အကျဉ်းချုပ်အကြောင်းအရာ

အသံကြိုးလေဖြတ်ခြင်းဆိုသည်မှာ အသံထွက်ရန်တာဝန်ယူရသော ကြွက်သားများ၏ လှုပ်ရှားမှုကို မထိန်းချုပ်နိုင်သည့် အခြေအနေတစ်ရပ်ဖြစ်ပါသည်၊၊ ဤသို့ဖြစ်ရခြင်းမှာ အသံအိုးဆီသို့သွားသော အာရုံကြောလှုံ့ဆော်မှုများ ပြတ်တောက်သွားခြင်းကြောင့် အသံကြိုးကြွက်သားများ လေဖြတ်သွားရခြင်းဖြစ်ပါသည်၊၊

အသံကြိုးလေဖြတ်ခြင်း၏ အကျိုးဆက်များကြောင့် စကားပြောဆိုခြင်းနှင့် အသက်ရှူခြင်းတို့ကို ခက်ခဲစေနိုင်ပါသည်၊၊ အဘယ်ကြောင့်ဆိုသော် အသံကြိုးများသည် အစားအစာ၊ အရည်နှင့် တံထွေးများ လေပြွန်အတွင်းသို့ မဝင်ရောက်စေရန်နှင့် သီးခြင်းမဖြစ်စေရန် ကာကွယ်ပေးခြင်းဖြင့် အသက်ရှူလမ်းကြောင်းကို စောင့်ရှောက်ပေးသည့် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသောကြောင့်ဖြစ်ပါသည်၊၊

အသံကြိုးလေဖြတ်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများတွင် ခွဲစိတ်နေစဉ်အတွင်း အာရုံကြောထိခိုက်ခြင်း၊ ဗိုင်းရပ်စ်ပိုးဝင်ခြင်းနှင့် အချို့သော ကင်ဆာအမျိုးအစားများ ပါဝင်ပါသည်၊၊ ကုသမှုတွင် ပုံမှန်အားဖြင့် ခွဲစိတ်ကုသခြင်းနည်းလမ်းကို အသုံးပြုလေ့ရှိပြီး တစ်ခါတစ်ရံတွင် အသံပိုင်းဆိုင်ရာ ကုထုံးများကိုလည်း အကြံပြုတတ်ပါသည်၊၊

ရောဂါလက္ခဏာများ

သင့်လေပြွန်၏ အဝင်ဝတွင်ရှိသော ပျော့ပြောင်းသည့် ကြွက်သားတစ်ရှူးအပြားနှစ်ခုမှာ သင်၏အသံကြိုးများဖြစ်ပါသည်၊၊ စကားပြောဆိုသည့်အခါ ထိုအပြားနှစ်ခုမှာ တစ်ခုနှင့်တစ်ခု ထိကပ်သွားပြီး တုန်ခါမှုဖြစ်ပေါ်စေပါသည်၊၊ အသက်ရှူနေစဉ်တွင်မူ အသံကြိုးများကို ပွင့်နေသည့်အနေအထားဖြင့် အနားပေးထားပါသည်၊၊ ပုံမှန်အားဖြင့် အသံကြိုးလေဖြတ်သည့် ဖြစ်ရပ်များတွင် အသံကြိုးတစ်ဖက်ကိုသာ ထိခိုက်လေ့ရှိပါသည်၊၊ အခြားတစ်ဖက်တွင် အသံကြိုးနှစ်ဖက်လုံး လေဖြတ်ခြင်းမှာ ဖြစ်တောင့်ဖြစ်ခဲသော်လည်း အလွန်ပြင်းထန်နိုင်ပါသည်၊၊ ဤဝေဒနာသည် စကားပြောရန် ခက်ခဲခြင်းသာမက သိသာထင်ရှားသော အသက်ရှူခြင်းနှင့် အစာမျိုခြင်းဆိုင်ရာ အခက်အခဲများကိုပါ ဖြစ်စေနိုင်ပါသည်၊၊

အသံကြိုးလေဖြတ်ခြင်းတွင် အောက်ပါလက္ခဏာများ ပေါ်ပေါက်နိုင်ပါသည်၊၊

  • အသံရှရှဖြစ်ခြင်း
  • အသံအနိမ့်အမြင့် မလုပ်နိုင်ခြင်း
  • အသက်ရှူသံ ကျယ်လောင်နေခြင်း
  • အသံဝင်ခြင်း
  • ကျယ်လောင်စွာ စကားမပြောနိုင်ခြင်း
  • အသက်ရှူမဝခြင်း
  • အာခေါင်တုံ့ပြန်မှု ပျောက်ဆုံးခြင်း
  • အစားအစာ၊ အဖျော်ယမကာ သို့မဟုတ် တံထွေးမျိုချစဉ် သီးခြင်း သို့မဟုတ် ချောင်းဆိုးခြင်း
  • အားရပါးရ ချောင်းမဆိုးနိုင်ခြင်း
  • ခဏခဏ ချောင်းဟန့်နေရခြင်း

အကယ်၍ သင်သည် နေရထိုင်ရမအီမသာဖြစ်ခြင်း သို့မဟုတ် မျှော်လင့်မထားသော အသံပြောင်းလဲမှုများ ခံစားရပါက သို့မဟုတ် အသံဝင်ခြင်းမှာ နှစ်ပတ်မှ လေးပတ်ထက်ပို၍ ကြာရှည်နေပါက ဆရာဝန်နှင့် ဆက်သွယ်ပါ၊၊

အကြောင်းရင်းများ

အသံကြိုးလေဖြတ်ရာတွင် အသံအိုးသို့ သတင်းပို့သည့် အာရုံကြောလှုံ့ဆော်မှုများ အနှောင့်အယှက်ဖြစ်ကာ ကြွက်သားလေဖြတ်ခြင်းကို ဖြစ်ပေါ်စေပါသည်၊၊ ဆရာဝန်များသည် အသံကြိုးလေဖြတ်ရသည့် အတိအကျအကြောင်းရင်းကို ဖော်ထုတ်ရန် ခက်ခဲနေတတ်သော အကြိမ်ပေါင်းများစွာ ရှိပါသည်၊၊ သို့သော်လည်း အချို့သော သိသာသည့်အကြောင်းရင်းများမှာ အောက်ပါအတိုင်း ဖြစ်နိုင်ပါသည်၊၊

  • ခွဲစိတ်မှုကြောင့် အသံကြိုးထိခိုက်ခြင်း၊၊ လည်ပင်း သို့မဟုတ် ရင်ဘတ်အထက်ပိုင်းတွင် ပြုလုပ်သော ခွဲစိတ်မှုများကြောင့် အသံအိုးသို့သွားသော အာရုံကြောများ ထိခိုက်နိုင်ပါသည်၊၊ သိုင်းရွိုက် သို့မဟုတ် ပါရာသိုင်းရွိုက်ဂလင်းများ၊ အစာမျိုပြွန်၊ လည်ပင်း သို့မဟုတ် ရင်ဘတ်တို့ကို ခွဲစိတ်ကုသခြင်းများသည် ထိခိုက်မှုဖြစ်နိုင်ခြေရှိသော လုပ်ထုံးလုပ်နည်းများဖြစ်ပါသည်၊၊
  • လေဖြတ်ခြင်း၊၊ လေဖြတ်ခြင်းကြောင့် အသံအိုးနှင့် ဆက်သွယ်ဆောင်ရွက်ရသော ဦးနှောက်အစိတ်အပိုင်းကို ပျက်စီးစေပါသည်၊၊
  • ရင်ဘတ် သို့မဟုတ် လည်ပင်း ဒဏ်ရာရခြင်း၊၊ လည်ပင်း သို့မဟုတ် ရင်ဘတ်တွင် ပြင်းထန်သော ဒဏ်ရာရရှိခြင်းကြောင့် အသံကြိုးဆီသို့သွားသော အာရုံကြောများ သို့မဟုတ် အသံအိုးကိုယ်တိုင်ကို ပျက်စီးစေနိုင်ပါသည်၊၊
  • အာရုံကြောစနစ်ဆိုင်ရာ အခြေအနေများ၊၊ ပါကင်ဆန်ရောဂါနှင့် အာရုံကြောများမာတောင့်သည့် ရောဂါစုကဲ့သို့သော အာရုံကြောဆိုင်ရာ ဝေဒနာအမျိုးမျိုးကြောင့် အသံကြိုးလေဖြတ်ခြင်း ဖြစ်နိုင်ပါသည်၊၊
  • ပိုးဝင်ခြင်း၊၊ အချို့သော ပိုးဝင်ခြင်းများသည် အသံအိုး၏ အာရုံကြောများကို ရောင်ရမ်းစေပြီး ၎င်းတို့ကို တိုက်ရိုက်ထိခိုက်စေနိုင်ပါသည်၊၊ ကိုဗစ် ၁၉ ပိုးဝင်ခြင်းကြောင့်လည်း အသံကြိုးလေဖြတ်ခြင်း ဖြစ်နိုင်ကြောင်း အထောက်အထားအချို့ ရှိပါသည်၊၊
  • အကျိတ်များ၊၊ အသံအိုး၏ လုပ်ဆောင်ချက်ကို ထိန်းချုပ်ထားသော ကြွက်သားများ၊ အရိုးနုများ သို့မဟုတ် အာရုံကြောများ၏ အနီးအနားတွင် ကင်ဆာကျိတ် သို့မဟုတ် အခြားအကျိတ်များ ကြီးထွားလာခြင်းကြောင့် အသံကြိုးလေဖြတ်ခြင်း ဖြစ်နိုင်ပါသည်၊၊

ဖြစ်နိုင်ခြေရှိသော အချက်များ

အောက်ပါအချက်များသည် အသံကြိုးလေဖြတ်နိုင်ခြေကို ပိုမိုမြင့်မားစေနိုင်ပါသည်၊၊

  • ရင်ဘတ် သို့မဟုတ် လည်ချောင်းတွင် ခွဲစိတ်မှုပြုလုပ်ခြင်း၊၊ သိုင်းရွိုက်၊ လည်ချောင်း သို့မဟုတ် ရင်ဘတ်အထက်ပိုင်း ဝေဒနာများအတွက် ခွဲစိတ်မှုခံယူနေသူများသည် ၎င်းတို့၏ အသံကြိုးများ ထိခိုက်နိုင်ခြေ ပိုများပါသည်၊၊ ခွဲစိတ်မှုမတိုင်မီ သို့မဟုတ် အသက်ရှူရခက်ခဲသော ဝေဒနာရှင်များကို ကူညီရန် အသုံးပြုသော အသက်ရှူပြွန်များကြောင့်လည်း တစ်ခါတစ်ရံတွင် အသံကြိုးအာရုံကြောများ ထိခိုက်နိုင်ပါသည်၊၊
  • အာရုံကြောစနစ်ဆိုင်ရာ ဝေဒနာရှိနေခြင်း၊၊ အာရုံကြောများမာတောင့်သည့် ရောဂါစု သို့မဟုတ် ပါကင်ဆန်ရောဂါကဲ့သို့သော အာရုံကြောဆိုင်ရာ ဝေဒနာရှိသူများသည် အသံကြိုးလေဖြတ်ခြင်း သို့မဟုတ် အသံကြိုးအားနည်းခြင်းတို့ကို ပိုမိုခံစားရနိုင်ခြေ ရှိပါသည်၊၊

ရောဂါရှာဖွေခြင်း

သင့်ဆရာဝန်သည် သင့်အသံကို နားထောင်ခြင်း၊ ရောဂါလက္ခဏာများနှင့် နေထိုင်မှုပုံစံများအကြောင်း မေးမြန်းခြင်းနှင့် အသံပိုင်းဆိုင်ရာပြဿနာ ဖြစ်ပွားနေသည့် ကြာချိန်တို့ကို မေးမြန်းစစ်ဆေးပါလိမ့်မည်၊၊ သင်၏အသံပြဿနာများကို ပိုမိုပြည့်စုံစွာ အကဲဖြတ်နိုင်ရန် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုင်ပါသည်၊၊

  • အသံအိုးကို ကြည့်ရှုစစ်ဆေးခြင်း၊၊ ဆရာဝန်သည် မှန် သို့မဟုတ် အသံအိုးကြည့်မှန်ပြောင်း သို့မဟုတ် နှစ်မျိုးလုံးကို အသုံးပြု၍ သင့်အသံကြိုးများကို စစ်ဆေးပါလိမ့်မည်၊၊ ထို့အပြင် ဗီဒီယိုစနစ်ပါသော အသံအိုးကြည့်မှန်ပြောင်းဖြင့်လည်း စစ်ဆေးနိုင်ပြီး ယင်းသည် မှန်ပြောင်းထိပ်တွင် ကင်မရာအသေးလေး ပါဝင်သောကြောင့် အသံကြိုးများ၏ လှုပ်ရှားမှုနှင့် အနေအထားကို ဗီဒီယိုဖန်သားပြင်ပေါ်တွင် တိုက်ရိုက်ကြည့်ရှုနိုင်စေပါသည်၊၊ ဤသို့ အဆင့်မြင့်ပြီး ပုံကြီးချဲ့ကြည့်နိုင်သော မှန်ပြောင်းများက ဆရာဝန်ကို အသံကြိုးများကို တိုက်ရိုက်ကြည့်ရှုနိုင်စေရန် သို့မဟုတ် ဗီဒီယိုဖန်သားပြင်ပေါ်တွင် ကြည့်ရှုနိုင်စေရန် အထောက်အကူပြုပါသည်၊၊ ဤနည်းဖြင့် အသံကြိုးများ၏ လှုပ်ရှားမှုနှင့် အနေအထားကို အကဲဖြတ်နိုင်သည့်အပြင် အသံကြိုးတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံး ထိခိုက်နေခြင်း ရှိမရှိကို ဆုံးဖြတ်နိုင်ပါသည်၊၊
  • အသံအိုးကြွက်သား လျှပ်စစ်စီးဆင်းမှု စစ်ဆေးခြင်း၊၊ ဤစစ်ဆေးမှုသည် သင့်အသံအိုးရှိ ကြွက်သားများ၏ လျှပ်စစ်လှုပ်ရှားမှုကို အကဲဖြတ်ပေးပါသည်၊၊ ပုံမှန်အားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် လည်ပင်းအရေပြားမှတစ်ဆင့် အသံကြိုးကြွက်သားများအတွင်းသို့ အပ်အသေးလေးများ ထည့်သွင်းကာ ဤစမ်းသပ်မှုကို ပြုလုပ်ခြင်းဖြစ်ပါသည်၊၊ ဤစစ်ဆေးမှုကို ကုသမှုလမ်းညွှန်ရန်အတွက် အသုံးမပြုသော်လည်း ပြန်လည်သက်သာလာနိုင်သည့် အလားအလာကို သင့်ဆရာဝန်အား သိရှိစေနိုင်ပါသည်၊၊ ရောဂါလက္ခဏာစတင်ပြီး ခြောက်ပါတ်မှ ခြောက်လအတွင်း စစ်ဆေးပါက အထိရောက်ဆုံးဖြစ်ပါသည်၊၊
  • သွေးစစ်ခြင်းနှင့် ပုံရိပ်ဖော်ခြင်း၊၊ အမျိုးမျိုးသော ရောဂါများကြောင့် အာရုံကြောထိခိုက်မှု ဖြစ်နိုင်သောကြောင့် လေဖြတ်ရသည့် အကြောင်းရင်းကို အတိအကျသိရှိရန် ထပ်ဆောင်းစစ်ဆေးမှုများ လိုအပ်နိုင်ပါသည်၊၊ ယင်းတို့တွင် သွေးစစ်ခြင်း၊ အက်စ်ရေး၊ သံလိုက်ဓာတ်မှန် သို့မဟုတ် ကွန်ပျူတာဓာတ်မှန် ရိုက်ခြင်းတို့ ပါဝင်နိုင်ပါသည်၊၊

ကုသမှု

အသံကြိုးလေဖြတ်ခြင်းကို ကုသရာတွင် ရောဂါအကြောင်းရင်း၊ လက္ခဏာပြင်းထန်မှုနှင့် ရောဂါစတင်ဖြစ်ပွားသည့် ကြာချိန်တို့အပေါ် မူတည်ပါသည်၊၊ ခွဲစိတ်ခြင်း၊ အသားဖြည့်ဆေးထိုးခြင်း၊ အသံပိုင်းဆိုင်ရာကုထုံး သို့မဟုတ် ယင်းတို့ကို တွဲဖက်ကုသခြင်းများ ပြုလုပ်နိုင်ပါသည်၊၊

အချို့သောအခြေအနေများတွင် ခွဲစိတ်စရာမလိုဘဲ ပြန်လည်သက်သာလာနိုင်ပါသည်၊၊ ထို့ကြောင့် ဆရာဝန်သည် အသံကြိုးလေဖြတ်ခြင်း စတင်ဖြစ်ပွားပြီးနောက် အနည်းဆုံး တစ်နှစ်ခန့်အထိ အမြဲတမ်းခွဲစိတ်မှုကို ရွှေ့ဆိုင်းထားနိုင်ပါသည်၊၊

သို့သော်လည်း အသံပျောက်သွားပြီး ပထမသုံးလအတွင်းမှာပင် အမျိုးမျိုးသော အသားဖြည့်ဆေးထိုးခြင်းနည်းလမ်းဖြင့် ခွဲစိတ်ကုသမှုကို မကြာခဏ လုပ်ဆောင်လေ့ရှိပါသည်၊၊

အာရုံကြောများ ပြန်လည်သက်သာလာစဉ်အတွင်း အသံကို မှားယွင်းစွာအသုံးပြုခြင်းမှ ကာကွယ်ရန် သင့်ဆရာဝန်က ခွဲစိတ်မှုကို စောင့်ဆိုင်းနေစဉ်အတွင်း အသံပိုင်းဆိုင်ရာကုထုံးကို အကြံပြုနိုင်ပါသည်၊၊

အသံပိုင်းဆိုင်ရာကုထုံး

အသံပိုင်းဆိုင်ရာကုထုံးများတွင် အသံကြိုးများ သန်မာစေရန်၊ စကားပြောစဉ် အသက်ရှူမှုကို ပိုမိုကောင်းမွန်အောင် ထိန်းချုပ်နိုင်ရန်၊ လေဖြတ်နေသော အသံကြိုး သို့မဟုတ် အသံကြိုးများ၏ ပတ်ဝန်းကျင်ရှိ အခြားကြွက်သားများ တင်းမာမှုကို ရှောင်ကြဉ်ရန်နှင့် အစာမျိုစဉ် အသက်ရှူလမ်းကြောင်းကို ကာကွယ်ရန် လေ့ကျင့်ခန်းများနှင့် အခြားလုပ်ဆောင်မှုများကို ပြုလုပ်ရပါသည်၊၊ အကယ်၍ သင်၏ လေဖြတ်နေသော အသံကြိုးများသည် အသားဖြည့်ရန် သို့မဟုတ် အနေအထားပြန်ညှိရန် မလိုအပ်သော နေရာတွင် ရှိနေပါက အသံပိုင်းဆိုင်ရာကုထုံးတစ်ခုတည်းဖြင့်ပင် ကုသရန် လုံလောက်နိုင်ပါသည်၊၊

ခွဲစိတ်ကုသခြင်း

အကယ်၍ သင့်အသံကြိုးလေဖြတ်ခြင်း လက္ခဏာများမှာ အလိုအလျောက် ပြန်လည်သက်သာမလာပါက အစာမျိုခြင်းနှင့် စကားပြောဆိုခြင်းကို ခွဲစိတ်ကုသမှုများဖြင့် ပိုမိုကောင်းမွန်စေနိုင်ပါသည်၊၊

ခွဲစိတ်ကုသမှုဆိုင်ရာ ရွေးချယ်စရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်၊၊

  • အသားဖြည့်ဆေးထိုးခြင်း၊၊ အသံကြိုးသို့သွားသော အာရုံကြောလေဖြတ်ပါက အသံကြိုးကြွက်သားမှာ အားနည်းကာ ပါးလွှာသွားနိုင်ပါသည်၊၊ အသံအိုးဆိုင်ရာ ဝေဒနာများကို အထူးပြုကုသသော ဆရာဝန်သည် လေဖြတ်နေသော အသံကြိုးကို ထုထည်ပိုရှိလာစေရန် ခန္ဓာကိုယ်မှရရှိသော အဆီ၊ ကော်လာဂျင် သို့မဟုတ် အခြားသော ခွင့်ပြုထားသည့် အားဖြည့်ပစ္စည်းများကို ထိုးသွင်းနိုင်ပါသည်၊၊ သင်စကားပြောသည့်အခါ၊ အစာမျိုသည့်အခါ သို့မဟုတ် ချောင်းဆိုးသည့်အခါတွင် အပိုထည့်လိုက်သော အသားဖြည့်ဆေးက ထိခိုက်နေသော အသံကြိုးကို အသံအိုး၏ အလယ်ဗဟိုသို့ တွန်းပို့ပေးပြီး လှုပ်ရှားလုပ်ဆောင်နေဆဲဖြစ်သော အခြားတစ်ဖက်ရှိ အသံကြိုးနှင့် ပိုမိုနီးကပ်စွာ ထိကပ်နိုင်စေပါသည်၊၊
  • အထောက်အကူပြုပစ္စည်းထည့်ခြင်း၊၊ ဤကုသမှုသည် အသားဖြည့်ဆေးထိုးမည့်အစား အသံအိုးအတွင်း အစားထိုးပစ္စည်းတစ်ခု ထည့်သွင်းကာ အသံကြိုးကို အနေအထားပြန်ညှိခြင်းဖြစ်ပါသည်၊၊ အလွန်ရှားပါးသော အချို့သောအခြေအနေများတွင် လူနာများသည် အစားထိုးပစ္စည်းကို နေရာပြန်ညှိရန် ဒုတိယအကြိမ် ခွဲစိတ်မှု လိုအပ်နိုင်ပါသည်၊၊
  • အသံကြိုးနေရာ ပြန်ညှိခြင်း၊၊ ဤခွဲစိတ်မှုတွင် ဆရာဝန်သည် သင့်ကိုယ်ပိုင်တစ်ရှူးကို အပြင်ဘက်မှ အတွင်းဘက်သို့ ပြောင်းရွှေ့ပေးခြင်းဖြင့် လေဖြတ်နေသော အသံကြိုးကို အသံအိုး၏ အလယ်ဗဟိုသို့ ရောက်အောင် တွန်းပို့ပေးပါသည်၊၊ ရလဒ်အနေဖြင့် ပုံမှန်အသံကြိုးသည် လေဖြတ်နေသော အသံကြိုးနှင့် ပိုမိုထိရောက်စွာ ထိကပ်တုန်ခါနိုင်စေပါသည်၊၊
  • ပျက်စီးသွားသော အာရုံကြောကို အစားထိုးခြင်း၊၊ ဤခွဲစိတ်မှုတွင် ပျက်စီးသွားသော အသံကြိုးကို ပြန်လည်ပြုပြင်ရန် လည်ပင်း၏ အခြားအစိတ်အပိုင်းမှ ကျန်းမာသော အာရုံကြောကို ပြောင်းရွှေ့အစားထိုးခြင်းဖြစ်ပါသည်၊၊ သင့်အသံ ပြန်လည်ကောင်းမွန်လာရန် ခြောက်လမှ ကိုးလအထိ ကြာနိုင်ပါသည်၊၊ အချို့သော ဆရာဝန်များသည် ဤလုပ်ထုံးလုပ်နည်းကို အသားဖြည့်ဆေးထိုးခြင်းနှင့် တွဲဖက်လုပ်ဆောင်ကြပါသည်၊၊
  • လေပြွန်ဖောက်ခြင်း၊၊ အကယ်၍ သင်၏အသံကြိုးနှစ်ဖက်လုံး လေဖြတ်နေပြီး တစ်ခုနှင့်တစ်ခု နီးကပ်စွာ ရှိနေပါက လေစီးဆင်းမှု လျော့နည်းသွားပါလိမ့်မည်၊၊ ယင်းသည် အသက်ရှူရန် အလွန်အမင်း ခက်ခဲစေပြီး လေပြွန်ဖောက်သည့် ခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်လာပါသည်၊၊

လေပြွန်ဖောက်ခြင်းဆိုသည်မှာ လေပြွန်သို့ လမ်းကြောင်းဖော်နိုင်ရန် လည်ပင်းအရှေ့ဘက်တွင် ခွဲစိတ်ရာတစ်ခု ပြုလုပ်ခြင်းဖြစ်ပါသည်၊၊ အသံကြိုးများကို ကျော်လွန်၍ လေဝင်လေထွက် ကောင်းမွန်အောင် ပြုလုပ်ပေးသည့် အသက်ရှူပြွန်တစ်ခုကို ထည့်သွင်းပေးပါသည်၊၊

Doctors who treat this condition