MRD စစ်ဆေးခြင်း – ကုသမှုအပြီး ကင်ဆာရောဂါ ပြန်လည်ဖြစ်ပွားနိုင်ခြေကို အသေးစိတ် လေ့လာဆန်းစစ်ခြင်း

ကျန်းမာရေးဆိုင်ရာ စာစောင်များ
MRDစစ်ဆေးခြင်း

ကင်ဆာကုသမှု ပြီးမြောက်သွားသူ အများစုအတွက် ကင်ဆာနောက်ပိုင်း ဘဝသည် စိတ်သက်သာရာရမှုနှင့်အတူ အဖြေမရှိသေးသော မေးခွန်းများစွာ ဒွန်တွဲနေတတ်ပါသည်။ ကင်ဆာရောဂါမှ ကျော်ဖြတ်ရှင်သန်လာသူများအကြား အဖြစ်များဆုံး စိုးရိမ်ပူပန်မှုများမှာ ကင်ဆာရောဂါ ပြန်လည်ဖြစ်ပွားနိုင်ခြေနှင့် ရောဂါပြန်လည်ပေါ်ပေါက်လာမှုကို မည်သို့ စောင့်ကြည့်ရမည်နည်းဟူသော အချက်များ ဖြစ်ပါသည်။

ကင်ဆာစောင့်ရှောက်မှု လုပ်ငန်းစဉ်များ ဆက်လက်တိုးတက်လာသည်နှင့်အမျှ မော်လီကျူးအဆင့်တွင် ကင်ဆာ၏ အခြေအနေကို ထပ်လောင်းသိရှိနိုင်ရန် သွေးကိုအခြေခံသော စစ်ဆေးမှုအသစ်များ ပေါ်ထွက်လာပြီ ဖြစ်ပါသည်။ ထိုသို့သော တိုးတက်မှုများထဲမှ တစ်ခုမှာ ခန္ဓာကိုယ်အတွင်း ကျန်ရှိနေနိုင်သော ကင်ဆာဆဲလ်အနည်းငယ် (Minimal Residual Disease – MRD) ကို စစ်ဆေးရန် သွေးလှည့်ပတ်မှုအတွင်းရှိ ကင်ဆာဆဲလ်များမှ ထွက်ပေါ်လာသော ဒီအန်အေ (ctDNA) ကို စစ်ဆေးခြင်းပင် ဖြစ်ပါသည်။

ctDNA ဆိုသည်မှာ အဘယ်နည်း?

သွေးလှည့်ပတ်မှုအတွင်းရှိ ကင်ဆာဆဲလ်များမှ ထွက်ပေါ်လာသော ဒီအန်အေ (Circulating tumor DNA သို့မဟုတ် ctDNA) ဆိုသည်မှာ ကင်ဆာဆဲလ်များမှ သွေးကြောထဲသို့ စွန့်ထုတ်လိုက်သော ဒီအန်အေ အပိုင်းအစလေးများကို ဆိုလိုခြင်း ဖြစ်ပါသည်။ ဤအပိုင်းအစလေးများကို ရိုးရှင်းသော သွေးစစ်ဆေးမှုမှတစ်ဆင့် တစ်ခါတစ်ရံတွင် ရှာဖွေတွေ့ရှိနိုင်ပါသည်။

ctDNA သည် ကင်ဆာဆဲလ်များမှ ဆင်းသက်လာခြင်းဖြစ်သောကြောင့် ၎င်းကို သွေးထဲတွင် တွေ့ရှိရခြင်းသည် ပုံမှန်စစ်ဆေးမှုများ သို့မဟုတ် စကန်ဖတ်ခြင်း (Scans) များဖြင့် မမြင်နိုင်လောက်အောင် သေးငယ်လွန်းသော ကင်ဆာဆဲလ်များ၏ လှုပ်ရှားမှုကို ထင်ဟပ်ဖော်ပြနိုင်ခြင်းပင် ဖြစ်ပါသည်။

“Minimal Residual Disease” (MRD) ဆိုသည်မှာ အဘယ်နည်း?

ခွဲစိတ်ကုသမှု သို့မဟုတ် အခြားသော အမြစ်ပြတ်ကုသရန် ရည်ရွယ်သည့် ကုသမှုများ ပြုလုပ်ပြီးနောက် ခန္ဓာကိုယ်အတွင်း၌ ကင်ဆာဆဲလ် အနည်းငယ် မျှသာ ကျန်ရှိနေတတ်ပါသည်။ ၎င်းကို အနည်းငယ်မျှသာ ကျန်ရှိနေသော ရောဂါအခြေအနေ (သို့မဟုတ် မော်လီကျူးအဆင့် ကျန်ရှိနေသော ရောဂါအခြေအနေ) ဟု ခေါ်ဆိုပြီး အတိုကောက်အားဖြင့် MRD ဟု ခေါ်ပါသည်။

MRD ကို ပုံရိပ်ဖော် စစ်ဆေးမှုများတွင် မမြင်နိုင်သကဲ့သို့ ရောဂါလက္ခဏာများလည်း ပြသလေ့မရှိပါ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ထိုသို့သော အဏုကြည့်မှန်ဘီလူးဖြင့်သာ မြင်နိုင်သည့် ကင်ဆာဆဲလ်များသည် ပွားများလာပြီး နောက်ဆုံးတွင် ရောဂါပြန်လည်ဖြစ်ပွားလာကြောင်း စစ်ဆေးတွေ့ရှိရသည့် အဆင့်သို့ ရောက်ရှိသွားနိုင်ပါသည်။ ctDNA စစ်ဆေးခြင်းသည် စကန်ဖတ်စစ်ဆေးမှုများတွင် အပြောင်းအလဲများ မပေါ်ပေါက်မီ MRD ၏ မော်လီကျူးအဆင့် လက္ခဏာရပ်များကို ရှာဖွေနိုင်ရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ပါသည်။

ctDNA MRD စစ်ဆေးမှု မည်သို့ လုပ်ဆောင်သနည်း?

ctDNA MRD စစ်ဆေးခြင်းကို သွေးနမူနာကို အသုံးပြု၍ လုပ်ဆောင်ပါသည်။ အဆင့်မြင့် ဓာတ်ခွဲခန်း နည်းပညာများဖြင့် သွေးလှည့်ပတ်မှုအတွင်းရှိ ကင်ဆာဆဲလ်များနှင့် သက်ဆိုင်သော ဒီအန်အေ (DNA) အပိုင်းအစများကို ရှာဖွေနိုင်ရန် ထိုသွေးနမူနာကို ခွဲခြမ်းစိတ်ဖြာ စစ်ဆေးခြင်း ဖြစ်ပါသည်။

ဤနည်းလမ်းသည် ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်မှု အနည်းဆုံးဖြစ်သော စစ်ဆေးမှုတစ်ရပ်ကို အသုံးပြု၍ ကင်ဆာနှင့် ဆက်စပ်နေသော မော်လီကျူးအဆင့် လက္ခဏာရပ်များကို ဆရာဝန်များက ဆန်းစစ်နိုင်ရန် အထောက်အကူပြုပါသည်။ Medicare ကဲ့သို့သော ကျန်းမာရေး အဖွဲ့အစည်းများကလည်း အဖြစ်များသော ကင်ဆာရောဂါ အမျိုးမျိုးတွင် ctDNA စစ်ဆေးခြင်း၏ တိကျသေချာမှုနှင့် ထိရောက်မှုတို့ကို အသိအမှတ်ပြုထားပါသည်။

ctDNA MRD စစ်ဆေးခြင်းမှ မည်သို့သော အချက်အလက်များ ရရှိနိုင်သနည်း?

ctDNA MRD စစ်ဆေးခြင်းသည် လူနာတစ်ဦးချင်းစီအလိုက် ရောဂါအလားအလာဆိုင်ရာ အချက်အလက်များကို ပေးစွမ်းနိုင်ပါသည်။ ကင်ဆာအမျိုးအစား အမြောက်အမြားကို သုတေသနပြုချက်များအရ အမြစ်ပြတ်ကုသရန် ရည်ရွယ်သည့် ကုသမှုများပြီးနောက် သွေးထဲတွင် ctDNA ကို စစ်ဆေးတွေ့ရှိရခြင်းသည် ctDNA မတွေ့ရှိရသူများနှင့် နှိုင်းယှဉ်ပါက နောင်တွင် ကင်ဆာရောဂါ ပြန်လည်ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားကြောင်း ပြသနေပါသည်။

ဤအချက်အလက်များသည် ပုံမှန်ပြုလုပ်နေကျ နောက်ဆက်တွဲ စောင့်ရှောက်မှုများ၊ စကန်ဖတ်စစ်ဆေးမှုများ သို့မဟုတ် ဆရာဝန်နှင့် ပြသခြင်းများကို အစားထိုးရန် မဟုတ်ပါ။ ယင်းအစား အလွန်စောစီးသော မော်လီကျူးအဆင့်တွင် ကင်ဆာပြန်လည်ဖြစ်ပွားမှုကို သိရှိနိုင်ရန် ထပ်လောင်းအထောက်အကူပြုသော အချက်အလက်များကို ပေးစွမ်းနိုင်ခြင်း ဖြစ်ပါသည်။

ကင်ဆာရောဂါမှ ကျော်ဖြတ်ရှင်သန်လာသူအချို့ MRD စစ်ဆေးခြင်း ကို ဘာကြောင့် ရွေးချယ်ကြသနည်း?

ကင်ဆာရောဂါမှ ကျော်ဖြတ်ရှင်သန်လာသူ အများစုက ကုသမှုခံယူပြီးနောက် ၎င်းတို့ သိရှိလိုသည့် အရေးကြီးဆုံး အချက်အလက်များထဲတွင် ရောဂါအခြေအနေ ခန့်မှန်းချက်နှင့် ရောဂါပြန်လည်ဖြစ်ပွားနိုင်ခြေတို့ ပါဝင်သည်ဟု ဆိုကြပါသည်။ MRD စစ်ဆေးခြင်းသည် ပုံမှန်ကုသမှုဆိုင်ရာ အချက်အလက်များထက် ပိုမို၍ လူနာတစ်ဦးချင်းစီအလိုက် ရောဂါပြန်လည်ဖြစ်ပွားနိုင်ခြေကို ခန့်မှန်းတွက်ချက်ရာတွင် အထောက်အကူပြုနိုင်ပါသည်။

ကင်ဆာရောဂါ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်ပူပန်ခြင်းသည် ရောဂါမှ ကျော်ဖြတ်ရှင်သန်လာသူ အများစုတွင် ဖြစ်လေ့ရှိသော ခံစားချက်ဖြစ်ပါသည်။ အချို့သောသူများအတွက် ပိုမိုတိကျသော မော်လီကျူးအဆင့် အချက်အလက်များကို သိရှိရခြင်းသည် စိတ်အေးချမ်းမှု ရရှိစေခြင်း၊ ရေရှည်စီမံကိန်းများ ချမှတ်နိုင်ခြင်းနှင့် မိမိအား ကုသပေးနေသည့် ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့နှင့် ပိုမိုပြည့်စုံသော ဆွေးနွေးမှုများ ပြုလုပ်နိုင်ခြင်းတို့ကို အထောက်အကူပြုနိုင်ပါသည်။

စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် MRD စစ်ဆေးခြင်း

ကင်ဆာရောဂါ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်နေသူများအတွက် ctDNA MRD စစ်ဆေးခြင်းသည် ပုံမှန်စကန်ဖတ်ခြင်းနှင့် စစ်ဆေးမှုရလဒ်များ ကောင်းမွန်နေသည့် ကုသမှုအပြီးကာလများတွင် ထပ်လောင်းအချက်အလက်များကို သိရှိနိုင်ရန် အထောက်အကူပြုပါသည်။ ဤစစ်ဆေးမှုသည် ပုံရိပ်ဖော်စစ်ဆေးခြင်း၊ လူနာအား ကိုယ်တိုင်စစ်ဆေးခြင်း သို့မဟုတ် ဓာတ်ခွဲခန်းတွင် စောင့်ကြည့်စစ်ဆေးခြင်းကဲ့သို့သော ပုံမှန်နောက်ဆက်တွဲ စောင့်ရှောက်မှု လုပ်ထုံးလုပ်နည်းများကို အစားထိုးရန် မဟုတ်ပါ။

ယင်းအစား ၎င်းသည် မော်လီကျူးအဆင့် ရှုထောင့်မှ အချက်အလက်များကို ဖြည့်စွက်ပေးခြင်းဖြင့် လက်ရှိစောင့်ကြည့်စစ်ဆေးမှုများကို ပိုမိုပြည့်စုံစေရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ပါသည်။ ၎င်းသည် ဆရာဝန်များနှင့် လူနာများအား စကန်ဖတ်စစ်ဆေးမှုများတွင် ပုံမှန်မဟုတ်သော အပြောင်းအလဲများ ပေါ်ပေါက်လာသည်အထိ စောင့်ဆိုင်းနေရခြင်းထက်၊ မျက်မြင်မတွေ့နိုင်သော သို့မဟုတ် ရောဂါလက္ခဏာ မပြသေးသော အပြောင်းအလဲများကို ကြိုတင်သိရှိနိုင်ရန် ကူညီပေးပါသည်။ ထိုသို့ ကြိုတင်သိရှိခြင်းဖြင့် ပိုမိုကောင်းမွန်သော ကုသမှုရလဒ်များ ရရှိစေရန် စောစီးစွာ ကုသမှုများ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုသည်များကို ဆက်သွယ်ရန်-
ကင်ဆာရောဂါအထူးကုဌာန, ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီး
ဖုန်း 02-734-0000, လိုင်းခွဲ- 2720, 2721
မြန်မာဘာသာဖြင့်ဆက်သွယ်ရန် – (+66)63-853-2447

Medically Reviewed by

DR. NATTANIT SURIYAPHAN
DR. NATTANIT SURIYAPHAN

Internal Medicine

Oncology

Readers’ Rating

5.0 out of 5 stars (based on 2 reviews)