အကျဉ်းချုပ်

အစာအိမ်ရောင်ခြင်း ဆိုသည်မှာ အစာအိမ်အတွင်းနံရံရောင်ရမ်းခြင်းကို ရည်ညွှန်းပြီး ဤရောင်ရမ်းမှုသည် အစာအိမ်အနာများကို ဖြစ်စေသော ဘက်တီးရီးယားပိုးကူးစက်မှု သို့မဟုတ် အကိုက်အခဲပျောက်ဆေးများကို မကြာခဏအသုံးပြုခြင်းကြောင့် ဖြစ်လေ့ရှိသည်။ အရက်အလွန်အကျွံသောက်သုံးခြင်းသည်လည်း အစာအိမ်ရောင်ရမ်းခြင်း ဖြစ်ပေါ်စေနိုင်သည်။

အစာအိမ်ရောင်ရမ်းခြင်းကို ရုတ်တရက်အစာအိမ်ရောင်ခြင်းနှင့် နာတာရှည်ရောင်ရမ်းခြင်း အမျိုးအစားနှစ်မျိုး ခွဲခြားထားပါသည်။

  • ရုတ်တရက်အစာအိမ်ရောင်ရမ်းခြင်း- ရုတ်တရက်ဖြစ်ပွားပြီး ယာယီရောင်ရမ်းခြင်းမျိုးဖြစ်သည်။ ၎င်းကိုဖြစ်ပွားစေသော အကြောင်းရင်းများသည်လည်း ရုတ်တရက်ဖြစ်သော အကြောင်းအရင်းများဖြစ်လေ့ရှိသည်။
  • နာတာရှည် အစာအိမ်ရောင်ရမ်းခြင်း- သည် နာတာရှည်ကျန်းမာရေးပြဿနာတစ်ခုကြောင့် တဖြည်းဖြည်းဖြစ်ပေါ်လာလေ့ရှိသော နာတာရှည်ရောဂါတစ်ခုဖြစ်သည်။ ဤကဲ့သို့ ရောင်ရမ်းခြင်းမျိုးသည် အမြဲတမ်းသတိမထားမိတတ်သော်လည်း အချိန်ကြာမြင့်စွာ ဆက်လက်ဖြစ်ပေါ်နေနိုင်သည်။

အစာအိမ်ရောင်ရမ်းခြင်းကို အစာအိမ်နံရံတိုက်စားသောရောင်ရမ်းခြင်းနှင့် တိုက်စားခြင်းမရှိသောရောင်ရမ်းခြင်းဟူ၍ ထပ်မံခွဲခြားနိုင်သည်။

  • တိုက်စားသော အစာအိမ်ရောင်ရမ်းခြင်း- အစာအိမ်နံရံကို ပျက်စီးစေပြီး အနာများဖြစ်ပေါ်စေသော အကြောင်းအရင်းပစ္စည်းများကြောင့် ဖြစ်သည်။ ဤပျက်စီးစေသောပစ္စည်းများတွင် အက်ဆစ်ဓါတ်များ၊ သည်းခြေရည်၊ အရက် သို့မဟုတ် အချို့သောဆေးဝါးများကဲ့သို့သောပစ္စည်းများ ပါဝင်သည်။
  • တိုက်စားခြင်းမရှိသော အစာအိမ်ရောင်ခြင်း- ဤအမျိုးအစားသည် အစာအိမ်တွင်အနာများ မဖြစ်စေသော်လည်း အစာအိမ်နံရံများ နီ၍ ရောင်ရမ်းလာခြင်းကို ဖြစ်စေနိုင်ပြီး အစာအိမ်ကို ထိခိုက်စေသည်။ ရောင်ရမ်းခြင်းမရှိသော အစာအိမ်ရောင်ခြင်း၏ အမျိုးအစားတစ်ခုဖြစ်သည့် Atrophic gastritis(အစာအိမ်ရောင်၍ ပျက်သွားခြင်း) သည် အစာအိမ်နံရံများ ပါးလွှာခြင်း သို့မဟုတ် ယိုယွင်းပျက်စီးခြင်း ကို ဖြစ်စေနိုင်ပြီး အစာခြေမှုပြဿနာများကို ဖြစ်စေနိုင်သည်။

အစာအိမ်ရောင်ခြင်းမှတစ်ဆင့် အစာအိမ်အနာများပေါက်လာနိုင်ပြီး ထို့အပြင် အစာအိမ်ကင်ဆာဖြစ်နိုင်ခြေကိုလည်း မြင့်တက်စေနိုင်သည်။ သို့သော် ရောဂါဖြစ်ပွားသူအများစုအတွက် အစာအိမ်ရောင်ခြင်းသည် ပြင်းထန်သောအခြေအနေမဟုတ်ဘဲ ကုသမှုခံယူပါက လျှင်မြန်စွာ သက်သာလာလေ့ရှိသည်။

လက္ခဏာများ

အစာအိမ်ရောင်ခြင်းသည် တစ်ခါတစ်ရံတွင် ရောဂါလက္ခဏာမပြပဲ ရှိတတ်သည်။ သို့သော် ရောဂါလက္ခဏာများ ပေါ်ပေါက်လာခြင်းသည် ပိုမိုပြင်းထန်သော သို့မဟုတ် ကြာရှည်သောအခြေအနေကို ညွှန်ပြနေနိုင်သည်။ အစာအိမ်နံရံများ ယိုယွင်းပျက်စီးလာပြီး အစာအိမ်မှထွက်သော ၎င်း၏ကိုယ်ပိုင်အက်ဆစ်များနှင့် အင်ဇိုင်းများမှတိုက်စားခြင်းကို မကာကွယ်နိုင်သောအခါ ရောဂါလက္ခဏာများ ပေါ်ပေါက်လာနိုင်သည်။ ဤအက်ဆစ်များသည် အစာမကြေခြင်း သို့မဟုတ် အစာအိမ်အနာများ ဖြစ်ပေါ်လာခြင်းကိုပင် ဖြစ်စေနိုင်ပြီး ထိုအနာများဖြစ်ပွားလာပါက ဗိုက်နာကျင်စေပြီး အနာမှသွေးထွက်ခြင်းများဖြစ်ပေါ်နိုင်သည်။ အဖြစ်များသော ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်သည်-

  • အစာစားပြီး မကြာမီတွင် အစာစားချင်စိတ် လျော့နည်းခြင်း သို့မဟုတ် ဗိုက်ပြည့်သည်ဟု ခံစားရခြင်း။
  • အစာအိမ် မအီမသာဖြစ်ခြင်းနှင့် ဗိုက်ပြည့်ခြင်း။
  • ခေါင်းမူးခြင်းနှင့်/သို့မဟုတ် အန်ခြင်း။

အစာအိမ်အနာဖြစ်ပြီး သွေးထွက်နေပါက အောက်ပါတို့ကို သတိပြုမိနိုင်သည်-

  • ကတ္တရာအရောင်ကဲ့သို့ ဝမ်း အမည်း/အနက်သွားခြင်း။
  • ကော်ဖီမှုန့်ကဲ့သို့ အရောင်နှင့် အသွင်အပြင်ရှိသောအရာများအန်ခြင်း။

အောက်ပါတို့ကိုခံစားရပါက ဆေးကုသမှုချက်ချင်းခံယူပါ-

  • အပြင်းအထန်နာကျင်ခြင်း။
  • အစာကိုမျိုချ၍မရသောကြောင့် ပျို့အန်ခြင်း။
  • ခေါင်းမူးခြင်း သို့မဟုတ် မူးဝေခြင်း။

အကြောင်းရင်းများ

အစာအိမ်ရောင်ရမ်းခြင်းဆိုသည်မှာ အစာအိမ်အတွင်းနံရံရောင်ရမ်းခြင်းကို ရည်ညွှန်းသည်။ အစာအိမ်နံရံကိုကာကွယ်ပေးသော အချွဲအလွှာအကာအရံသည်ပါးလွှာသွားသောအခါ သို့မဟုတ် ပျက်စီးသွားသောအခါ အစာခြေရည်များသည် အစာအိမ်အတွင်းနံရံကိုထိခိုက်စေပြီး ရောင်ရမ်းစေနိုင်သည်။ Crohn’s ရောဂါကဲ့သို့သော နာတာရှည် အူလမ်းကြောင်းရောင်ရမ်းမှုရောဂါများအပါအဝင် အခြားရောဂါနှင့်အခြေအနေများစွာသည် အစာအိမ်ရောင်ရမ်းခြင်းဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်သည်။

အစာအိမ်ရောင်ခြင်းပိုမိုဖြစ်ပွားစေသော အချက်များ

အစာအိမ်ရောင်ရမ်းခြင်းဖြစ်နိုင်ခြေကို အောက်ပါအချက်များက ပိုမိုဖြစ်ပွားစေနိုင်သည်-

  • အသက်အရွယ်ရလာခြင်း။ အစာအိမ်နံရံသည် အသက်အရွယ်နှင့်အမျှ ပါးလွှာလာပြီး အသက်ကြီးသူများသည် ငယ်ရွယ်သူများထက် ကိုယ်ခံအားစနစ်ချို့ယွင်းမှုရောဂါများ သို့မဟုတ် H. pylori အစာအိမ်ပိုးဝင်ခြင်းဖြစ်နိုင်ခြေပိုများသောကြောင့် အသက်ကြီးသူများတွင် အစာအိမ်ရောင်ရမ်းခြင်းဖြစ်ပွားနိုင်ခြေပိုများသည်။
  • ဘက်တီးရီးယားပိုးဝင်ခြင်း။ Helicobacter pylori ပိုးဝင်ခြင်းသည် ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံးလူသားရောဂါများထဲမှတစ်ခုဖြစ်သော်လည်း ပိုးကူးစက်ခံရသူများမှ လူဦးရေအနည်းငယ်သာ အစာအိမ်ရောင်ရမ်းခြင်း သို့မဟုတ် အခြား အစာအိမ်နှင့်အူသိမ်လမ်းကြောင်းရောဂါများ ဖြစ်ပွားလေ့ရှိသည်။ ဆရာဝန်များက ဘက်တီးရီးယားပိုးဝင်ခြင်းကို မျိုးရိုးလိုက်ခြင်းကြောင့် သို့မဟုတ် ဆေးလိပ်သောက်ခြင်းနှင့် အစားအသောက်၊နေထိုင်မှုကဲ့သို့သော လူနေမှုပုံစံအချက်များကြောင့် ဖြစ်ပေါ်လာနိုင်သည်ဟု ယူဆကြသည်။
  • ခန္ဓာကိုယ်ထိခိုက်ခြင်း။ ရုတ်တရက် အစာအိမ်ရောင်ခြင်းသည် ခွဲစိတ်မှု၊ ထိခိုက်ဒဏ်ရာရမှု၊ အပူလောင်ခြင်း သို့မဟုတ် အခြားပြင်းထန်သောပိုးဝင်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာနိုင်သည်။
  • အကိုက်အခဲပျောက်ဆေးများကို မကြာခဏသုံးစွဲခြင်း။ တစ်ခါတစ်ရံတွင် ibuprofen နှင့် naproxen sodium ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများသည် ရုတ်တရက် အစာအိမ်ရောင်ခြင်းနှင့် နာတာရှည် အစာအိမ်ရောင်ခြင်းနှစ်မျိုးလုံး ဖြစ်စေနိုင်သည်။ ဤအကိုက်အခဲပျောက်ဆေးများကို မကြာခဏသုံးစွဲခြင်း သို့မဟုတ် အလွန်အကျွံသောက်သုံးခြင်းသည် အစာအိမ်၏နံရံအလွှာကို ကာကွယ်ပေးရာတွင် အရေးကြီးသောဓါတ်တစ်ခုကို လျော့နည်းစေနိုင်သည်။
  • အရက်အလွန်အကျွံသောက်သုံးခြင်း။ အရက်ကြောင့် အစာအိမ်၏အလွှာသည် ရောင်ရမ်းပြီး ပျက်စီးသွားနိုင်ပြီး အစာခြေအရည်များမှ ပိုမိုထိခိုက်တိုက်စားခြင်းကိုဖြစ်ပေါ်လွယ်စေသည်။ အရက်အလွန်အကျွံသောက်သူများတွင် ရုတ်တရက်အစာအိမ်ရောင်ခြင်းသည် ပိုမိုဖြစ်ပွားတတ်သည်။
  • ကင်ဆာကုသမှုများ။ ဓာတုဆေး၀ါးကုထုံး သို့မဟုတ် ဓါတ်ရောင်ခြည်ကုထုံးခံယူနေပါက အစာအိမ်ရောင်ခြင်းဖြစ်နိုင်ခြေ မြင့်တက်လာနိုင်သည်။
  • ကိုယ်ခံအားစနစ်ကြောင့်ဖြစ်သော အစာအိမ်ရောင်ခြင်း။ ကိုယ်ခံအားစနစ်သည် မိမိအစာအိမ်အလွှာရှိဆဲလ်များကို ပြန်လည်တိုက်ခိုက်နေသောအခါ အစာအိမ်နံရံ၏ကာကွယ်နိုင်စွမ်းကို လျော့နည်းစေနိုင်သည်။ Hashimoto လည်ပင်းကြီးရောဂါ သို့မဟုတ် မျိုးရိုးလိုက်ဆီးချိုရောဂါကဲ့သို့သော အခြားကိုယ်ခံအားနှင့်ဆက်စပ်သောပြဿနာများရှိပါက ဤအမျိုးအစားသည် ပိုမိုအဖြစ်များသည်။ ၎င်းသည် ဗီတာမင် B-12 ပမာဏ နည်းပါးခြင်းနှင့်လည်း ဆက်စပ်နေနိုင်ပါသည်။
  • အခြားရောဂါများနှင့် အခြေအနေများ။ HIV/AIDS၊ Crohn’s အူလမ်းကြောင်းရောဂါ၊ celiac အူလမ်းကြောင်းရောဂါ၊ sarcoidosis နှင့် ကပ်ပါးတုပ်ပြား သံပြားကောင်ကူးစက်မှုများကဲ့သို့သော အခြားရောဂါများသည်လည်း

အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းခြင်းနှင့် ဆက်စပ်နေနိုင်သည်။

ရောဂါရှာဖွေခြင်း

  • H. pylori အစာအိမ်ပိုး စစ်ဆေးမှုများ- H. pylori ဘက်တီးရီးယားကြောင့် ရောဂါလက္ခဏာများကို ဖြစ်နေခြင်းရှိမရှိ ဆုံးဖြတ်ရန်အတွက် ဆရာဝန်သည် ဝမ်းစစ်ဆေးမှု သို့မဟုတ် လေမှုတ်စစ်ဆေးမှုကဲ့သို့သော စစ်ဆေးမှုများကို အကြံပြုနိုင်ပါသည်။ လေမှုတ်စစ်ဆေးမှုတွင် ရေဒီယိုသတ္တိကြွကာဗွန်ပါဝင်သော ကြည်လင်သောအရည်ကို သောက်သုံးခြင်းပါဝင်သည်။ သင်သည် H. pylori အစာအိမ်ပိုး ကူးစက်ခံရပါက၊ သင်မှုတ်ထုတ်လိုက်သောလေတွင် ဤရေဒီယိုသတ္တိကြွကာဗွန်များကို တွေ့ရလိမ့်မည်။
  • အစာအိမ်မှန်ပြောင်း- နောက်ထပ်ရောဂါရှာဖွေနည်းလမ်းတစ်ခုမှာ အစာအိမ်မှန်ပြောင်းဖြစ်သည်။ ဤလုပ်ထုံးလုပ်နည်းမှာ အဝတွင် ကင်မရာပါသော ပြွန်အပျော့တစ်ခုကို သင့်လည်ချောင်းမှတစ်ဆင့် သင့်အစာပြွန်၊ အစာအိမ်နှင့် အူသိမ်ထဲသို့ ထည့်သွင်းသည်။ ထိုသို့ပြုလုပ်ခြင်းသည် ဆရာဝန်အား ရောင်ရမ်းမှု သို့မဟုတ် ပုံမှန်မဟုတ်သောလက္ခဏာများရှိမရှိကို ထိုနေရာများတွင် မျက်မြင်တွေ့ရှိ စစ်ဆေးနိုင်သည်။သံသယဖြစ်ဖွယ်ပုံမှန်မဟုတ်သောနေရာများကို တွေ့ရှိပါကလည်း အသားစယူစစ်ဆေးမှုများကိုလည်း ပြုလုပ်နိုင်သည်။ ဤအသားစယူ၍ စစ်ဆေးမှုများသည် သင့်အစာအိမ်အတွင်းနံရံတွင် H. pylori ရှိမရှိကို သိရှိနိုင်သည်။
  • ဗိုက်အပေါ်ပိုင်း ဓါတ်မှန် : bariumမြိုချ၍ ဓါတ်မှန်ရိုက်ခြင်း သို့မဟုတ် အပေါ်ပိုင်း အစာအိမ်နှင့်အူလမ်းကြောင်းစီးရီးဟုရည်ညွှန်းသော ဤ ဓါတ်မှန်များသည် သင့်အစာပြွန်၊ အစာအိမ်နှင့် အူသိမ်တို့၏ ပုံရိပ်များကို ထုတ်ပေးပြီး အတွင်းရှိပုံမှန်မဟုတ်သော အရာများကို ရှာဖွေဖော်ထုတ်ရန် ရည်ရွယ်ချက်ဖြစ်သည်။ ပိုမိုမြင်သာမှုရှိရန်နှင့် အနာများကို ရှာဖွေဖော်ထုတ်ရာတွင် ပိုမိုကောင်းမွန်စေရန်အတွက်၊ သင့်အစာအိမ်လမ်းကြောင်းကို ဖြတ်သန်းသွားမည့် (barium ပါဝင်သော) အဖြူရောင်၊ သတ္တုအရည်ကို မျိုချရနိုင်သည်။

ကုသမှု

အစာအိမ်ရောင်ရောဂါကိုကုသခြင်းသည် ၎င်း၏အရင်းခံအကြောင်းရင်းပေါ်တွင် မူတည်သည်။ ဥပမာအားဖြင့်၊ အကိုက်အခဲပျောက်ဆေး သို့မဟုတ် အရက်သောက်သုံးမှုကြောင့် ဖြစ်ပေါ်လာသော ရုတ်တရက်အစာအိမ်ရောင်ရောဂါကို ထိုပစ္စည်းများကို ရှောင်ရှားခြင်းဖြင့် သက်သာစေနိုင်သည်။

အစာအိမ်ရောင်ရောဂါကို ကုသရန်အသုံးပြုသော ဆေးဝါးများတွင် အောက်ပါတို့ပါဝင်သည်-

  • ပဋိဇီဝပိုးသတ်ဆေးများ- အစာခြေလမ်းကြောင်းတွင် H. pylori ပိုးကူးစက်မှုရှိနေသည့် အခြေအနေများတွင် ပဋိဇီဝပိုးသတ်ဆေးများ ပေါင်းစပ်အသုံးပြုလေ့ရှိသည်။ ဤကုသမှုတွင် ဘက်တီးရီးယားကို ဖယ်ရှားရန် clarithromycin နှင့် amoxicillin သို့မဟုတ် metronidazole ကဲ့သို့သော ပဋိဇီဝဆေးများ ပါဝင်နိုင်သည်။ အက်ဆစ်ထုတ်လုပ်မှုကို တားဆီးပေးသော ဆေးဝါးများနှင့်အတူ ပုံမှန်အားဖြင့် ၇ ရက်မှ ၁၄ ရက်အထိ ကြာမြင့်သော ပဋိဇီဝဆေးကုသမှုအပြည့်အစုံကို ပြီးမြောက်အောင် သောက်သုံးရန် အရေးကြီးပါသည်။ ကုသမှုအပြီးတွင် H. pylori ကို အောင်မြင်စွာ ဖယ်ရှားနိုင်ခြင်းရှိမရှိ ပြန်လည်စစ်ဆေးမှု ပြုလုပ်လေ့ရှိသည်။
  • အက်ဆစ်ထုတ်လုပ်မှုနှင့် ကုသရေး အထောက်အကူပြုပစ္စည်းများ- Proton Pump Inhibitors (PPI)အစာအိမ်ဆေးများသည် အက်ဆစ်ထုတ်လုပ်မှုအတွက် တာဝန်ရှိသော ဆဲလ်များကို ဟန့်တားခြင်းဖြင့် အက်ဆစ်ထုတ်လုပ်မှုကို လျော့ကျစေသော ဆေးဝါးများဖြစ်သည်။ ဤဆေးဝါးများတွင် omeprazole၊ lansoprazole၊ rabeprazole၊ pantoprazole နှင့် အခြားဆေးဝါးများ ပါဝင်သည်။ PPI ပမာဏမြင့်မားစွာ သုံးစွဲခြင်းသည် တင်ပါးဆုံရိုး၊ လက်ကောက်ဝတ်နှင့် ကျောရိုးတွင် အရိုးကျိုးခြင်းအန္တရာယ်ကို မြင့်တက်စေနိုင်သည်။ ကယ်လ်စီယမ်သောက်သုံးခြင်းသည် ဤအန္တရာယ်ကို လျှော့ချရာတွင် အထောက်အကူပြုနိုင်သဖြင့် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး သောက်သုံးသင့်သည်။
  • အက်ဆစ်ထုတ်လုပ်မှု လျှော့ချပေးသည့်ဆေးများ- ဆရာဝန်သည် histamine (H–2) ပိတ်ဆို့ဆေးများဟုလည်း လူသိများသော အက်ဆစ်ထုတ်မှုလျှော့ချပေးသောဆေးများကိုလည်း အစာအိမ်မှထုတ်လွှတ်သော အက်ဆစ်ပမာဏကို လျှော့ချရန် ညွှန်ကြားနိုင်သည်။ ထိုဆေးများသည် အစာအိမ်ရောင်ရမ်းခြင်းကြောင့် မသက်မသာဖြစ်မှုကို သက်သာစေပြီး အစာအိမ်မှ အနာကျက်ခြင်းကို အားပေးသည်။ famotidine၊ cimetidine နှင့် nizatidine ကဲ့သို့သော အက်ဆစ်ပိတ်ဆို့ဆေးများကို အရောင်းဆိုင်တွင်သာမက ဆရာဝန်ညွှန်ကြားချက်ဖြင့်ပါ ရရှိနိုင်ပါသည်။
  • အစာအိမ်အက်ဆစ်ပျက်ပြယ်စေသည့်ဆေးများ- ဆရာဝန်များသည် ဆေးဝါးကုသမှုတွင် အက်ဆစ်ပျောက်ဆေး antacids များကို ထည့်သွင်းနိုင်သည်။ အက်ဆစ်ပျောက်ဆေးများသည် ထွက်ပြီးသား အစာအိမ်အက်ဆစ်ကို ပျက်ပြယ်စေခြင်းပြီး နာကျင်မှုကို လျင်မြန်စွာ သက်သာစေသည်။ ဖြစ်နိုင်ချေရှိသော ဘေးထွက်ဆိုးကျိုးများတွင် ပါဝင်ပစ္စည်းများပေါ် မူတည်၍ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းတို့ ပါဝင်သည်။ အစာအိမ်အက်ဆစ်ပျောက်ဆေးများသည် ရောဂါလက္ခဏာကို ချက်ချင်းသက်သာစေသော်လည်း၊ ၎င်းတို့ကို အဓိကကုသမှုနည်းလမ်းအဖြစ် ယေဘုယျအားဖြင့် အသုံးမပြုကြပါ။ PPI အစာအိမ်ဆေးများနှင့် အက်ဆစ်ပိတ်ဆို့ဆေးများသည် ပိုမိုထိရောက်ပြီး ဘေးထွက်ဆိုးကျိုးနည်းပါးလေ့ရှိသည်။

Doctors who treat this condition