အူလမ်းကြောင်း ပြန်ရည်ကျိတ်ရောင်ရောဂါ
ဖြစ်ပွားရသည့် အကြောင်းရင်းများ
အူလမ်းကြောင်း အကျိတ်ရောင်ခြင်းသည် ဝမ်းဗိုက်အတွင်းရှိ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းနှင့် ဖောရောင်ခြင်းတို့ကြောင့် ဖြစ်ပွားသည်။ ပြန်ရည်ကျိတ်များသည် ပိုးဝင်ခြင်းကြောင့်ဖြစ်စေ သို့မဟုတ် အခြားသော ရောင်ရမ်းမှုဖြစ်စေသည့် ရောဂါတစ်ခုခု၏ လက္ခဏာအဖြစ်ဖြစ်စေ ကြီးထွားလာနိုင်သည်။ အောက်ပါတို့မှာ အဓိက အကြောင်းရင်းများ ဖြစ်ကြသည်-
- ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယား ပိုးဝင်ခြင်း: အဖြစ်အများဆုံးမှာ အစာအိမ်နှင့် အူလမ်းကြောင်းရောင်ခြင်း (သို့မဟုတ် အစာအိမ်တုပ်ကွေး)၊ မကျက်သေးသော အစားအစာများမှတစ်ဆင့် ကူးစက်သော ဘက်တီးရီးယား၊ တီဘီရောဂါ သို့မဟုတ် HIV နှင့် ဆက်စပ်သော ပိုးဝင်ခြင်းတို့ ဖြစ်သည်။ ဤသို့ ပိုးဝင်ခြင်းကြောင့် အူနှင့် ဝမ်းဗိုက်နံရံအနောက်ဘက်ကို ဆက်သွယ်ထားသော ပြန်ရည်ကျိတ်များ ရောင်ရမ်းလာရခြင်း ဖြစ်သည်။
- ရောင်ရမ်းမှု ဖြစ်စေသော အခြေအနေများ: ကလေးငယ်၏ ခန္ဓာကိုယ်ရှိ အခြားနေရာတစ်ခုတွင် ရောင်ရမ်းမှုဖြစ်စေသော အောက်ပါရောဂါများကြောင့်လည်း ဝမ်းဗိုက်အတွင်းရှိ ပြန်ရည်ကျိတ်များ ရောင်ရမ်းနိုင်သည်။ ၎င်းတို့မှာ အူအတက်ရောင်ခြင်း၊ ကင်ဆာ (အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာ သို့မဟုတ် ပြန်ရည်ကျိတ်ကင်ဆာ)၊ အူလမ်းကြောင်းရောင်ရမ်းသည့်ရောဂါ (IBD)၊ ပန်ကရိယရောင်ခြင်း သို့မဟုတ် အူမကြီးနံရံ အိတ်ငယ်ရောင်ခြင်း (Diverticulitis) တို့ ဖြစ်ကြသည်။
ရောဂါရှာဖွေခြင်း
အူလမ်းကြောင်း အကျိတ်ရောင်ခြင်းကို မှန်ကန်စွာ ရောဂါရှာဖွေနိုင်ရန် ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (သို့မဟုတ်) ဆရာဝန်က အောက်ပါတို့ကို လုပ်ဆောင်ပါလိမ့်မည် –
- ကိုယ်ခန္ဓာစစ်ဆေးခြင်း: ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုပြုလုပ်စဉ်အတွင်း ဆရာဝန်သည် လူနာအား ကိုယ်ခန္ဓာစစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် ရောဂါရာဇဝင်ကို အသေးစိတ် မေးမြန်းခြင်းများ လုပ်ဆောင်ပါမည်။ ထို့အပြင် ရောဂါလက္ခဏာများ ခံစားနေရသည့် ကြာမြင့်ချိန်နှင့် လူနာသည် မကြာသေးမီက ဖျားနာထားခြင်း ရှိ၊ မရှိတို့ကိုလည်း မေးမြန်းပါလိမ့်မည်။
- သွေးစစ်ခြင်း: အကယ်၍ ကလေးငယ်သည် ဖျားနာနေပါက မည်သည့်ပိုးဝင်ခြင်း အမျိုးအစားဖြစ်သည်ကို ခွဲခြားသိရှိနိုင်ရန် သွေးစစ်ရန် အကြံပြုပါလိမ့်မည်။
- ပုံရိပ်ဖော် စစ်ဆေးမှုများ: အူလမ်းကြောင်း အကျိတ်ရောင်ခြင်းကို ဝမ်းဗိုက်အား အာထရာဆောင်း (Ultrasonography) ရိုက်ခြင်းဖြင့် အများဆုံး ရောဂါရှာဖွေလေ့ရှိသည်။ ကလေး၏ ဝမ်းဗိုက်ကို စီတီစကန် (CT scan) ရိုက်၍လည်း စစ်ဆေးနိုင်သည်။ ဤသို့စစ်ဆေးခြင်းသည် အူအတက်ရောင်ခြင်း ဟုတ်၊ မဟုတ်ကိုပါ တိကျစွာ ခွဲခြားနိုင်ရန် အထောက်အကူပြုသည်။
ကုသမှု
ကလေးများတွင် ဖြစ်ပွားသော အူလမ်းကြောင်း အကျိတ်ရောင်ခြင်းသည် များသောအားဖြင့် ကုသမှုတစ်စုံတစ်ရာ ခံယူစရာမလိုဘဲ တစ်ပတ်မှ လေးပတ်အတွင်း အလိုအလျောက် ပြန်လည်သက်သာသွားလေ့ရှိသည်။ ဤရောဂါသည် ရေရှည်ဆိုးကျိုးများ မရှိပါ။
အူလမ်းကြောင်း အကျိတ်ရောင်ခြင်းသည် အလိုအလျောက် ပျောက်ကင်းနိုင်သော်လည်း ခံစားနေရသော လက္ခဏာများကို သက်သာစေရန် ဆရာဝန်က ဆေးဝါးများ ညွှန်ကြားနိုင်ပါသည်။ အကယ်၍ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါက ပဋိဇီဝဆေး (Antibiotics) များကို ညွှန်ကြားပါလိမ့်မည်။ ကလေး၏ ဖျားနာခြင်း သို့မဟုတ် နာကျင်ခြင်းတို့အတွက် ပါရာစီတမော (Tylenol သို့မဟုတ် အခြား) သို့မဟုတ် အိုင်ဗျူပရိုဖန် (Ibuprofen) ကဲ့သို့သော အပြင်ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် ဆေးများကို တိုက်ကျွေးရန် စဉ်းစားနိုင်သည်။ ဘက်တီးရီးယားပိုးဝင်မှု အခြေအနေမှာ အသင့်အတင့်မှ ပြင်းထန်သောအဆင့်သို့ ရောက်ရှိနေပါက ပဋိဇီဝဆေးများကို မဖြစ်မနေ သောက်သုံးရပါမည်။
ကလေးငယ်များ သို့မဟုတ် ဆယ်ကျော်သက်များကို အက်စပရင် (Aspirin) ဆေးတိုက်ကျွေးရာတွင် အထူးသတိပြုရန် အရေးကြီးပါသည်။ အက်စပရင်သည် အသက်သုံးနှစ်အထက် ကလေးများအတွက် ဘေးကင်းသည်ဟု ယူဆနိုင်သော်လည်း တုပ်ကွေး သို့မဟုတ် ရေကျောက်ရောဂါမှ ပြန်လည်နာလန်ထူစ ကလေးငယ်များနှင့် လူငယ်များကို မည်သည့်အခါမျှ မတိုက်ကျွေးသင့်ပါ။ အကြောင်းမှာ ထိုကဲ့သို့သောအခြေအနေတွင် အက်စပရင်တိုက်ကျွေးခြင်းသည် ရှားပါးသော်လည်း အသက်အန္တရာယ်ရှိနိုင်သော ရိုင်းဆင်ဒရုန်း (Reye’s syndrome) ရောဂါနှင့် ဆက်စပ်နေသောကြောင့် ဖြစ်ပါသည်။
