ဝှမ်းကျောက်ကပ်ကင်ဆာကျိတ်ရောဂါ
အကျဉ်းချုပ်
Wilms’ tumor သို့မဟုတ် ဝှမ်းကျောက်ကပ်ကင်ဆာကျိတ်ရောဂါ ဟု လူသိများသော ကျောက်ကပ်ကင်ဆာအမျိုးအစားသည် အသက် ၃ နှစ်မှ ၄ နှစ်အရွယ် ကလေးများကို အများဆုံး ထိခိုက်စေသော ရှားပါးကင်ဆာတစ်မျိုးဖြစ်သည်။ အသက် ၅ နှစ်ကျော်များတွင် ဖြစ်ပွားမှုရာခိုင်နှုန်းနည်းပါးသည်။ ၎င်းအကျိတ်ကို ကျောက်ကပ်တစ်ခုထဲတွင် တွေ့ရှိရလေ့ရှိသော်လည်း ကျောက်ကပ်နှစ်ခုလုံးတွင်လည်း တစ်ပြိုင်နက်တည်း ဖြစ်ပွားနိုင်သည်။
Wilms’ tumor ဝှမ်းကျောက်ကပ်ကင်ဆာကျိတ်ရောဂါ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတွင် နောက်ဆုံးပေါ်နည်းပညာများသည် အလွန်တိုးတက်ကောင်းမွန်လာပြီး ကလေးများတွင် ရောဂါပြန်လည်ကောင်းမွန်မှုအလားအလာကို အထောက်အကူပြုနိုင်သည်။ Wilms’ tumor ဝှမ်းကျောက်ကပ်ကင်ဆာကျိတ်ရောဂါ အတွက် ကုသမှုများတွင် ခွဲစိတ်ကုသမှု၊ ဆေးဓာတုကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံးတို့ ပါဝင်သည်။ ထို့အပြင်၊ မှန်ကန်သောကုသမှုကို လုပ်ဆောင်နိုင်ပါက ရလဒ်သည် အလွန်အပြုသဘောဆောင်နိုင်ပါသည်။
လက္ခဏာများ
ကလေးအချို့တွင် မည်သည့်ရောဂါလက္ခဏာများ မပြသော်လည်း စောင့်ကြည့်ရမည့်အချက်များမှာ အောက်ပါတို့ပါဝင်သည် –
- ဝမ်းဗိုက်တွင် နာကျင်ခြင်း
- ဝမ်းဗိုက်တွင် အလုံးစမ်းမိခြင်း
- ဝမ်းဗိုက်ရောင်ရမ်းလာခြင်း
အခြားဖြစ်ပွားနိုင်သည့် ရောဂါလက္ခဏာများ-
- ဖျားနာခြင်း
- အသက်ရှူရခက်ခဲခြင်း
- ခေါင်းမူးခြင်း သို့မဟုတ်/နှင့် ပျို့အန်ခြင်း
- ဝမ်းချုပ်ခြင်း
- အစားအသောက်ပျက်ခြင်း
- ဆီးထဲတွင် သွေးပါခြင်း
- သွေးတိုးရောဂါဖြစ်ပွားခြင်း
ဤလက္ခဏာများ ပေါ်ပေါက်ပါက သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။
အကြောင်းရင်းများ
Wilms’ tumor ဝှမ်းကျောက်ကပ်ကင်ဆာကျိတ်ရောဂါ ဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရသေးသော်လည်း မျိုးရိုးလိုက်နိုင်သည်ဟုယူဆရသည်။ တစ်ချိန်တည်းမှာပင်၊ ဆဲလ်၏ DNA သည် ပုံမှန်မဟုတ်သောဆဲလ်များ၏ မထိန်းချုပ်နိုင်သော ကြီးထွားမှုကို ဖြစ်ပေါ်စေသည့် မျိုးရိုးဗီဇပြောင်းလဲမှုကို ဖြစ်ပေါ်သောအခါ ကင်ဆာရောဂါဖြစ်ပေါ်လာစေသည်။
ရှားပါးသော်လည်း မိဘများသည် Wilms’ tumor နှင့် ဆက်စပ်သော မျိုးရိုးဗီဇပြောင်းလဲမှုရှိနိုင်သည့် ၎င်းတို့၏ DNA ကို ကလေးများသို့ လက်ဆင့်ကမ်းပေးနိုင်သည်။
Wilms’ tumor ဝှမ်းကျောက်ကပ်ကင်ဆာကျိတ်ရောဂါပိုမိုဖြစ်ပွားစေနိုင်သောအချက်များ
Wilms’ tumor ဝှမ်းကျောက်ကပ်ကင်ဆာကျိတ်ရောဂါ ဖြစ်ပွားနိုင်သည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- အာဖရိကန်အမေရိကန်လူမည်းလူမျိုးများသည် Wilms’ tumor ဝှမ်းကျောက်ကပ်ကင်ဆာကျိတ်ရောဂါ အဖြစ်များပြီး အာရှ-အမေရိကန်များမှာမူ ရောဂါဖြစ်ပွားနိုင်ခြေ နည်းပါးသည်။
- မျိုးရိုးဗီဇ။ Wilms’ tumor မိသားစုရာဇဝင်ရှိခြင်းသည် ရောဂါဖြစ်ပွားနိုင်ခြေ ပိုများသည်။
ဤရောဂါများဖြင့် မွေးဖွားလာသော ကလေးများသည် Wilms’ tumor ဖြစ်ပေါ်စေနိုင်သည်။ ဤရောဂါများတွင် အောက်ပါတို့ ပါဝင်နိုင်သည်-
- Aniridia။ မျက်လုံး၏ မျက်ဆံတွင် အရောင်မရှိ သို့မဟုတ် တစ်စိတ်တစ်ပိုင်းသာ အရောင်ရှိသောရောဂါ၊
- Hemihypertrophy။ ခန္ဓာကိုယ်တစ်ဖက်သည် အခြားတစ်ဖက်ထက် ပိုကြီးနေသည့် ရောဂါ။
ရှားရှားပါးပါး ဖြစ်ပွားလေ့ရှိသော ရောဂါအချို့သည် Wilms’ tumor ဖြစ်ပွားခြင်းနှင့် ဆက်စပ်နေနိုင်သည်-
- WAGR ရောဂါလက္ခဏာ။ ဤရောဂါတွင် Wilms’ tumor၊ aniridia၊ ဆီးလမ်းကြောင်းနဲ့ မျိုးပွားအင်္ဂါတွေမှာ ပုံမှန်မဟုတ်ခြင်း၊ ဉာဏ်ရည်မသန်စွမ်းခြင်းများ ရှိနိုင်ပါတယ်။
- Denys-Drash syndrome။ ဤရောဂါတွင် Wilms’ tumor၊ ကျောက်ကပ်ရောဂါနဲ့ ယောက်ျားလေးမွေးချိန်မှာ ဝှေးစေ့ပါပေမယ့် မိန်းကလေးပုံသဏ္ဍာန်ရှိသော ပုံမှန်မဟုတ်တာတွေ ရှိနိုင်ပါသည်။
- Beckwith-Wiedemann syndrome။ ဤရောဂါတွင် ကလေးသည် တခြားရွယ်တူကလေးများထက် အရွယ်အစားပိုကြီးပိုထွားခြင်း ထို့အပြင် လျှာကြီးခြင်း၊ ချက်အောက်က ကိုယ်တွင်းအင်္ဂါများ ဖောင်းခြင်း၊ နားပြဿနာများနဲ့ ကိုယ်တွင်းအင်္ဂါများ ပိုကြီးတာမျိုး ဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့အပြင် အသည်းကျိတ် ဒါမှမဟုတ် hepatoblastoma (အသည်းကင်ဆာတစ်မျိုး) ဖြစ်နိုင်ခြေလည်း ရှိပါတယ်။
ရောဂါရှာဖွေခြင်း
Wilms’ tumor ကို ရောဂါရှာဖွေရန်အတွက် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုင်ပါသည် –
- ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးခြင်း (Physical assessment): ဆရာဝန်သည် Wilms’ tumor ၏ လက္ခဏာရပ်များ ရှိ၊ မရှိ သိရှိနိုင်ရန် ကလေး၏ ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးပါလိမ့်မည်။
- ဓာတ်ခွဲခန်း စစ်ဆေးမှုများ (Laboratory tests): Wilms’ tumor ကို အတိအကျ အတည်ပြုနိုင်သော သွေးစစ်ခြင်း သို့မဟုတ် ဆီးစစ်ခြင်းမျိုး မရှိပါ။ သို့သော်လည်း ဤစစ်ဆေးမှုများသည် ကျောက်ကပ်၏ လုပ်ဆောင်ချက် ကျဆင်းနေခြင်း ရှိ၊ မရှိ သို့မဟုတ် သွေးဆဲလ်အရေအတွက်များ လျော့နည်းနေခြင်း ရှိ၊ မရှိတို့ကို သိရှိနိုင်ရန် ကူညီပေးပါသည်။
- ပုံရိပ်ဖော် စစ်ဆေးမှုများ (Imaging tests): အာထရာဆောင်း (Ultrasound)၊ ကွန်ပျူတာဓာတ်မှန် (CT Scan) သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) တို့ကို အသုံးပြု၍ ကလေး၏ ကျောက်ကပ်အတွင်း အကျိတ်များ ရှိ၊ မရှိ ပုံရိပ်ဖော် ကြည့်ရှုနိုင်ပါသည်။
ရောဂါအဆင့် သတ်မှတ်ခြင်း (Staging)
Wilms’ tumor ဖြစ်ပွားနေကြောင်း အထူးကုဆရာဝန်က အတည်ပြုပြီးပါက နောက်တစ်ဆင့်မှာ ရောဂါမည်မျှအထိ ပျံ့နှံ့နေသည် (ရောဂါအဆင့်) ကို သိရှိရန် ဖြစ်ပါသည်။
ကင်ဆာသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့ရောက်ရှိခြင်း ရှိ၊ မရှိ စစ်ဆေးရန် ရင်ဘတ်ဓာတ်မှန် (Chest X-ray)၊ ရင်ဘတ်ကွန်ပျူတာဓာတ်မှန် (Chest CT Scan) နှင့် အရိုးဓာတ်မှန် (Bone scan) တို့ကို ပြုလုပ်နိုင်ပါသည်။
ကင်ဆာအဆင့်အပေါ် မူတည်၍ ကုသမှုနည်းလမ်းကို ဆုံးဖြတ်ပါမည်။ အမေရိကန်ပြည်ထောင်စုရှိ ကလေးကင်ဆာအဖွဲ့ (Children’s Oncology Group) ၏ အမျိုးသား Wilms’ Tumor လေ့လာမှုအရ ရောဂါအဆင့် (၅) ဆင့်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
- အဆင့် ၁ (Stage I): ကျောက်ကပ်တစ်ခုတည်းတွင်သာ ဖြစ်ပွားပြီး ကင်ဆာသည် ထိုကျောက်ကပ်အတွင်း၌သာ ရှိနေသေးသည်။ ဤအဆင့်တွင် ခွဲစိတ်မှုဖြင့် လုံးဝဖယ်ရှားနိုင်ပါသည်။
- အဆင့် ၂ (Stage II): ဤအဆင့်တွင် ကင်ဆာသည် ကျောက်ကပ်အပြင်ဘက်ရှိ အနီးနားရှိ အစိတ်အပိုင်းများသို့ ပျံ့နှံ့နေပြီ ဖြစ်သော်လည်း ခွဲစိတ်ကုသမှုဖြင့် ဖယ်ရှားနိုင်ဆဲ ဖြစ်ပါသည်။
- အဆင့် ၃ (Stage III): ဤအဆင့်တွင် ကင်ဆာသည် အနီးနားရှိ ပြန်ရည်ကျိတ် (Lymph nodes) များ သို့မဟုတ် ဝမ်းဗိုက်အတွင်းရှိ အခြားနေရာများသို့ ပျံ့နှံ့သွားပြီ ဖြစ်သည်။ ကင်ဆာအကျိတ်သည် ခွဲစိတ်မှုမတိုင်မီ (သို့မဟုတ်) ခွဲစိတ်မှုအပြီးတွင် ဝမ်းဗိုက်အတွင်း ပျံ့နှံ့သွားခြင်း ဖြစ်နိုင်သလို၊ ခွဲစိတ်မှုဖြင့်လည်း လုံးဝဖယ်ရှား၍ မရနိုင်တော့သည့် အခြေအနေ ဖြစ်ပါသည်။
- အဆင့် ၄ (Stage IV): ကင်ဆာသည် ကျောက်ကပ်နှင့် ဝေးကွာသော အသည်း၊ အဆုတ်၊ ဦးနှောက် သို့မဟုတ် အရိုးများကဲ့သို့သော အစိတ်အပိုင်းများသို့ ပျံ့နှံ့သွားပြီ ဖြစ်သည်။
- အဆင့် ၅ (Stage V): ကျောက်ကပ်နှစ်ဖက်လုံးတွင် Wilms’ tumor ဖြစ်ပွားနေသည်ကို စစ်ဆေးတွေ့ရှိရခြင်း ဖြစ်ပါသည်။
အချို့သော အခြေအနေများတွင် အလွန်ရှုပ်ထွေးသော ခွဲစိတ်မှုဖြင့် Wilms’ tumor ကို မည်သို့ဖယ်ရှားရမည်ကို ရှာဖွေနိုင်ရန် လူနာ၏ ခန္ဓာကိုယ်တည်ဆောက်ပုံ ပုံစံတူ (Copy) ကို 3-D ပရင်တာ (3-D printer) အသုံးပြု၍ ထုတ်လုပ်နိုင်ပါသည်။
ကုသခြင်း
Wilms’ tumor ကို ကုသရာတွင် ရောဂါအဆင့်အပေါ် မူတည်၍ ခွဲစိတ်ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy) နှင့်/သို့မဟုတ် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy) တို့ကို လုပ်ဆောင်နိုင်ပါသည်။ ဤကုသမှုများကို ကလေးကင်ဆာစင်တာများတွင် စနစ်တကျ စောင့်ကြည့်ကုသရမည် ဖြစ်ပါသည်။
ခွဲစိတ်ကုသခြင်း (Surgery)
Wilms’ tumor ကို ဖယ်ရှားရန်အတွက် ကျောက်ကပ်တစ်ခုလုံးကို ဖြစ်စေ၊ သို့မဟုတ် ကျောက်ကပ်၏ အစိတ်အပိုင်းတစ်ခုကို ဖြစ်စေ (Partial nephrectomy) ခွဲစိတ်မှု ပြုလုပ်နိုင်ပါသည်။ ထို့နောက် ဖယ်ရှားလိုက်သော တစ်ရှူးနမူနာကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်ကာ ကင်ဆာဆဲလ်များ ပါဝင်မှု ရှိ၊ မရှိနှင့် ကင်ဆာအမျိုးအစားကို အတည်ပြုရန် စစ်ဆေးရပါမည်။ Wilms’ tumor ကို ဖယ်ရှားရာတွင် အောက်ပါ ခွဲစိတ်မှုနည်းပညာများကို အသုံးပြုနိုင်ပါသည် –
- ကျောက်ကပ်အစိတ်အပိုင်းကို ဖယ်ရှားခြင်း (Partial nephrectomy): ကျောက်ကပ်၏ အစိတ်အပိုင်းတစ်ခုနှင့် ၎င်းအနီးရှိ တစ်ရှူးအနည်းငယ်ကိုသာ ဖယ်ရှားခြင်း ဖြစ်ပါသည်။ ဤနည်းလမ်းကို အကျိတ်အလွန်သေးငယ်သည့် အခါတွင်ဖြစ်စေ၊ ကလေးတွင် အလုပ်လုပ်နိုင်သော ကျောက်ကပ်တစ်လုံးတည်းသာ ရှိသည့်အခါတွင်ဖြစ်စေ အသုံးပြုလေ့ရှိပါသည်။
- ကျောက်ကပ်တစ်ခုလုံးကို အမြစ်ပြတ်ဖယ်ရှားခြင်း (Radical nephrectomy): ကျောက်ကပ်နှင့်အတူ ၎င်း၏အနီးတစ်ဝိုက်ရှိ တစ်ရှူးများ၊ ပြန်ရည်ကျိတ်များ၊ ဆီးပြွန် (Ureter) ၏ အစိတ်အပိုင်းတစ်ခု သို့မဟုတ် အချို့အခြေအနေများတွင် အဒရီနယ်ဂလင်း (Adrenal gland) ကိုပါ ဖယ်ရှားခြင်း ဖြစ်ပါသည်။ ကျန်ရှိသော ကျောက်ကပ်တစ်လုံးသည် သွေးကို သန့်စင်ပေးသည့်အလုပ်ကို တစ်ဦးတည်း လုပ်ဆောင်ရမည် ဖြစ်ပါသည်။
- ကျောက်ကပ်နှစ်ဖက်လုံး သို့မဟုတ် အစိတ်အပိုင်းများကို ဖယ်ရှားခြင်း: ကျောက်ကပ်နှစ်ဖက်လုံးတွင် ကင်ဆာဖြစ်နေပါက ခွဲစိတ်ဆရာဝန်သည် ကင်ဆာဖြစ်နေသည့် အစိတ်အပိုင်းအများစုကို ဖယ်ရှားပါမည်။ အချို့သောအခြေအနေများတွင် ကျောက်ကပ်နှစ်ဖက်လုံးကို ဖယ်ရှားရန် လိုအပ်နိုင်ပြီး ထိုအခါ ကလေးသည် ကျောက်ကပ်ဆေးခြင်း (Hemodialysis) သို့မဟုတ် ကျောက်ကပ် အစားထိုးကုသခြင်း (Kidney transplant) ကို ခံယူရပါမည်။
ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)
ကင်ဆာဆေးသွင်းကုသခြင်းသည် ခန္ဓာကိုယ်အနှံ့ရှိ ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် အထူးဖော်စပ်ထားသော ဆေးဝါးများကို အသုံးပြုခြင်း ဖြစ်ပါသည်။ Wilms’ tumor ကို ကုသရာတွင် ပုံမှန်အားဖြင့် ဆေးအမျိုးမျိုးကို ပေါင်းစပ်၍ သွေးပြန်ကြောအတွင်း ထိုးသွင်းကုသလေ့ရှိပါသည်။ ဘေးထွက်ဆိုးကျိုးများနှင့် ရေရှည်နောက်ဆက်တွဲ ပြဿနာများအကြောင်းကို ဆရာဝန်နှင့် တိုင်ပင်ပါ။ အသုံးများသော ဘေးထွက်ဆိုးကျိုးများမှာ ပျို့ခြင်း၊ အန်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အစားအသောက်ပျက်ခြင်းနှင့် ကိုယ်ခံအားကျဆင်းခြင်းတို့ ဖြစ်ပါသည်။
ကင်ဆာဆေးများသည် ခွဲစိတ်မှုမတိုင်မီ အကျိတ်ကို သေးငယ်သွားစေရန် (သို့မဟုတ်) ခွဲစိတ်မှုအပြီးတွင် ကျန်ရှိနေသော ကင်ဆာဆဲလ်များကို အမြစ်ပြတ်ချေမှုန်းရန် ကူညီပေးနိုင်ပါသည်။ ကင်ဆာအဆင့်အလွန်မြင့်နေပြီး ခွဲစိတ်ရန် မဖြစ်နိုင်တော့ပါကလည်း ဆေးသွင်းကုသခြင်းဖြင့် ကင်ဆာကို ထိန်းချုပ်နိုင်ပါသည်။ ကျောက်ကပ်နှစ်ဖက်လုံးတွင် ကင်ဆာဖြစ်နေပါက အနည်းဆုံး ကျောက်ကပ်တစ်လုံးကို ကယ်တင်နိုင်ရန် ခွဲစိတ်မှုမတိုင်မီ ဆေးသွင်းကုသခြင်းကို ပြုလုပ်နိုင်ပါသည်။
ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)
ဓာတ်ရောင်ခြည်ကုထုံးသည် ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် စွမ်းအားမြင့် စွမ်းအင်တန်းများကို အသုံးပြုခြင်း ဖြစ်ပါသည်။ ဤကုသမှုကို ကင်ဆာအဆင့်အပေါ် မူတည်၍ လုပ်ဆောင်နိုင်ပါသည်။ ကုသမှုခံယူစဉ်အတွင်း ကလေးကို စားပွဲတစ်ခုပေါ်တွင် လှဲလျောင်းနေစေပြီး စက်ပစ္စည်းကို ခန္ဓာကိုယ်ပတ်လည်တွင် ရွှေ့လျားကာ ကင်ဆာရှိသည့် နေရာသို့ ပစ်မှတ်ထား၍ ကုသခြင်း ဖြစ်ပါသည်။ ဘေးထွက်ဆိုးကျိုးများအနေဖြင့် နုံးခွေခြင်း၊ ပျို့ခြင်း၊ ဝမ်းလျှောခြင်းနှင့် နေလောင်သကဲ့သို့ အရေပြားယားယံခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ ပရိုတွန်တန်းကုထုံး (Proton beam therapy)သည် ပစ်မှတ်ကို အလွန်တိကျစွာ ထိမှန်စေသော ရောင်ခြည်ဖြစ်ပြီး ကျန်းမာသော တစ်ရှူးများကို မထိခိုက်စေဘဲ ကင်ဆာဆဲလ်များကိုသာ ဖျက်ဆီးပေးပါသည်။
ဓာတ်ရောင်ခြည်ကို ခွဲစိတ်မှုအပြီး ကျန်ရှိနေနိုင်သော ကင်ဆာဆဲလ်များကို သတ်ရန် သို့မဟုတ် ကင်ဆာသည် ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပျံ့နှံ့သွားသည့် အခြေအနေများတွင် အသုံးပြုနိုင်ပါသည်။
