အိပ်စက်နေစဥ်အသက်ရှုလမ်းကြောင်းပိတ်စို့ခြင်းရောဂါ

အကျဉ်းချုပ်

အိပ်စက်နေစဥ်အသက်ရှုလမ်းကြောင်းပိတ်စို့ခြင်းရောဂါ (Obstructive Sleep Apnea) သည် အိပ်စက်ချိန်တွင် ဖြစ်ပေါ်နိုင်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတစ်မျိုး ဖြစ်သည်။ အိပ်စက်နေစဥ် အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်းများ ဖြစ်ပေါ်စေသည်။ ယေဘူယျအားဖြင့်၊ ဤရောဂါရှိသူများသည် တစ်နာရီအိပ်စက်ချိန်အတွင်း အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုကို ဆယ်စက္ကန့်ထက်ပိုသော အကြိမ် (အနည်းဆုံး ၅ ကြိမ်) ကြုံတွေ့ကြရသည်။

အိပ်စက်နေစဥ်အသက်ရှုလမ်းကြောင်းပိတ်စို့ခြင်းရောဂါသည် အမျိုးမျိုးသောအိပ်စက်မှုအသက်ရှူရခက်ခြင်းရောဂါအမျိုးအစားများအနက် အတွေ့အများဆုံး ဖြစ်သည်။ ဤရောဂါသည် အိပ်စက်နေချိန်အတွင်း လည်ချောင်းကြွက်သားများ အားနည်းပြီး အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့သွားသည့်အခါ ဖြစ်ပေါ်ပါသည်။ အိပ်ပျော်နေချိန်ဟောက်ခြင်းသည် အိပ်စက်နေစဥ်အသက်ရှုလမ်းကြောင်းပိတ်စို့ခြင်းရောဂါ၏ အဓိက သရုပ်ပြလက္ခဏာ ဖြစ်သည်။

အိပ်စက်နေစဥ်အသက်ရှုလမ်းကြောင်းပိတ်စို့ခြင်းရောဂါ အတွက်သင့်တော်သည့်ကုသမှုများရှိပါသည်။ အိပ်စက်နေစဉ် အသက်ရှူလမ်းကြောင်းကို ဖွင့်ထားနိုင်ရန် အသက်လမ်းကြောင်းအတွင်းလေဖိအားတက်စေသည့် စက်ပစ္စည်းအသုံးပြုခြင်းသည် ကုသမှုရွေးချယ်စရာတစ်ခု ဖြစ်သည်။ အခြားရွေးချယ်စရာမှာ အိပ်စက်နေစဉ် အောက်မေးရိုးကို ရှေ့သို့ဆွဲထားနိုင်သည့် ကိရိယာကို အသုံးပြုခြင်း ဖြစ်သည်။ လိုအပ်ပါက ခွဲစိတ်ကုသမှုလည်း ပြုလုပ်နိုင်ပါသည်။

အိပ်စက်နေစဥ်အသက်ရှုလမ်းကြောင်းပိတ်စို့ခြင်းရောဂါအမျိုးအစားများ

Apnea-Hypopnea Index (AHI) အရ အိပ်စက်နေစဥ်အသက်ရှုလမ်းကြောင်းပိတ်စို့ခြင်းကို မူတည်၍ ပြင်းထန်မှု အခြေအနေများကို (၃) ဆင့် ခွဲခြားထားပါသည်။ AHI သည် တစ်နာရီအိပ်စက်ချိန်အတွင်း ဖြစ်ပေါ်သော အသက်ရှူရပ်ခြင်း နှင့် သွေးတွင်းအောက်ဆီကျင်ပမာဏထိုးကျခြင်း အကြိမ်ရေကို တိုင်းတာခြင်းဖြင့် ပြင်းထန်မှုအဆင့်ကို ခွဲခြားပေးပါသည်။ အမျိုးအစားများကို အောက်ပါအတိုင်း ဖော်ပြနိုင်သည်။

  • ပထမအဆင့် (Mild) – အိပ်ချိန်တစ်နာရီအတွင်း AHI ၅ မှ ၁၅ ကြိမ်ရှိခြင်း
  • အလတ်အဆင့် (Moderate) – အိပ်ချိန်တစ်နာရီအတွင်း AHI ၁၅ မှ ၃၀ ကြိမ်ရှိခြင်း
  • ပြင်းထန်အဆင့် (Severe) – အိပ်ချိန်တစ်နာရီအတွင်း AHI ၃၀ ကြိမ်ထက်ပိုရှိခြင်း

လက္ခဏာများ

အိပ်စက်နေစဥ်အသက်ရှုလမ်းကြောင်းပိတ်စို့ခြင်းရောဂါရှိပါက အောက်ပါအရာများကို ခံစားရနိုင်သည်

  • ကျယ်လောင်စွာ ဟောက်ခြင်း
  • အသက်ရှူကြပ်ကာ မွန်းကြပ်ပြီး ရုတ်တရက်လန့်နိုးခြင်း
  • အိပ်နေချိန် ရုတ်တရက် အသက်ရှူရပ်ခြင်းကို ခံစားမိခြင်း
  • နံနက်အိပ်ရာနိုးချိန်တွင် လည်ချောင်းကိုနာခြင်း သို့မဟုတ် နှုတ်ခမ်းခြောက်ခြင်း
  • နံနက်ခေါင်းကိုက်ခြင်း
  • နေ့ခင်းချိန် အလွန်အမင်း အိပ်ငိုက်ခြင်း
  • နေ့အချိန် အာရုံစူးစိုက်ရန် ခက်ခဲခြင်း
  • စိတ်အခြေအနေမတည်ငြိမ်ခြင်း (စိတ်တိုလွယ်ခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်း)
  • သွေးတိုးခြင်း
  • လိင်စိတ်အားနည်းခြင်း

သင် သို့မဟုတ် သင့် အဖော်တွင် အောက်ပါ လက္ခဏာများ ဖြစ်ပေါ်ပါက ဆရာဝန်ဆီသို့ ချက်ချင်း ပြန်လည်ဆွေးနွေးရန် အကြံပြုပါသည် –

  • အိပ်စက်နေစဉ် အသက်ရှူရပ်ဆိုင်းမှု ဖြစ်ပေါ်ခြင်း
  • ‌‌ဟောက်သံသည် ပြင်းထန်စွာကျယ်လောင်ပြီး မိမိ သို့မဟုတ် အခြားသူများ၏ အိပ်စက်မှုကို နှောင့်ယှက်မှုရှိနေခြင်း
  • အသက်ရှုကြပ်ခြင်း, မွန်းကြပ်ခြင်းများဖြင့် နိုးလာခြင်း
  • နေ့အချိန် အလွန်အိပ်ငိုက်ခြင်း, ထိုအခြေအနေကြောင့် အလုပ်လုပ်နေစဥ်, တီဗွီကြည့်နေစဥ်, သို့မဟုတ် ယာဉ်မောင်းနေစဉ် မိမိကိုယ်ကို မထိန်းနိုင်ပဲ အိပ်ပျော်သွားခြင်း

အိပ်နေချိန်ဟောက်တတ်သော သူအားလုံးကို အိပ်စက်နေစဥ်အသက်ရှုလမ်းကြောင်းပိတ်စို့ခြင်းရောဂါ ဖြစ်ပွားနေသည်ဟု မသတ်မှတ်နိုင်ပါ။ ဟောက်တတ်ခြင်းသည် ရောဂါဖြစ်နေသည်ဟု မရည်ညွှန်းနိုင်ပါ။

အိပ်စက်နေချိန်ဟောက်သံ အလွန်ကျယ်လောင်ပြီး အချိန်တစ်ခုအတွင်း ဟောက်သံပျောက်သွားပြီး ငြိမ်သက်မှုများဖြင့် တွဲနေပါက ဆရာဝန်နှင့် ချက်ချင်းတိုင်ပင်ဆွေးနွေးရန် အကြံပြုပါသည်။ အိပ်စက်နေစဥ်အသက်ရှုလမ်းကြောင်းပိတ်စို့ခြင်းရောဂါရှိပါက ပက်လက်အနေအထားဖြင့် အိပ်စက်သည့်အခါ ဟောက်သံကျယ်လောင်ပြင်းထန်တတ်ပြီး ဘေးတစောင်းအိပ်စက်သည့်အခါ ဟောက်သံတိတ်လျော့ခြင်း ရှိတတ်ပါသည်။

အိပ်စက်မှုဆိုင်ရာပြဿနာကြောင့် အမြဲပင်ပန်းနွမ်းနယ်နေခြင်း, နေ့ခင်းချိန် အလွန်အမင်းအိပ်ငိုက်ခြင်း, စိတ်တိုလွယ်ခြင်းများ ရှိနေပါက ဆရာဝန်ကို အကြံဉာဏ်ပြုသင့်ပါသည်။ နေ့ခင်းချိန် အလွန်အမင်းအိပ်ငိုက်ခြင်းသည် နာတာရှည် အာရုံကြောဆိုင်ရာ ချို့ယွင်းမှုတစ်ခုကြောင့် ဦးနှောက်၏ အိပ်စက်ခြင်း-နိုးထမှု စက်ဝန်းများကို ထိန်းညှိပေးနိုင်စွမ်း ထိခိုက်သောရောဂါ (narcolepsy) သို့မဟုတ် အခြားရောဂါများကြောင့် ဖြစ်နိုင်ပြီး ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုများက ရောဂါ‌အကြောင်းရင်းကို သတ်မှတ်ရန်နှင့် သင့်တော်သော လမ်းညွှန်ချက်များ ပေးနိုင်ပါသည်။

အကြောင်းအရင်းများ

လည်ချောင်းနောက်ပိုင်းရှိကြွက်သားများ အားနည်းသွားပါက အိပ်စက်နေစဥ်အသက်ရှုလမ်းကြောင်းပိတ်စို့ခြင်းရောဂါ ဖြစ်ပေါပြီး ပုံမှန်အသက်ရှူမှုကို ထိခိုက်စေပါသည်။ ၄င်းကြွက်သားများသည် လျှာ, အာသီး, အာခံတွင်းပျော့များ လျော့ကျပြီး အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှု မဖြစ်အောင် တားဆီးပေးထားပါသည်။

လည်ချောင်းနောက်ပိုင်းရှိကြွက်သားများ အားနည်းသွားသည့် အခါ အသက်ရှူလမ်းကြောင်းကျဉ်းသွားခြင်း သို့မဟုတ် ပိတ်ဆို့ခြင်း ဖြစ်စေပြီး ဆယ်စက္ကန့် သို့မဟုတ် ထိုထက်ပိုကြာအောင် အသက်ရှူသွင်းရခက်ခဲစေပါသည်။ ထို့ကြောင့် သွေးထဲတွင် အောက်စီဂျင်ဓာတ်လျော့နည်းစေနိုင်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်များ မြင့်တက်စေနိုင်ပါသည်။

အိပ်စက်နေချိန်အသက်ရှူမှု ပိတ်ဆို့နေသည်ကို ဦးနှောက်မှ အလိုအလျောက်သိရှိပြီး အသက်ရှူလမ်းကြောင်းကို ပြန်ဖွင့်နိုင်ရန် အိပ်စက်သူကို ခဏတာနိုးထအောင်ပြုလုပ်ပေးပါသည်။ ယေဘူယျအားဖြင့် ဤနိုးထမှုသည် အလွန်အချိန်တိုမြန်သောကြောင့် အိပ်စက်နေသူမှ မမှတ်မိကြပါ။

ရုတ်တရက်နိုးထလာချိန်တွင် ခေတ္တအသက်ရှုကြပ်ခြင်းကို ခံစားရနိုင်ပြီး၊ ဤလက္ခဏာသည် အချိန်တိုအတွင်း သို့မဟုတ် အသက်တစ်ကြိမ်နှင့်နှစ်ကြိမ်ရှူသွင်းလိုက်သည်နှင့် ပျောက်ကင်းနိုင်ပါသည်။ မွန်းကြပ်ခြင်း, ချောင်းဆိုးခြင်း သို့မဟုတ် အသက်ရှူရခက်သံများဖြင့် တွဲနေတတ်ပါသည်။ ဤလက္ခဏာများသည် တစ်ညအတွင်း တစ်နာရီလျှင် ၅ကြိမ်မှ ၃၀ကြိမ် သို့မဟုတ် ပိုများစွာ ထပ်တလဲလဲ ဖြစ်နိုင်ပါသည်။ ဤလက္ခဏာများကြောင့် ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်မှုမရရှိနိုင်ခြင်းက နေ့အချိန် အိပ်ငိုက်မှုကို ဖြစ်စေပါသည်။

အိပ်စက်နေစဥ်အသက်ရှုလမ်းကြောင်းပိတ်စို့ခြင်းရောဂါရှိသူများသည် မိမိ၏ အိပ်စက်မှု ပျက်စီးနေမှုကို သတိမထားမိနိုင်ကြပါ။ အဆိုပါ အမျိုးအစားအိပ်စက်နေစဥ်အသက်ရှုလမ်းကြောင်းပိတ်စို့ခြင်း ရှိသူအများစုသည် မိမိတို့ ညအိပ်စက်မှု လုံလောက်နှစ်ခြိုက်ခြင်း မရှိသည်ကို သတိမထားမိကြပါ။

အိပ်စက်နေစဥ်အသက်ရှုလမ်းကြောင်းပိတ်စို့ခြင်းရောဂါကို ပိုမိုဖြစ်လွယ်စေသောအချက်များ

အိပ်စက်နေစဥ်အသက်ရှုလမ်းကြောင်းပိတ်စို့ခြင်းရောဂါသည် လူတိုင်းတွင် ဖြစ်နိုင်ပါသည်။ သို့သော် အောက်ပါအချက်များရှိပါက မိမိတွင် ဖြစ်ပွားနိုင်ချေပိုများနိုင်ပါသည်။

  • လိင်– အိပ်စက်နေစဥ်အသက်ရှုလမ်းကြောင်းပိတ်စို့ခြင်းရောဂါသည် ပုံမှန်အားဖြင့် အမျိုးသားများတွင် သွေးမဆုံးမီအမျိုးသမီးများထက် ဖြစ်ပွားနိုင်ချေ ၂–၃ ဆ ပိုများသည်။ သွေးဆုံးပြီးနောက်ပိုင်း အမျိုးသမီးများတွင်မူ အမျိုးသားများထက် ပို၍ ဖြစ်ပွားနိုင်ချေများပါသည်။
  • အသက်အရွယ်အိုမင်းခြင်း– အသက်အရွယ်ကြီးလာသည်နှင့်အမျှ ရောဂါဖြစ်နိုင်ချေပိုများလာသော်လည်း အသက် ၆၀–၇၀ အတွင်းတွင်မူ ရောဂါဖြစ်နိုင်ချေတူညီသွားပါသည်။
  • မိသားစုရာဇဝင်– မိသားစုတွင် အိပ်စက်နေစဥ်အသက်ရှုလမ်းကြောင်းပိတ်စို့ခြင်းရောဂါရှိပါက ရောဂါဖြစ်ပွာနိုင်ချေ ပိုမိုရှိနိုင်သည်။
  • ပန်းနာရင်ကြပ်ရောဂါရှိခြင်း– သုတေသနများအရ ပန်းနာရင်ကြပ်ရောဂါရှိသူများတွင် အိပ်စက်နေစဥ်အသက်ရှုလမ်းကြောင်းပိတ်စို့ခြင်းရောဂါ ဖြစ်နိုင်ချေ ပိုများသည်။
  • ကိုယ်အလေးချိန်ပိုခြင်း– အိပ်စက်နေစဥ်အသက်ရှုလမ်းကြောင်းပိတ်စို့ခြင်းရောဂါရှိသူများတွင် ကိုယ်အလေးချိန်ပိုနေမှုတွေ့ရသော်လည်း အမြဲတော့မသက်ဆိုင်ပါ။ အပေါ်ပိုင်း အသက်ရှူလမ်းကြောင်းတွင် အဆီများ စုဝေးနေခြင်းကြောင့် အသက်ရှူရခက်ခဲမှု ဖြစ်နိုင်သည်။ အဆီနှင့် သက်ဆိုင်သော ဆေးဘက်ပြဿနာများကြောင့်လည်း (ဥပမာ – hypothyroidism, polycystic ovary syndrome) အိပ်စက်နေစဥ်အသက်ရှုလမ်းကြောင်းပိတ်စို့ခြင်းရောဂါ ဖြစ်နိုင်သည်။
  • အသက်ရှူလမ်းကြောင်း ကျဉ်းခြင်း– မွေးရာပါအသက်ရှူလမ်းကြောင်းကျဉ်းခြင်း သို့ဟုတ် adenoid, အာသီးအရွယ်အစား ကြီးမား၍ အသက်ရှူလမ်းကြောင်း ပိတ်ဆို့နိုင်သည်။
  • နာတာရှည် နှာခေါင်းပိတ်ရောဂါ– နာတာရှည် ညပိုင်းတွင် နှာခေါင်းပိတ်ရောဂါရှိသူများတွင်းလဲ ဤရောဂါ ဖြစ်ပွားနိုင်ချေ ၂ဆ ပိုများတတ်ပါသည်။
  • သွေးတိုးရောဂါ– သွေးတိုးရောဂါရှိသူများတွင် ဤရောဂါ ဖြစ်နိုင်ချေ ပိုများသည်။
  • ဆေးလိပ်သောက်ခြင်း– ဆေးလိပ်သောက်သုံးသူများတွင် ဤရောဂါ ဖြစ်ပွားမှု ပိုများသည်ကို တွေ့ရှိရပါသည်။
  • ဆီးချိုရောဂါ– ဆီးချိုရောဂါရှိသူများတွင် ဤရောဂါ ဖြစ်နိုင်ချေ ပိုများသည်။

ရောဂါရှာဖွေခြင်း

သင့်တွင် ခံစားနေရသော ရောဂါလက္ခဏာများ၊ ဆေးမှတ်တမ်းများနှင့် သေချာစွာ စမ်းသပ်စစ်ဆေးမှုများအပေါ် အခြေခံ၍ ဆရာဝန်သည် သင့်ဝေဒနာ၏ ပြင်းထန်မှုအခြေအနေကို အကဲဖြတ်ပါလိမ့်မည်။ ထို့နောက် အိပ်စက်ခြင်းဆိုင်ရာ အထူးကုဆရာဝန် (Sleep Specialist) နှင့် ထပ်မံစစ်ဆေးရန် အကြံပြုနိုင်ပါသည်။ ကိုယ်ခန္ဓာအား စမ်းသပ်စစ်ဆေးရာတွင် ဆရာဝန်သည် ပိုလျှံနေသော တစ်ရှူးများ သို့မဟုတ် ပုံမှန်မဟုတ်သော အခြေအနေများ ရှိ၊ မရှိ သိရှိနိုင်ရန် သင့်လည်ချောင်းအတွင်းပိုင်း၊ ပါးစပ်နှင့် နှာခေါင်းတို့ကို စစ်ဆေးပါလိမ့်မည်။ ထို့အပြင် သင့်သွေးဖိအားကို တိုင်းတာခြင်း၊ ခါးအတိုင်းအတာနှင့် လည်ပင်းအရွယ်အစားတို့ကို တိုင်းတာစစ်ဆေးခြင်းများကိုလည်း ပြုလုပ်နိုင်ပါသည်။

သင့်ဝေဒနာကို တိကျစွာ ရောဂါရှာဖွေပြီး အခြေအနေကို အကဲဖြတ်နိုင်ရန် အိပ်စက်ခြင်းဆိုင်ရာ အထူးကုဆရာဝန်သည် နောက်ထပ်စစ်ဆေးမှုများကို ပြုလုပ်နိုင်ပါသည်။ ဤစစ်ဆေးမှုများတွင် အိပ်စက်ခြင်းဆိုင်ရာ စင်တာ (Sleep Center) ၌ တစ်ညတာ တည်းခိုအိပ်စက်စေပြီး အိပ်ပျော်နေစဉ်အတွင်း သင့်အသက်ရှူမှုပုံစံနှင့် အခြားသော အရေးကြီးသည့် ခန္ဓာကိုယ်လုပ်ဆောင်ချက်များကို စောင့်ကြည့်စစ်ဆေးခြင်းများ ပါဝင်နိုင်ပါသည်။ ဤသို့ ဘက်စုံစစ်ဆေး အကဲဖြတ်ခြင်းဖြင့် သင့်ဝေဒနာ၏ သဘောသဘာဝနှင့် ပြင်းထန်မှုကို ဆုံးဖြတ်နိုင်မည်ဖြစ်ပြီး သင့်လျော်သော ကုသမှုအစီအစဉ်ကို ရေးဆွဲရာတွင် အထောက်အကူ ဖြစ်စေပါလိမ့်မည်။

စစ်ဆေးမှုများ (Tests)

အောက်ပါစစ်ဆေးမှုများသည် အိပ်စက်စဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းကို ရှာဖွေဖော်ထုတ်ပေးနိုင်ပါသည် –

  • အိပ်စက်မှုဆိုင်ရာ အသေးစိတ်စစ်ဆေးခြင်း (Polysomnography): ဤစစ်ဆေးမှုတွင် သင်အိပ်ပျော်နေစဉ်အတွင်း သင့်နှလုံး၊ အဆုတ်နှင့် ဦးနှောက်၏ လုပ်ဆောင်မှုများ၊ အသက်ရှူမှုပုံစံများ၊ လက်မောင်းနှင့် ခြေထောက်လှုပ်ရှားမှုများ၊ သွေးတွင်းအောက်ဆီဂျင် ပမာဏတို့ကို စက်ပစ္စည်းများ အသုံးပြု၍ စောင့်ကြည့်မှတ်တမ်းတင်ခြင်း ဖြစ်ပါသည်။

ညတစ်ဝက်စီခွဲ၍ စစ်ဆေးခြင်း (Split-night sleep study): ဤစစ်ဆေးမှုတွင် သင့်အား တစ်ညလုံးသော်လည်းကောင်း သို့မဟုတ် ည၏ အစိတ်အပိုင်းတစ်ခုစာကိုသာသော်လည်းကောင်း စောင့်ကြည့်နိုင်ပါသည်။

ညတစ်ဝက်စီခွဲ၍ စစ်ဆေးခြင်းတွင် ည၏ ပထမပိုင်းကာလကို စောင့်ကြည့်စစ်ဆေးမည်ဖြစ်ပါသည်။ အကယ်၍ သင့်တွင် အိပ်စက်စဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း ရှိနေသည်ဟု ရောဂါရှာဖွေတွေ့ရှိပါက ကျန်းမာရေးဝန်ထမ်းများက သင့်ကိုနှိုး၍ ကျန်ရှိသော ညအချိန်ကာလအတွက် လေဖိအားဖြင့် အသက်ရှူလမ်းကြောင်း ပွင့်စေသည့်ကုသမှု (CPAP) ကို ဆောင်ရွက်ပေးပါလိမ့်မည်။

အခြားသော အိပ်စက်မှုဆိုင်ရာ ဝေဒနာများ ဥပမာ – အချိန်မရွေး အိပ်ပျော်သွားတတ်သော ဝေဒနာ(Narcolepsy) သို့မဟုတ် အိပ်ပျော်နေစဉ် ကိုယ်လက်အင်္ဂါများ တုံ့ခါခြင်း (Periodic limb movements) စသည်တို့သည် နေ့ဘက်တွင် အလွန်အမင်း အိပ်ငိုက်ခြင်းကို ဖြစ်စေနိုင်ပြီး ကုသမှုပုံစံချင်း မတူညီသော်လည်း ဤစစ်ဆေးမှုဖြင့် ရှာဖွေဖော်ထုတ်ပေးနိုင်ပါသည်။

  • အိမ်၌ အိပ်စက်မှုစစ်ဆေးခြင်း (Home sleep apnea testing): အချို့သော အခြေအနေများတွင် ဆရာဝန်သည် အိပ်စက်စဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း ရှိ၊ မရှိ စစ်ဆေးရန်အတွက် အိမ်၌ပင် ပြုလုပ်နိုင်သော Polysomnography စစ်ဆေးမှုကို အကြံပြုနိုင်ပါသည်။ ဤစစ်ဆေးမှုတွင် လေစီးဆင်းမှု၊ အသက်ရှူမှုပုံစံများ၊ သွေးတွင်းအောက်ဆီဂျင် ပမာဏနှင့် ဖြစ်နိုင်ခြေရှိသော ကိုယ်လက်လှုပ်ရှားမှုများ၊ ဟောက်သံ၏ ပြင်းအားတို့ကို တိုင်းတာလေ့ရှိပါသည်။

ကုသခြင်း

နေထိုင်မှုပုံစံ ပြုပြင်ပြောင်းလဲခြင်း (Lifestyle changes)

ရောဂါလက္ခဏာ အနည်းငယ်သာရှိသော အခြေအနေများတွင် ဆရာဝန်သည် အောက်ပါနေထိုင်မှုပုံစံ ပြုပြင်ပြောင်းလဲမှုများကို လမ်းညွှန်နိုင်ပါသည် –

  • ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ခြင်း။
  • ကိုယ်အလေးချိန်ကို လျှော့ချခြင်း။
  • ဆေးလိပ်သောက်ခြင်းကို ရပ်တန့်ခြင်း။
  • ဓာတ်မတည့်မှုအတွက် အသုံးပြုသောဆေးများ (Antihistamines) သို့မဟုတ် နှာပိတ်သက်သာစေသောဆေးများ (Nasal decongestants) ကို အသုံးပြုခြင်း။
  • ပက်လက်အိပ်ခြင်းကို ရှောင်ကြဉ်ခြင်း။
  • အိပ်ဆေး သို့မဟုတ် စိုးရိမ်ပူပန်မှု လျှော့ချသောဆေးများကဲ့သို့သော အာရုံကြောကို ငြိမ်သက်စေသည့် ဆေးဝါးများ (Sedatives) သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း။
  • အရက် အသင့်အတင့်သာ သောက်သုံးခြင်း။ အထူးသဖြင့် အိပ်ရာမဝင်မီ နာရီအနည်းငယ်အလိုတွင် အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

အကယ်၍ အထက်ပါနည်းလမ်းများက သင့်ကို ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေရန် အထောက်အကူမပြုပါက သို့မဟုတ် သင့်တွင် ခံစားနေရသော အသက်ရှူရပ်ခြင်းဝေဒနာမှာ အသင့်အတင့်မှ ပြင်းထန်သောအဆင့်အထိ ရှိနေပါက ဆရာဝန်သည် အခြားသော ကုသမှုနည်းလမ်းများကို အကြံပြုပါလိမ့်မည်။ အချို့သော ကိရိယာများသည် ပိတ်ဆို့နေသော အသက်ရှူလမ်းကြောင်းကို ပွင့်စေရန် ကူညီပေးနိုင်သလို၊ အချို့သော အခြေအနေများတွင် ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နိုင်ပါသည်။

ကုထုံးများ (Therapies)

လေဖိအားဖြင့် အသက်ရှူလမ်းကြောင်း ပွင့်စေသည့် ကုထုံး (Positive airway pressure): ဤကုထုံးသည် အိပ်စက်စဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့သူများအတွက် များစွာအထောက်အကူပြုပါသည်။ ဤနည်းလမ်းတွင် သင်အိပ်ပျော်နေစဉ်အတွင်း စက်ပစ္စည်းတစ်ခုကို အသုံးပြု၍ သင့်နှာခေါင်း (သို့မဟုတ်) ပါးစပ်နှင့် နှာခေါင်းတစ်ဝိုက်သို့ လေဖိအားပေးပို့ခြင်း ဖြစ်ပါသည်။

၎င်းသည် အိပ်နေစဉ် အသက်ရှူရပ်တန့်မှု အကြိမ်အရေအတွက်ကို လျှော့ချပေးခြင်း၊ နေ့ဘက်တွင် နုံးခွေအိပ်ငိုက်ခြင်းကို သက်သာစေခြင်းတို့ကြောင့် လူနာ၏ လူမှုဘဝအရည်အသွေးကို မြှင့်တင်ပေးပါသည်။

CPAP (Continuous Positive Airway Pressure): လူသိအများဆုံး နည်းလမ်းဖြစ်ပါသည်။ ဤကုသမှုသည် သင့်အသက်ရှူလမ်းကြောင်းအတွင်းသို့ တသမတ်တည်းရှိသော လေဖိအားအပျော့စားကို အမြဲမပြတ် ပေးပို့နေခြင်းဖြင့် အထက်ပိုင်းလေပြွန်ကို ပွင့်နေစေပါသည်။ ၎င်းသည် ဟောက်ခြင်းနှင့် အသက်ရှူရပ်ခြင်းကို ကာကွယ်ပေးပါသည်။

CPAP သည် အထိရောက်ဆုံးဖြစ်သော်လည်း အချို့သူများအတွက် မျက်နှာဖုံးတပ်ဆင်ရခြင်းမှာ ခုံညှိရခက်ခြင်း၊ မသက်သာခြင်း သို့မဟုတ် ဆူညံခြင်းတို့ ရှိနိုင်ပါသည်။ သို့သော် ခေတ်ပေါ်စက်များသည် အသံတိတ်၍ အရွယ်အစား သေးငယ်လာသလို၊ မျက်နှာဖုံးပုံစံ အမျိုးမျိုး (ဥပမာ – တစ်မျက်နှာလုံးဖုံးသော Face masks၊ နှာခေါင်းတွင်တပ်ရသော Nasal masks နှင့် Nasal pillows) ရှိသဖြင့် မိမိနှင့် အဆင်ပြေမည့် အမျိုးအစားကို ရွေးချယ်နိုင်ပါသည်။

အချို့သော စက်ပစ္စည်းများတွင် လေဖိအားကြောင့် အဆင်မပြေဖြစ်တတ်သူများအတွက် သက်သောင့်သက်သာရှိစေရန် ဖိအားကို လိုသလိုညှိနှိုင်းပေးနိုင်သည့် အထူးလုပ်ဆောင်ချက်များ ပါဝင်ပါသည်။ ထို့အပြင် သင်၏ CPAP စက်နှင့်အတူ အစိုဓာတ်ထိန်းကိရိယာ (Humidifier) ကို တွဲဖက်အသုံးပြုခြင်းသည်လည်း အကျိုးကျေးဇူးရှိစေနိုင်ပါသည်။

CPAP ကုထုံးကို အသုံးပြုရာတွင် တသမတ်တည်းပေးပို့သော လေဖိအား (Fixed pressure) နှင့် အခြေအနေပေါ်မူတည်၍ ပြောင်းလဲပေးပို့သော လေဖိအား (Autotitrating pressure – APAP) ဟူ၍ နည်းလမ်းနှစ်မျိုးလုံးကို အသုံးပြုနိုင်ပါသည်။ Fixed CPAP အမျိုးအစားတွင် လေဖိအားသည် စတင်ချိန်မှ ပြီးဆုံးချိန်အထိ တပြေးညီ တသမတ်တည်း ရှိနေမည်ဖြစ်ပါသည်။ Autotitrating CPAP (APAP) ကို အသုံးပြုရာတွင်မူ အသက်ရှူလမ်းကြောင်းအတွင်း ပိတ်ဆို့မှု (Airway resistance) ပိုမိုများပြားလာသည်ကို စက်က သိရှိသည်နှင့်အမျှ လေဖိအားပမာဏကို လိုအပ်သလို အလိုအလျောက် ပြောင်းလဲပေးသွားမည် ဖြစ်ပါသည်။

အခြားသော လေဖိအားပေး ကုသမှုပုံစံတစ်မျိုးမှာ Bilevel positive airway pressure (BPAP) ဖြစ်ပါသည်။ ၎င်းသည် သင် အသက်ရှူသွင်းချိန်တွင် တသမတ်တည်းရှိသော လေဖိအားကို ပေးပို့ပြီး အသက်ရှူထုတ်ချိန်တွင်မူ လေဖိအားကို ပြောင်းလဲ (လျှော့ချ) ပေးသော စနစ်ဖြစ်ပါသည်။

CPAP ကုထုံးသည် အိပ်စက်စဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း (OSA) အတွက် ကျယ်ပြန့်စွာ သုတေသနပြုထားပြီး ထိရောက်သော ကုသမှုဖြစ်ကြောင်း သက်သေပြပြီးဖြစ်သောကြောင့် ၎င်းကို ပိုမိုတွင်ကျယ်စွာ အသုံးပြုကြပါသည်။ သို့သော်လည်း တသမတ်တည်းရှိသော လေဖိအား (Fixed CPAP) ကို ခံနိုင်ရည်မရှိသူများအတွက်မူ BPAP သို့မဟုတ် APAP နည်းလမ်းများကို စမ်းသပ်အသုံးပြုကြည့်သင့်ပါသည်။

အကယ်၍ CPAP တပ်ဆင်ရာတွင် အခက်အခဲရှိပါက အသုံးမပြုဘဲ မနေပါနှင့်။ သက်သောင့်သက်သာ ဖြစ်စေရန် မည်သို့ပြုပြင်ပြောင်းလဲရမည်ကို ဆရာဝန်နှင့် တိုင်ပင်ပါ။ ထို့အပြင် ကုသမှုခံယူနေသော်လည်း ဆက်လက်ဟောက်နေခြင်း သို့မဟုတ် ကိုယ်အလေးချိန် ၁၀ ရာခိုင်နှုန်းနှင့်အထက် ပြောင်းလဲသွားခြင်းမျိုးရှိပါက ဆရာဝန်အား အသိပေးရပါမည်။

  • ပါးစပ်အတွင်း တပ်ဆင်ရသော ကိရိယာများ (Mouthpiece): လေဖိအားပေးကုထုံး (Positive airway pressure) သည် များသောအားဖြင့် ထိရောက်သော ကုသမှုဖြစ်သော်လည်း၊ အိပ်စက်စဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှု (OSA) အသင့်အတင့် ခံစားနေရသူအချို့အတွက် ပါးစပ်အတွင်းတပ်ဆင်ရသော ကိရိယာများ (Oral devices) သည် အခြားရွေးချယ်စရာ ကုသမှုတစ်ခု ဖြစ်နိုင်ပါသည်။ ထို့အပြင် ရောဂါဝေဒနာ ပြင်းထန်သော်လည်း CPAP စက်ကို အသုံးမပြုနိုင်သူများအတွက်လည်း ဤကိရိယာများကို အသုံးပြုနိုင်ပါသည်။ ဤကိရိယာများသည် သင့်ကို နုံးခွေခြင်းမှ သက်သာစေပြီး လူမှုဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ပါသည်။

ဤကိရိယာများကို လည်ချောင်းလမ်းကြောင်း ပွင့်နေစေရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ပါသည်။ အချို့သော ကိရိယာများသည် အောက်မေးရိုးကို ရှေ့သို့ အနည်းငယ် တိုးထားပေးခြင်းဖြင့် လေလမ်းကြောင်းကို ပွင့်နေစေကာ ဟောက်ခြင်းနှင့် အသက်ရှူရပ်ခြင်းကို တားဆီးပေးပါသည်။ အချို့သော ကိရိယာများမှာမူ လျှာကို ပုံစံတစ်မျိုးဖြင့် ထိန်းထားပေးသည့် နည်းလမ်းကို အသုံးပြုပါသည်။

အကယ်၍ သင်နှင့် သင့်ဆရာဝန်သည် ဤကုသမှုနည်းလမ်းကို အသုံးပြုရန် ဆုံးဖြတ်ပါက၊ အိပ်စက်မှုဆိုင်ရာ သွားဘက်ဆိုင်ရာပစ္စည်းများ (Dental sleep medicine appliances) တွင် ကျွမ်းကျင်သော သွားဘက်ဆိုင်ရာဆရာဝန်နှင့် ပြသ၍ မိမိနှင့် အံဝင်ခွင်ကျဖြစ်မည့် ကိရိယာကို တပ်ဆင်ခြင်းနှင့် ရေရှည်ကုသမှုများကို ခံယူရပါမည်။ လက်ရှိတွင် ရွေးချယ်စရာ ကိရိယာအမျိုးအစားများစွာ ရှိပါသည်။ ကုသမှုရလဒ် အောင်မြင်စေရန်နှင့် အဆိုပါကိရိယာများကြောင့် သင့်သွားများကို မထိခိုက်စေရန်အတွက် အနီးကပ် စောင့်ကြည့်စစ်ဆေးမှုများ ခံယူရန် လိုအပ်ပါသည်။

ခွဲစိတ်ကုသခြင်း သို့မဟုတ် အခြားသော ကုထုံးများ (Surgery or other procedures)

ယေဘုယျအားဖြင့် ခွဲစိတ်ကုသမှုဆိုသည်မှာ အခြားသော ကုသနည်းလမ်းများအားလုံး မအောင်မြင်သည့်အခါ သို့မဟုတ် ထိုနည်းလမ်းများသည် သင့်အတွက် သင့်လျော်မှုမရှိသည့် အခြေအနေမျိုးတွင်မှသာ လုပ်ဆောင်လေ့ရှိပါသည်။ ခွဲစိတ်ကုသမှုဆိုင်ရာ ရွေးချယ်စရာများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည် –

  • တစ်ရှူးများကို ခွဲစိတ်ဖယ်ရှားခြင်း (Surgical removal of tissue): Uvulopalatopharyngoplasty (UPPP) ဟုခေါ်သော ဤခွဲစိတ်မှုတွင် ဆရာဝန်သည် သင့်လည်ချောင်းအပေါ်ပိုင်းနှင့် ပါးစပ်အတွင်းပိုင်းနောက်ဘက်ရှိ တစ်ရှူးအချို့ကို ဖြတ်ထုတ်ပါလိမ့်မည်။ ထို့အပြင် အာသီး (Tonsils) နှင့် အဒီနွိုက် (Adenoids) များကိုလည်း တစ်ပါတည်း ဖယ်ရှားနိုင်ပါသည်။ UPPP ခွဲစိတ်မှုကို ဆေးရုံတွင် မေ့ဆေးပေး၍ ဆောင်ရွက်ရပါသည်။
  • အထက်ပိုင်း လေပြွန်ကို လှုံ့ဆော်ခြင်း (Upper airway stimulation): ဤကိရိယာအသစ်သည် CPAP သို့မဟုတ် BPAP စက်များကို ခံနိုင်ရည်မရှိသော အသင့်အတင့်မှ ပြင်းထန်သည့် အသက်ရှူရပ်ခြင်းဝေဒနာရှင်များအတွက် အတည်ပြုထားသော နည်းလမ်းဖြစ်ပါသည်။

ရင်ဘတ်အပေါ်ပိုင်းတွင် Hypoglossal nerve stimulator ဟုခေါ်သော သေးငယ်သည့် လျှပ်စစ်လှိုင်းထုတ်စက်လေးကို ခွဲစိတ်ထည့်သွင်းရပါသည်။ ၎င်းသည် သင့်အသက်ရှူမှုပုံစံကို စောင့်ကြည့်ပြီး လိုအပ်သည့်အခါ လျှာ၏လှုပ်ရှားမှုကို ထိန်းချုပ်သည့် အာရုံကြောကို လှုံ့ဆော်ပေးပါသည်။

လေ့လာမှုများအရ ဤနည်းလမ်းသည် ရောဂါလက္ခဏာများကို သိသိသာသာ လျော့ကျစေပြီး လူမှုဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ကြောင်း သိရပါသည်။

  • မေးရိုးကို ရှေ့သို့ရွှေ့ခြင်း (Maxillomandibular advancement): ဤကုသမှုတွင် သင့်မျက်နှာအရိုးများမှ အထက်မေးရိုးနှင့် အောက်မေးရိုး အစိတ်အပိုင်းများကို ခွဲထုတ်ပြီး ရှေ့သို့ ရွှေ့ခြင်းဖြစ်ပါသည်။ ၎င်းသည် လျှာနှင့် အာခေါင်ပျော့တို့၏ နောက်ဘက်ရှိ နေရာလွတ်ကို ကျယ်စေသဖြင့် လေပြွန်ပိတ်ဆို့နိုင်ခြေကို လျော့ကျစေပါသည်။
  • လေပြွန်ကို ဖောက်၍ လမ်းကြောင်းအသစ်ဖန်တီးခြင်း (Tracheostomy): အခြားကုသမှုများ မအောင်မြင်ဘဲ အသက်အန္တရာယ်ရှိနိုင်လောက်အောင် ပြင်းထန်သော အခြေအနေမျိုးတွင် ဤခွဲစိတ်မှုကို လိုအပ်နိုင်ပါသည်။

ခွဲစိတ်ဆရာဝန်သည် သင့်လည်ပင်းတွင် အပေါက်ဖောက်၍ သတ္တု သို့မဟုတ် ပလတ်စတစ် ပိုက်တစ်ခုကို ထည့်သွင်းပေးပါမည်။ သင့်အဆုတ်သည် ပိတ်ဆို့နေသော လည်ချောင်းလမ်းကြောင်းမှတစ်ဆင့် လေရှူသွင်းရန် မလိုတော့ဘဲ ထိုအပေါက်မှတစ်ဆင့် တိုက်ရိုက် အသက်ရှူနိုင်မည် ဖြစ်ပါသည်။

အသက်ရှူလမ်းကြောင်းကို ကျယ်စေခြင်း သို့မဟုတ် ရှင်းလင်းပေးခြင်းဖြင့် ကုသသော အခြားခွဲစိတ်မှုများမှာ –

  • နှာခေါင်းတွင်း ခွဲစိတ်ကုသခြင်း (Nasal surgery): နှာခေါင်းအတွင်းရှိ အသားပို (Polyps) များကို ဖယ်ရှားခြင်း သို့မဟုတ် နှာခေါင်းပေါက်နှစ်ခုကြားရှိ အရိုးနုနံရံ (Septum) ကောက်နေသည်ကို ပြန်လည်တည့်မတ်ပေးခြင်း တို့ဖြစ်ပါသည်။
  • အာသီး သို့မဟုတ် အဒီနွိုက် (Adenoid) ဂလင်းများကို ခွဲစိတ်ဖယ်ရှားခြင်း။

Doctors who treat this condition