အဆုတ်သွေးလွတ်ကြော အဆို့ရှင် ကျဥ်းမြောင်းခြင်း
အကျဉ်းချုပ်
အဆုတ်သွေးလွှတ်ကြော အဆို့ရှင် ကျဉ်းမြောင်းခြင်း (Pulmonary valve stenosis) ဆိုသည်မှာ နှလုံး၏ ညာဘက်အောက်ခန်း (Right ventricle) နှင့် အဆုတ်သွေးလွှတ်ကြော (Pulmonary artery) ကြားရှိ အဆို့ရှင် ကျဉ်းမြောင်းသွားသည့် အခြေအနေ ဖြစ်ပါသည်။ အဆို့ရှင်၏ အနားသတ်လွှာများ တောင့်တင်းလာခြင်း သို့မဟုတ် ထူထဲလာခြင်းတို့ကြောင့် အဆို့ရှင်မှတစ်ဆင့် သွေးစီးဆင်းမှု လျော့နည်းသွားခြင်း ဖြစ်ပါသည်။
ဤအခြေအနေသည် များသောအားဖြင့် မွေးရာပါ နှလုံးချို့ယွင်းချက်များကြောင့် ဖြစ်ပေါ်လေ့ရှိပါသည်။ ဤနှလုံးရောဂါအခြေအနေသည် သီးသန့်ဖြစ်ပေါ်နိုင်သကဲ့သို့ အခြားသော မွေးရာပါ နှလုံးပုံစံမမှန်မှုများနှင့် ဆက်စပ်၍လည်း ဖြစ်ပေါ်နိုင်ပြီး အပျော့စားမှသည် ပြင်းထန်သည့် အဆင့်အထိ ရှိနိုင်ပါသည်။ သို့သော် လူကြီးများတွင်မူ အခြားသော ရောဂါအခြေအနေတစ်ခု၏ နောက်ဆက်တွဲ ပြဿနာအဖြစ် အဆုတ်သွေးလွှတ်ကြော အဆို့ရှင် ကျဉ်းမြောင်းခြင်းကို ခံစားရနိုင်ပါသည်။
အပျော့စား အဆုတ်သွေးလွှတ်တော် အဆို့ရှင် ကျဉ်းမြောင်းခြင်းသည် ရောဂါလက္ခဏာ မပြဘဲ ရှိနေနိုင်ပြီး ရံဖန်ရံခါမှသာ ဆေးဝါးကုသမှုများ လိုအပ်တတ်ပါသည်။ အလယ်အလတ်နှင့် ပြင်းထန်သော အဆုတ်သွေးလွှတ်တော် အဆို့ရှင် ကျဉ်းမြောင်းခြင်း ဖြစ်ရပ်များတွင်မူ အဆို့ရှင်ကို ပြုပြင်ရန် သို့မဟုတ် အစားထိုးရန် လိုအပ်နိုင်ပါသည်။
ရောဂါလက္ခဏာများ
အပျော့စား အဆုတ်သွေးလွှတ်ကြော အဆို့ရှင် ကျဉ်းမြောင်းခြင်းသည် မည်သည့်လက္ခဏာမျှ မပြဘဲ ရှိနေနိုင်ပါသည်။ အလယ်အလတ်နှင့် ပြင်းထန်သော အဆင့်ရှိသူများသည် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သည့်အခါမှသာ ရောဂါလက္ခဏာများကို စတင်ခံစားရနိုင်ပါသည်။ အဆုတ်သွေးလွှတ်ကြော အဆို့ရှင် ကျဉ်းမြောင်းခြင်း၏ လက္ခဏာရပ်များသည် ပိတ်ဆို့နေသော သွေးစီးဆင်းမှု ပမာဏပေါ်တွင် မူတည်ပါသည်။
အဆုတ်သွေးလွှတ်တော် အဆို့ရှင် ကျဉ်းမြောင်းခြင်း၏ လက္ခဏာရပ်များတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်။
- နှလုံးခုန်သံ မမှန်ခြင်း (Heart murmur)
- အသက်ရှူရ ခက်ခဲခြင်း သို့မဟုတ် အသက်ရှူမဝခြင်း
- မောပန်းနွမ်းနယ်ခြင်း သို့မဟုတ် အားအင်ကုန်ခမ်းခြင်း
- ရင်ဘတ်အောင့်ခြင်း
- မူးမေ့လဲခြင်း သို့မဟုတ် သတိလစ်ခြင်း။
အခြားသော မွေးရာပါ နှလုံးရောဂါများနည်းတူ အဆုတ်သွေးလွှတ်တော် အဆို့ရှင် ကျဉ်းမြောင်းခြင်းသည် မွေးကင်းစကလေးငယ်များတွင် အရေပြား ပြာနှမ်းခြင်း (Cyanosis) ကို ဖြစ်ပေါ်စေနိုင်ပါသည်။ ပြင်းထန်သော ပိတ်ဆို့မှုရှိသည့် ကလေးငယ်များသည် ပုံမှန်ရှိသင့်သည့်နှုန်းအတိုင်း ကိုယ်အလေးချိန် မတက်ခြင်း သို့မဟုတ် ကြီးထွားမှု နှေးကွေးခြင်းတို့ကို ခံစားရနိုင်ပါသည်။
အကယ်၍ လူနာတွင် အထက်ဖော်ပြပါ လက္ခဏာတစ်ရပ်ရပ် ရှိနေပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ ရောဂါကို စောစီးစွာ ရှာဖွေဖော်ထုတ်၍ ကုသမှုခံယူခြင်းသည် အဆုတ်သွေးလွှတ်ကြော အဆို့ရှင် ကျဉ်းမြောင်းခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကို လျှော့ချရာတွင် အထောက်အကူပြုပါသည်။
ရောဂါဖြစ်ပွားစေသော အကြောင်းရင်းများ
အဆုတ်သွေးလွှတ်တော် အဆို့ရှင် ကျဉ်းမြောင်းရခြင်း၏ တိကျသော အကြောင်းရင်းကို ယနေ့ထက်တိုင် မသိရှိရသေးပါ။ အဖြစ်အများဆုံး အကြောင်းရင်းမှာ မွေးရာပါ နှလုံးချို့ယွင်းချက် ဖြစ်ပါသည်။ မိခင်၏ သားအိမ်အတွင်း သန္ဓေသား ကြီးထွားလာစဉ်တွင် အဆုတ်သွေးလွှတ်တော် အဆို့ရှင် ဖွံ့ဖြိုးမှု မပြည့်စုံခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။
အဆုတ်သွေးလွှတ်ကြော အဆို့ရှင်ကို တစ်ရှူးအလွှာပါးလေးများဖြစ်သော အနားသတ်လွှာ (အဆို့ရှင်ရွက်လွှာ) များဖြင့် ဖွဲ့စည်းထားပါသည်။ နှလုံးခုန်တိုင်းတွင် ၎င်းအနားသတ်လွှာများသည် ပွင့်ခြင်း၊ ပိတ်ခြင်းတို့ကို ပြုလုပ်ပြီး သွေးများကို မှန်ကန်သော လမ်းကြောင်းအတိုင်း စီးဆင်းစေရန် ဆောင်ရွက်ပေးပါသည်။ သို့သော် အဆုတ်သွေးလွှတ်တော် အဆို့ရှင် ကျဉ်းမြောင်းနေချိန်တွင် အနားသတ်လွှာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တောင့်တင်းခြင်း၊ ထူထဲလာခြင်း သို့မဟုတ် တစ်ခုနှင့်တစ်ခု ကပ်သွားခြင်းတို့ကြောင့် အဆို့ရှင်သည် စနစ်တကျ မပွင့်နိုင်တော့ပါ။
ကျဉ်းမြောင်းနေသော အပေါက်ငယ်မှတစ်ဆင့် သွေးများ ဖြတ်သန်းရန် ကြိုးစားရသောကြောင့် နှလုံး၏ ညာဘက်အောက်ခန်းအတွင်း ဖိအားများ မြင့်တက်လာပြီး သွေးများ ထွက်ခွာရန် ခက်ခဲလာစေပါသည်။ ထိုသို့ ဖိအားများ တိုးလာခြင်းသည် နှလုံးကို ဝန်ပိစေပြီး နောက်ဆုံးတွင် နှလုံး၏ ညာဘက်အောက်ခန်း ကြွက်သားနံရံကို ထူထဲလာစေပါသည်။
ဖြစ်ပွားနိုင်ခြေရှိသော အချက်များ
အောက်ဖော်ပြပါ ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများသည် အဆုတ်သွေးလွှတ်တော် အဆို့ရှင် ကျဉ်းမြောင်းခြင်း ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်ပါသည်။
- ဂျာမန် ဝက်သက်ရောဂါ (Rubella): ကိုယ်ဝန်ဆောင်စဉ်အတွင်း မိခင်၌ ဂျာမန် ဝက်သက်ရောဂါ ဖြစ်ပွားခြင်းသည် သန္ဓေသားတွင် အဆုတ်သွေးလွှတ်တော် အဆို့ရှင် ကျဉ်းမြောင်းခြင်း ဖြစ်နိုင်ခြေကို ပိုမိုများပြားစေပါသည်။
- နူနန် ရောဂါစု (Noonan syndrome): ဤမျိုးရိုးလိုက်တတ်သော ရောဂါအခြေအနေသည် နှလုံး၏ တည်ဆောက်ပုံနှင့် လုပ်ဆောင်ချက်များကို ထိခိုက်စေပါသည်။
- လေးဖက်နာ အဖျားရောဂါ (Rheumatic fever): လည်ချောင်းနာခြင်း၏ နောက်ဆက်တွဲ ပြဿနာတစ်ခုဖြစ်သော ဤရောဂါသည် နှလုံးကို၊ အထူးသဖြင့် နှလုံးအဆို့ရှင်များကို အမြဲတမ်း ပျက်စီးသွားစေနိုင်သည့် အလားအလာရှိပြီး အဆုတ်သွေးလွှတ်တော် အဆို့ရှင် ကျဉ်းမြောင်းခြင်း ဖြစ်နိုင်ခြေကိုလည်း မြင့်တက်စေနိုင်ပါသည်။
- ကာစီနွိုက် ရောဂါစု (Carcinoid syndrome): ရှားပါးသော ကင်ဆာကျိတ် အမျိုးအစားတစ်ခုသည် သွေးကြောထဲသို့ သတ်မှတ်ထားသော ဓာတုပစ္စည်းများကို ထုတ်လွှတ်ခြင်းဖြင့် အသက်ရှူမဝခြင်း၊ မျက်နှာနှင့် ကိုယ်ခန္ဓာ နီမြန်းခြင်းနှင့် အခြားသော လက္ခဏာရပ်များကို ဖြစ်ပေါ်စေပါသည်။ ဤရောဂါရှိသူ အချို့တွင် နှလုံးအဆို့ရှင်များကို ထိခိုက်စေသည့် ကာစီနွိုက် နှလုံးရောဂါ (Carcinoid heart disease) ဖြစ်ပွားတတ်ပါသည်။
ရောဂါရှာဖွေခြင်း (Diagnosis)
အဆုတ်သွေးလွှတ်ကြော အဆို့ရှင် ကျဉ်းမြောင်းခြင်းကို များသောအားဖြင့် ကလေးဘဝတွင် ရောဂါရှာဖွေတွေ့ရှိလေ့ရှိသော်လည်း အချို့သောသူများတွင်မူ လူကြီးဘဝရောက်မှသာ စတင်သိရှိနိုင်ပါသည်။
ဆရာဝန်သည် နားကြပ် (Stethoscope) ကို အသုံးပြု၍ သင်၏ နှလုံးခုန်သံကို နားထောင်သည့်အခါ ပုံမှန်မဟုတ်သော နှလုံးခုန်သံ (Heart murmur) ကို ကြားနိုင်ပါသည်။ အဆိုပါ အသံသည် ဤရောဂါ၏ ကနဦးလက္ခဏာတစ်ခု ဖြစ်နိုင်ပါသည်။
အဆုတ်သွေးလွှတ်တော် အဆို့ရှင် ကျဉ်းမြောင်းခြင်းရှိ၊ မရှိ စစ်ဆေးရန် အသုံးပြုသော စစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်။
- နှလုံးလျှပ်စစ်လှိုင်းတိုင်းခြင်း (ECG သို့မဟုတ် EKG) – ဤစစ်ဆေးမှုသည် လျင်မြန်ပြီး နာကျင်မှုမရှိဘဲ နှလုံး၏ လျှပ်စစ်စီးဆင်းမှု လုပ်ဆောင်ချက်များကို မှတ်တမ်းတင်ပေးပါသည်။ စတစ်ကာပုံစံ လျှပ်ခေါင်း (Electrodes) လေးများကို လက်မောင်း၊ ခြေထောက်နှင့် ရင်ဘတ်တို့တွင် ကပ်၍ စစ်ဆေးခြင်း ဖြစ်ပါသည်။ ၎င်းလျှပ်ခေါင်းများကို ဝါယာကြိုးများဖြင့် ကွန်ပျူတာနှင့် ချိတ်ဆက်ထားပြီး စစ်ဆေးတွေ့ရှိချက်များကို ဖော်ပြပေးပါသည်။ ဤစစ်ဆေးမှုသည် နှလုံးခုန်နှုန်း အခြေအနေနှင့် နှလုံးကြွက်သား ထူထဲလာနိုင်သည့် လက္ခဏာများကို ပြသနိုင်ပါသည်။
- နှလုံးပုံရိပ်ဖော်စစ်ဆေးခြင်း (Echocardiogram) – အသံလှိုင်းများကို အသုံးပြု၍ နှလုံး၏ ပုံရိပ်များကို ဖန်တီးပေးခြင်း ဖြစ်ပါသည်။ ၎င်းသည် အဆုတ်သွေးလွှတ်ကြော အဆို့ရှင်၏ တည်ဆောက်ပုံ၊ တည်နေရာနှင့် ကျဉ်းမြောင်းမှု အတိုင်းအတာတို့ကို ဖော်ပြပေးသည့်အပြင် နှလုံးခုန်ခြင်းနှင့် သွေးညှစ်ထုတ်ခြင်း အခြေအနေများကိုလည်း သိရှိနိုင်ပါသည်။
- နှလုံးထဲသို့ ပိုက်ထည့်၍ စစ်ဆေးခြင်း (Cardiac catheterization) – ပေါင်ခြံမှတစ်ဆင့် သေးငယ်သော ပိုက်ပျော့ (Catheter) လေးကို ထည့်သွင်းပြီး သွေးကြောများမှတစ်ဆင့် နှလုံးသို့ ရောက်ရှိအောင် ပို့ဆောင်ခြင်း ဖြစ်ပါသည်။ ဓာတ်မှန်တွင် ပိုမိုပြတ်သားစွာ မြင်နိုင်ရန်အတွက် သွေးကြောများအတွင်းသို့ ဆေးရောင် (Dye) ကို ပိုက်မှတစ်ဆင့် ထည့်သွင်းနိုင်ပါသည် (Coronary angiogram)။ ဤနည်းလမ်းကို နှလုံးအခန်းများအတွင်းရှိ ဖိအားကို တိုင်းတာရန်နှင့် နှလုံး၏ သွေးညှစ်ထုတ်နိုင်စွမ်းကို အကဲဖြတ်ရန် အသုံးပြုပါသည်။ နှလုံး၏ ညာဘက်အောက်ခန်းအတွင်းရှိ သွေးဖိအားကို နှိုင်းယှဉ်ခြင်းဖြင့် အဆုတ်သွေးလွှတ်တော် အဆို့ရှင် ကျဉ်းမြောင်းမှု မည်မျှပြင်းထန်သည်ကို အကဲဖြတ်နိုင်ပါသည်။
ကွန်ပျူတာဓာတ်မှန် (CT scan) နှင့် သံလိုက်ဓာတ်မှန် (MRI) တို့ကိုလည်း ရောဂါရှိကြောင်း အတည်ပြုရန်အတွက် အသုံးပြုနိုင်ပါသည်။
ကုသမှု (Treatment)
အကယ်၍ လူနာတွင် ရောဂါလက္ခဏာမပြသော အပျော့စား အဆုတ်သွေးလွှတ်တော် အဆို့ရှင် ကျဉ်းမြောင်းခြင်းသာ ရှိပါက အခါအားလျော်စွာ စစ်ဆေးမှုများ ပြုလုပ်ရန်သာ လိုအပ်ပါသည်။ သို့သော်လည်း အလယ်အလတ် သို့မဟုတ် ပြင်းထန်သော အဆို့ရှင်ကျဉ်းမြောင်းမှုများအတွက် ခွဲစိတ်ကုသရန် အကြံပြုနိုင်ပါသည်။ မည်ကဲ့သို့သော လုပ်ထုံးလုပ်နည်းကို အသုံးပြုမည် သို့မဟုတ် ခွဲစိတ်မှု လိုအပ်ခြင်း ရှိ၊ မရှိကို လူနာ၏ ယေဘုယျ ကျန်းမာရေး အခြေအနေနှင့် အဆုတ်သွေးလွှတ်ကြော အဆို့ရှင်၏ အခြေအနေပေါ်တွင် မူတည်၍ ဆုံးဖြတ်ပါလိမ့်မည်။
အဆုတ်သွေးလွှတ်ကြော အဆို့ရှင် ကျဉ်းမြောင်းခြင်းကို ကုသရန်အတွက် အောက်ပါ နှလုံးခွဲစိတ်မှုများနှင့် ကုသမှုများကို အသုံးပြုလေ့ရှိပါသည်။
- ပူဖောင်းအသုံးပြု၍ အဆို့ရှင်ကို ချဲ့ခြင်း (Balloon valvuloplasty) – များသောအားဖြင့် ပေါင်ခြံမှတစ်ဆင့် သွေးလွှတ်ကြောအတွင်းသို့ ထိပ်ဖျားတွင် ပူဖောင်းပါရှိသော ပျော့ပြောင်းသည့် ပြွန်ငယ် (Catheter) တစ်ခုကို ထည့်သွင်းခြင်း ဖြစ်ပါသည်။ ဓာတ်မှန်ရောင်ခြည် အကူအညီဖြင့် ထိုပြွန်ကို နှလုံး၏ ကျဉ်းမြောင်းနေသော အဆို့ရှင်ဆီသို့ ရောက်ရှိအောင် ပို့ဆောင်ပေးပါသည်။ ပူဖောင်းကို လေသွင်း၍ ဖောင်းကားစေခြင်းဖြင့် ကျဉ်းမြောင်းနေသော အဆို့ရှင်အပေါက်ကို ကျယ်လာစေပြီး တစ်ခုနှင့်တစ်ခု ကပ်နေသော အဆို့ရှင်ရွက်လွှာများကို ကွာသွားစေပါသည်။ ထို့နောက် ပူဖောင်းကို လေပြန်လျှော့၍ ပြန်လည်ထုတ်ယူပါသည်။ ဤနည်းလမ်းသည် နှလုံးအတွင်း သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး ရောဂါလက္ခဏာများကို သက်သာစေနိုင်ပါသည်။ သို့သော် အဆို့ရှင်သည် ပြန်လည်ကျဉ်းမြောင်းသွားနိုင်ခြေ ရှိသောကြောင့် အချို့သူများသည် အဆို့ရှင်ကို ပြုပြင်ရန် သို့မဟုတ် အစားထိုးရန် လိုအပ်နိုင်ပါသည်။
- အဆုတ်သွေးလွှတ်ကြော အဆို့ရှင် အစားထိုးခြင်း (Pulmonary valve replacement) – အဆုတ်သွေးလွှတ်ကြော အဆို့ရှင်ကို အစားထိုးရန်အတွက် ပိုက်ထည့်ခြင်း နည်းပညာ (Catheter technique) သို့မဟုတ် ရင်ဘတ်ဖွင့်၍ နှလုံးခွဲစိတ်ခြင်း (Open-heart surgery) နည်းလမ်းများကို အသုံးပြုနိုင်ပါသည်။ ဤလုပ်ထုံးလုပ်နည်းကို ဆောင်ရွက်စဉ်အတွင်း အခြားသော မွေးရာပါ နှလုံးချို့ယွင်းချက်များကိုလည်း တစ်ပါတည်း ပြုပြင်ပေးနိုင်ပါသည်။ အဆုတ်သွေးလွှတ်တော် အဆို့ရှင် အစားထိုးထားသော လူနာများသည် နှလုံးအတွင်းသား ရောင်ရမ်းခြင်း (Endocarditis) ကို ကာကွယ်ရန်အတွက် သွားဘက်ဆိုင်ရာ ကုသမှုများ သို့မဟုတ် ခွဲစိတ်မှုများ မပြုလုပ်မီ ပိုးသတ်ဆေးများကို ကြိုတင်သောက်သုံးရန် လိုအပ်ပါသည်။
