ခြုံငုံသုံးသပ်ချက်

ကျောရိုးဆစ်အကျိတ်ဆိုသည်မှာ ကျောရိုးရှိ အရိုးများ သို့မဟုတ် ကျောရိုးဆစ်များတွင် ဖြစ်ပေါ်သော ကျောရိုးအကျိတ်အမျိုးအစားတစ်ခု ဖြစ်သည်။ အကျိတ်သည် ကျောရိုးမကြီး (Spinal cord) သို့မဟုတ် အာရုံကြောအမြစ်များကို ဖိမိပါက အာရုံကြောဆိုင်ရာ ချို့ယွင်းမှုလက္ခဏာများ (Neurological deficit) ခံစားရနိုင်သည်။ အကျိတ်ကြီးထွားလာခြင်းကြောင့် ကျောရိုးဆစ်များ ကျိုးခြင်း၊ ကျောရိုးမတည်ငြိမ်ခြင်း သို့မဟုတ် နာကျင်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ ကျောရိုးဆစ်အကျိတ်သည် ကင်ဆာမဟုတ်သောအကျိတ် (Benign) သို့မဟုတ် ကင်ဆာအကျိတ် (Malignant) အမျိုးအစား ဖြစ်နိုင်သော်လည်း မည်သည့်အမျိုးအစားဖြစ်စေ အမြဲတမ်းအာရုံကြောချို့ယွင်းမှု သို့မဟုတ် အသက်အန္တရာယ်ရှိသော အခြေအနေများကို ဖြစ်စေနိုင်သည်။

ကျောရိုးဆစ်ကိုယ်ထည် (Vertebral body) သည် အခြားကင်ဆာများ ပြန့်နှံ့ရောက်ရှိလာတတ်သော အသုံးအများဆုံးနေရာ ဖြစ်သည်။ သို့သော်လည်း Chordoma၊ Chondrosarcoma၊ Osteosarcoma၊ Plasmacytoma နှင့် Ewing’s sarcoma ကဲ့သို့သော အချို့သောကင်ဆာများသည် ကျောရိုးဆစ်အတွင်းမှပင် စတင်ဖြစ်ပွားတတ်သည်။

ကျောရိုးဆစ်အကျိတ်ကို ကုသရာတွင် ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy) နှင့် ဆေးဝါးများဖြင့် ကုသခြင်းတို့ ပါဝင်သည်။

ကျောရိုးဆစ်အကျိတ် အမျိုးအစားများ ကျောရိုးဆစ်များသည် ကျောရိုးမကြီးကို ဖုံးအုပ်ကာကွယ်ပေးရန် တစ်ခုပေါ်တစ်ခု ဆင့်ထားသော အရိုးငယ်လေးများ ဖြစ်သည်။ ကျောရိုးဆစ်အကျိတ်များကို ကျောရိုးတိုင် သို့မဟုတ် ကျောရိုးအတွင်း ၎င်းတို့ရှိနေသော တည်နေရာပေါ်မူတည်၍ ခွဲခြားထားသည်။ Extradural tumor သည် ကျောရိုးမကြီး၏ အပြင်ဘက်တွင် တွေ့ရသောအကျိတ်ဖြစ်သည်။

ကျောရိုးဆစ်အကျိတ် အများစုမှာ ရင်သား၊ ပရော့စတိတ်၊ အဆုတ် သို့မဟုတ် ကျောက်ကပ်ကင်ဆာကဲ့သို့သော ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများမှ ကင်ဆာပြန့်နှံ့လာခြင်း (Metastasis) ကြောင့် ဖြစ်ပွားသည်။ Multiple myeloma သည်လည်း ကျောရိုးသို့ မကြာခဏ ပြန့်နှံ့တတ်သည်ကို တွေ့ရသည်။

Plasmacytoma သည် ကျောရိုးဆစ်မှစတင်ဖြစ်ပွားသော အကျိတ်အမျိုးအစားဖြစ်ပြီး တွေ့ရခဲသည်။ Osteoid osteomas၊ Osteoblastomas နှင့် Hemangiomas တို့သည်လည်း ကျောရိုးဆစ်များတွင် ဖြစ်ပေါ်တတ်သော အကျိတ်အမျိုးအစားများ ဖြစ်သည်။

များသောအားဖြင့် မူလကင်ဆာကို ကျောဘက်တွင် လက္ခဏာမပြမီကပင် ရောဂါရှာဖွေတွေ့ရှိလေ့ရှိသည်။ ပြန့်နှံ့လာသော ကျောရိုးဆစ်ကင်ဆာ (Metastatic vertebral cancer) သည် များသောအားဖြင့် ခါးနာခြင်း၊ ကျောနာခြင်း လက္ခဏာများဖြင့် ပြသတတ်သည်။

ရောဂါလက္ခဏာများ အကျိတ်ကြီးထွားလာပြီး ကျောရိုးအာရုံကြောများ၊ သွေးကြောများ သို့မဟုတ် ကျောရိုးအရိုးများကို ဖိမိခြင်းကြောင့် အောက်ပါလက္ခဏာများ ဖြစ်ပေါ်နိုင်သည် –

  • ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပျံ့နှံ့သွားပြီး ညဘက်တွင် ပိုမိုဆိုးရွားလာသော ခါးနာ/ကျောနာခြင်း
  • အကျိတ်ရှိသောနေရာ၌ နာကျင်ခြင်း
  • အထိအတွေ့အာရုံပျောက်ဆုံးခြင်းနှင့် ကြွက်သားအားနည်းခြင်း
  • နာကျင်မှု၊ အပူနှင့် အအေးတို့ကို ခံစားသိရှိနိုင်စွမ်း လျော့နည်းသွားခြင်း
  • လမ်းလျှောက်ရန် ခက်ခဲခြင်း
  • ဆီး သို့မဟုတ် ဝမ်း သွားသည့် လုပ်ဆောင်ချက်များ ချို့ယွင်းလာခြင်း
  • အနည်းငယ် သို့မဟုတ် ပြင်းထန်စွာ လေဖြတ်ခြင်း (Paralysis)

ခါးနာခြင်းသည် အကျိတ်နှင့်မဆိုင်သော အခြားအကြောင်းရင်းများစွာကြောင့်လည်း ဖြစ်နိုင်သည်။ အကယ်၍ ခါးနာခြင်းမှာ စွဲမြဲနေပါက၊ ပိုမိုဆိုးရွားလာပါက၊ လှုပ်ရှားမှုများနှင့် မသက်ဆိုင်ဘဲ ညဘက်တွင် ပိုနာပါက သို့မဟုတ် ကင်ဆာရာဇဝင်ရှိပြီး မကြာသေးမီကမှ ခါးနာလာပါက ဆရာဝန်နှင့် တိုင်ပင်ပါ။

အခြားတစ်ဖက်တွင်လည်း ခြေထောက် သို့မဟုတ် လက်များတွင် ကြွက်သားအားနည်းခြင်း သို့မဟုတ် ထုံကျင်ခြင်းများ ပိုမိုဆိုးရွားလာပါက၊ ဆီး သို့မဟုတ် ဝမ်းသွားသည့် အလေ့အထများ ပြောင်းလဲလာပါက ဆေးကုသမှုကို ချက်ချင်းခံယူပါ။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

ကျောရိုးဆစ်အကျိတ် ဖြစ်ပွားရသည့်အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးဘဲ မျိုးရိုးဗီဇဆိုင်ရာအချက်များ သို့မဟုတ် အချို့သော ဓာတုပစ္စည်းများနှင့် ထိတွေ့မိခြင်းကဲ့သို့သော ပတ်ဝန်းကျင်ဆိုင်ရာ အချက်များက လွှမ်းမိုးမှုရှိနိုင်ပါသည်။ ကျောရိုးဆစ်အကျိတ် အများစုမှာ ရင်သား၊ အဆုတ်၊ ပရော့စတိတ်၊ သိုင်းရွိုက်နှင့် ကျောက်ကပ်ကင်ဆာတို့မှ ပြန့်နှံ့လာခြင်းကြောင့် ဖြစ်သည်။

ရောဂါရှာဖွေခြင်း (Diagnosis)

ကျောရိုးဆစ်အကျိတ်၏ ရောဂါလက္ခဏာများသည် အခြားအဖြစ်များသော ရောဂါဝေဒနာများနှင့် ဆင်တူနေတတ်သည်။ ထို့ကြောင့် မိမိ၏ ကျန်းမာရေးရာဇဝင်အပြင် ရုပ်ပိုင်းဆိုင်ရာနှင့် အာရုံကြောဆိုင်ရာ စစ်ဆေးမှုများကို ဆရာဝန်ထံ အသေးစိတ် ပြောပြရန် အလွန်အရေးကြီးပါသည်။ ကျောရိုးဆစ်အကျိတ် ရှိမရှိ စစ်ဆေးရန် အောက်ပါစမ်းသပ်မှုများကို ပြုလုပ်လေ့ရှိသည် –

  • ကျောရိုး သံလိုက်ဓာတ်မှန်ရိုက်ခြင်း (Spinal MRI): အားကောင်းသော သံလိုက်စက်ကွင်းနှင့် ရေဒီယိုလှိုင်းများကို အသုံးပြု၍ ကျောရိုး၊ ကျောရိုးမကြီးနှင့် အာရုံကြောများကို ရှင်းလင်းသော ပုံရိပ်များအဖြစ် ဖော်ထုတ်ခြင်းဖြစ်သည်။ တစ်ရှူးများနှင့် တည်ဆောက်ပုံများကို ပိုမိုတိကျစွာ မြင်တွေ့နိုင်ရန် ဆိုးဆေး (Contrast agent) ထိုး၍လည်း စစ်ဆေးနိုင်ပါသည်။
  • စီတီစကင် (CT scan): ကျောရိုး၏ အသေးစိတ်ပုံရိပ်များကို ရရှိရန် ရေဒီယိုသတ္တိကြွ ရောင်ခြည်တန်းကို အသုံးပြုခြင်းဖြစ်သည်။ ဤစစ်ဆေးမှုတွင်လည်း ဆိုးဆေးအသုံးပြုနိုင်သလို MRI နှင့် တွဲဖက်၍လည်း စစ်ဆေးနိုင်ပါသည်။
  • အသားစယူစစ်ဆေးခြင်း (Biopsy): သံသယရှိသော တစ်ရှူးနမူနာ အနည်းငယ်ကို ထုတ်ယူကာ ရောဂါရှာဖွေရန်နှင့် ရှေ့ဆက်ကုသမှုများ စီစဉ်ရန် အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးခြင်းဖြစ်သည်။ များသောအားဖြင့် ဓာတ်မှန်ပညာရှင်က အိတ်စရေး သို့မဟုတ် စီတီစကင် အကူအညီဖြင့် အပ်ဖြင့် အသားစယူခြင်း (Fine-needle biopsy) ကို ပြုလုပ်လေ့ရှိသည်။ ပုံရိပ်ဖော်စက်များ အကူအညီယူခြင်းက အကျိတ်ရှိသောနေရာကို ပိုမိုတိကျစွာ သိရှိနိုင်စေပါသည်။

ကုသခြင်း (Treatment)

ကုသမှုပေးရာတွင် လူနာ၏ အသက်အရွယ်၊ အထွေထွေကျန်းမာရေးအခြေအနေ၊ အကျိတ်အမျိုးအစားနှင့် ၎င်းသည် မူလအကျိတ်ဖြစ်သလား သို့မဟုတ် အခြားနေရာမှ ပြန့်နှံ့လာခြင်းလား ဆိုသည့်အချက်များကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ကုသမှု၏ ရည်ရွယ်ချက်မှာ အကျိတ်ကို ဖယ်ရှားရန်ဖြစ်သော်လည်း ကျောရိုးမကြီး သို့မဟုတ် အာရုံကြောများ အမြဲတမ်း ထိခိုက်ပျက်စီးနိုင်သည့် ဘေးထွက်ဆိုးကျိုးများ ရှိမရှိကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။

ရရှိနိုင်သော ကုသမှုနည်းလမ်းများမှာ –

  • စောင့်ကြည့်စစ်ဆေးခြင်း (Monitoring): အချို့သော ကျောရိုးဆစ်အကျိတ်များသည် လက္ခဏာမပြတတ်ပေ။ ထိုသို့သောအခြေအနေတွင် စီတီစကင် သို့မဟုတ် MRI တို့ဖြင့် အနီးကပ် စောင့်ကြည့်ရန်လိုအပ်သည်။ အကျိတ်မှာ သေးငယ်နေသေးပြီး ကင်ဆာမဟုတ်ပါက (အထူးသဖြင့် ခွဲစိတ်ရန် အန္တရာယ်များသည့် လူနာများတွင်) မည်သည့်ကုသမှုမှ မလိုအပ်သေးဘဲ စောင့်ကြည့်နိုင်ပါသည်။
  • ခွဲစိတ်ကုသခြင်း (Surgery): အာရုံကြောထိခိုက်နိုင်ခြေ နည်းပါးပါက အကျိတ်ကို ခွဲစိတ်ဖယ်ရှားခြင်းမှာ အသုံးအများဆုံး ကုသမှုဖြစ်သည်။ အနုစိတ်ခွဲစိတ်မှု (Microscopic surgery) ကို အသုံးပြု၍ အကျိတ်ကို ပုံမှန်တစ်ရှူးများကြားမှ ဂရုတစိုက် ဖယ်ရှားရသည်။ ခွဲစိတ်နေစဉ်အတွင်း ကျောရိုးမကြီးနှင့် အာရုံကြောလုပ်ဆောင်ချက်များကို စစ်ဆေးခြင်းဖြင့် ထိခိုက်မှုကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်သည်။ အချို့သောအကျိတ်များကို ခွဲစိတ်မှုတစ်ခုတည်းဖြင့် အကုန်မဖယ်ရှားနိုင်ပါက ကျန်ရှိနေသော အကျိတ်များကို ဖယ်ရှားရန် ခွဲစိတ်ပြီးနောက် ဓာတ်ရောင်ခြည် သို့မဟုတ် ကင်ဆာဆေးသွင်းကုသခြင်း (သို့မဟုတ် နှစ်မျိုးလုံး) ကို ပြုလုပ်ရတတ်သည်။
  • ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy): ခွဲစိတ်ပြီးနောက် ကျန်ရှိနေသော အကျိတ်များကို ဖျက်ဆီးရန် သို့မဟုတ် ခွဲစိတ်ရန် အလွန်အန္တရာယ်များသော အကျိတ်များအတွက် အသုံးပြုသည်။ အဆင့်မြင့်သော 3-D နည်းပညာများကို အသုံးပြု၍ အနီးနားရှိ ကျန်းမာသော တစ်ရှူးများကို မထိခိုက်စေဘဲ အကျိတ်ကို ထိရောက်စွာ ဖျက်ဆီးနိုင်သည်။ အချို့သော အကျိတ်အမျိုးအစားများကို (Proton beam therapy) ဟုခေါ်သော အဆင့်မြင့်ဓာတ်ရောင်ခြည်ဖြင့်လည်း ကုသနိုင်ပါသည်။
  • ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy): ဆေးဝါးများကို အသုံးပြု၍ ကင်ဆာဆဲလ်များကို သတ်ပစ်ခြင်း သို့မဟုတ် ကြီးထွားမှုကို ရပ်တန့်စေခြင်း ဖြစ်သည်။ ၎င်းကို တစ်မျိုးတည်း သို့မဟုတ် အခြားကုထုံးများနှင့် တွဲဖက်၍ အသုံးပြုနိုင်ပါသည်။
  • အခြားဆေးဝါးများ: ခွဲစိတ်ခြင်း သို့မဟုတ် ဓာတ်ရောင်ခြည်ကြောင့် ကျောရိုးမကြီး ရောင်ရမ်းခြင်းကို လျှော့ချရန်အတွက် (Corticosteroids) ဆေးများကို ဆရာဝန်က ညွှန်ကြားနိုင်ပါသည်။ သို့သော် ၎င်းဆေးများသည် အရိုးပွခြင်း၊ ဆီးချိုရောဂါနှင့် ကြွက်သားအားနည်းခြင်းကဲ့သို့သော ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်ပါသည်။

 

Doctors who treat this condition