အကျဥ်းချုပ်

ကျောက်ကပ်ရောင်ခြင်း ဟုခေါ်သော ကျောက်ကပ်ရောဂါသည် သင့်ခန္ဓာကိုယ်မှ ဆီးထဲတွင် ပရိုတင်းဓာတ်များစွာကို စွန့်ထုတ်စေသည်။

ကျောက်ကပ်ရောင်ရောဂါသည် ကျောက်ကပ်ရှိ သေးငယ်သော သွေးကြောမျှင်များ အစုအဝေးများကို ပျက်စီးစေသည့် အခြေအနေဖြစ်ပြီး အမျိုးမျိုးသော နောက်ဆက်တွဲဆိုးကျိုးများဖြစ်စေနိုင်သည်။

သင့်ကျောက်ကပ်ရှိ သွေးကြောမျှင်များ အစုအဝေးများ သည် သင့်သွေးမှ အညစ်အကြေးများနှင့် ပိုလျှံနေသောအရည်များကို စစ်ထုတ်ရာတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ပြီး ထိုအရာများကို ဆီးအဖြစ် စွန့်ထုတ်ပါသည်။ နိုက်ထရိုဂျင် စွန့်ပစ်ပစ္စည်း (ယူရီးယား)၊ ကြွက်သားစွန့်ပစ်ပစ္စည်း (creatinine) နှင့် အက်ဆစ်များ အပါအဝင် အမျိုးမျိုးသော စွန့်ပစ်ပစ္စည်းများကို ထိရောက်စွာ ဖယ်ရှားပေးသည်။

ကျန်းမာသောအခြေအနေတွင်၊ သွေးကြောမျှင်များ အစုအဝေးများသည် ဤစွန့်ပစ်ပစ္စည်းများကို ထိရောက်စွာ စစ်ထုတ်နိုင်ပြီး ပုံမှန်ကိုယ်ခန္ဓာလုပ်ဆောင်မှုများအတွက် လိုအပ်သော ဆဲလ်များနှင့် ပရိုတင်းဓာတ်များကဲ့သို့ မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းများကို သွေးကြောထဲ၌ သေချာထိန်းသိမ်းထားသည်။

သို့သော်၊ သွေးကြောမျှင်များ အစုအဝေးများ ပျက်စီးသွားသောအခါ၊ ၎င်းတို့သည် ၎င်းတို့၏ စစ်ထုတ်ခြင်းလုပ်ဆောင်မှုကို ထိထိရောက်ရောက် မလုပ်ဆောင်နိုင်တော့ပါ။ ထိုအခါတွင် ကျန်းမာသော ကျောက်ကပ်တွင် ပုံမှန်မတွေ့ရသောအခြေအနေများဖြစ်သည့် သွေးအတွင်းရှိပရိုတင်းများ ဆီးထဲသို့ ယိုစိမ့်မှုကို ဖြစ်စေနိုင်သည်။

ထိုသို့ဖြစ်သောကြောင့် ခြေချင်းဝတ်နဲ့ ခြေဖဝါးများတွင် ရောင်ရမ်းခြင်းတွေကို ဖြစ်ပေါ်စေပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ခြေကို တိုးစေပါတယ်။ ကျောက်ကပ်ရောင်ခြင်းသည် အသက်အန္တရာယ်ရှိသော အခြေအနေတစ်ခုဖြစ်သည်။ ကုသမှုမရှိပါက ၎င်း၏ နောက်ဆက်တွဲပြဿနာများသည် သက်တမ်းကို တိုစေနိုင်သည်။

ကျောက်ကပ်ရောင်ခြင်းရောဂါရှိခြင်းမှာ သာမန်မဟုတ်ပါ။ နှစ်စဉ် ကလေး ၅၀၀၀၀ တွင် ၁ယောက်သည် ကျောက်ကပ်ရောင်ရောဂါ ဖြစ်ပေါ်လာနိုင်သည်။ ကျောက်ကပ်ရောင်‌ရောဂါသည် အသက် ၂ နှစ်မှ ၅ နှစ်ကြား ကလေးများတွင် အဖြစ်များသည်။ မိန်းကလေးများနှင့် နှိုင်းယှဉ်ပါက ယောက်ျားလေးများသည် ကျောက်ကပ်ရောင်ခြင်း ဖြစ်နိုင်ချေ နှစ်ဆနီးပါးရှိသည်။ နှစ်စဉ် အရွယ်ရောက်ပြီးသူ ၁၀၀၀၀၀ တွင် ၃ ယောက်သည် ဤရောဂါကို ခံစားရနိုင်သည်။

ကျောက်ကပ်ရောင်ခြင် ဖြစ်စေသည့် အရင်းခံအကြောင်းအရင်းကို မဖြစ်မနေကုသရန်လိုအပ်ပြီး ထိုသို့ကုသရာတွင် အများအားဖြင့် ဆေးဝါးများသောက်သုံးခြင်း ပါဝင်သည်။ ကျောက်ကပ်ရောင်ရောဂါရှိခြင်းသည် ရောဂါပိုးဝင်ခြင်းနှင့် သွေးခဲခြင်း ဖြစ်နိုင်ခြေကို တိုးစေသည်။ ဤအရာများကို ကာကွယ်ရန် သင့်ဆရာဝန်သည် ဆေးဝါးများနှင့် အစားအသောက်ပြုပြင်မှုများ ပေါင်းစပ်ပြီး ကုသရန် အကြံပြုနိုင်ပါသည်။

ရောဂါလက္ခဏာများ

ကျောက်ကပ်ရောင်ခြင်း ရောဂါလက္ခဏာများတွင် အောက်ပါတို့ပါဝင်သည်:

  • ဖောယောင်ခြင်း၊ အထူးသဖြင့် ခြေကျင်းဝတ် ခြေဖမိုးနှင့် မျက်လုံးတစ်ဝိုက်တွင် ဖောယောင်ခြင်း
  • ဆီးတွင် အနည်အမြုပ်များခြင်းသည် ဆီးတွင်း ပရိုတင်းဓာတ်များလွန်းခြင်း၏ လက္ခဏာတစ်ခုဖြစ်သည်။
  • အရည်များစုပုံနေခြင်းကြောင့် ကိုယ်အလေးချိန်တိုးလာခြင်း။
  • သွေးတွင်းအဆီဓာတ်နှင့် ကိုလက်စထရောများ မြင့်တက်လာခြင်း။
  • ဝမ်းဗိုက်နာခြင်း။
  • ပင်ပန်းနွမ်းနယ်ခြင်း။
  • အစားအသောက်ပျက်ခြင်း။

သင့်ကို စိုးရိမ်ပူပန်မှုဖြစ်စေသော လက္ခဏာများကို သတိပြုမိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အရေးကြီးပါသည်။ ကျောက်ကပ်ရောင်ခြင်း သို့မဟုတ် အခြားကျန်းမာရေးအခြေအနေတစ်ခုခုနှင့် ပတ်သက်သော စိုးရိမ်ဖွယ်လက္ခဏာများ ကြုံတွေ့ရသောအခါတွင် ဆေးကုသမှုကို ဆောလျင်စွာရှာဖွေခြင်းသည် အရေးကြီးပါသည်။ တိုင်ပင်ဆွေးနွေးမှုဖြင့် သင်သည် သင်၏စိုးရိမ်ပူပန်မှုများကို ဆရာဝန်နှင့် ဆွေးနွေးနိုင်ပြီး သင့်လျော်သောရောဂါရှာဖွေခြင်းနှင့် လမ်းညွှန်ခြင်းတို့ကို သိရှိရယူနိုင်ပါသည်။

အကြောင်းအရင်းများ

သင့်ကျောက်ကပ်၏သေးငယ်သော သွေးကြောမျှင်များ အစုအဝေးများကို ပျက်စီးစေခြင်းသည် ပုံမှန်အားဖြင့်ကျောက်ကပ်ရောင်ခြင်းကို ဖြစ်စေသည်။
သင့်ကျောက်ကပ်များမှတဆင့် သွေးများ စီးဆင်းလာသည်နှင့်အမျှသေးငယ်သော သွေးကြောမျှင်များ အစုအဝေးများသည် ၎င်းသွေးများကို စစ်ထုတ်ပေးပြီး သင့်ခန္ဓာကိုယ်အတွက် လိုအပ်သော အရာများနှင့် မလိုအပ်သော အရာများကို ခွဲခြားပေးသည်။ သင့်ခန္ဓာကိုယ်တွင်းရှိ အရည်ပမာဏကို ထိန်းထားရန် အဓိကလိုအပ်သော အယ်လ်ဘမ်မင်အသားဓါတ်ပရိုတင်းကို ကျန်းမာသော သေးငယ်သော သွေးကြောမျှင်များ အစုအဝေးများက သင့်ဆီးထဲသို့ ယိုစိမ့်ခြင်းမှ တားဆီးသည်။ကျောက်ကပ်ရောင်ခြင်းသည် သေးငယ်သော သွေးကြောမျှင်များ အစုအဝေးများပျက်စီးသွားသောအခါတွင် ဖြစ်ပေါ်ပြီး ခန္ဓာကိုယ်မှ ပရိုတင်းများ အလွန်အကျွံ ဆုံးရှုံးသွားပါသည်။

ကျောက်ကပ်ရောင်ခြင်းဖြစ်စေနိုင်သောအကြောင်းအရင်းများ

ကျောက်ကပ်ရောင်ခြင်းသည် ရောဂါများနှင့် အခြေအနေများစွာကြောင့် ဖြစ်လာနိုင်သည်-

  • ဆီးချိုကျောက်ကပ်ရောဂါ။ ဆီးချိုရောဂါသည် သွေးကြောမျှင်များ အစုအဝေးများကိုထိခိုက်စေပြီး ကျောက်ကပ်ကို ထိခိုက်စေသည့်ဆီးချိုရောဂါကို ဖြစ်စေနိုင်သည်။
  • Minimal Change diseaseကျောက်ကပ်ရောင်ခြင်း။ ကလေးများတွင် အဖြစ်ဆုံးအကြောင်းရင်းဖြစ်သည်။ Minimal Change Diseaseသည် ကျောက်ကပ်၏လုပ်ဆောင်ချက်များကို မမှန်မကန်ဖြစ်စေသည်။ ဖြစ်စေသောအကြောင်းအရင်းမှာ တိတိကျကျမသိရှိရပါ။ သို့သော် ကျောက်ကပ်တစ်ရှူးကို အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်သောအခါ၊ ပုံမှန် သို့မဟုတ် ပုံမှန်နီးပါးဖြစ်နေသည်။
  • Focal segmental glomerulosclerosis။ ဤအခြေအနေသည် သွေးကြောမျှင်များ အစုအဝေးများ၏အစိတ်အပိုင်းများအမာရွတ်ဖြစ်ပြီး၊ အခြားရောဂါတစ်ခု၊ မျိုးရိုးဗီဇမူမမှန်မှု၊ဆေးဝါးများ သို့မဟုတ် တိတိကျကျမသိရှိရသောအကြောင်းပြချက်များဖြင့်ဖြစ်ပေါ်လာနိုင်သည်။
  • Membranous nephropathy ။ ဤကျောက်ကပ်အခြေအနေ၏အကြောင်းရင်းမှာ သွေးကြောမျှင်များ အစုအဝေးများအတွင်းရှိအမြှေးပါးများထူလာခြင်း။ ဤကဲ့သို့ထူလာခြင်းမှာ ကိုယ်ခံအားစနစ်မှ အနည်ထိုင်ခြင်းကြောင့်ဖြစ်သည်။ ဤရောဂါသည် အကြောင်းရင်းမရှိဘဲ ဖြစ်ပွားနိုင်သည် သို့မဟုတ် ၎င်းသည် ကင်ဆာ၊ အသည်းရောင် အသားဝါBပိုး၊ ငှက်ဖျားနှင့် အရေပြားလေးဖက်နာတို့နှင့် ဆက်စပ်နေနိုင်သည်။
  • Systemic lupus erythematosus အရေပြားလေးဖက်နာရောဂါ ။ ဤကိုယ်ခံအားဆိုင်ရာရောဂါသည် သင့်ခန္ဓာကိုယ်အနှံ့ ရောင်ရမ်းမှုကို ဖြစ်စေနိုင်သည်။ ကျောက်ကပ်ကို ဆိုးရွားစွာ ပျက်စီးစေနိုင်တဲ့ အလားအလာလည်း ရှိပါတယ်။
  • Amyloidosis ပရိုတိန်းအသားဓါတ်စုပုံရောဂါ။ သင့်ကိုယ်တွင်းအင်္ဂါများတွင် Amyloid ပရိုတိန်းများစုပုံလာခြင်းကြောင့် ဤရောဂါကို ဖြစ်စေသည်။ Amyloid များစုပုံခြင်းသည် ကျောက်ကပ်၏ စစ်ထုတ်ခြင်းစွမ်းရည်ကို မကြာခဏထိခိုက်စေပါသည်။

ကျောက်ကပ်ရောင်ခြင်းပိုမိုဖြစ်ပွားစေလွယ်သောအချက်များ

ကျောက်ကပ်ရောင်ခြင်း ဖြစ်နိုင်ခြေပိုများစေသောအကြောင်းရင်းများမှာ အောက်ပါတို့ ပါဝင်သည်။

 

  • သင့်ကျောက်ကပ်ကို ပျက်စီးစေနိုင်တဲ့ ရောဂါများ။ကျောက်ကပ်ရောင်ခြင်းသည် ဆီးချိုရောဂါ၊ lupusအရေပြားလေးဖက်နာရောဂါ၊ amyloidosis၊ reflux nephropathy နှင့်အခြားကျောက်ကပ်ဆိုင်ရာရောဂါများကဲ့သို့သောရောဂါများနှင့်အခြေအနေများရှိသူများတွင်ပိုမိုဖြစ်နိုင်သည်။
  • ဆေးဝါးများ။ အကိုက်အခဲပျောက်ဆေး နှင့် ပိုးသတ်ဆေးများသည် ကျောက်ကပ်ရောင်ခြင်းကိုဖြစ်စေနိုင်သော အရာများထဲတွင် ပါဝင်ပါသည်။
  • ပိုးဝင်ခြင်း။ HIV, အသည်းရောင်အသားဝါ B ပိုး၊ C ပိုး၊ ငှက်ဖျား‌ရောဂါများသည် ကျောက်ကပ်ရောင်ခြင်းကို ပိုမိုဖြစ်စေနိုင်သည်။

ရောဂါရှာဖွေခြင်း။

ကျောက်ကပ်ရောင်ခြင်းရောဂါကို ရှာဖွေရန် အမျိုးမျိုးသောစမ်းသပ်မှုများနှင့် လုပ်ထုံးလုပ်နည်းများကိုအသုံးပြုသည်။ ၎င်းတို့တွင်-

  • ဆီးစစ်ခြင်း။ ဆီးစစ်ခြင်းသည် ပရိုတင်းဓာတ်ပါဝင်မှု မြင့်မားခြင်းကဲ့သို့ ဆီးထဲတွင် မမှန်မကန်ဖြစ်ခြင်းကို သိရှိနိုင်သည်။ ဆီးနမူနာများကို တစ်ရက်တာပတ်လုံး ကောက်ယူရန် လိုအပ်နိုင်သည် (၂၄ နာရီ ဆီးစုဆောင်းခြင်း)။
  • သွေးစစ်ခြင်း။ သွေးစစ်ဆေးမှုသည် albumin အသားဓါတ်ပရိုတင်းပမာဏ နည်းပါးသည့်အပြင် သွေးတစ်ခုလုံး၏ ပရိုတင်းပမာဏကို နိမ့်ကျခြင်းကို ဖော်ပြနိုင်သည်။ albumin အသားဓါတ်ပရိုတင်းလျော့နည်းခြင်းသည် သွေးတွင်း triglyceridesအဆီဓါတ်များနှင့် ကိုလက်စထရောများ မြင့်တက်ခြင်းနှင့်အတူ မကြာခဏ ဆက်စပ်နေသည်။ သင့်ကျောက်ကပ်များ ပုံမှန် အလုပ်လုပ်ကြောင်း ဆုံးဖြတ်နိုင်သည့် သွေးထဲတွင် ယူရီးယားနိုက်ထရိုဂျင်နှင့် creatinine ပမာဏကိုလည်း စစ်ဆေးနိုင်ပါသည်။
  • ကျောက်ကပ်အသားစစစ်ဆေးခြင်း။ သင့်ဆရာဝန်သည် စစ်ဆေးရန်အတွက် ကျောက်ကပ်တစ်ရှူးနမူနာအနည်းငယ်ကို ယူရန် အကြံပေးနိုင်သည်။ လုပ်ဆောင်ပုံမှာ အပ်တစ်ချောင်းကို သင့်အရေပြားမှတဆင့် သင့်ကျောက်ကပ်ထဲသို့ ထိုးသွင်းခြင်း ဖြင့် ကျောက်ကပ်ကို အသားစယူစစ်ဆေးနိုင်သည်။ ထိုအသားစကို ခွဲခြမ်းစိတ်ဖြာရန် ဓာတ်ခွဲခန်းသို့ ပေးပို့သည်။

ကုသမှု

ကျောက်ကပ်ရောင်ရောဂါအတွက် ကုသမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့်၊ ဤရောဂါကို ဖြစ်စေနိုင်သည့် နောက်ခံရောဂါ အခြေအနေများကို ကုသရန် အရေးကြီးပါသည်။ ထို့အပြင်၊ သင်၏ဆရာဝန်သည် ကျောက်ကပ်ရောင်ခြင်း၏ ရောဂါလက္ခဏာများ နှင့်နောက်ဆက်တွဲပြဿနာများကို ကုသရာတွင် ကူညီသည့် ဆေးဝါးများနှင့် အစားအသောက်ပြုပြင်မှုများကို အကြံပြုနိုင်ပါသည်။ ဆေးဝါးများတွင် အောက်ပါတို့ ပါဝင်နိုင်သည်။

  • သွေးပေါင်ကျဆေးများ။ Angiotensin-Converting Enzyme (ACE) inhibitors များသည် သွေးပေါင်ချိန်နှင့် ဆီးထဲရှိ ပရိုတင်းပမာဏကို လျှော့ချပေးသော ဆေးများဖြစ်သည်။ Lisinopril၊ Benazepril၊ Captopril နှင့် Enalapril တို့သည် ဤအုပ်စုအောက်တွင် ပါဝင်သော ဆေးများဖြစ်သည်။
    • Losartan နှင့် valsartan တို့သည် angiotensin II receptor blockers (ARBs) ဟုခေါ်သော ဆေးဝါးအမျိုးအစားထဲတွင် ပါဝင်သည်။ ACE inhibitors နှင့် ARBs များကို ယေဘုယျအားဖြင့် ဦးစွာအသုံးပြုသော်လည်း၊ renin inhibitors ကဲ့သို့သော အခြားဆေးဝါးများကိုလည်း အသုံးပြုနိုင်သည်။
  • ဆီးဆေး။ သင့်ကျောက်ကပ်၏ ဆီးထုတ်လုပ်ခြင်းကို တိုးမြှင့်ခြင်းဖြင့် ၎င်းတို့သည် ဖောရောင်ခြင်းကို လျှော့ချပေးသည်။ Furosemide သည် အသုံးများသော ဆီးဆေးဖြစ်သည်။ hydrochlorothiazide သို့မဟုတ် metolazone ကဲ့သို့သော Spironolactone နှင့် thiazides များသည် နောက်ထပ်ရွေးချယ်စရာအချို့ဖြစ်သည်။
  • ကိုလက်စထရောလျှော့ချဆေးများ။ Statins ဖြင့် ကိုလက်စထရောအဆင့်ကို လျှော့ချနိုင်သည်။ သို့သော်၊ ကိုလက်စထရောကျစေသောဆေးများသည် nephrotic syndrome လူနာများအား နှလုံးတိုက်ခိုက်ခံရနိုင်ခြေ သို့မဟုတ် စောစီးစွာသေဆုံးနိုင်ခြေကို လျှော့ချခြင်းကဲ့သို့သော ပိုမိုကောင်းမွန်သောရလဒ်များရရှိစေရန် ကူညီပေးမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပါ။
    • Atorvastatin၊ fluvastatin၊ lovasatin၊ pravastatin၊ rosuvastatin နှင့် simvastatin တို့သည် statin များဖြစ်သည်။
  • Anticoagulants သွေးကျဲဆေးများ။ အထူးသဖြင့် သင့်တွင် သွေးခဲခြင်းကို ကြုံတွေ့ဖူးပါက၊ သင့်သွေး၏ သွေးခဲမှုဖြစ်နိုင်ခြေကို လျှော့ချရန် ၎င်းတို့ကို ပေးနိုင်ပါသည်။ Heparin၊ warfarin၊ dabigatran၊ apixaban နှင့် rivaroxaban တို့သည် သွေးခဲခြင်းကိုဆန့်ကျင်သောဆေးများဖြစ်သည်။
  • ကိုယ်ခံအားစနစ်ကို နှိမ်နှင်းသော ဆေးဝါးများ။ ကျောက်ကပ်ရောင်ခြင်း ဖြစ်စေသောရောဂါများသည် ခုခံအားကြောင့် ကိုယ်ခန္ဓာရောင်ရမ်းသောရောဂါများဖြစ်ပြီး ကိုယ်ခံအားစနစ်ကိုထိန်းညှိပေးသော ဆေးဝါးများကို အသုံးပြု၍ ထိန်းချုပ်နိုင်သည်။ ဤကိစ္စများတွင် ရောင်ရမ်းမှုကို လျှော့ချရန် Corticosteroids ကို ယေဘုယျအားဖြင့် အသုံးပြုနိုင်သည်။ ထို့အပြင်၊ rituximab၊ cyclosporine နှင့် cyclophosphamide ကဲ့သို့သော ဆေးဝါးများကို ကျောက်ကပ်ရောင်ခြင်း ကို စီမံခန့်ခွဲရန် အသုံးပြုနိုင်သည်။ ဤဆေးများသည် ခုခံအားတုံ့ပြန်မှုကို ထိန်းညှိပေးပြီး ရောင်ရမ်းမှုဖြစ်စဉ်များကို ထိန်းချုပ်ပေးသည်။ ဤဆေးဝါးများကို ကုသရာတွင် ထည့်သွင်းခြင်းဖြင့်၊ ဆရာဝန်များသည် ရောင်ရမ်းမှုကို လျော့ပါးစေရန်နှင့် ကျောက်ကပ်ရောင်ခြင်းကို တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ပါသည်။

Doctors who treat this condition