သတိဉာဏ်ရည် အနည်းငယ်ချို့ယွင်းခြင်း (Mild Cognitive Impairment – MCI) နှင့် အစောပိုင်းအဆင့် အယ်လ်ဇိုင်းမားရောဂါ (Early-Stage Alzheimer’s)
ကျန်းမာရေးဆိုင်ရာ စာစောင်များ
သတိဉာဏ်ရည် အနည်းငယ်ချို့ယွင်းခြင်း (Mild Cognitive Impairment – MCI) နှင့် အစောပိုင်းအဆင့် အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s disease – AD) တို့သည် မှတ်ဉာဏ်၊ တွေးခေါ်မြော်မြင်မှုနှင့် နေ့စဉ်လူမှုကိစ္စဆောင်ရွက်မှုများကို ထိခိုက်စေသည့် အခြေအနေများ ဖြစ်ကြသည်။ အဆိုပါ ရောဂါလက္ခဏာများကို စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်ခြင်းသည် အလွန်အရေးကြီးပြီး၊ သွေးပြန်ကြောအတွင်း ဆေးဝါးသွင်းကုသခြင်း (IV infusions) ကဲ့သို့သော ကုထုံးအချို့သည် အယ်လ်ဇိုင်းမားရောဂါ တိုးတက်လာမှုကို နှေးကွေးစေရန်နှင့် လူနေမှုဘဝအရည်အသွေးကို မြှင့်တင်ရန်အတွက် အထောက်အကူပြုနိုင်ပါသည်။
သတိဉာဏ်ရည် အနည်းငယ်ချို့ယွင်းခြင်း ( Mild Cognitive Impairment – MCI) ဆိုသည်မှာ အဘယ်နည်း။
MCI သည် သာမန်အသက်ကြီး၍ မေ့လျော့ခြင်းနှင့် သူငယ်ပြန်ခြင်း (Dementia) တို့အကြား ကြားခံအဆင့်တစ်ခုကို ကိုယ်စားပြုသည်။ MCI ရှိသူများသည် မေ့လျော့ခြင်း၊ အာရုံစူးစိုက်ရန် ခက်ခဲခြင်း သို့မဟုတ် နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရာတွင် ခက်ခဲခြင်းတို့ကို စတင်ခံစားရနိုင်သည်။ MCI ဖြစ်ပွားမှု အချို့သည် ပိုမိုဆိုးရွားမလာဘဲ တည်ငြိမ်နေနိုင်သော်လည်း၊ အချို့မှာမူ အယ်လ်ဇိုင်းမားရောဂါအဆင့်သို့ တဖြည်းဖြည်း ကူးပြောင်းသွားတတ်သောကြောင့် စောစီးစွာ ရောဂါရှာဖွေစစ်ဆေးမှု ခံယူရန် အလွန်အရေးကြီးပါသည်။
အစောပိုင်းအဆင့် အယ်လ်ဇိုင်းမားရောဂါ ( Early-Stage Alzheimer’s Disease)
အယ်လ်ဇိုင်းမားရောဂါ၏ အစောပိုင်းအဆင့်တွင် မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အချိန်နှင့် နေရာဒေသကို ဝေခွဲမရဖြစ်ခြင်းနှင့် စကားလုံးရှာဖွေရခက်ခဲခြင်း စသည့် ရောဂါလက္ခဏာများသည် ပိုမိုထင်ရှားသိသာလာသည်။ ယခုကဲ့သို့သော အဆင့်တွင် ဆေးဘက်ဆိုင်ရာ ကုသစောင့်ရှောက်မှု ခံယူခြင်းသည် ဦးနှောက်လုပ်ဆောင်ချက်များနှင့် မိမိကိုယ်ကိုယ် လွတ်လပ်စွာ ရပ်တည်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေဆဲဖြစ်ပြီး၊ လူနာများအနေဖြင့် မိမိတို့၏ လူနေမှုဘဝအရည်အသွေးကို ရေရှည် ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းနိုင်မည့် အခွင့်အလမ်းကို ရရှိစေပါသည်။
ရောဂါရှာဖွေခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်း
ကုသမှုမစတင်မီ လူနာများသည် ရောဂါအခြေအနေကို အတည်ပြုရန်နှင့် ကုထုံးများခံယူရန် သင့်တော်မှု ရှိ၊ မရှိ ဆုံးဖြတ်နိုင်ရန်အတွက် သေချာစွာ စစ်ဆေးအကဲဖြတ်မှုများကို ခံယူရပါမည်။ ၎င်းစစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်။
သွေးစစ်ဆေးခြင်းများ – ဖြစ်နိုင်ခြေရှိသော ရောဂါဖြစ်ပွားနိုင်စွမ်း အချက်အလက်များကို ရှာဖွေဖော်ထုတ်ရန် မျိုးရိုးဗီဇစစ်ဆေးခြင်း (Genetic testing) အပါအဝင် အခြားသွေးစစ်ဆေးမှုများ ပြုလုပ်ခြင်း။
ပက်စကင်ဖတ်ခြင်း – ဦးနှောက်၏ ပြောင်းလဲမှုများကို စစ်ဆေးရန်နှင့် ဦးနှောက်အတွင်း သွေးယိုစီးခြင်း (Brain hemorrhage) ကဲ့သို့သော အခြားရောဂါအခြေအနေများ မဟုတ်ကြောင်း ခွဲခြားအတည်ပြုရန် စစ်ဆေးခြင်း။
အာရုံကြောနှင့် သတိဉာဏ်ရည်ပိုင်းဆိုင်ရာ ဆန်းစစ်ခြင်းများ – မှတ်ဉာဏ်၊ ဆင်ခြင်တုံတရားနှင့် ဦးနှောက်တစ်ခုလုံး၏ ကျန်းမာရေးအခြေအနေကို တိုင်းတာရန် စစ်ဆေးခြင်း။
သတိဉာဏ်ရည် အနည်းငယ်ချို့ယွင်းခြင်း (MCI) နှင့် အစောပိုင်းအဆင့် အယ်လ်ဇိုင်းမားရောဂါအတွက် ဆေးဝါးသွင်းကုသခြင်း (IV Infusion Therapy)
အစောပိုင်းအဆင့်များတွင် ရောဂါရှာဖွေတွေ့ရှိသည့် လူနာအချို့အတွက် သွေးပြန်ကြောအတွင်း ဆေးဝါးသွင်းကုသခြင်း (IV infusion therapy) ကို ညွှန်ကြားနိုင်ပါသည်။ အဆိုပါကုထုံးများသည် အယ်လ်ဇိုင်းမားရောဂါ ပိုမိုဆိုးရွားလာမှုနှင့် ဆက်စပ်နေသော ဦးနှောက်အတွင်းရှိ ပုံမှန်မဟုတ်သော ပရိုတင်းများ စုပုံလာခြင်းကို တိုက်ရိုက်ပစ်မှတ်ထား ဖယ်ရှားနိုင်ရန်ဖြစ်သည်။ ဤသွေးပြန်ကြောအတွင်း ဆေးဝါးသွင်းကုသမှုကို စောစီးစွာ စတင်နိုင်ပါက အယ်လ်ဇိုင်းမားရောဂါကြောင့် မှတ်ဉာဏ်၊ တွေးခေါ်မြော်မြင်မှုနှင့် သတိဉာဏ်ရည်ပိုင်းဆိုင်ရာ ကျဆင်းလာမှုများကို နှေးကွေးသွားစေရန် ကူညီပေးနိုင်ပါသည်။
အထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အဘယ်ကြောင့် အလွန်အရေးကြီးသနည်း
လူနာတိုင်းသည် သွေးပြန်ကြောအတွင်း ဆေးဝါးသွင်းကုသခြင်း (IV infusion therapy) ကို ခံယူရန် သင့်တော်သူများ မဟုတ်ကြပါ။ ကုသမှုမစတင်မီ ရောဂါရာဇဝင်၊ မျိုးရိုးဗီဇစစ်ဆေးတွေ့ရှိချက်များနှင့် ဦးနှောက်ပုံရိပ်ဖော် စစ်ဆေးမှုရလဒ်များကို ပြန်လည်သုံးသပ်ရန်အတွက် အထူးကုဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါသည်။ ဆေးဘက်ဆိုင်ရာ အကြံဉာဏ်များကို စောစီးစွာ ခံယူခြင်းဖြင့် မိမိတို့၏ ရောဂါအခြေအနေအတွက် သီးသန့်ရည်ရွယ်၍ စီမံထားသော ဘေးကင်းစိတ်ချရပြီး ထိရောက်မှုရှိသည့် စောင့်ရှောက်မှုကုထုံးကို ရရှိစေရန် သေချာစေနိုင်ပါသည်။
သတိဉာဏ်ရည် အနည်းငယ်ချို့ယွင်းခြင်း (MCI) နှင့် အစောပိုင်းအဆင့် အယ်လ်ဇိုင်းမားရောဂါတို့သည် အချိန်မီ စစ်ဆေးအကဲဖြတ်ခြင်းနှင့် ကျွမ်းကျင်သူများ၏ ပြုစုစောင့်ရှောက်မှုကို လိုအပ်သည်။ ရောဂါရှာဖွေရေးကိရိယာများနှင့် သွေးပြန်ကြောအတွင်း ဆေးဝါးသွင်းကုထုံး (IV infusion therapies) များ တိုးတက်လာမှုကြောင့် ယခုအခါ လူနာများအနေဖြင့် ရောဂါပိုမိုဆိုးရွားလာမှုကို နှေးကွေးစေပြီး လူနေမှုဘဝအရည်အသွေးကို ထိန်းသိမ်းပေးနိုင်မည့် ကုသမှုလမ်းညွှန်များကို ရွေးချယ်နိုင်ပြီဖြစ်သည်။ မိမိ သို့မဟုတ် မိမိချစ်ခင်ရသူများတွင် မှတ်ဉာဏ်ချို့ယွင်းခြင်း၏ အစောပိုင်းလက္ခဏာများကို ခံစားနေရပါက ဆရာဝန်နှင့် အချိန်မီ ပြသတိုင်ပင်ခြင်းသည် မဖြစ်မနေ လုပ်ဆောင်ရမည့် အရေးကြီးဆုံးသော အဆင့်တစ်ခု ဖြစ်ပါသည်။
မကြာခဏမေးလေ့ရှိသော မေးခွန်းများ ( FAQ)
MCI ၏ အစောပိုင်းလက္ခဏာများမှာ အဘယ်နည်း?
သတိဉာဏ်ရည် အနည်းငယ်ချို့ယွင်းခြင်း (MCI) ၏ အစောပိုင်းလက္ခဏာများတွင် မေ့လျော့ခြင်း၊ အာရုံစူးစိုက်ရန် ခက်ခဲခြင်း၊ ပြောလက်စ စကားဝိုင်းများကို မျက်ခြေပြတ်သွားခြင်း သို့မဟုတ် ယခင်က လွယ်ကူသည်ဟု ထင်ရသော လုပ်ငန်းဆောင်တာများကို ပြီးမြောက်အောင် လုပ်ဆောင်ရန် ရုန်းကန်ရခြင်းတို့ ပါဝင်တတ်သည်။ အဆိုပါ လက္ခဏာများကို လူနာကိုယ်တိုင် သတိမထားမိခင် မိသားစုဝင်များက အရင်ဦးစွာ သတိပြုမိနိုင်ပါသည်။
သတိဉာဏ်ရည် အနည်းငယ်ချို့ယွင်းခြင်း (MCI) သည် သူငယ်ပြန်ခြင်း (Dementia) ၏ အဆင့်တစ်ခု ဖြစ်ပါသလား?
MCI သည် သူငယ်ပြန်ခြင်း မဟုတ်ပါ။ သို့သော် ၎င်းကို သာမန်အသက်ကြီး၍ မေ့လျော့ခြင်းနှင့် သူငယ်ပြန်ခြင်းတို့အကြား ကြားခံအဆင့်တစ်ခုအဖြစ် သတ်မှတ်သည်။ MCI ရှိသူအချို့သည် နှစ်ပေါင်းများစွာအထိ ပိုမိုဆိုးရွားမလာဘဲ တည်ငြိမ်နေနိုင်သော်လည်း၊ အချို့မှာမူ အယ်လ်ဇိုင်းမားရောဂါ သို့မဟုတ် အခြားသော သူငယ်ပြန်ရောဂါပုံစံများသို့ ကူးပြောင်းသွားတတ်သည်။
သတိဉာဏ်ရည် အနည်းငယ်ချို့ယွင်းခြင်း (MCI) ရှိနေသော်လည်း ပုံမှန်အတိုင်း နေ့စဉ်ဘဝကို ဖြတ်သန်းနိုင်ပါသလား?
MCI ရှိသူ အများစုသည် မိမိကိုယ်ကိုယ် လွတ်လပ်စွာ ဆက်လက်ရပ်တည်နိုင်ပြီး ပုံမှန်လူနေမှုဘဝကို ထိန်းသိမ်းထားနိုင်ကြသည်။ ၎င်းတို့အနေဖြင့် မှတ်ဉာဏ်ချွတ်ယွင်းမှုများ သို့မဟုတ် ပြဿနာများကို ဖြေရှင်းရန် ခက်ခဲခြင်းတို့ကို ကြုံတွေ့ရနိုင်သော်လည်း၊ လူနေမှုဘဝပုံစံကို ပြောင်းလဲပြင်ဆင်ခြင်း၊ ဆရာဝန်နှင့် မှန်မှန်ပြန်လည်ပြသခြင်းနှင့် စောစီးစွာ ကုသမှုခံယူခြင်းတို့က ရောဂါအခြေအနေကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် ကူညီပေးနိုင်ပါသည်။
သတိဉာဏ်ရည် အနည်းငယ်ချို့ယွင်းခြင်း (MCI) ရှိကြောင်း ရောဂါအဖြေထွက်လာပါက ဘာလုပ်ရမည်နည်း?
အကယ်၍ သင့်တွင် MCI ရှိနေကြောင်း ရောဂါရှာဖွေတွေ့ရှိပါက အရေးကြီးဆုံးအဆင့်မှာ ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းကို ရှာဖွေရန်နှင့် အချိန်နှင့်အမျှ ပြောင်းလဲလာမှုများကို စောင့်ကြည့်စစ်ဆေးနိုင်ရန် အထူးကုဆရာဝန်နှင့် ပြသတိုင်ပင်ရန် ဖြစ်သည်။ ဆရာဝန်များသည် လူနေမှုဘဝပုံစံ ပြောင်းလဲခြင်း၊ မှတ်ဉာဏ်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း သို့မဟုတ် အစောပိုင်းအဆင့် အယ်လ်ဇိုင်းမားလူနာများအတွက် သွေးပြန်ကြောအတွင်း ဆေးဝါးသွင်းကုသခြင်း (IV infusion therapy) ကဲ့သို့သော ကုသမှုများကို လမ်းညွှန်ပေးနိုင်ပါသည်။ ဆေးဘက်ဆိုင်ရာ ကုသစောင့်ရှောက်မှုကို စောစီးစွာ ခံယူခြင်းသည် ရောဂါတိုးတက်မှုကို နှေးကွေးစေရန်နှင့် လူနေမှုဘဝအရည်အသွေးကို ထိန်းသိမ်းရန်အတွက် သိသာထင်ရှားသော ကွာခြားမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။
အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိလိုပါက ဆက်သွယ်နိုင်ပါသည် ဦးနှောက်နှင့် အာရုံကြောအထူးကုဌာန ၊ ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီး ဖုန်း – (+66)2-734-0000 လိုင်းခွဲ 5400 မြန်မာဘာသာဖြင့် ဆက်သွယ်ရန် – (+66)63-853-2447
Readers’ Rating
4.7 out of 5 stars (based on 6 reviews)