ကိုယ်ခံအားစနစ်မှ အသည်းရောင်ခြင်း
အကျဉ်းချုပ်အကြောင်းအရာ
ကိုယ်ခံအားစနစ်ကြောင့် အသည်းရောင်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်က အသည်းဆဲလ်များကို မှားယွင်းတိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အသည်းရောင်ရမ်းသည့် အခြေအနေတစ်ခု ဖြစ်ပါသည်။ ကုသမှုမခံယူပါက အသည်းပျက်စီးခြင်းနှင့် အသည်းခြောက်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ သို့သော် အစောပိုင်းအဆင့်တွင် ရောဂါရှာဖွေတွေ့ရှိပြီး ကိုယ်ခံအားစနစ်ကို ထိန်းချုပ်ပေးသော ဆေးဝါးများဖြင့် ကုသမှုခံယူခြင်းက ရောဂါကို သက်သာစေနိုင်ပါသည်။ ဆေးဝါးများဖြင့် ကုသ၍မရတော့သည့် အခြေအနေ သို့မဟုတ် ရောဂါအလွန်ပြင်းထန်သွားသည့် အခြေအနေများတွင်မူ အသည်းအစားထိုးကုသခြင်းကို ရွေးချယ်စရာ နည်းလမ်းတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားနိုင်ပါသည်။
ဤနာတာရှည်အသည်းရောဂါသည် ကိုယ်ခံအားစနစ်၏ လုပ်ဆောင်ချက် မှားယွင်းမှုကြောင့် စတင်ဖြစ်ပွားခြင်း ဖြစ်ပါသည်။ အသည်းတစ်သျှူးအတွင်းရှိ ပိုးဝင်မှုများကို တိုက်ထုတ်မည့်အစား ကိုယ်ခံအားစနစ်က ကျန်းမာသော အသည်းဆဲလ်များကို ခုခံအားပစ္စည်းများဖြင့် မှားယွင်းတိုက်ခိုက်သောကြောင့် အသည်းရောင်ခြင်းကို ဖြစ်စေပါသည်။ အချိန်ကြာလာသည်နှင့်အမျှ ဆက်တိုက်ရောင်ရမ်းမှုကြောင့် အသည်းကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပါသည်။ အခြားသော နာတာရှည်အသည်းရောင်ရောဂါများကဲ့သို့ပင် ဤရောဂါသည် အသည်းခြောက်ခြင်းသို့ ဦးတည်သွားနိုင်ပါသည်။ ဆေးဝါးကုသမှု ခံယူခြင်းဖြင့် ရောင်ရမ်းမှုကို ထိန်းချုပ်နိုင်ပြီး နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်ပါသည်။ သို့သော် ရောဂါအစောပိုင်းအဆင့်တွင် ထင်ရှားသော လက္ခဏာများ ပြသလေ့မရှိပါ။
ဤရောဂါတွင် အဓိကအားဖြင့် အမျိုးအစား နှစ်မျိုးရှိပါသည်။
- အမျိုးအစား တစ် ကိုယ်ခံအားစနစ်ကြောင့် အသည်းရောင်ခြင်းမှာ အဖြစ်အများဆုံးဖြစ်ပြီး မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်ပါသည်။ ဤအမျိုးအစားဖြစ်ပွားသူ ထက်ဝက်ခန့်တွင် အူလမ်းကြောင်းဆိုင်ရာရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ သို့မဟုတ် အူမကြီးရောင်ရမ်းခြင်းကဲ့သို့သော အခြားကိုယ်ခံအားစနစ်ဆိုင်ရာ ရောဂါများလည်း ရှိနေတတ်ပါသည်။
- အမျိုးအစား နှစ် ကိုယ်ခံအားစနစ်ကြောင့် အသည်းရောင်ခြင်း မှာ လူကြီးများတွင် ဖြစ်ပွားနိုင်သော်လည်း ကလေးသူငယ်များနှင့် လူငယ်များတွင် ပိုမိုအဖြစ်များပါသည်။ ဤအမျိုးအစားသည်လည်း အခြားကိုယ်ခံအားစနစ်ဆိုင်ရာ ရောဂါများနှင့် တွဲဖက်ဖြစ်ပွားနိုင်ပါသည်။
ရောဂါလက္ခဏာများ
ဤရောဂါ၏ လက္ခဏာများသည် ရုတ်တရက်ပေါ်ပေါက်လာနိုင်ပြီး တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။ အချို့သူများတွင် ရောဂါအစပိုင်း၌ မည်သည့်လက္ခဏာမှ မပြတတ်သော်လည်း အချို့သူများတွင် အောက်ပါလက္ခဏာများ ပြသတတ်ပါသည်။
- ဗိုက်အတွင်း မအီမသာဖြစ်ခြင်း သို့မဟုတ် နာကျင်ခြင်း။
- နုံးခွေခြင်း။
- အသားဝါခြင်းနှင့် မျက်လုံးဖြူများ ဝါလာခြင်း။
- အသည်းကြီးခြင်းနှင့် ဗိုက်ရောင်ရမ်းခြင်း။
- အရေပြားပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ သွေးကြောလေးများ ပေါ်လာခြင်း။
- အရေပြားတွင် အဖုအပိမ့်များထွက်ခြင်း သို့မဟုတ် ယားယံခြင်း။
- အဆစ်အမြစ်များ နာကျင်ခြင်း။
- ရာသီသွေး ပုံမှန်မလာခြင်း။
- ဆီးအရောင် ရင့်လာခြင်း သို့မဟုတ် ဝမ်းအရောင် ဖျော့လာခြင်း။
- အစားအသောက် ပျက်ခြင်း သို့မဟုတ် ပျို့အန်ခြင်း။
- စိတ်ရှုပ်ထွေးခြင်း၊ တွေဝေခြင်း သို့မဟုတ် အိပ်ငိုက်ခြင်း။
အကယ်၍ အထက်ပါ လက္ခဏာတစ်ခုခု ခံစားရပါက ဆရာဝန်နှင့် ပြသတိုင်ပင်ရန် အကြံပြုပါသည်။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
ဤရောဂါသည် ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားများကို တိုက်ဖျက်ရမည့် ကိုယ်ခံအားစနစ်က အသည်းကို မှားယွင်းတိုက်ခိုက်သောကြောင့် ဖြစ်ပွားခြင်းဖြစ်ပါသည်။ ထိုသို့တိုက်ခိုက်မှုကြောင့် အသည်းရောင်ရမ်းပြီး အသည်းဆဲလ်များ ထိခိုက်ပျက်စီးရပါသည်။ ကိုယ်ခံအားစနစ်က မိမိကိုယ်ကို ပြန်လည်တိုက်ခိုက်ရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးသော်လည်း မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်များနှင့် ဗိုင်းရပ်စ် သို့မဟုတ် ဆေးဝါးအချို့နှင့် ထိတွေ့မှုတို့ ပေါင်းစပ်မှုကြောင့် ဖြစ်နိုင်သည်ဟု သုတေသနပညာရှင်များက ယူဆကြပါသည်။ ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်၏ ကိုယ်ပိုင်ဆဲလ်များကို ရန်သူအဖြစ် မှားယွင်းသတ်မှတ်ပြီး ဆက်တိုက်တိုက်ခိုက်ခြင်းကြောင့် နာတာရှည် ရောင်ရမ်းမှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ဤရောဂါတွင် ကိုယ်ခံအားစနစ်သည် အသည်းဆဲလ်များကို အဓိကပစ်မှတ်ထားသည့် ခုခံအားပစ္စည်းများကို ထုတ်လုပ်ပေးပါသည်။
ဖြစ်နိုင်ခြေများစေသော အချက်များ
အောက်ပါအချက်များသည် ဤရောဂါဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်မားစေနိုင်ပါသည်။
- ကျား၊ မ မရွေးဖြစ်ပွားနိုင်သော်လည်း အမျိုးသမီးများတွင် ပိုမိုအဖြစ်များပါသည်။
- ဤရောဂါသည် မိသားစုမျိုးရိုးအတွင်း လက်ဆင့်ကမ်း ပါလာနိုင်သည့် အထောက်အထားများ ရှိပါသည်။
- ကူးစက်ရောဂါ ရာဇဝင် ရေယုန်ဗိုင်းရပ်စ်၊ အက်စတိန်းဘားဗိုင်းရပ်စ် သို့မဟုတ် ဝက်သက်ရောဂါပိုးများကြောင့် ဤရောဂါ ဖြစ်ပွားနိုင်ပါသည်။ အသည်းရောင် အေ၊ ဘီ သို့မဟုတ် စီ ပိုးများ ရှိနေခြင်းသည်လည်း ဖြစ်နိုင်ခြေကို မြင့်မားစေပါသည်။
- ဆေးဝါးများ – ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် သောက်သောဆေး၊ ဝက်ခြံအတွက်သောက်သောဆေး၊ ကိုလက်စထရောချဆေးနှင့် တီဘီရောဂါကုဆေး အချို့သည် ဆေးဝါးကြောင့်ဖြစ်သော ကိုယ်ခံအားစနစ်ဆိုင်ရာ အသည်းရောင်ခြင်းနှင့် ဆက်စပ်မှုရှိပါသည်။
- အူလမ်းကြောင်းဆိုင်ရာရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ သို့မဟုတ် လည်ပင်းကြီးရောဂါကဲ့သို့သော အခြားကိုယ်ခံအားစနစ်ဆိုင်ရာ ရောဂါအခံရှိသူများတွင် ဖြစ်ပွားနိုင်ခြေ ပိုများပါသည်။
ရောဂါရှာဖွေခြင်း
လူနာတွင် ရောဂါလက္ခဏာများ ရှိနိုင်သကဲ့သို့ မရှိဘဲလည်း နေနိုင်ပါသည်။ ဆရာဝန်သည် ကိုယ်ခန္ဓာစစ်ဆေးခြင်း၊ ပုံရိပ်ဖော်စစ်ဆေးခြင်းနှင့် သွေးစစ်ခြင်းတို့ကို ဦးစွာဆောင်ရွက်ပါလိမ့်မည်။
- သွေးစစ်ခြင်းသည် အသည်းရောဂါလက္ခဏာများကို ဖော်ပြပေးနိုင်ပါသည်။ ခုခံအားပစ္စည်းများကို စစ်ဆေးခြင်းဖြင့် ဗိုင်းရပ်စ်ကြောင့်ဖြစ်သော အသည်းရောင်ခြင်းနှင့် ဤရောဂါကို ခွဲခြားနိုင်သည့်အပြင် မည်သည့်အမျိုးအစား ဖြစ်သည်ကိုလည်း သိရှိနိုင်ပါသည်။
- ရောဂါကို အတည်ပြုရန်နှင့် အသည်းထိခိုက်မှု အခြေအနေကို သိရှိနိုင်ရန် အသည်းတစ်သျှူးစ စစ်ဆေးခြင်းကို ပြုလုပ်ပါသည်။ အရေပြားကို အနည်းငယ်ခွဲစိတ်၍ အပ်ဖြင့် အသည်းတစ်သျှူးစ အနည်းငယ်ကို ထုတ်ယူကာ ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခြင်း ဖြစ်ပါသည်။
ကုသခြင်း
ကုသမှု၏ အဓိကရည်မှန်းချက်မှာ ကိုယ်ခံအားစနစ်က အသည်းကို တိုက်ခိုက်နေခြင်းကို လျှော့ချရန် သို့မဟုတ် ရပ်တန့်ရန်ဖြစ်ပါသည်။ ၎င်းသည် ရောဂါပိုမိုဆိုးရွားလာမှုကို နှေးကွေးစေနိုင်ပါသည်။ ၎င်းအတွက် ကိုယ်ခံအားစနစ်ကို နှိမ်နှင်းပေးသည့် ဆေးဝါးများကို အသုံးပြုရန် လိုအပ်ပါသည်။ ပရက်နီဆုန်း ဆေးသည် အဓိကအသုံးပြုသည့် ဆေးဖြစ်ပြီး အခြားသော ကိုယ်ခံအားထိန်းဆေး တစ်မျိုးနှင့်လည်း တွဲဖက်အသုံးပြုနိုင်ပါသည်။
ပရက်နီဆုန်း ဆေးကို အချိန်ကြာမြင့်စွာ အသုံးပြုပါက ဆီးချိုရောဂါ၊ အရိုးပွရောဂါ၊ အရိုးတစ်သျှူးများ သေဆုံးခြင်း၊ သွေးတိုးရောဂါ၊ အတွင်းတိမ်ရောဂါ၊ ရေတိမ်ရောဂါနှင့် ကိုယ်အလေးချိန်တက်ခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါသည်။
ကုသမှုစတင်ချိန်တွင် ဆေးကို ပမာဏအများအပြားဖြင့် စတင်ပေးလေ့ရှိပြီး နောက်ပိုင်းတွင် ဘေးထွက်ဆိုးကျိုး နည်းပါးစေရန် ဆေးပမာဏကို တဖြည်းဖြည်း လျှော့ချသွားပါသည်။ အခြားဆေးဝါးများသည် ပရက်နီဆုန်း၏ ဘေးထွက်ဆိုးကျိုးများကို သက်သာစေရန် အထောက်အကူပြုပါသည်။
ကုသမှုခံယူပြီးနောက် ရောဂါသက်သာသွားနိုင်သော်လည်း ဆေးရပ်လိုက်ပါက ရောဂါပြန်လည်ဖြစ်ပွားတတ်ပါသည် အခြေအနေပေါ်မူတည်၍ ရေရှည်ကုသမှု ခံယူရန် လိုအပ်နိုင်ပါသည်။
အသည်းအစားထိုးကုသခြင်း
ဆေးဝါးများဖြင့် ရောဂါကို မထိန်းချုပ်နိုင်တော့သည့်အခါ သို့မဟုတ် အသည်းခြောက်ခြင်းနှင့် အသည်းပျက်စီးခြင်းများ ဖြစ်ပေါ်လာသည့်အခါ နောက်ဆုံးနည်းလမ်းအနေဖြင့် အသည်းအစားထိုးကုသမှုကို ပြုလုပ်ရပါသည်။
အသည်းအစားထိုးခြင်းဆိုသည်မှာ ပျက်စီးနေသော အသည်းကို ဖယ်ရှားပြီး အလှူရှင်ထံမှ ရရှိသော ကျန်းမာသည့် အသည်းဖြင့် အစားထိုးခြင်း ဖြစ်ပါသည်။ အလှူရှင်မှာ ကွယ်လွန်ပြီးသူဖြစ်နိုင်သလို အချို့သော အခြေအနေများတွင် အသက်ရှင်နေသူထံမှလည်း အသည်း၏ အစိတ်အပိုင်းအချို့ကို ရယူနိုင်ပါသည်။ အစားထိုးကုသမှုအပြီးတွင် လှူဒါန်းလိုက်သော အသည်းအစိတ်အပိုင်းနှင့် ကျန်ရှိသောအသည်းတို့သည် ဆဲလ်အသစ်များကို လျင်မြန်စွာ ပြန်လည်ဖြစ်ပေါ်စေပါသည်။
