လက်ကောက်ဝတ် အဆစ် နာကျင်ခြင်း

အကျဉ်းချုပ်

လက်ဖဝါးနှင့် လက်ဖျံကို ဆက်သွယ်ပေးထားသော အဆစ်ကို လက်ကောက်ဝတ်အဆစ်ဟု ခေါ်ဆိုပါသည်။ လက်ကောက်ဝတ်အဆစ်ကို သေးငယ်သော အရိုးများစွာဖြင့် ဖွဲ့စည်းထားပြီး ၎င်းအရိုးများသည် လက်ဖဝါးနှင့် လက်ကောက်ဝတ်တို့ကို ကွေးခြင်း၊ ဆန့်ခြင်းနှင့် လှည့်ခြင်းတို့ ပြုလုပ်နိုင်ရန် ဆောင်ရွက်ပေးပါသည်။ လက်ဖဝါးနှင့် လက်ကောက်ဝတ်များတွင် နာကျင်ခြင်း၊ ထုံကျင်ခြင်း သို့မဟုတ် ကျဉ်စိမ့်စိမ့်ဖြစ်ခြင်းတို့သည် ကုသ၍ရသော ပြဿနာများစွာကြောင့် ဖြစ်ပေါ်နိုင်ပါသည်။

ရုတ်တရက် ထိခိုက်ဒဏ်ရာရခြင်းကြောင့် ဖြစ်ပွားသော အဆစ်လွဲခြင်း သို့မဟုတ် အရိုးအက်ခြင်းတို့သည် လက်ကောက်ဝတ် နာကျင်ခြင်းကို ဖြစ်စေသော အဓိကအကြောင်းရင်းများ ဖြစ်ပါသည်။ ထို့ပြင် လက်ကောက်ဝတ် အာရုံကြောပိတ်ခြင်း (Carpal tunnel syndrome)၊ အဆစ်အမြစ်ရောင်ရောဂါနှင့် လက်ကောက်ဝတ်ကို ထပ်တလဲလဲ အသုံးပြုရခြင်းကြောင့် ဖြစ်သော ဒဏ်ရာများကဲ့သို့သော နာတာရှည် ပြဿနာများသည်လည်း လက်ကောက်ဝတ်ကို နာကျင်စေနိုင်ပါသည်။

ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများစွာ ရှိနေသောကြောင့် လက်ကောက်ဝတ် နာကျင်ရသည့် တိကျသောအကြောင်းရင်းကို ရှာဖွေဖော်ထုတ်ရန်မှာ ခက်ခဲနိုင်ပါသည်။ သို့ရာတွင် ထိရောက်သော ကုသမှုနှင့် ပြန်လည်ကောင်းမွန်လာစေရန်အတွက် တိကျသော ရောဂါရှာဖွေမှုမှာ မရှိမဖြစ် လိုအပ်ပါသည်။

ရောဂါလက္ခဏာများ

လက်ကောက်ဝတ် နာကျင်ခြင်းသည် ဖြစ်ပွားရသည့် အကြောင်းရင်းပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ ဥပမာအားဖြင့် အရိုးအဆစ်ရောင်ခြင်း (Osteoarthritis) ကြောင့် ဖြစ်ပေါ်သော နာကျင်မှုသည် သွားကိုက်ဝေဒနာကဲ့သို့ တဆစ်ဆစ် နာကျင်နေတတ်ပါသည်။ လက်ကောက်ဝတ် အာရုံကြောပိတ်ခြင်း (Carpal tunnel syndrome) ကြောင့်မူ အပ်ဖြင့် ထိုးဆွသကဲ့သို့ ကျဉ်စိမ့်စိမ့်ဖြစ်ခြင်း ဝေဒနာကို ခံစားရလေ့ရှိပါသည်။ များသောအားဖြင့် ထိုသို့ ကျဉ်စိမ့်စိမ့်ဖြစ်ခြင်းမှာ လက်မ၊ လက်ညှိုးနှင့် လက်ခလယ်တို့တွင် ဖြစ်ပေါ်တတ်ပြီး ညဘက်အချိန်များတွင် ပိုမိုသိသာတတ်ပါသည်။ ထို့ပြင် လက်ကောက်ဝတ်၏ မည်သည့်နေရာတွင် နာကျင်နေသနည်းဟူသည့် အချက်ကလည်း မည်သည့်အကြောင်းရင်းကြောင့် ဖြစ်သည်ကို သိရှိနိုင်ရန် သဲလွန်စ ပေးနိုင်ပါသည်။

ရောဂါဖြစ်ပွားစေသော အကြောင်းရင်းများ

လက်ကောက်ဝတ်၏ မည်သည့်အစိတ်အပိုင်းတွင်မဆို ထိခိုက်ပျက်စီးမှုရှိပါက နာကျင်ခြင်းနှင့် လက်ကောက်ဝတ်နှင့် လက်ဖဝါးကို အသုံးပြုနိုင်စွမ်း လျော့နည်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ ထိခိုက်ပျက်စီးမှုများသည် အောက်ပါအချက်များကြောင့် ဖြစ်နိုင်ပါသည်။

  • ဒဏ်ရာရရှိခြင်း
  • ရုတ်တရက် ထိခိုက်မိခြင်း – ရှေ့သို့လဲကျစဉ် လက်ဝါးဖြင့် ထောက်လိုက်သည့်အခါ လက်ကောက်ဝတ် ဒဏ်ရာများ မကြာခဏ ဖြစ်ပွားတတ်ပါသည်။ ၎င်းမှတစ်ဆင့် အဆစ်လွဲခြင်း၊ အကြောလျှော့ခြင်းနှင့် အရိုးကျိုးခြင်းတို့ ဖြစ်နိုင်ပါသည်။ လက်ကောက်ဝတ်၏ လက်မဘက်ခြမ်းရှိ စကက်ဖွိုက် (Scaphoid) ဟုခေါ်သော အရိုးလေး ကျိုးသွားတတ်ပြီး ဒဏ်ရာရပြီးချင်း ရိုက်သော ဓာတ်မှန်များတွင် အဆိုပါအရိုးကျိုးမှုကို ချက်ချင်းမတွေ့ရှိနိုင်ပါ။
  • ထပ်တလဲလဲ အသုံးပြုရခြင်းကြောင့် ဖြစ်သော ဒဏ်ရာ (Repetitive stress) – လက်ကောက်ဝတ်ကို အချိန်ကြာမြင့်စွာ ထပ်တလဲလဲ လှုပ်ရှားရသည့် မည်သည့်လုပ်ဆောင်ချက်မဆို အဆစ်ပတ်ဝန်းကျင်ရှိ တစ်ရှူးများကို ရောင်ရမ်းစေနိုင်သည် သို့မဟုတ် အရိုးအက်ခြင်းများကို ဖြစ်စေနိုင်ပါသည်။ ဥပမာအားဖြင့် ခရီးဝေး ကားမောင်းခြင်း၊ တယောကြီး (Cello) တီးခြင်း သို့မဟုတ် တင်းနစ်ရိုက်ခြင်းတို့ ပါဝင်ပါသည်။ အနားမယူဘဲ ထိုသို့သော လှုပ်ရှားမှုများကို အချိန်ကြာမြင့်စွာ ဆက်တိုက်ပြုလုပ်ပါက ဒဏ်ရာရနိုင်ခြေ ပိုမိုမြင့်မားလာပါသည်။ လက်မခြေရင်းတွင် နာကျင်မှုကို ဖြစ်စေသော ဒီကွာဗိန်း အဆစ်‌ရောင်ရောဂါ (De Quervain tenosynovitis) သည် ထပ်တလဲလဲ အသုံးပြုရခြင်းကြောင့် ဖြစ်သော ဒဏ်ရာအမျိုးအစား တစ်ခုဖြစ်ပါသည်။
  • အဆစ်အမြစ်ရောင်ရောဂါ
  • အရိုးအဆစ်ရောင်ခြင်း (Osteoarthritis) – အရိုးများ၏ အစွန်းပိုင်းတွင်ရှိသော အရိုးနုများ အချိန်ကြာလာသည်နှင့်အမျှ တိုက်စားခံရသည့်အခါ ဤရောဂါ ဖြစ်ပွားပါသည်။ လက်ကောက်ဝတ်တွင် ဤရောဂါဖြစ်ပွားမှုမှာ ရှားပါးပြီး များသောအားဖြင့် ယခင်က လက်ကောက်ဝတ်တွင် ဒဏ်ရာရဖူးသူများ၌သာ တွေ့ရလေ့ရှိပါသည်။
  • လေးဖက်နာ အဆစ်ရောင်ရောဂါ (Rheumatoid arthritis) – ခန္ဓာကိုယ်၏ ခုခံအားစနစ်က ၎င်း၏ တစ်ရှူးများကို ပြန်လည်တိုက်ခိုက်သည့် ဤရောဂါသည် လက်ကောက်ဝတ်တွင် မကြာခဏ ဖြစ်ပွားတတ်ပါသည်။ ပုံမှန်အားဖြင့် လက်ကောက်ဝတ် တစ်ဖက်တွင် ဖြစ်ပါက အခြားတစ်ဖက်တွင်လည်း ဖြစ်ပေါ်တတ်ပါသည်။

အသားထူ အရေပြားရောဂါနှင့် တွဲဖက်ဖြစ်သော အဆစ်ရောင်ရောဂါ (Psoriatic arthritis) – အရေပြား ထူအမ်းအမ်းဖြစ်ပြီး အဖတ်များ ကွာကျတတ်သော အသားထူ အရေပြားရောဂါ ရှိသူများတွင် ဤအဆစ်ရောင်ရောဂါ ဖြစ်ပွားနိုင်ပါသည်။ လက်ကောက်ဝတ် နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနှင့် ထိတွေ့ပါက နာကျင်ခြင်းတို့မှာ ဤရောဂါ၏ လက္ခဏာများဖြစ်ပြီး အဆစ်များ တောင့်တင်းခြင်းနှင့် လှုပ်ရှားနိုင်စွမ်း လျော့နည်းခြင်းတို့ ဖြစ်နိုင်ပါသည်။

  • အခြားသော ရောဂါများနှင့် အခြေအနေများ
  • လက်ကောက်ဝတ် အာရုံကြောပိတ်ခြင်း (Carpal tunnel syndrome) – လက်ကောက်ဝတ်၏ လက်ဖဝါးဘက်ခြမ်းရှိ လိုဏ်ခေါင်းသဖွယ် လမ်းကြောင်းလေး (Carpal tunnel) အတွင်းရှိ အလယ်အာရုံကြော (Median nerve) အပေါ် ဖိအားများလာသည့်အခါ ဖြစ်ပွားပါသည်။
  • ဂဲန်ဂလီယွန် အရည်အိတ်များ (Ganglion cysts) – လက်ဖဝါး၏ ဆန့်ကျင်ဘက် လက်ကောက်ဝတ်နေရာတွင် ဤပျော့အိသော အရည်အိတ်များ အဖြစ်များပါသည်။ ၎င်းတို့ကြောင့် နာကျင်မှု ခံစားရနိုင်ပြီး လှုပ်ရှားမှု ပြုလုပ်သည့်အခါ နာကျင်မှုမှာ ပိုမိုဆိုးရွားလာခြင်း သို့မဟုတ် သက်သာသွားခြင်းတို့ ဖြစ်နိုင်ပါသည်။
  • ကီးန်ဘော့ခ် ရောဂါ (Kienbock disease) – လူငယ်များတွင် အဖြစ်များသော ဤရောဂါသည် လက်ကောက်ဝတ်ရှိ သေးငယ်သော အရိုးလေးများအနက်မှ တစ်ခုဆီသို့ သွေးစီးဆင်းမှု လုံလောက်စွာ မရရှိသည့်အခါ အဆိုပါအရိုးလေး တဖြည်းဖြည်း ပျက်စီးသွားခြင်း ဖြစ်ပါသည်။
  • လူပတ်စ် (Lupus) – အရေပြား လေးဖက်နာရောဂါသည် ခန္ဓာကိုယ်၏ ခုခံအားစနစ်က ကျန်းမာသော တစ်ရှူးများကို ပြန်လည်တိုက်ခိုက်သော ရောဂါဖြစ်ပါသည်။ ဤရောဂါရှင်များသည် လက်ကောက်ဝတ်နှင့် လက်ရှိ သေးငယ်သော အဆစ်လေးများတွင် အဆစ်ရောင်ခြင်းကို မကြာခဏ ခံစားရတတ်ပါသည်။

ဖြစ်ပွားနိုင်ခြေ မြင့်မားစေသော အချက်များ

လက်ကောက်ဝတ် နာကျင်ခြင်းသည် လှုပ်လှုပ်ရှားရှား နေထိုင်သူဖြစ်စေ၊ ငြိမ်သက်စွာ နေထိုင်သူဖြစ်စေ မည်သူမဆို ဖြစ်ပွားနိုင်ပါသည်။ သို့ရာတွင် အောက်ပါအချက်များကြောင့် ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်တက်လာနိုင်ပါသည်။

  • အားကစား လှုပ်ရှားမှုများ – ရုတ်တရက် ထိခိုက်မိခြင်း သို့မဟုတ် လက်ကောက်ဝတ်ကို ထပ်တလဲလဲ အသုံးပြုရခြင်းတို့ ပါဝင်သော အားကစားနည်းများစွာသည် လက်ကောက်ဝတ် ဒဏ်ရာများကို မကြာခဏ ဖြစ်ပွားစေပါသည်။ ဥပမာအားဖြင့် ဘောလုံး၊ ဘိုးလင်း၊ ဂေါက်သီး၊ ကျွမ်းဘား၊ စနိုးဘုတ်စီးခြင်းနှင့် တင်းနစ်ရိုက်ခြင်းတို့ ပါဝင်ပါသည်။
  • ထပ်တလဲလဲ လုပ်ဆောင်ရသော အလုပ်များ – လက်မှုပညာ (ချည်ထိုးခြင်း) နှင့် ဆံပင်ညှပ်ခြင်း အပါအဝင် လက်နှင့် လက်ကောက်ဝတ်ကို အသုံးပြုရသော မည်သည့်လုပ်ဆောင်ချက်မဆို အားစိုက်၍ အကြိမ်ကြိမ် ပြုလုပ်ရပါက အလုပ်အကိုင် ပျက်ကွက်ရလောက်သည်အထိ ပြင်းထန်သော လက်ကောက်ဝတ် နာကျင်မှုကို ဖြစ်စေနိုင်ပါသည်။
  • အချို့သော ရောဂါများနှင့် အခြေအနေများ – ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ ဆီးချိုရောဂါ ရှိသူများ၊ ကိုယ်အလေးချိန် များလွန်းသူများ၊ လေးဖက်နာ အဆစ်ရောင်ရောဂါ သို့မဟုတ် ဂေါက်ရောဂါ ရှိသူများတွင် လက်ကောက်ဝတ် အာရုံကြောပိတ်ခြင်း (Carpal tunnel syndrome) ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားပါသည်။

ရောဂါရှာဖွေခြင်း (Diagnosis)

သင့်ဆရာဝန်သည် ရောဂါရှာဖွေဖော်ထုတ်ရန်အတွက် လူနာအား အောက်ပါအတိုင်း ကိုယ်ခန္ဓာစစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။

  • သင့်လက်ကောက်ဝတ်တွင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် ပုံသဏ္ဌာန် ပျက်ယွင်းနေခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း။
  • သင့်လက်ကောက်ဝတ်ကို လှုပ်ရှားသည့်အခါ ပုံမှန်အတိုင်း လှုပ်ရှားနိုင်စွမ်း လျော့နည်းသွားခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း။
  • သင့်လက်ဖျံ၏ လုပ်ဆောင်ချက်နှင့် လက်ဆုပ်အား (Grip strength) မည်မျှရှိသည်ကို စစ်ဆေးခြင်း။

ပုံရိပ်ဖော် စစ်ဆေးမှုများ (Imaging tests)

လက်ကောက်ဝတ် နာကျင်ခြင်းအတွက် အောက်ပါပုံရိပ်ဖော် စစ်ဆေးမှုများကို ပြုလုပ်နိုင်ပါသည်။

  • ဓာတ်မှန်ရိုက်ခြင်း (X-ray) – ဤသည်မှာ လက်ကောက်ဝတ် နာကျင်ခြင်းအတွက် အသုံးအများဆုံး စစ်ဆေးမှု ဖြစ်ပါသည်။ ဓာတ်ရောင်ခြည် အနည်းငယ်ကို အသုံးပြု၍ အရိုးကျိုးခြင်း သို့မဟုတ် အရိုးအဆစ်ရောင်ခြင်း၏ လက္ခဏာရပ်များကို ရှာဖွေဖော်ထုတ်ပေးပါသည်။
  • ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း (CT Scan) – ဤစစ်ဆေးမှုသည် သာမန်ဓာတ်မှန်တွင် မမြင်နိုင်သော အရိုးအက်ခြင်းများကို ရှာဖွေနိုင်ရုံသာမက လက်ကောက်ဝတ်ရှိ အရိုးများကို ပိုမိုအသေးစိတ် မြင်တွေ့နိုင်ရန် ဆောင်ရွက်ပေးပါသည်။
  • သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) – ရေဒီယိုလှိုင်းများနှင့် အားကောင်းသော သံလိုက်စက်ကွင်းတို့ကို အသုံးပြု၍ အရိုးများနှင့် ပျော့ပြောင်းသော တစ်ရှူးများ၏ ပုံရိပ်ကို အလွန်အသေးစိတ်ကျစွာ ထုတ်ပေးပါသည်။ လက်ကောက်ဝတ် MRI ရိုက်ရန်အတွက် ခန္ဓာကိုယ်တစ်ခုလုံး ထည့်ရသော စက်ကြီးကို အသုံးပြုမည့်အစား သင့်လက်ကိုသာ ထည့်သွင်းရန် လိုအပ်သော ပိုမိုသေးငယ်သည့် စက်ကိုလည်း အသုံးပြုနိုင်ပါသည်။
  • အာထရာဆောင်း (Ultrasound) – ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် မလိုသော ဤစစ်ဆေးမှုဖြင့် အရည်အိတ်များ၊ အဆစ်ကြိုးများနှင့် အရွတ်များကို စစ်ဆေးကြည့်ရှုနိုင်ပါသည်။

လက်ကောက်ဝတ် မှန်ပြောင်းကြည့်ခြင်း (Arthroscopy)

ပုံရိပ်ဖော်စစ်ဆေးမှုများ၏ ရလဒ်များမှာ ရောဂါရှာဖွေရန် မလုံလောက်သည့်အခါတွင် မှန်ပြောင်းကြည့်၍ စစ်ဆေးရန် လိုအပ်နိုင်ပါသည်။ ဤလုပ်ထုံးလုပ်နည်းတွင် ခဲတံအရွယ်အစားခန့်ရှိသော မှန်ပြောင်းကိရိယာ (Arthroscope) ကို အရေပြားပေါ်ရှိ သေးငယ်သော ခွဲစိတ်ရာလေးမှတစ်ဆင့် လက်ကောက်ဝတ်အတွင်းသို့ ထည့်သွင်းပါသည်။ ထိုကိရိယာအတွင်း၌ သေးငယ်သော ကင်မရာနှင့် မီးချောင်းလေး ပါဝင်ပြီး ၎င်းတို့သည် အတွင်းပိုင်းပုံရိပ်များကို တီဗီဖန်သားပြင်ပေါ်သို့ ပို့လွှတ်ပြသပေးပါသည်။ နာတာရှည် လက်ကောက်ဝတ်နာကျင်မှုကို ရောဂါရှာဖွေဖော်ထုတ်ရာတွင် မှန်ပြောင်းကြည့်ခြင်းသည် အကောင်းဆုံးနှင့် အတိကျဆုံးသော စံသတ်မှတ်ချက် နည်းလမ်းဖြစ်ပါသည်။ ရံဖန်ရံခါတွင် သင့်ဆရာဝန်သည် လက်ကောက်ဝတ်ပြဿနာများကို ကုသရန်အတွက်လည်း ဤမှန်ပြောင်းကိရိယာကို အသုံးပြုနိုင်ပါသည်။

အာရုံကြော စစ်ဆေးခြင်း (Nerve tests)

လက်ကောက်ဝတ် အာရုံကြောပိတ်ခြင်း (Carpal tunnel syndrome) ဖြစ်နိုင်သည်ဟု ယူဆရပါက သင့်ဆရာဝန်သည် ကြွက်သားလျှပ်စစ်လှိုင်းတိုင်းတာခြင်း (Electromyogram) ကို ပြုလုပ်နိုင်ပါသည်။ ဤစစ်ဆေးမှုသည် ကြွက်သားများမှ ထွက်ပေါ်လာသော အလွန်သေးငယ်သည့် လျှပ်စစ်စီးဆင်းမှုများကို တိုင်းတာခြင်း ဖြစ်ပါသည်။ အပ်ကဲ့သို့ သေးသွယ်သော လျှပ်ခေါင်း (Electrode) တစ်ခုကို ကြွက်သားအတွင်းသို့ ထည့်သွင်း၍ ကြွက်သား အနားယူနေချိန် သို့မဟုတ် ကျုံ့ထားချိန်တို့တွင် ဖြစ်ပေါ်သော လျှပ်စစ်လှိုင်း လှုပ်ရှားမှုများကို မှတ်တမ်းတင်ပါသည်။ ထို့ပြင် လက်ကောက်ဝတ်ရှိ လိုဏ်ခေါင်းသဖွယ် လမ်းကြောင်းလေးအတွင်း လျှပ်စစ်လှိုင်း စီးဆင်းမှုများ နှေးကွေးနေခြင်း ရှိ၊ မရှိကို သိရှိနိုင်ရန်အတွက် အာရုံကြော စီးဆင်းမှုဆိုင်ရာ စစ်ဆေးမှုများကိုလည်း ပြုလုပ်နိုင်ပါသည်။

ကုသမှု (Treatment)

လက်ကောက်ဝတ် ပြဿနာများကို မည်သို့ကုသမည်ဆိုသည်မှာ ဒဏ်ရာ၏ အမျိုးအစား၊ ဖြစ်ပွားသည့်နေရာနှင့် ပြင်းထန်မှု အခြေအနေတို့အပေါ်တွင် မူတည်သကဲ့သို့ သင့်အသက်အရွယ်နှင့် ယေဘုယျ ကျန်းမာရေး အခြေအနေတို့အပေါ်တွင်လည်း မူတည်ပါသည်။

ဆေးဝါးများဖြင့် ကုသခြင်း (Medications)

အိုင်ဗျူပရိုဖန် (Ibuprofen) နှင့် အစီတာမီနိုဖန် (Acetaminophen) ကဲ့သို့သော ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဝယ်ယူရရှိနိုင်သည့် အကိုက်အခဲပျောက်ဆေးများသည် လက်ကောက်ဝတ် နာကျင်မှုကို သက်သာစေနိုင်ပါသည်။ ပိုမိုပြင်းထန်သော အကိုက်အခဲပျောက်ဆေးများကိုမူ ဆရာဝန်ညွှန်ကြားချက်ဖြင့် ရရှိနိုင်ပါသည်။ အချို့သော အခြေအနေများတွင် စတီးရွိုက် (Corticosteroid) ဆေးဝါးများကို တိုက်ရိုက်ထိုးသွင်း၍ ကုသခြင်းသည်လည်း ရွေးချယ်စရာ နည်းလမ်းတစ်ခု ဖြစ်နိုင်ပါသည်။

ကုထုံးများ (Therapy)

လက်ကောက်ဝတ် ဒဏ်ရာများနှင့် အရွတ်ဆိုင်ရာ ပြဿနာများအတွက် ကာယကုထုံးပညာရှင် (Physical therapist) က သီးသန့်ကုသမှုများနှင့် လေ့ကျင့်ခန်းများကို ဆောင်ရွက်ပေးနိုင်ပါသည်။ အကယ်၍ သင်သည် ခွဲစိတ်မှုခံယူရန် လိုအပ်ပါကလည်း ခွဲစိတ်ပြီးနောက် ပြန်လည်ကျန်းမာလာစေရန် ကာယကုထုံးပညာရှင်က ကူညီပေးနိုင်ပါသည်။ ထို့ပြင် လက်ကောက်ဝတ် နာကျင်မှုကို ဖြစ်စေသည့် လုပ်ငန်းခွင်အတွင်းရှိ အခြေအနေများကို ဆန်းစစ်ပေးသော အာဂိုနောမစ် (Ergonomic) ဆိုင်ရာ အကဲဖြတ်မှုများသည်လည်း သင့်အတွက် အကျိုးရှိနိုင်ပါသည်။

အကယ်၍ သင်သည် လက်ကောက်ဝတ်အရိုး ကျိုးသွားပါက အရိုးများ မှန်ကန်စွာ ပြန်လည်ဆက်မိစေရန်အတွက် အရိုးနေရာပြန်ချခြင်း (Reduction) ပြုလုပ်ရန် လိုအပ်ပါလိမ့်မည်။ အရိုးများ ပြန်လည်ကောင်းမွန်လာစဉ်အတွင်း ၎င်းတို့ကို ပုံမပျက်ဘဲ ထိန်းထားနိုင်ရန် ကျောက်ပတ်တီး (Cast) သို့မဟုတ် ကျပ်စည်းခြင်း (Splint) တို့ဖြင့် ကူညီပေးနိုင်ပါသည်။

လက်ကောက်ဝတ် အဆစ်လွဲခြင်း သို့မဟုတ် အကြောလျှော့ခြင်းများ ဖြစ်ပေါ်ပါက ထိခိုက်မိထားသော အရွတ် သို့မဟုတ် အဆစ်ကြိုးများ ပြန်လည်ကောင်းမွန်လာစဉ်အတွင်း အကာအကွယ်ပေးရန် ကျပ် (Splint) တစ်ခုကို ဝတ်ဆင်ထားရန် လိုအပ်နိုင်ပါသည်။ ထပ်တလဲလဲ လုပ်ဆောင်ရသော လှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်သည့် ဒဏ်ရာများအတွက် ကျပ်စည်းထားခြင်းသည် အထူးပင် အကျိုးရှိပါသည်။

ခွဲစိတ်ကုသခြင်း (Surgery)

အချို့သော အခြေအနေများတွင် ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နိုင်ပါသည်။ ဥပမာအားဖြင့် –

  • အရိုးကျိုးခြင်း – အချို့သော အခြေအနေများတွင် ကျိုးသွားသော အရိုးများ ပြန်လည်ဆက်မိပြီး ကောင်းမွန်စွာ အနာကျက်စေရန် ခွဲစိတ်ပြုပြင်ရန် လိုအပ်နိုင်ပါသည်။ အရိုးအထူးကု ဆရာဝန်သည် ကျိုးနေသော အရိုးအပိုင်းအစများကို သတ္တုကိရိယာများ အသုံးပြု၍ ပြန်လည်စိစပ်ပေးရန် လိုအပ်နိုင်ပါသည်။
  • လက်ကောက်ဝတ် အာရုံကြောပိတ်ခြင်း (Carpal tunnel syndrome) – အကယ်၍ သင့်ရောဂါလက္ခဏာများမှာ အလွန်ပြင်းထန်ပါက အာရုံကြောပေါ်ရှိ ဖိအားများကို လျှော့ချပေးနိုင်ရန်အတွက် လိုဏ်ခေါင်းသဖွယ် လမ်းကြောင်း၏ အပေါ်ယံအမိုးသဖွယ်ဖြစ်နေသော အဆစ်ကြိုးကို ခွဲစိတ်ဖြတ်တောက်ရန် လိုအပ်နိုင်ပါသည်။
  • အရွတ် သို့မဟုတ် အဆစ်ကြိုးများကို ပြုပြင်ခြင်း – ပြတ်တောက်သွားသော အရွတ်များ သို့မဟုတ် အဆစ်ကြိုးများကို ကုသရန်အတွက် တစ်ခါတစ်ရံတွင် ခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်တတ်ပါသည်။

Doctors who treat this condition