ခြုံငုံသုံးသပ်ချက် (Overview)
သည်းခြေအိတ်ကင်ဆာသည် သည်းခြေအိတ်အတွင်း ပုံမှန်မဟုတ်သော ဆဲလ်များပွားများလာသောအခါ ဖြစ်ပွားတတ်သည်။ သည်းခြေအိတ်သည် ဝမ်းဗိုက်၏ ညာဘက်ခြမ်း၊ အသည်း၏အောက်ဘက်တွင် တည်ရှိသည်။ သည်းခြေအိတ်၏ လုပ်ဆောင်ချက်မှာ အသည်းမှ ထုတ်ပေးသော သည်းခြေရည်နှင့် အစာခြေရည်များကို သိုလှောင်ထားရန် ဖြစ်သည်။ သည်းခြေအိတ်ကင်ဆာကို စောစီးစွာ စမ်းသပ်သိရှိနိုင်ပါက ကုသမှုရလဒ် ပိုမို ကောင်းမွန် စေနိုင်သော်လည်း စောစီးသောအဆင့်တွင် ရောဂါလက္ခဏာ မပြတတ်သောကြောင့် စမ်းသပ်သိရှိရန် ခက်ခဲနိုင်ပါသည်။
ရောဂါလက္ခဏာများ (Symptoms)
- ဝမ်းဗိုက်၏ ညာဘက်အပေါ်ပိုင်း နာကျင်ခြင်း။
- ဗိုက်ကယ်ခြင်း/ ဗိုက်ပွခြင်း။
- ရည်ရွယ်ချက်မရှိဘဲ ကိုယ်အလေးချိန် လျော့ကျခြင်း။
- မျက်လုံးနှင့် အရေပြားများ ဝါခြင်း (အသားဝါရောဂါ)။
ဖြစ်ပွားရသည့်အကြောင်းရင်းများ (Causes)
သည်းခြေအိတ်အတွင်းရှိ ဆဲလ်များ၏ DNA ပြောင်းလဲမှု ဖြစ်ပေါ်သည့်အခါ သည်းခြေအိတ်ကင်ဆာ ဖြစ်ပွားသည်။ DNA ပြောင်းလဲမှုသည် ဆဲလ်များ၏ ပြုမူပုံကို ပြောင်းလဲစေသည်။ ထို့ကြောင့် သည်းခြေအိတ်အတွင်းရှိ ဆဲလ်များ မျိုးဗီဇပြောင်းလဲမှုသည် ဆဲလ်များကို ထိန်းချုပ်မရဘဲ ပွားလာစေပြီး အကျိတ် (Tumor) ကို ဖြစ်ပေါ်စေသည်။ ထိုအကျိတ်သည် ကျန်းမာသော တစ်ရှူးများကို ကျူးကျော်ဖျက်ဆီးပြီး ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်သည် (Metastasize)။
သည်းခြေအိတ်ကင်ဆာသည် အများအားဖြင့် သည်းခြေအိတ်၏ အတွင်းဘက်နံရံရှိ ဂလင်းဆဲလ် (Glandular cells) များတွင် စတင်ကြီးထွားလေ့ရှိသည်။ ထိုသို့ ဂလင်းဆဲလ်တွင် ဖြစ်ပွားသော ကင်ဆာကို Adenocarcinoma ဟု ခေါ်ဆိုသည်။
ဖြစ်နိုင်ခြေပိုများစေသည့် အချက်များ (Risk factors)
- လိင်: အမျိုးသားများထက် အမျိုးသမီးများတွင် ဤရောဂါ ပိုမိုဖြစ်ပွားလေ့ရှိသည်။
- အသက်အရွယ်: အသက်ကြီးလာသည်နှင့်အမျှ သည်းခြေအိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများလာသည်။
- သည်းခြေကျောက်တည်ဖူးသည့် ရာဇဝင်ရှိခြင်း: သည်းခြေကျောက်တည်ဖူးသော လူနာများတွင် သည်းခြေအိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများသည်။ သည်းခြေကျောက် အရွယ်အစား ကြီးမားပါက ရောဂါဖြစ်နိုင်ခြေ ပိုမိုမြင့်မားတတ်သည်။
- အခြား သည်းခြေအိတ်ဆိုင်ရာ ရောဂါများနှင့် အခြေအနေများ: သည်းခြေအိတ်တွင် အသားပို (Polyps) ထွက်ခြင်း၊ နာတာရှည် ရောင်ရမ်းခြင်းနှင့် ပိုးဝင်ခြင်းတို့သည်လည်း ဖြစ်နိုင်ခြေ ပိုများစေသည့် အချက်များဖြစ်သည်။
- သည်းခြေပြွန် ရောင်ရမ်းခြင်း: Primary sclerosing cholangitis ရောဂါသည် သည်းခြေအိတ်နှင့် အသည်းမှ သည်းခြေရည်များကို သယ်ဆောင်ပေးသည့် ပြွန်များကို ရောင်ရမ်းစေသည်။ ဤအခြေအနေသည် လူနာအား သည်းခြေအိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများစေပါသည်။
ရောဂါရှာဖွေခြင်း (Diagnosis)
- သွေးစစ်ဆေးခြင်း: အသည်း၏ လုပ်ဆောင်ချက်များကို စစ်ဆေးရန် ပြုလုပ်ခြင်းဖြစ်သည်။ ၎င်းသည် ဆရာဝန်အား ရောဂါလက္ခဏာများ၏ အကြောင်းရင်းကို ရှာဖွေရာတွင် အထောက်အကူပြုပါသည်။
- ပုံရိပ်ဖော် စစ်ဆေးခြင်းများ: အာထရာဆောင်း၊ စီတီစကင် (CT) နှင့် အမ်အာအိုင် (MRI) တို့ဖြင့် သည်းခြေအိတ်၏ ပုံရိပ်များကို ကြည့်ရှုစစ်ဆေးခြင်း ဖြစ်သည်။
သည်းခြေအိတ်ကင်ဆာရှိကြောင်း သိရှိရပါက ကင်ဆာအဆင့်ကို ဆက်လက်သတ်မှတ်ရန် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကင်ဆာအဆင့်သည် ရောဂါအလားအလာနှင့် လူနာအတွက် သင့်တော်သော ကုသမှုနည်းလမ်းကို ဆုံးဖြတ်ပေးသောကြောင့် ဖြစ်သည်။
ကင်ဆာအဆင့်ကို ခွဲခြားရန် အသုံးပြုသော လုပ်ငန်းစဉ်များမှာ –
- ဝမ်းဗိုက်အတွင်း ကြည့်ရှုစစ်ဆေးခြင်း (Exploratory surgery): ကင်ဆာပျံ့နှံ့မှု ရှိမရှိ သိနိုင်ရန် ဝမ်းဗိုက်အတွင်းပိုင်းကို စစ်ဆေးခြင်းဖြစ်သည်။ မှန်ပြောင်းသုံး စစ်ဆေးမှု (Laparoscopic procedure) တွင် ဗိုက်၌ ဒဏ်ရာအနည်းငယ်ပေးကာ သေးငယ်သော ကင်မရာကို ထည့်သွင်း၍ သည်းခြေအိတ်အနီးရှိ အင်္ဂါများကို စစ်ဆေးသည်။
- သည်းခြေပြွန်များကို စစ်ဆေးခြင်း: သည်းခြေပြွန်များအတွင်းသို့ ဆေးရည်တစ်မျိုး ထိုးသွင်းပြီး ဓာတ်မှန်ရိုက်ခြင်းဖြစ်သည်။ သည်းခြေပြွန်အတွင်း ပိတ်ဆို့ခြင်း သို့မဟုတ် ကျဉ်းခြင်း ရှိမရှိကို ကြည့်ရှုနိုင်သည်။ ဤလုပ်ငန်းစဉ်တွင် MRI သို့မဟုတ် ERCP နည်းလမ်းများကို အသုံးပြုနိုင်ပါသည်။
- အခြားပုံရိပ်ဖော် စစ်ဆေးမှုများ: ကင်ဆာသည် သည်းခြေအိတ်အတွင်း၌သာ ရှိနေသလား သို့မဟုတ် အခြားနေရာများသို့ ပျံ့နှံ့နေပြီလား (Metastasize) ဆိုသည်ကို သိရှိရန် ဝမ်းဗိုက်နှင့် ရင်ဘတ်ကို CT နှင့် MRI ရိုက်၍ စစ်ဆေးခြင်း ဖြစ်သည်။
ကင်ဆာအဆင့်ကို ရောမဂဏန်း ၀ မှ IV အထိ သတ်မှတ်သည်။ အနိမ့်ဆုံးအဆင့်မှာ ကင်ဆာသည် သည်းခြေအိတ်၏ အတွင်းနံရံလွှာတွင်သာ ရှိနေခြင်းဖြစ်ပြီး၊ အဆင့် IV (သို့မဟုတ်) အဆင့်မြင့်အဆင့်တွင် ကင်ဆာသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားပြီ ဖြစ်သည်။
ကုသမှု (Treatment)
ကုသမှု၏ အဓိကရည်ရွယ်ချက်မှာ သည်းခြေအိတ်ကင်ဆာကို အမြစ်ပြတ်ဖယ်ရှားရန်နှင့် ရောဂါပျံ့နှံ့မှုကို တားဆီးရန် ဖြစ်သည်။
ခွဲစိတ်ကုသခြင်း (Surgery)
- သည်းခြေအိတ်ကို ဖယ်ရှားခြင်း (Cholecystectomy): ကင်ဆာသည် စောစီးသောအဆင့်၌ရှိပြီး သည်းခြေအိတ်အတွင်း၌သာ ရှိနေပါက သည်းခြေအိတ်ကို ခွဲစိတ်ဖယ်ရှားခြင်းဖြင့် ကုသနိုင်သည်။
- သည်းခြေအိတ်နှင့် အသည်းအစိတ်အပိုင်းအချို့ကို ဖယ်ရှားခြင်း: ကင်ဆာသည် အသည်းသို့ ပျံ့နှံ့နေပါက သည်းခြေအိတ်အပြင် အသည်း၏အစိတ်အပိုင်းအချို့နှင့် ပတ်ဝန်းကျင်ရှိ သည်းခြေပြွန်များကိုပါ ဖယ်ရှားရန် လိုအပ်နိုင်ပါသည်။
ခွဲစိတ်ပြီးနောက် ကင်ဆာဆဲလ်များ ကျန်ရှိနေသေးပါက ဆေးသွင်းကုသခြင်း (Chemotherapy) သို့မဟုတ် အခြားကုသမှုများကို ထည့်သွင်းစဉ်းစားမည် ဖြစ်သည်။
ဆေးသွင်းကုသခြင်း (Chemotherapy)
ကင်ဆာဆဲလ်များကို သတ်ရန် ဆေးဝါးများ အသုံးပြုခြင်း ဖြစ်သည်။ သွေးကြောထဲသို့ ဆေးသွင်းခြင်း သို့မဟုတ် သောက်ဆေးဖြင့် ကုသနိုင်သည်။ ခွဲစိတ်ပြီးနောက် ကင်ဆာဆဲလ်များ ကျန်ရှိနိုင်ခြေရှိပါက ဤကုသမှုကို အကြံပြုလေ့ရှိသည်။
ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)
X-ray သို့မဟုတ် ပရိုတွန်ကဲ့သို့သော စွမ်းအားမြင့် လှိုင်းများကို အသုံးပြု၍ ကင်ဆာဆဲလ်များကို ဖျက်ဆီးခြင်းဖြစ်သည်။ ခွဲစိတ်မှုဖြင့် ကင်ဆာကို အကုန်အစင် မဖယ်ရှားနိုင်ပါက ဆေးသွင်းကုသခြင်းနှင့် တွဲဖက်အသုံးပြုနိုင်သည်။ ခွဲစိတ်မှုမပြုလုပ်နိုင်သော အခြေအနေများတွင် ကင်ဆာကြောင့် နာကျင်မှုကို သက်သာစေရန်လည်း အသုံးပြုသည်။
ကင်ဆာဆဲလ် များရှိ သတ်မှတ်ထားသော အစိတ်အပိုင်းများကို ပစ်မှတ်ထားသော ကုထုံး (Targeted drug therapy)
ကင်ဆာဆဲလ်များရှိ သတ်မှတ်ထားသော အစိတ်အပိုင်းများကို ဦးတည်တိုက်ခိုက်ခြင်း ဖြစ်သည်။ ဤကုထုံးကို အဆင့်မြင့်သည်းခြေအိတ်ကင်ဆာ လူနာများတွင် အသုံးပြုလေ့ရှိပြီး လူနာနှင့် အသင့်တော်ဆုံးဆေးကို သိရှိနိုင်ရန် ကင်ဆာဆဲလ်များကို အရင် စမ်းသပ် စစ်ဆေး ရပါသည်။
ကိုယ်ခံအားမြှင့်ကုထုံး (Immunotherapy)
ကိုယ်ခံအားစနစ်က ကင်ဆာကို တိုက်ထုတ်နိုင်အောင် ဆေးဝါးများဖြင့် ကူညီပေးခြင်း ဖြစ် သည်။ ကင်ဆာဆဲလ်များသည် ကိုယ်ခံအားစနစ်မှ ရှောင်တိမ်းနိုင်ရန် ပရိုတင်းများ ထုတ်လုပ် ထားတတ်ပြီး ဤကုထုံးသည် ထိုဖြစ်စဉ်ကို နှောင့်ယှက်ကာ ကိုယ်ခံအားစနစ်က ကင်ဆာကို သိရှိ တိုက်ခိုက် နိုင်အောင် ပြုလုပ်ပေးသည်။ ၎င်းကို သည်းခြေ အိတ် ကင်ဆာ နောက်ဆုံးအဆင့်များ များတွင် အသုံးပြုလေ့ရှိသည်
