နှလုံးသွေးညှစ်ခန်းနှစ်ခုကြား နံရံပေါက်ခြင်း

အကျဉ်းချုပ်အကြောင်းအရာ

နှလုံးသွေးညှစ်ခန်းနှစ်ခုကြား နံရံပေါက်ခြင်း (Ventricular Septal Defect – VSD) ဆိုသည်မှာ နှလုံး၏ အောက်ဘက်အခန်းငယ် (Ventricles) နှစ်ခုကို ပိုင်းခြားထားသော နံရံ (Septum) တွင် အပေါက်ဖြစ်နေခြင်း ဖြစ်ပြီး အဖြစ်အများဆုံး မွေးရာပါ နှလုံးရောဂါတစ်ခု ဖြစ်ပါသည်၊၊ ထိုအပေါက်ကြောင့် အောက်ဆီဂျင်ကြွယ်ဝသော သွေးများသည် ခန္ဓာကိုယ်အနှံ့သို့ မရောက်ဘဲ နှလုံး၏ ဘယ်ဘက်အခန်းမှ ညာဘက်အခန်းသို့ စီးဝင်ကာ အဆုတ်ဆီသို့ ပြန်လည်ရောက်ရှိသွားသည့်အတွက် နှလုံးကို ပုံမှန်ထက် ပိုမိုအလုပ်လုပ်စေပါသည်၊၊

သေးငယ်သော VSD အပေါက်များသည် ကုသမှုခံယူရန်မလိုဘဲ ၎င်းအလိုလို ပြန်ပိတ်သွားနိုင်ပြီး မည်သည့်ပြဿနာမျှ မဖြစ်စေနိုင်ပါ၊၊ အပေါက် ပြန်ပိတ်သွားခြင်း ရှိမရှိ သို့မဟုတ် ရောဂါလက္ခဏာများ ပေါ်ပေါက်လာခြင်း ရှိမရှိကို ဆရာဝန်က ပုံမှန်စစ်ဆေးပေးပါလိမ့်မည်၊၊ အကယ်၍ အပေါက်မှာ ပိုမိုကြီးမားလာပါက နောက်ဆက်တွဲဆိုးကျိုးများနှင့် အခက်အခဲများကို ရှောင်ရှားနိုင်ရန် ကလေးဘဝတွင်ပင် ခွဲစိတ်ကုသမှု စောစီးစွာ ခံယူရန် လိုအပ်နိုင်ပါသည်၊၊

ရောဂါလက္ခဏာများ

VSD ၏ လက္ခဏာများသည် အပေါက်၏ အရွယ်အစားနှင့် အခြားသော မွေးရာပါ နှလုံးချို့ယွင်းချက်များအပေါ် မူတည်၍ မွေးဖွားစဉ်ကပင် ရှိနေနိုင်သလို ကလေးဘဝရောက်မှ ပေါ်လာသည်လည်း ရှိပါသည်၊၊ လက္ခဏာများသည် အပေါက်၏ အရွယ်အစားပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်၊၊

မွေးကင်းစကလေးငယ်များတွင် တွေ့ရနိုင်သော လက္ခဏာများမှာ-

  • နို့စို့ရခက်ခြင်း (သို့မဟုတ်) နို့မစို့နိုင်ခြင်း
  • အသက်ရှူမြန်ခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်း
  • နုံးချိခြင်း

လူကြီးများတွင် တွေ့ရနိုင်သော လက္ခဏာများမှာ-

  • မောပန်းခြင်း (အသက်ရှူမဝခြင်း)
  • နှလုံးခုန်သံ ပုံမှန်မဟုတ်ခြင်း (Heart murmur)

အကယ်၍ ကလေးငယ်တွင် အောက်ပါလက္ခဏာများ ခံစားရပါက ဆေးဘက်ဆိုင်ရာ အကူအညီ ရယူသင့်ပါသည်-

  • အစာစားစဉ် သို့မဟုတ် ကစားစဉ်တွင် အလွယ်တကူ နုံးချိမောပန်းလာခြင်း
  • ကိုယ်အလေးချိန် မတက်ခြင်း
  • အစာစားစဉ် သို့မဟုတ် ငိုနေစဉ် အသက်ရှူရခက်ခဲခြင်း
  • အသက်ရှူမြန်ခြင်း သို့မဟုတ် အသက်ရှူမဝခြင်း
  • နှလုံးခုန် မြန်ခြင်း သို့မဟုတ် မမှန်ခြင်း
  • နုံးချိခြင်း သို့မဟုတ် အားနည်းခြင်း

အကြောင်းရင်းများ

မွေးရာပါ နှလုံးချို့ယွင်းချက်များ ဖြစ်ရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးပါ၊၊ သန္ဓေသားဘဝ နှလုံးစတင်ဖွံ့ဖြိုးစဉ်အတွင်း မျိုးရိုးဗီဇ၊ မိခင်၏ အစားအသောက်၊ ကိုယ်ဝန်ဆောင်စဉ် ဆေးဝါးသောက်သုံးမှုနှင့် ပတ်ဝန်းကျင် အခြေအနေများကြောင့် ထိခိုက်မှုများ ရှိနိုင်ပါသည်၊၊ အချို့သော ကလေးငယ်များတွင် VSD နှင့်အတူ အခြားသော နှလုံးချို့ယွင်းချက်များလည်း ဒွန်တွဲပါရှိနိုင်ပါသည်၊၊

သန္ဓေသား ဖွံ့ဖြိုးမှုကာလအတွင်း နှလုံးအောက်ဘက် အခန်းငယ်နှစ်ခုကို ပိုင်းခြားပေးရမည့် နံရံ (Septum) မှာ ကောင်းမွန်စွာ မဖြစ်ပေါ်လာသည့်အတွက် နှလုံးအခန်းငယ်ကြား နံရံပေါက်ခြင်း (VSD) ဖြစ်ပွားရခြင်း ဖြစ်ပါသည်၊၊

ပုံမှန်နှလုံးတွင် နှလုံး၏ ဘယ်ဘက်ခြမ်းသည် အောက်ဆီဂျင်ကြွယ်ဝသော သွေးများကို ခန္ဓာကိုယ်အနှံ့သို့ ညှစ်ထုတ်ပေးပြီး ညာဘက်ခြမ်းသည် သွေးများကို အောက်ဆီဂျင်ရယူရန် အဆုတ်သို့သာ ပို့ဆောင်ပေးပါသည်၊၊ VSD ရှိသော ကလေးငယ်များတွင်မူ သွေးများသည် ဘယ်ဘက်အခန်းမှတစ်ဆင့် ညာဘက်အခန်းသို့ စီးဝင်ပြီး အဆုတ်သို့ ရောက်ရှိသွားပါသည်၊၊ ယင်းက အဆုတ်သွေးလွှတ်ကြောများအတွင်း သွေးဖိအားကို မြင့်တက်စေပြီး သွေးစီးဆင်းမှု ပိုများလာစေသည့်အတွက် နှလုံးနှင့် အဆုတ်ကို ပုံမှန်ထက် ပိုမိုအလုပ်လုပ်စေရပါသည်၊၊

VSD အပေါက်များသည် နှလုံးနံရံ၏ နေရာအမျိုးမျိုးတွင် ရှိနေနိုင်ပြီး အပေါက်တစ်ခု သို့မဟုတ် တစ်ခုထက်မက ရှိနိုင်သလို အရွယ်အစားလည်း ကွဲပြားနိုင်ပါသည်၊၊

ထို့အပြင် လူကြီးပိုင်းတွင် နှလုံးခွဲစိတ်မှု၏ နောက်ဆက်တွဲဆိုးကျိုးများ သို့မဟုတ် နှလုံးခုန်ရပ်ခြင်း (Heart attack) ဖြစ်ပွားပြီးနောက်တွင်လည်း VSD ဖြစ်ပေါ်လာနိုင်ပါသည်၊၊

ဖြစ်နိုင်ခြေရှိသော အချက်များ

နှလုံးအခန်းငယ်ကြား နံရံပေါက်ခြင်းသည် ဒေါင်းလ်ရောဂါစု (Down syndrome) ကဲ့သို့သော မျိုးရိုးဗီဇဆိုင်ရာ ပြဿနာရှိသည့် မိသားစုများတွင် ဖြစ်ပွားနိုင်ပါသည်၊၊ အကယ်၍ သင့်တွင် နှလုံးရောဂါဖြစ်နိုင်သည့် မျိုးရိုးဗီဇ အန္တရာယ်ရှိနေပါက သက်ဆိုင်ရာ မျိုးရိုးဗီဇပညာရှင်နှင့် တိုင်ပင်၍ အကဲဖြတ်မှုနှင့် အကြံပြုချက်များ ရယူနိုင်ပါသည်၊၊

ရောဂါရှာဖွေခြင်း

ကိုယ်ဝန်ဆောင်စဉ်အတွင်း အာထရာဆောင်း (Ultrasound) စစ်ဆေးခြင်း သို့မဟုတ် သန္ဓေသား၏ နှလုံးပုံရိပ်ဖော် စစ်ဆေးမှုများ ပြုလုပ်သည့်အခါတွင်လည်း VSD ကို ရှာဖွေတွေ့ရှိနိုင်ပါသည်၊၊ နှလုံးအတွင်း သွေးစီးဆင်းသံ ပုံမှန်မဟုတ်ခြင်း (Heart murmur) သည် နှလုံးအခန်းငယ်ကြား နံရံပေါက်ခြင်း (VSD) ၏ ပထမဦးဆုံးသော လက္ခဏာဖြစ်လေ့ရှိပါသည်၊၊ ဆရာဝန်သည် နားကြပ် (Stethoscope) ကို အသုံးပြု၍ သင့်ကလေး၏ နှလုံးခုန်သံတွင် ထိုကဲ့သို့သော အသံများ သို့မဟုတ် အခြားလက္ခဏာများ ရှိမရှိကို စစ်ဆေးပါလိမ့်မည်၊၊ ထို့နောက် ပိုမိုတိကျစေရန်အတွက် အောက်ပါ စစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်ရန် တောင်းဆိုနိုင်ပါသည်-

  • Echocardiogram (နှလုံးအာထရာဆောင်း): ဤသည်မှာ VSD ကို ရောဂါရှာဖွေရန် အသုံးအများဆုံး စစ်ဆေးမှုဖြစ်ပါသည်၊၊ အသံလှိုင်းများကို အသုံးပြု၍ နှလုံး၏ပုံရိပ်များကို ဖော်ထုတ်ပေးကာ အပေါက်၏ အရွယ်အစား၊ တည်နေရာနှင့် နှလုံးအပေါ် သက်ရောက်မှုကို သိရှိနိုင်ပါသည်၊၊
  • Electrocardiogram (ECG/EKG): နှလုံး၏ လျှပ်စစ်စီးဆင်းမှုကို တိုင်းတာခြင်း ဖြစ်ပါသည်၊၊ နှလုံးကြီးနေခြင်း သို့မဟုတ် နှလုံးခုန်နှုန်း မမှန်ခြင်း ရှိမရှိကို သိရှိနိုင်ပါသည်၊၊
  • ရင်ဘတ်အက်စ်ရေး (Chest X-ray): နှလုံးနှင့် အဆုတ်၏ အခြေအနေကို ကြည့်ရှုခြင်း ဖြစ်ပါသည်၊၊ နှလုံးကြီးနေခြင်း သို့မဟုတ် အဆုတ်ထဲတွင် အရည်များ စုပုံနေခြင်း ရှိမရှိကို စစ်ဆေးနိုင်ပါသည်၊၊
  • Cardiac catheterization (နှလုံးသွေးကြောအတွင်း ပိုက်ထည့်၍ စစ်ဆေးခြင်း): ဆရာဝန်သည် ပျော့ပြောင်းသော ပိုက်ငယ်တစ်ခုကို ပေါင်ခြံ သို့မဟုတ် လက်မောင်းရှိ သွေးကြောမှတစ်ဆင့် နှလုံးအတွင်းသို့ ထည့်သွင်းကာ နှလုံးအတွင်း ဖိအားနှင့် အောက်ဆီဂျင် ပမာဏကို တိုင်းတာစစ်ဆေးခြင်း ဖြစ်ပါသည်၊၊
  • Pulse oximetry: သွေးအတွင်းရှိ အောက်ဆီဂျင် ပမာဏကို တိုင်းတာခြင်း ဖြစ်ပါသည်၊၊

ကုသမှု

မွေးရာပါ နှလုံးအခန်းငယ်ကြား နံရံပေါက်ခြင်း (VSD) သေးငယ်သော ကလေးငယ်အများစုသည် အပေါက်ပိတ်ရန်အတွက် ခွဲစိတ်မှုခံယူရန် မလိုအပ်ဘဲ အပေါက်မှာ ၎င်းအလိုလို ပြန်ပိတ်သွားခြင်း ရှိမရှိ စောင့်ဆိုင်းနေစဉ်အတွင်း ဖြစ်ပေါ်လာနိုင်သော လက္ခဏာများကို ကုသရန်အတွက် မွေးဖွားပြီးနောက်တွင် စောင့်ကြည့်စစ်ဆေးမှုများသာ ပြုလုပ်သင့်ပါသည်၊၊

ခွဲစိတ်ရန်လိုအပ်သော ကလေးငယ်များအတွက် ပုံမှန်အားဖြင့် ကလေးအသက် တစ်နှစ်အတွင်းတွင် ခွဲစိတ်မှုကို ပြုလုပ်လေ့ရှိပါသည်၊၊ အပေါက်အရွယ်အစား အလတ်စား သို့မဟုတ် အကြီးစားရှိသော ကလေးများနှင့် လူကြီးများတွင်လည်းကောင်း၊ သိသာထင်ရှားသော လက္ခဏာများ ပြသနေသူများတွင်လည်းကောင်း အပေါက်ကိုပိတ်ရန် ခွဲစိတ်မှု လိုအပ်နိုင်ပါသည်၊၊

VSD တည်ရှိရာနေရာပေါ်မူတည်၍ နှလုံးအဆို့ရှင်များ ပျက်စီးခြင်းကဲ့သို့သော နောက်ဆက်တွဲပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်၊၊ ထိုပြဿနာများကို ရှောင်ရှားနိုင်ရန်အတွက် လိုအပ်ပါက သေးငယ်သော VSD များကိုလည်း ခွဲစိတ်ကုသရန် လိုအပ်နိုင်ပါသည်၊၊ VSD အပျော့စားရှိသူ အများစုမှာ နောက်ဆက်တွဲပြဿနာ အနည်းငယ်သာရှိပြီး ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ကြပါသည်၊၊

VSD အပေါက်ကြီးသူများ သို့မဟုတ် နို့စို့ချိန်/အစာစားချိန်တွင် အလွယ်တကူ မောပန်းနွမ်းနယ်တတ်သော ကလေးငယ်များသည် ၎င်းတို့၏ ဖွံ့ဖြိုးမှုအတွက် ထပ်ဆောင်း အာဟာရဓာတ်များ ထောက်ပံ့ပေးရန် လိုအပ်နိုင်ပါသည်၊၊ အချို့သော ကလေးငယ်များတွင် နှလုံးပျက်စီးခြင်း (Heart failure) ကို စီမံခန့်ခွဲရန်အတွက် ဆေးဝါးများ လိုအပ်နိုင်ပါသည်၊၊

ဆေးဝါးများ

နှလုံးပျက်စီးခြင်း လက္ခဏာများ၏ ပြင်းထန်မှုအပေါ် မူတည်၍ နှလုံးအခန်းငယ်ကြား နံရံပေါက်ခြင်းအတွက် ဆေးဝါးများ ပေးလေ့ရှိပြီး ယင်းတို့မှာ အဆုတ်နှင့် သွေးကြောအတွင်းရှိ ပိုလျှံနေသော အရည်များကို လျှော့ချရန်အတွက် ဖြစ်ပါသည်၊၊ ထိုဆေးဝါးများတွင် ဖူရိုဆီမိုက် (Furosemide) ကဲ့သို့သော ဆီးဆေးများ ပါဝင်ပါသည်၊၊ အချို့သော ဆေးဝါးများသည် နှလုံးကြွက်သားများကို သန်မာစေရန်နှင့် သွေးဖိအားကို လျှော့ချရန်အတွက်လည်း အထောက်အကူပြုနိုင်ပါသည်၊၊

ခွဲစိတ်ကုသခြင်း သို့မဟုတ် အခြားသော လုပ်ထုံးလုပ်နည်းများ

ခွဲစိတ်ကုသမှု၏ ရည်ရွယ်ချက်မှာ နှလုံးအောက်ဘက် အခန်းငယ်နှစ်ခုကြားရှိ အပေါက်ကို ပိတ်ဆို့ရန် သို့မဟုတ် ဖာထေးရန် ဖြစ်ပါသည်၊၊ အကယ်၍ သင် သို့မဟုတ် သင့်ကလေးတွင် ဤကဲ့သို့ ခွဲစိတ်ရန် လိုအပ်ပါက အတွေ့အကြုံရှိသော ခွဲစိတ်ဆရာဝန်ကြီးများနှင့် နှလုံးအထူးကု ဆရာဝန်ကြီးများ ရှိရန်မှာ အလွန်အရေးကြီးပါသည်၊၊

VSD ကို ပြုပြင်ရန် လုပ်ဆောင်နိုင်သော နည်းလမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

  • ခွဲစိတ်ပြုပြင်ခြင်း – ဤနည်းလမ်းမှာ ပုံမှန်အားဖြင့် မေ့ဆေးအသုံးပြု၍ ရင်ဘတ်ဖွင့်ကာ ခွဲစိတ်ရသော နည်းလမ်းဖြစ်ပါသည်၊၊ ခွဲစိတ်နေစဉ်အတွင်း ရင်ဘတ်ကို ခွဲရန်နှင့် နှလုံး-အဆုတ် အစားထိုးစက် (Heart-lung machine) ကို အသုံးပြုရန် လိုအပ်ပါသည်၊၊ အပေါက်၏ အရွယ်အစားနှင့် တည်နေရာပေါ်မူတည်၍ ဆရာဝန်သည် အပေါက်ကို ချုပ်၍ ပိတ်ခြင်း သို့မဟုတ် အထူးအသားစ (Graft) ဖြင့် ဖာထေးခြင်းတို့ကို ပြုလုပ်နိုင်ပါသည်၊၊
  • နှလုံးသွေးကြောအတွင်း ပိုက်ထည့်၍ ကုသခြင်း (Catheter procedure) – VSD ကို ပြုပြင်ရန် ဤနည်းလမ်းကို အသုံးပြုပါက ရင်ဘတ်ကို ခွဲရန် မလိုအပ်ပါ၊၊ ယင်းအစား ဆရာဝန်သည် ပေါင်ခြံရှိ သွေးကြောမှတစ်ဆင့် သေးငယ်သော ပြွန် (Catheter) ကို ထည့်သွင်းပြီး နှလုံးဆီသို့ လမ်းညွှန်ပို့ဆောင်ပါသည်၊၊ ထို့နောက် အပေါက်ကို အုပ်စောင်း (Occluder) ဟုခေါ်သော ကိရိယာဖြင့် ပိတ်ဆို့လိုက်ပါသည်၊၊ သို့သော် VSD အားလုံးကို ဤနည်းလမ်းဖြင့် ပိတ်၍ မရနိုင်ပါ၊၊

နှလုံးအထူးကု ဆရာဝန်သည် နှလုံးအခန်းငယ်ကြားရှိ အပေါက်မှာ သေချာစွာ ပိတ်သွားခြင်း ရှိမရှိနှင့် နောက်ဆက်တွဲ ပြဿနာများ ရှိမရှိကို သိရှိနိုင်ရန် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ပါလိမ့်မည်၊၊ စစ်ဆေးမှုပြုလုပ်မည့် အကြိမ်အရေအတွက်မှာ ကလေး၏ အခြေအနေ ပြင်းထန်မှုနှင့် အခြားသော ကျန်းမာရေးပြဿနာများ ရှိမရှိအပေါ် မူတည်ပါလိမ့်မည်၊၊ ဆရာဝန်သည် ကလေးကို မည်သို့ ပြုစုစောင့်ရှောက်ရမည်ဆိုသည့် လမ်းညွှန်ချက်များကိုလည်း ပေးပါလိမ့်မည်၊၊ ပုံမှန်အားဖြင့် ကလေးငယ်များသည် ခွဲစိတ်ပြီးနောက် ရက်သတ္တပတ် အနည်းငယ်အတွင်း အပြည့်အဝ ပြန်လည်သက်သာလာနိုင်ပါသည်၊၊

Doctors who treat this condition