အကျဉ်းချုပ်အကြောင်းအရာ

ညှပ်ရိုးကျိုးခြင်း သို့မဟုတ် ကလက်ဗီကယ် အရိုးကျိုးခြင်း ဆိုသည်မှာ ရင်ညွန့်ရိုးနှင့် ပခုံးရိုးကို ဆက်သွယ်ပေးထားသော အရိုးကျိုးခြင်း ဖြစ်ပါသည်။ ဤဒဏ်ရာသည် ချော်လဲခြင်း ၊ အားကစား ပြုလုပ်ခြင်း ၊ ယာဉ်မတော်တဆ ဖြစ်ခြင်းများအပြင် ကလေးမွေးဖွားစဉ်တွင်ပင် ဖြစ်ပွားနိုင်ပါသည်။

အရိုးကျိုးခြင်း အမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • အရိုးအစအနများစွာ ကျိုးခြင်း ။ ။ ညှပ်ရိုးသည် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အစအနများအဖြစ် ကျိုးသွားခြင်း ဖြစ်ပါသည်။
  • အရိုးနေရာလွဲ၍ ကျိုးခြင်း ။ ။ ကျိုးသွားသော အရိုးအပိုင်းအစများသည် တစ်တန်းတည်း ရှိနေနိုင်သကဲ့သို့ နေရာလွဲမှားသွားခြင်းလည်း ဖြစ်နိုင်ပါသည်။

ညှပ်ရိုးကျိုးခြင်းသည် နာကျင်နိုင်သော်လည်း လူအများစုမှာ ခွဲစိတ်မှု ခံယူရန် မလိုအပ်ပါ။ အကယ်၍ သင့်တွင် ညှပ်ရိုးကျိုးသည်ဟု သံသယရှိပါက ဆေးဘက်ဆိုင်ရာ အကူအညီကို ချက်ချင်း ရယူပါ။ ဒဏ်ရာ အများစုမှာ ရေခဲကပ်ခြင်း ၊ ဆေးဝါးများ သုံးစွဲခြင်း ၊ လက်သိုင်းကြိုး သုံးခြင်း ၊ ကာယကုထုံး ခံယူခြင်းနှင့် အချိန်ပေး ကုသခြင်းတို့ဖြင့် လျင်မြန်စွာ ပြန်လည် သက်သာနိုင်ပါသည်။ အချို့သော အခြေအနေများတွင် အရိုး ပြန်လည် ပေါင်းစပ်နေစဉ်အတွင်း အရိုးစများကို ထိန်းထားနိုင်ရန် သံပြားများ ၊ ဝက်အူများ သို့မဟုတ် သံချောင်းများ ထည့်သွင်းရန် ခွဲစိတ်မှု လိုအပ်နိုင်ပါသည်။ ကာယကုထုံးသည် အရိုးကို သန်မာစေရန်နှင့် တောင့်တင်းမှုကို လျှော့ချရန် ကူညီပေးနိုင်ပါသည်။

ရောဂါလက္ခဏာများ

အောက်ပါတို့မှာ ညှပ်ရိုးကျိုးခြင်း၏ ပြယုဂ်များနှင့် လက္ခဏာများ ဖြစ်ပါသည်။

  • ပခုံး လှုပ်ရှားသည့်အခါ ပိုမို နာကျင်ခြင်း
  • ဒဏ်ရာရှိသော နေရာတွင် ရောင်ရမ်းခြင်း ၊ ထိလျှင် နာခြင်း သို့မဟုတ် ညိုမည်းစွဲခြင်း
  • အရိုးက ပခုံးကို မထိန်းထားနိုင်တော့သဖြင့် ပခုံး အောက်သို့ လျောကျခြင်း သို့မဟုတ် ရှေ့သို့ ကိုင်းသွားခြင်း
  • ပခုံးပေါ် သို့မဟုတ် ပခုံးပတ်ပတ်လည်တွင် အဖုအကျိတ် ဖြစ်ခြင်း
  • ပခုံး လှုပ်ရှားသည့်အခါ အသံမြည်ခြင်း ၊ အရိုးချင်း ပွတ်တိုက်သံ ကြားရခြင်း သို့မဟုတ် အက်သံကြားရခြင်း
  • ပခုံး လှုပ်ရှားမရခြင်း သို့မဟုတ် တောင့်တင်းနေခြင်း
  • ရှားပါးသော အခြေအနေများတွင် အရိုးသည် အရေပြားကို ဖောက်ထွက်နိုင်ခြင်း

မွေးဖွားစဉ် ညှပ်ရိုးကျိုးသွားသော မွေးကင်းစ ကလေးငယ်များသည် လက်ကို လှုပ်ရှားသည့်အခါ ငိုတတ်ပြီး ရက်အနည်းငယ်ကြာအောင် လက်ကို လှုပ်ရှားလိမ့်မည် မဟုတ်ပါ။

အကယ်၍ သင်သည် လက်ကို ပုံမှန်အတိုင်း အသုံးမပြုနိုင်လောက်အောင် မအီမသာ ဖြစ်ခြင်း သို့မဟုတ် ညှပ်ရိုးကျိုးသည့် လက္ခဏာများ ရှိပါက ဆေးဘက်ဆိုင်ရာ အကူအညီကို ချက်ချင်း ရယူပါ။ ဆေးကုသမှု နောက်ကျခြင်းသည် အရိုး ပြန်လည် ဆက်ခြင်းကို နှေးကွေးစေနိုင်ပါသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

အောက်ပါ အချက်များသည် ညှပ်ရိုးကျိုးခြင်းကို ဖြစ်စေနိုင်ပါသည်။

  • ထိခိုက်ဒဏ်ရာ ရခြင်း ။ ။ ကား ၊ ဆိုင်ကယ် သို့မဟုတ် စက်ဘီး မတော်တဆ ဖြစ်ခြင်းများအပြင် အားကစား ပြုလုပ်စဉ် ပခုံးကို တိုက်ရိုက် ထိမှန်ခြင်းတို့ကြောင့် ညှပ်ရိုးကျိုးနိုင်ပါသည်။ လက်ကို ဆန့်ထုတ်ထားစဉ် သို့မဟုတ် ပခုံးပေါ်သို့ ပြုတ်ကျသည့် အခါတွင်လည်း ဤအခြေအနေ ဖြစ်ပွားနိုင်ပါသည်။
  • မွေးဖွားခြင်း ။ ။ ခက်ခဲသော မွေးဖွားမှုဖြစ်စဉ်အတွင်း ကလေးသည် မွေးလမ်းကြောင်းကို ဖြတ်သန်းစဉ် ညှပ်ရိုး ကျိုးသွားနိုင်ပါသည်။

ဖြစ်နိုင်ခြေရှိသော အချက်များ

လူကြီးများသည် ဆယ်ကျော်သက်များနှင့် ကလေးငယ်များထက် ညှပ်ရိုးကျိုးနိုင်ခြေ ပိုနည်းပါသည်။ အသက် ၂၀ ကျော်တွင် ဖြစ်နိုင်ခြေ လျော့နည်းသွားသော်လည်း အသက်ကြီးလာသည်နှင့်အမျှ အရိုးများ သန်မာမှု လျော့နည်းလာသောကြောင့် လူကြီးများတွင် ဖြစ်နိုင်ခြေ ပြန်လည် မြင့်တက်လာပါသည်။

ရောဂါရှာဖွေခြင်း

ကျန်းမာရေး စောင့်ရှောက်မှု ပေးသူသည် ညှပ်ရိုးကျိုးခြင်းကို မှန်ကန်စွာ ရောဂါ ရှာဖွေနိုင်ရန် အောက်ပါ နည်းလမ်းများကို အသုံးပြုပါမည်။

  • ခန္ဓာကိုယ် စစ်ဆေးခြင်း ။ ။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူသည် ဒဏ်ရာရှိသော နေရာတွင် ထိလျှင် နာခြင်း ၊ ရောင်ရမ်းခြင်း သို့မဟုတ် ပွင့်နေသော ဒဏ်ရာ ရှိ ၊ မရှိ စစ်ဆေးပါလိမ့်မည်။
  • ပုံရိပ်ဖော် စစ်ဆေးမှုများ
  • ဓာတ်မှန် ရိုက်ခြင်း ။ ။ ထိခိုက်မိသော နေရာကို ဓာတ်မှန် ရိုက်ခြင်းဖြင့် အရိုးကျိုးခြင်းကို အတည်ပြုနိုင်ပြီး ကျိုးသွားသည့် နေရာ ၊ ပြင်းထန်မှုနှင့် အခြား နေရာများတွင် ကျိုးခြင်း ရှိ ၊ မရှိတို့ကို ပြသနိုင်ပါသည်။
  • ကွန်ပျူတာ ဓာတ်မှန် ရိုက်ခြင်း ။ ။ လူနာတွင် အဆစ် သို့မဟုတ် သွေးလွှတ်ကြော ထိခိုက်မှု ရှိသည်ဟု သံသယ ရှိပါက ညှပ်ရိုး၏ အသေးစိတ်နှင့် တိကျသော ပုံရိပ်ကို ရရှိရန် ကွန်ပျူတာ ဓာတ်မှန် ရိုက်ရန် အကြံပြုနိုင်ပါသည်။
  • သွေးကြော ဓာတ်မှန် ရိုက်ခြင်း ။ ။ ဤစစ်ဆေးမှုသည် ဆေးရောင်သွင်း၍ ဓာတ်မှန် အသုံးပြုကာ သွေးလွှတ်ကြောများကို စစ်ဆေးခြင်း ဖြစ်ပါသည်။

ကုသခြင်း

ညှပ်ရိုးကျိုးခြင်းမှ ပြန်လည် သက်သာစေရန် လှုပ်ရှားမှု မပြုဘဲ ထိန်းထားရန် လိုအပ်ပါသည်။ ညှပ်ရိုးကျိုးသူ အများစုသည် လက်သိုင်းကြိုးကို အသုံးပြုကြပါသည်။ ကလေးငယ်များ၏ အရိုးများသည် ပုံမှန်အားဖြင့် ၃ ပတ်မှ ၆ ပတ်အတွင်း ပြန်လည် ဆက်သွားလေ့ရှိပြီး လူကြီးများ၏ အရိုးများမှာမူ ပျမ်းမျှ ၆ ပတ်မှ ၁၂ ပတ်အထိ ကြာမြင့်တတ်ပါသည်။ မွေးကင်းစ ကလေးငယ်များအတွက်မူ ညှပ်ရိုးကျိုးခြင်းမှာ အကိုက်အခဲပျောက်ဆေးနှင့် ညင်သာစွာ ကိုင်တွယ် ကုသပေးခြင်းဖြင့် ၂ ပတ်အတွင်း ပြန်လည် သက်သာသွားလေ့ ရှိပါသည်။

  • ဆေးဝါးများ ။ ။ အရိုး ပြန်ဆက်နေစဉ်အတွင်း ဆိုင်တွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သော ဆေးဝါးများက နာကျင်မှုကို လျှော့ချပေးနိုင်ပါသည်။ ပြင်းထန်သော အခြေအနေများတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးသူသည် အိုပီရွိုက် ကဲ့သို့သော ပိုမို ပြင်းထန်သည့် ဆေးဝါးများကို အချိန်တိုအတွင်း သုံးစွဲရန် ညွှန်ကြားနိုင်ပါသည်။ သို့သော်လည်း ၎င်းဆေးဝါးများသည် စွဲလမ်းစေနိုင်သော အန္တရာယ် ရှိသည့်အတွက် သတိပြု၍သာ သုံးစွဲသင့်ပါသည်။
  • ကာယကုထုံး ။ ။ ကုသမှု ခံယူပြီးနောက် လှုပ်ရှားမှု ပြန်လည် ရရှိစေရန် လေ့ကျင့်ခန်းများကို ချက်ချင်း စတင်သင့်ပါသည်။ ဤလေ့ကျင့်ခန်းများသည် ပခုံးကို သန်မာစေနိုင်ပြီး လက်၏ လှုပ်ရှားမှုကို တိုးမြှင့်ပေးကာ တောင့်တင်းမှုကို လျှော့ချပေးနိုင်ပါသည်။ တောင့်တင်းမှု လျော့နည်းစေရန် လှုပ်ရှားမှု စတင်ရန်မှာ အလွန် အရေးကြီးပါသည်။
  • ခွဲစိတ် ကုသခြင်း ။ ။ ညှပ်ရိုးသည် အရေပြားကို ဖောက်ထွက်နေခြင်း ၊ နေရာလွဲနေခြင်း သို့မဟုတ် အပိုင်းပိုင်း ကျိုးနေခြင်းတို့ ဖြစ်ပါက ခွဲစိတ်မှု လိုအပ်နိုင်ပါသည်။ ညှပ်ရိုး ပြန်လည် ပေါင်းစပ်နေစဉ်အတွင်း နေရာမှန်တွင် ရှိနေစေရန်အတွက် ညှပ်ရိုး ခွဲစိတ်မှု အများစုတွင် သံပြားများ ၊ ဝက်အူများ သို့မဟုတ် သံချောင်းများကို အသုံးပြုကြပါသည်။ ပိုးဝင်ခြင်းမှာ ရှားပါးသော်လည်း ဖြစ်ပွားနိုင်သည့် ခွဲစိတ်မှု၏ ဘေးထွက်ဆိုးကျိုး တစ်ခု ဖြစ်ပါသည်။

အရိုး၏ ပြင်ပ မျက်နှာပြင်များကို သံပြားများနှင့် ဝက်အူများဖြင့် ထိန်းထားပါမည်။ နာကျင်မှု မရှိပါက ပုံမှန်အားဖြင့် အရိုး ပြန်ဆက်ပြီးသည်အထိ ၎င်းပစ္စည်းများကို ပြန်ထုတ်လေ့ မရှိပါ။

ကလေးငယ်များနှင့် အသက် ၁၆ နှစ်အောက် ဆယ်ကျော်သက်များသည် လူကြီးများထက် ပိုမို မြန်ဆန်စွာ ပြန်လည် သက်သာနိုင်သောကြောင့် ၎င်းတို့အတွက် ခွဲစိတ်မှု ပြုလုပ်ရခြင်းမှာ ရှားပါးပါသည်။

Doctors who treat this condition