး ပုံရိပ်ဖော်ပြားပေါ်တွင် တောက်ပသော လက္ခဏာများအဖြစ် ပေါ်လာပါသည်။
ကုသမှု
ဆေးဝါးများ
- ibuprofen (သို့မဟုတ် naproxen sodium) ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများကို နာကျင်မှုသက်သာစေရန် အသုံးပြုနိုင်ပါသည်။
- alendronate ကဲ့သို့သော အရိုးပွရောဂါဆေးဝါးများသည် အရိုးပုပ်ခြင်းကိုနှောင့်နှေးစေနိုင်သည်ဟုယူဆရသော်လည်း အထောက်အထားများသည် မသေချာပါ။
- ကိုလက်စထရော လျှော့ချပေးသော ဆေးများသည် သွေးအတွင်းရှိ ကိုလက်စထရောနှင့် အဆီပမာဏကို လျော့ကျစေပြီး အရိုးပုပ်ခြင်းကိုဖြစ်စေသော သွေးကြောပိတ်ဆို့ခြင်းကို ရပ်တန့်စေပါသည်။
- သွေးခဲခြင်းရောဂါရှိပါက သွေးကြောများအတွင်း သွေးခဲခြင်းကို ကာကွယ်ရန် warfarin ကဲ့သို့သော သွေးကျဲဆေးများကို ဆရာဝန်မှအကြံပြုနိုင်ပါသည်။
:ကုထုံး
- ရောဂါဖြစ်နေသောအရိုးကို အနားယူခြင်း သို့မဟုတ် ထိုအရိုးပေါ်သို့ဖိအားကို လျှော့ချခြင်းသည် အရိုးပျက်စီးမှုကို နှောင့်နှေးစေပါသည်။
- လေ့ကျင့်ခန်းများသည် အဆစ်၏ ပုံမှန်လှုပ်ရှားမှုအတိုင်းအတာကို ထိန်းသိမ်းရန် ကူညီပေးနိုင်ပါသည်။
- လျှပ်စစ်ဓါတ်ကိုအသုံးပြု၍လှုံ့ဆော်မှုကို ခန္ဓာကိုယ်အား အရိုးအသစ်များ တည်ဆောက်ရန်နှင့် ပျက်စီးသွားသော အရိုးများကို အစားထိုးရန် အသုံးပြုနိုင်ပါသည်။ ဤလှုံ့ဆော်မှုကို ခွဲစိတ်မှုအတွင်း ပြုလုပ်နိုင်ပြီးခွဲစိတ်သောနေရာတွင် အသုံးပြုနိုင်ပါသည်။ အီလက်ထရုတ်များကို အရေပြားတွင် တပ်ဆင်ပြီး ထိုမှတစ်ဆင့်လည်း အသုံးပြုနိုင်ပါသည်။
ခွဲစိတ်မှု
အရိုးပုပ်ခြင်းသည် နောက်ပိုင်းပိုဆိုးသောအဆင့်သို့ပြောင်းလဲလာသောအခါ ခွဲစိတ်မှုကို ပြုလုပ်ရန် အကြံပြုပါသည်။
- အရိုးအူတိုင်ဖိအားလျှော့ချခြင်းသည် အရိုးများ၏ အတွင်းပိုင်းအလွှာများ၏ အစိတ်အပိုင်းအချို့ကို ဖယ်ရှားခြင်းလုပ်ငန်းစဉ်ဖြစ်သည်။ နာကျင်မှုကို လျော့ပါးစေရုံသာမက ကျန်းမာသော အရိုးတစ်ရှူးများနှင့် သွေးကြောအသစ်များ ထုတ်လုပ်မှုကိုလည်း လှုံ့ဆော်ပေးနိုင်ပါသည်။
- အရိုးအစားထိုးခြင်းသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းမှကျန်းမာသောအရိုးကို ထိခိုက်နေသော အရိုးနေရာသို့ အစားထိုးသည့် လုပ်ငန်းစဉ်ဖြစ်သည်။
- အရိုးပြန်လည်ပုံသွင်းခြင်း (အရိုးခွဲစိတ်ကုသမှု) ဆိုသည်မှာ ကိုယ်ခန္ဓာဝန်ထမ်းရသောအဆစ်၏ အပေါ် သို့မဟုတ် အောက်မှ အရိုးအစအနကို ဖယ်ရှားခြင်းဖြစ်သည်။ ၎င်းသည် ပျက်စီးနေသော အရိုးကိုအလေးချိန်ဖိနေခြင်းဖိအားမှ သက်သာရန် ကူညီပေးသည်။ အရိုးပြန်လည်ပုံသွင်းခြင်းဖြင့် လူနာသည် အဆစ်အစားထိုးခွဲစိတ်မှုကို ရွှေ့ဆိုင်းနိုင်မည်ဖြစ်သည်။
- အဆစ်အစားထိုးခွဲစိတ်မှုကို အရိုးများပြိုလဲသွားသည့်အခါ သို့မဟုတ် အခြားကုသမှုများဖြင့် အခြေအနေကို မတိုးတက်စေသည့်အခါ ပြုလုပ်သည်။
