ခြုံငုံသုံးသပ်ချက်

ကျောက်ကပ်ပိုးဝင်ခြင်းဟု အများအားဖြင့်သိကြသော Pyelonephritis သည် ဆီးလမ်းကြောင်းပိုးဝင်ခြင်း၏ပုံစံတစ်မျိုးဖြစ်ပြီး ဆီးပြွန် သို့မဟုတ် ဆီးအိမ်မှအစပြုပါသည်။ ရောဂါပိုးသည် ကျောက်ကပ်တစ်ခု သို့မဟုတ် နှစ်ခုလုံးသို့ ကူးစက်နိုင်ချေရှိသည်။

ကျောက်ကပ်ပိုးဝင်ခြင်း၏လက္ခဏာများနှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည်ဆင်တူသော်လည်း၊ ကျောက်ကပ်ပိုးဝင်ခြင်းသည် ရုတ်တရက်ဖျားနာခြင်း၊ အဖျားတက်ခြင်း သို့မဟုတ် ခါးဘေးဘက် သို့မဟုတ် ခါးအောက်ပိုင်းနာကျင်မှုကို ပိုမိုဖြစ်စေတတ်သည်။ အောက်ပိုင်း ဆီးလမ်းကြောင်းပိုးဝင်ခြင်းများနှင့် ယှဉ်လျှင် ကျောက်ကပ်ပိုးဝင်ခြင်းသည် ပို၍အန္တရာယ်များသည်။

ကျောက်ကပ်ပိုးဝင်ခြင်းကို ကုသရာတွင် ပုံမှန်အားဖြင့် ပဋိဇီဝပိုးသတ်ဆေးများ ပါဝင်ပါသည်။ ကျောက်ကပ်ပိုးဝင်ခြင်းသည် ချက်ချင်းဆေးကုသမှုခံယူရန် လိုအပ်ပါသည်။ သင့်လျော်စွာသေချာမကုသပါက ရောဂါပိုးဝင်ခြင်းသည် ကျောက်ကပ်ပျက်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ သို့မဟုတ် ဘက်တီးရီးယားပိုးများသည် သွေးကြောထဲသို့ ရောက်သွားနိုင်ပြီး အန္တရာယ်ရှိနိုင်သည့် အခြေအနေတစ်ခု စတင်ဖြစ်ပေါ်နိုင်သည်။

ရောဂါလက္ခဏာများ

ကျောက်ကပ်ပိုးဝင်ခြင်း၏ လက္ခဏာများထဲတွင် ‌အောက်ပါတို့ ပါဝင်သည်။

  • ချမ်းတုန်၍ ဖျားခြင်း။
  • ဆီးသွားလျှင် နာကျင်ခြင်း။
  • အရေးပေါ် သို့မဟုတ် မကြာခဏဆီးသွားချင်ခြင်း။
  • ခါးအောက်ပိုင်း (သို့) ဘေးဘက်တွင် နာကျင်ခြင်း။
  • ဝမ်းဗိုက်နာခြင်း။
  • ခေါင်းမူးခြင်း ပျို့အန်ခြင်း။
  • ဆီးထဲတွင် ပြည် သို့မဟုတ် သွေးပါခြင်း။
  • ဆီးအနည်ထိုင်ခြင်း အနံ့ဆိုးခြင်း

အကယ်၍ လူတစ်ဦးတွင် ကျောက်ကပ်ပိုးဝင်ခြင်း၏ လက္ခဏာများရှိနေပါက၊ ၎င်းတို့သည် ဆရာဝန်နှင့်တွေ့ဆုံကုသရန် စီစဥ်သင့်သည်။ အကယ်၍ လူနာသည် ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် အခြားသော အခြေအနေများအတွက် ကုသမှုကို ခံယူနေသော်လည်း ၎င်းတို့၏ လက္ခဏာများ မကောင်းမွန်ပါက ဆရာဝန်ထံ သွားရောက်သင့်သည်။

ပြင်းထန်သော ကျောက်ကပ်ပိုးဝင်ခြင်းသည် ပြင်းထန်သောရလဒ်များကို ဖြစ်ပေါ်စေနိုင်သည်။ ၎င်းတို့သည် တစ်သျှူးများ ပျက်စီးခြင်း သို့မဟုတ် သေဆုံးခြင်း သို့မဟုတ် သွေးဆိပ်သင့်ခြင်းတို့ကို ဖြစ်စေနိုင်သည်။ အကယ်၍ လူနာသည် ပျို့အန်ခြင်း၊ အော့အန်ခြင်း၊ ဆီးတွင်းသွေးပါခြင်း သို့မဟုတ် ကျောက်ကပ်ပိုးဝင်ခြင်း၏ အခြားလက္ခဏာများ ခံစားရပါက ဆေးကုသမှု ချက်ချင်းခံယူသင့်ပါသည်။

အကြောင်းအရင်းများ

ကျောက်ကပ်ပိုးဝင်ခြင်း၏ အဖြစ်များဆုံးအကြောင်းရင်းမှာ ဆီးပြွန်မှတဆင့် ဆီးလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ပြီးနောက် ကျောက်ကပ်သို့ ကြီးထွားပြီး ရွေ့လျားနိုင်သော ဘက်တီးရီးယားများဖြစ်သည်။ E. coli၊ Proteus mirabilis၊ Enterobacter သို့မဟုတ် Staphylococcus များသည် ကျောက်ကပ်ပိုးဝင်ခြင်းကို ဖြစ်စေနိုင်သော ဘက်တီးရီးယား အမျိုးအစားများဖြစ်သည်။

ကျောက်ကပ်ပိုးဝင်ခြင်းသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းတစ်နေရာတွင် ပိုးဝင်နေခြင်းကြောင့် ထိုနေရာမှတစ်ဆင့် သွေးလည်ပတ်ဆီးဆင်းခြင်းကြောင့် ပျံ့နှံ့လာပြီး ဖြစ်ပွားနိုင်သည်။ ထို့ကြောင့် ကျောက်ကပ်ပိုးဝင်ခြင်း ဖြစ်ပွားနိုင်သည်။ ရံဖန်ရံခါတွင် အစားထိုးထားသောအဆစ်များ၊ နှလုံးအဆို့ရှင်များ ပိုးဝင်ခြင်းကြောင့်လည်း ကျောက်ကပ်ပိုးဝင်ခြင်း ဖြစ်ပေါ်နိုင်သည်။

ရံဖန်ရံခါတွင် ကျောက်ကပ် ခွဲစိတ်မှုအပြီးတွင် ကျောက်ကပ် ပိုးဝင်ခြင်း ဖြစ်ပေါ်လာသည်။

ကျောက်ကပ်ပိုးပိုမိုဝင်ရောက်စေလွယ်သောအချက်များ

အောက်ဖော်ပြပါအချက်များကြောင့် ကျောက်ကပ်ပိုးဝင်နိုင်ခြေ ပိုများသည်။

  • ကျား-မ- အမျိုးသမီးများတွင် အမျိုးသားများထက် ဆီးလမ်းကြောင်း တိုခြင်းကြောင့် ကျောက်ကပ်ပိုးဝင်ခြင်း ပိုမိုဖြစ်ပေါ်နိုင်စေသည်။ ၎င်းသည် ခန္ဓာကိုယ်ပြင်ပမှ ဘက်တီးရီးယားများ ဆီးအိမ်အတွင်းသို့ ရွေ့လျားမှုကို လွယ်ကူစေသည်။ ထို့အပြင် ဆီးပြွန်သည် မိန်းမကိုယ်နှင့် စအိုနှင့် အလွန်နီးကပ်သောကြောင့် ဘက်တီးရီးယားများသည် ဆီးအိမ်အတွင်းသို့ ပိုမိုလွယ်ကူစွာ ဝင်ရောက်နိုင်သည်။
    • ဆီးအိမ်ပိုးဝင်ခြင်းသည် ကျောက်ကပ်ဆီသို့ ပျံ့နှံ့နိုင်သည်။ ကိုယ်ဝန်ဆောင်မိခင်များတွင် ကျောက်ကပ်ပိုးဝင်နိုင်ချေ ပိုများသည်။
  • ပိတ်ဆို့ခြင်း- ဆီးစီးဆင်းမှုကို လျော့နည်းစေသော သို့မဟုတ် ဆီးအိမ်မှဆီးများ အကုန်အစင် စွန့်ထုတ်ရန် ပိုမိုခက်ခဲစေသည့် မည်သည့်အချက်မဆို ကျောက်ကပ်ပိုးဝင်နိုင်ခြေကို တိုးစေသည်။ ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ ဆီးလမ်းကြောင်း ကျဉ်းနေခြင်း သို့မဟုတ် ဆီးကျိတ်ကြီးခြင်းများသည် ဥပမာများဖြစ်သည်။ ကိုယ်ဝန်ရှိခြင်းကြောင့် ဖိမိနေခြင်းသည်လည်း ကျောက်ကပ်ပိုးဝင်ခြင်း ပိုမိုဖြစ်ပေါ်စေနိုင်သည်။
  • ဆီးပြွန်မှ ကျောက်ကပ်သို့ ဆီးပြန်တက်ခြင်း- ဆီးကို မမှန်မကန်စီးဆင်းစေသည့် ရောဂါရှိခြင်း၊ ဆီးအိမ်မှတစ်ဆင့် ဆီးအိမ်နှင့် ကျောက်ကပ်ကို ချိတ်ဆက်သည့် ဆီးပြွန်ငယ်များထဲသို့ ဆီးပမာဏ အနည်းငယ် ပြောင်းပြန်စီးဆင်းနေသည့် ရောဂါဖြစ်သည်။ ကျောက်ကပ်ပိုးဝင်ခြင်းသည် ဤရောဂါရှိသူများ ကလေးများနှင့် လူကြီးများတွင် ပိုအဖြစ်များပါသည်။
  • ကိုယ်ခံအားစနစ် အားနည်းခြင်း။ အားနည်းသော ကိုယ်ခံအားစနစ်သည် အမျိုးမျိုးသော ကျန်းမာရေးအခြေအနေများကို ထိခိုက်နိုင်သည်။ဆီးချိုနှင့် HIV ကဲ့သို့သော ရောဂါများသည် ခုခံအားစနစ်ကို ထိခိုက်နိုင်ချေရှိပြီး ရောဂါပိုးများနှင့် ရောဂါများမှ ကာကွယ်နိုင်ခြင်းကို ကျစေသည်။ ထို့အပြင် ဆေးဝါးအများအပြားသည် ကိုယ်ခံစွမ်းအားကို ကျဆင်းစေနိုင်သည်။ ၎င်းတို့တွင် အစားထိုးကုသမှုပြီးနောက် ကိုယ်တွင်းအင်္ဂါများ ငြင်းပယ်ခြင်းကို တားဆီးရန် အသုံးပြုသည့် ဆေးဝါးများ ပါဝင်သည်။
  • ဆီးအိမ်၏ အာရုံကြောများ ပျက်စီးခြင်း- ကျောရိုး သို့မဟုတ် အာရုံကြောများ ပျက်စီးခြင်းသည် ဆီးအိမ်ပိုးဝင်ခြင်း၏ လက္ခဏာများကို ဖုံးကွယ်ထားနိုင်သည်။ ထို့အတွက်ကြောင့် ကျောက်ကပ်ပိုးဝင်ခြင်းကို သိရှိရန် ခက်ခဲနိုင်သည်။
    ဆီးပိုက်ရှိခြင်း။ ဆီးပိုက်ဟုခေါ်သောပြွန်များကို ဆီးအိမ်မှဆီးဖယ်ရှားရန်အတွက် အသုံးပြုသည်။ ခွဲစိတ်မှု သို့မဟုတ် ရောဂါရှာဖွေစစ်ဆေးမှုများ ပြုလုပ်ပြီးနောက်တွင် တစ်ခါတစ်ရံဆီးပိုက်များကို အသုံးပြုသည်။ ထို့အပြင် ၎င်းတို့ကို အိပ်ယာပေါ်လဲနေသောလူနာများတွင် အသုံးပြုသည်။

ရောဂါရှာဖွေခြင်း။

အောက်ပါလုပ်ထုံးလုပ်နည်းများသည် ကျောက်ကပ်ပိုးဝင်ခြင်းကို ရှာဖွေဖော်ထုတ်ရာတွင် အထောက်အကူပြုနိုင်သည်။

  • စမ်းသပ်စစ်ဆေးခြင်း – လူနာ၏ကျောက်ကပ်ပိုးဝင်ခြင်းရှိမရှိကို ဆရာဝန်သာလျှင် ဆုံးဖြတ်နိုင်သည်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၏ လက္ခဏာများနှင့်အတူ အဖျားတက်ခြင်း နှင့် ဘေးထွက်နာကျင်မှုများ ခံစားရပါက ကျောက်ကပ်ပိုးဝင်ခြင်း ဖြစ်နိုင်သည်။
  • ဓာတ်ခွဲစမ်းသပ်ခြင်း- ကျောက်ကပ်ပိုးဝင်ခြင်းရှိမရှိစစ်ဆေးရန် လူနာအား ဘက်တီးရီးယား၊ သွေး သို့မဟုတ် ပြည်များ ပါမပါ စစ်ဆေးရန် ဆီးနမူနာ ထုတ်ပေးရန် တောင်းဆိုနိုင်ပါသည်။ ထို့အပြင် ဆရာဝန်သည် လူနာထံမှ ပိုးမွေးရန် သွေးထုတ်ယူနိုင်သည်။ ပိုးမွေးခြင်းဆိုသည်မှာ သွေးထဲတွင် ရောဂါပိုးများ သို့မဟုတ် အခြားပိုးများရှိမရှိ စစ်ဆေးခြင်းဖြစ်သည်။
  • ပုံရိပ်ဖော်စစ်ဆေးမှု- ဆီးသွားပြီး စစ်ဆေးရသည့် voiding cystourethrogram၊ အာထရာဆောင်း သို့မဟုတ် CT စကင်န်သည် လုပ်ဆောင်နိုင်သည့် အခြားစစ်ဆေးမှုအနည်းငယ်ဖြစ်သည်။ ဆိုးဆေးတစ်မျိုးကို voiding cystourethrogram ပြုလုပ်နေချိန်အတွင်းတွင် ထိုးသွင်းခြင်းဖြင့် ဆီးအိမ်တင်းနေသောအချိန်နှင့် ဆီးသွားနေသောအချိန်တွင်ရှိသည့် ဆီးအိမ်ဓါတ်မှန်ကို သိရှိစေနိုင်သည်။

ကုသမှု

  • ပဋိဇီဝပိုးသတ်ဆေးများ- ကျောက်ကပ်ပိုးဝင်ခြင်းအတွက်၊ ပဋိဇီဝပိုးသတ်ဆေးများသည် ကုသမှု၏ ကနဦးအဆင့်ဖြစ်သည်။ လူနာ၏ ကျန်းမာရေးနှင့် ဆီးစစ်ဆေးမှုများတွင် တွေ့ရှိရသည့် ဘက်တီးရီးယားများအပေါ် မူတည်၍ အသုံးပြုသော ဆေးဝါးများနှင့် ကုထုံး၏ကြာချိန်ကို ဆုံးဖြတ်ပါသည်။
    • ကုသမှုခံယူပြီးနောက် ကျောက်ကပ်ပိုးဝင်ခြင်းလက္ခဏာများသည် ရက်အနည်းငယ်အတွင်း ပျောက်ကွယ်သွားတတ်သည်။ သို့သော်လည်း လူနာသည် ပဋိဇီဝဆေးပိုးသတ်ဆေးများကို နောက်ထပ် ရက်သတ္တပတ် သို့မဟုတ် ထို့ထက်ပို၍ ဆက်သောက်ရန် လိုအပ်နိုင်သည်။ ရောဂါလက္ခဏာများသက်သာလာသော်လည်း ပဋိဇီဝဆေးများအားလုံးကို ပြီးဆုံးသည်အထိသောက်ရန် လိုအပ်သည်။
    • ရောဂါပိုးကို ကုသပြီးကြောင်းသေချာစေရန်၊ ဆရာဝန်သည် ဒုတိယအကြိမ် ဆီးပိုးမွေးစစ်ဆေးမှုကို အကြံပြုနိုင်ပါသည်။ ရောဂါပိုးကျန်ရှိနေပါက နောက်ထပ်ဆေးဝါးများ လိုအပ်မည်ဖြစ်သည်။ လူနာ အလွန်အမင်းနေမကောင်းဖြစ်နေပါက သို့မဟုတ် ဆေးသောက်ပြီးနောက် မသက်သာပါက ပဋိဇီဝပိုးသတ်ဆေးများကို အချိန်ပိုမိုကြာမြင့်စွာ သောက်ရန် လိုအပ်ပါသည်။
  • ပြင်းထန်သောကျောက်ကပ်ပိုးဝင်ခြင်း- ကျောက်ကပ်ပိုးဝင်ခြင်းပြင်းထန်ပါက လူနာသည် ဆေးရုံတက်ရန် လိုအပ်နိုင်သည်။ ထိုးဆေး ပဋိဇီဝပိုးသတ်ဆေးများနှင့် ဆေးသွင်းခြင်းများသည် ကုသမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်သည်။ ရောဂါပိုး၏ပြင်းထန်မှုသည် လူနာသည် ဆေးရုံတွင်မည်မျှကြာကြာနေရမည်ကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။
  • ထပ်တလဲလဲ ကျောက်ကပ်ပိုးဝင်ခြင်း- လူနာသည် ပုံမှန်မဟုတ်သော ပုံသဏ္ဍာန်ရှိသော ဆီးလမ်းကြောင်း၏ အခြေအနေတစ်ခုကြောင့် ထပ်တလဲလဲ ကျောက်ကပ်ပိုးဝင်ခြင်းကို ခံစားရနိုင်သည်။ ထိုသို့ဖြစ်သောအခါတွင် ဆီးနှင့်ကျောက်ကပ်ခွဲစိတ်ဆရာဝန်နှင့်ပြသရန် လိုအပ်နိုင်သည်။ ပုံမှန်မဟုတ်သောနေရာကို ခွဲစိတ်ပြုပြင်ရန် လိုအပ်နိုင်သည်။

ချက်ချင်းကုသမှုခံယူသောအခါတွင် ကျောက်ကပ်ပိုးဝင်ခြင်းသည် အန္တရာယ်မရှိတတ်ပါ။ ကျောက်ကပ်သို့ တက်လာနိုင်သည့် ဆီးလမ်းကြောင့်ပိုးဝင်ခြင်းများကို ကောင်းမွန်သော တစ်ကိုယ်ရေ သန့်ရှင်းရေးကို ထိန်းသိမ်းပြီး ဆီးများ စနစ်တကျ စွန့်ထုတ်ခြင်းဖြင့် ရှောင်ကြဉ်သင့်သည်။ လူနာတစ်ဦးတွင် ရောဂါပိုးကူးစက်နိုင်ခြေကို တိုးမြင့်စေသော ကျန်းမာရေးပြဿနာတစ်ခုရှိလျှင် ရောဂါပိုးကာကွယ်ခြင်းများအတွက် ဆရာဝန်နှင့်တိုင်ပင်ပါ။

Doctors who treat this condition