ရင်သားကင်ဆာ ပြန်လည်ဖြစ်ပွားခြင်း
အကျဉ်းချုပ်
ရင်သားကင်ဆာအတွက် ကနဦးကုသမှုများ (ရင်သားဖြတ်ထုတ်ခြင်း၊ ဆေးသွင်းကုသခြင်း သို့မဟုတ် အခြားကုသမှုများ) ခံယူပြီးနောက် ရောဂါပြန်လည်ပေါ်ပေါက်လာခြင်းကို ရင်သားကင်ဆာ ပြန်လည်ဖြစ်ပွားခြင်း ဟု ခေါ်သည်။ ကနဦးကုသမှု၏ ရည်မှန်းချက်မှာ ကင်ဆာဆဲလ်အားလုံးကို ဖယ်ရှားရန် ဖြစ်သော်လည်း အချို့သော ကင်ဆာဆဲလ်များသည် ကုသမှုကို ရှောင်တိမ်း၍ ရှင်သန်ကျန်ရစ်ခဲ့ခြင်း ဖြစ်နိုင်သည်။
ရင်သားကင်ဆာ ပြန်လည်ဖြစ်ပွားကြောင်း သိရခြင်းသည် ပထမအကြိမ် သိရချိန်ထက် ပိုမိုရင်ဆိုင်ရ ခက်ခဲနိုင်ပါသည်။ သို့သော် ရောဂါပြန်လည်ဖြစ်ပွားလာသည့်တိုင် မျှော်လင့်ချက်ရှိပါသေးသည်။ ကုသမှုများဖြင့်မူလနေရာ သို့မဟုတ် ပြန့်နှံ့သွားသော ကင်ဆာများကို ဖယ်ရှားနိုင်ပါသည်။ ရောဂါကို အမြစ်ပြတ်အောင် မကုသနိုင်သည့်တိုင် ဆေးဝါးများဖြင့် ရေရှည်ထိန်းချုပ်ထားနိုင်ပါသည်။
ရင်သားကင်ဆာ ပြန်လည်ဖြစ်ပွားခြင်း အမျိုးအစားများမှာ-
- မူလနေရာတွင် ပြန်လည်ဖြစ်ပွားခြင်း (Local recurrence): ကနဦးကင်ဆာဖြစ်ပွားခဲ့သည့် နေရာ၌ပင် ပြန်ဖြစ်ခြင်း။
- အနီးနားသို့ ပြန့်နှံ့ပြန်လည်ဖြစ်ပွားခြင်း (Regional recurrence): မူလနေရာနှင့် နီးစပ်သော ဂျိုင်းအောက် သို့မဟုတ် ညှပ်ရိုးအနီးရှိ ပြန်ရည်ကျိတ်များတွင် ပြန်ဖြစ်ခြင်း။
- ဝေးလံသောနေရာသို့ ပြန့်နှံ့ခြင်း (Distant recurrence): ရင်သားမှတစ်ဆင့် အရိုး၊ ဦးနှောက်၊ အဆုတ် သို့မဟုတ် အခြားအင်္ဂါများသို့ ပျံ့နှံ့သွားခြင်း (Metastasis) ဖြစ်ပြီး ၎င်းကို အဆင့် ၄ ရင်သားကင်ဆာဟု ခေါ်သည်။
ရောဂါလက္ခဏာများ
ကင်ဆာပြန်လည်ဖြစ်ပွားသည့် နေရာပေါ်မူတည်၍ လက္ခဏာများ ကွဲပြားနိုင်ပါသည်။
မူလနေရာတွင် ပြန်လည်ဖြစ်ပွားခြင်း
- ရင်သားတွင် အကျိတ်အသစ် စမ်းမိခြင်း
- ရင်သားသည် ပုံမှန်မဟုတ်ဘဲ တင်းမာနေခြင်း
- ရင်သားအရေပြား ပြောင်းလဲခြင်း၊ နီမြန်းခြင်း သို့မဟုတ် ရောင်ရမ်းခြင်း
- နို့သီးခေါင်း ပြောင်းလဲခြင်း သို့မဟုတ် အရည်ထွက်ခြင်း
- ရင်ဘတ်အရေပြားပေါ် သို့မဟုတ် အောက်တွင် နာကျင်မှုမရှိသော အဖုလေးများ ထွက်လာခြင်း
- ခွဲစိတ်ရာ အမာရွတ်တစ်လျှောက်တွင် အသားမာတက်လာခြင်း
အနီးနားသို့ ပြန့်နှံ့ပြန်လည်ဖြစ်ပွားခြင်း
- ရင်ဘတ်အောင့်ခြင်း
- အစာမျိုရ ခက်ခဲခြင်း
- ဂျိုင်းအောက်၊ ညှပ်ရိုးအနီး သို့မဟုတ် လည်ပင်းတွင် အကျိတ်များ ထွက်လာခြင်း/ရောင်ရမ်းခြင်း
ဝေးလံသောနေရာသို့ ပြန့်နှံ့ခြင်း
- တင်ပါးဆုံ၊ ကျော သို့မဟုတ် ရင်ဘတ်တို့တွင် တောက်လျှောက် နာကျင်နေခြင်း
- တရစပ် ချောင်းဆိုးခြင်း
- အသက်ရှူရ ခက်ခဲခြင်း
- အစားအသောက် ပျက်ခြင်းနှင့် အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း
- ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ တက်ခြင်း သို့မဟုတ် မူးဝေခြင်း
- မောပန်းနွမ်းနယ်ခြင်း သို့မဟုတ် အားနည်းခြင်း
ဖြစ်ပွားရခြင်းအကြောင်းရင်းများ
မူလရင်သားကင်ဆာမှ ဆဲလ်အချို့သည် ခွဲစိတ်မှု သို့မဟုတ် အခြားကုသမှုများအပြီးတွင် အနီးနား၌ဖြစ်စေ၊ ခန္ဓာကိုယ်၏ အခြားနေရာ၌ဖြစ်စေ ကျန်ရှိနေခဲ့ပြီး အချိန်ကြာလာသောအခါ ပွားများလာခြင်းကြောင့် ဖြစ်သည်။ ဤဆဲလ်များသည် မည်သူ့ကိုမျှ ဒုက္ခမပေးဘဲ နှစ်ပေါင်းများစွာ ငြိမ်သက်နေနိုင်ပါသည်။
ဖြစ်ပွားနိုင်ခြေရှိသော အချက်များ
- ပြန်ရည်ကျိတ်များတွင် ကင်ဆာရှိနေခြင်း: ကနဦးစစ်ဆေးစဉ်ကပင် အနီးနားရှိ ပြန်ရည်ကျိတ်များတွင် ကင်ဆာတွေ့ရှိခဲ့သူများ။
- အကျိတ်အရွယ်အစား: အကျိတ်ကြီးသူများတွင် ပို၍ပြန်လည်ဖြစ်ပွားနိုင်ခြေရှိသည်။
- ခွဲစိတ်သည့် အနားသတ်များ (Positive margins): ခွဲစိတ်ထားသော အနားသတ်များတွင် ကင်ဆာဆဲလ်များ ကျန်ရှိနေခြင်း။
- ဓာတ်ရောင်ခြည် ကုသမှုမခံယူခြင်း: ရင်သားအကျိတ်သာ ထုတ်ထားသူများအနေဖြင့် ဓာတ်ရောင်ခြည်ဖြင့် ဆက်လက်မကုသပါက ရောဂါပြန်လည်ဖြစ်ပွားနိုင်ခြေ ပိုများသည်။
- အသက်အရွယ်: ငယ်ရွယ်သူများ (အထူးသဖြင့် အသက် ၃၅ နှစ်အောက် သိရှိသူများ) တွင် ပို၍ပြန်လည်ဖြစ်ပွားတတ်သည်။
- Inflammatory breast cancer: ဤရင်သားကင်ဆာ အမျိုးအစားသည် မူလနေရာတွင် ပြန်လည်ဖြစ်ပွားနိုင်ခြေ ပိုများသည်။
- Triple negative breast cancer: ဤကင်ဆာအမျိုးအစား ရှိခဲ့သူများတွင်လည်း ပြန်လည်ဖြစ်ပွားနိုင်ခြေ မြင့်မားပါသည်။
- အဝလွန်ခြင်း: ကိုယ်အလေးချိန် အညွှန်းကိန်း (BMI) မြင့်မားသူများ။
ရောဂါရှာဖွေခြင်း (Diagnosis)
ကာယပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှု၊ မမ်မိုဂရမ် (Mammogram) ရလဒ်များ သို့မဟုတ် ရောဂါလက္ခဏာများအပေါ် မူတည်၍ ရင်သားကင်ဆာ ပြန်လည်ဖြစ်ပွားနေသည်ဟု သံသယရှိပါက ဆရာဝန်သည် ရောဂါအတည်ပြုရန်အတွက် နောက်ထပ်စစ်ဆေးမှုများ ပြုလုပ်ရန် အကြံပြုပါလိမ့်မည်။
သီးသန့်စစ်ဆေးမှုနှင့် လုပ်ထုံးလုပ်နည်းများမှာ အောက်ပါအတိုင်း ဖြစ်နိုင်ပါသည်-
- ပုံရိပ်ဖော် စစ်ဆေးခြင်းများ (Imaging tests): ကင်ဆာအကျိတ်၏ ပျံ့နှံ့မှု အတိုင်းအတာကို သိရှိရန် အမ်အာအိုင် (MRI)၊ စီတီစကင် (CT) နှင့် ပက်စကင် (PET scan) တို့ကို ပြုလုပ်ရန် အကြံပြုနိုင်ပါသည်။
- အသားစယူခြင်း (Biopsy): ကင်ဆာ ပြန်လည်ဖြစ်ပွားခြင်း ရှိ၊ မရှိ အတည်ပြုနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ သံသယရှိသော ဆဲလ်များကို အသားစယူ စစ်ဆေးခြင်းဖြစ်သည်။ ရောဂါဗေဒပညာရှင် (Pathologist) သည် ၎င်းကင်ဆာမှာ ကင်ဆာအသစ်လား သို့မဟုတ် မူလကင်ဆာ ပြန်လည်ဖြစ်ပွားခြင်းလား ဆိုသည်ကို စစ်ဆေးပါမည်။ ဤစစ်ဆေးမှုသည် ကင်ဆာမှာ ဟော်မုန်းကုထုံး သို့မဟုတ် ပစ်မှတ်ထားကုထုံးများဖြင့် ကုသ၍ရနိုင်ခြင်း ရှိ၊ မရှိကိုလည်း ဆုံးဖြတ်ပေးနိုင်ပါသည်။ (ကနဦးကင်ဆာဖြစ်စဉ်နှင့် နှိုင်းယှဉ်ပါက ကင်ဆာဆဲလ်များ၏ သဘောသဘာဝ ပြောင်းလဲသွားနိုင်သောကြောင့် ဤစစ်ဆေးမှုမှာ အရေးကြီးပါသည်။)
ကုသမှု (Treatment)
ကုသမှုနည်းလမ်းများသည် ရောဂါ၏ ပြင်းထန်မှု၊ ဟော်မုန်းလက်ခံပစ္စည်း (Hormone receptors) ရှိ၊ မရှိ၊ ကနဦးကုသစဉ်က ခံယူခဲ့ဖူးသော ကုသမှုအမျိုးအစားနှင့် လူနာ၏ ယေဘုယျကျန်းမာရေး အခြေအနေများအပေါ် မူတည်၍ ကွဲပြားပါမည်။
မူလနေရာတွင်ပြန်လည်ဖြစ်ပွားခြင်းအတွက် ကုသမှု (Local recurrence)
အများအားဖြင့် ခွဲစိတ်ကုသခြင်းမှာ ပထမအဆင့် ဖြစ်သည်။
- ခွဲစိတ်ကုသခြင်း: ကင်ဆာသည် ရင်သား၌သာ ရှိနေပါက ရင်သားတစ်ရှူးကို ခွဲစိတ်ဖယ်ရှားရန် (Mastectomy) အကြံပြုပါမည်။ အကယ်၍ ကနဦးကုသစဉ်က အကျိတ်ကိုသာ ဖယ်ထုတ်ခဲ့ဖူးပါက ယခုအခါတွင် ရင်သားတစ်ရှူးအားလုံး၊ အဆီပြင်၊ အရေပြား၊ နို့သီးခေါင်းနှင့် ပြန်ရည်ကျိတ်အချို့ကို ဖယ်ရှားရန် လိုအပ်နိုင်ပါသည်။
- ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း: ကနဦးကုသစဉ်က ဓာတ်ရောင်ခြည် မခံယူဖူးပါက ယခုအကြိမ်တွင် အသုံးပြုနိုင်ပါသည်။ သို့သော် ယခင်က ဓာတ်ရောင်ခြည် ပေးဖူးပါက ဘေးထွက်ဆိုးကျိုး အန္တရာယ်ကြောင့် ထပ်မံပေးရန် မသင့်တော်ပါ။
- အခြားကုသမှုများ: နောက်ထပ် ပြန်မဖြစ်စေရန် ဆေးသွင်းကုသခြင်း (Chemotherapy)၊ ဟော်မုန်းကုထုံး (Hormone therapy) နှင့် ပစ်မှတ်ထားကုထုံး (Targeted therapy) တို့ကိုလည်း အသုံးပြုနိုင်ပါသည်။
အနီးနားသို့ ပြန့်နှံ့ပြန်လည်ဖြစ်ပွားခြင်းအတွက် ကုသမှု (Regional recurrence)
- ခွဲစိတ်ကုသခြင်း: ကင်ဆာအကျိတ်ကို ခွဲစိတ်ဖယ်ရှားခြင်းမှာ အဓိက ကုသမှုဖြစ်သည်။ ဂျိုင်းအောက်တွင် ပြန်ရည်ကျိတ်များ ကျန်ရှိနေသေးပါက ၎င်းတို့ကို ဖယ်ရှားရန် လိုအပ်နိုင်သည်။
- ဓာတ်ရောင်ခြည်နှင့် ဆေးဝါးများ: ခွဲစိတ်ပြီးနောက် ဓာတ်ရောင်ခြည် ပေးနိုင်ပါသည်။ အကယ်၍ ခွဲစိတ်ရန် မဖြစ်နိုင်ပါက ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ဆေးသွင်းကုသခြင်း သို့မဟုတ် ဟော်မုန်းကုထုံးများကို ပေါင်းစပ်အသုံးပြုပါမည်။
ဝေးလံသောနေရာသို့ ပြန့်နှံ့ခြင်းအတွက် ကုသမှု (Distant/Metastatic recurrence)
ဤအဆင့်တွင် ကုသမှု၏ ရည်ရွယ်ချက်မှာ ရောဂါကို အမြစ်ပြတ်ပျောက်ကင်းစေရန်ထက် လူနာ၏ သက်တမ်းကို ရှည်စေရန်နှင့် ဝေဒနာများကို သက်သာစေရန် (Palliative care) ဖြစ်သည်။
- ဟော်မုန်းကုထုံး: ဘေးထွက်ဆိုးကျိုး နည်းပါးသောကြောင့် အဓိက ကုသမှုအဖြစ် အသုံးပြုလေ့ရှိသည်။
- ဆေးသွင်းကုသခြင်း: ဟော်မုန်းကုထုံးနှင့် မတည့်ပါက သို့မဟုတ် ကုသမှုမထိရောက်တော့ပါက အသုံးပြုသည်။
- ကိုယ်ခံအားဖြင့် ကုသခြင်း (Immunotherapy): ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို အသုံးပြု၍ ကင်ဆာကို တိုက်ခိုက်စေခြင်းဖြစ်သည်။ Triple negative breast cancer လူနာများတွင် ဆေးသွင်းကုသမှုနှင့် တွဲဖက်အသုံးပြုလေ့ရှိသည်။
အရိုးသန်မာစေသော ဆေးများ: ကင်ဆာသည် အရိုးသို့ ပြန့်နှံ့သွားပါက အရိုးကျိုးခြင်းနှင့် နာကျင်ခြင်းများကို လျှော့ချရန်အတွက် ဤဆေးများကို ပေးနိုင်ပါသည်။
