ဗေဆိုဗေးဂါးလ် သတိလစ်ခြင်း

အကျဉ်းချုပ်အကြောင်းအရာ

ဗေဆိုဗေးဂါးလ် သတိလစ်ခြင်း (Vasovagal syncope) သို့မဟုတ် နာဗ်ကြောနှင့်နှလုံးဆိုင်ရာ သတိလစ်ခြင်း (neurocardiogenic syncope) ဆိုသည်မှာ သွေးမြင်ရခြင်း သို့မဟုတ် ပြင်းထန်သော စိတ်သောကခံစားရခြင်းကဲ့သို့သော အချို့သော လှုံ့ဆော်မှုများအပေါ် ခန္ဓာကိုယ်၏ တုံ့ပြန်မှုလွန်ကဲခြင်းကြောင့် သတိလစ်သွားခြင်းဖြစ်ပါသည်၊၊ ဤတုံ့ပြန်မှုသည် နှလုံးခုန်နှုန်းနှင့် သွေးဖိအားကို ရုတ်တရက် ကျဆင်းစေပြီး ဦးနှောက်သို့ သွေးစီးဆင်းမှု လျော့နည်းသွားကာ ခဏတာ သတိမေ့သွားခြင်းကို ဖြစ်ပေါ်စေပါသည်၊၊ ယေဘုယျအားဖြင့် အန္တရာယ်မရှိသည့်အပြင် ကုသမှုခံယူရန် မလိုအပ်တတ်သော်လည်း သတိလစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိနိုင်သည့် အလားအလာရှိပါသည်၊၊ နှလုံးရောဂါကဲ့သို့သော ပိုမိုပြင်းထန်သည့် အခြေခံရောဂါများ မဟုတ်ကြောင်း သေချာစေရန် သင်၏ဆရာဝန်က ရောဂါရှာဖွေရေးစစ်ဆေးမှုများကို အကြံပြုနိုင်ပါသည်၊၊

ရောဂါလက္ခဏာများ

ဗေဆိုဗေးဂါးလ် သတိလစ်ခြင်းကြောင့် မမေ့လဲမီ အောက်ပါလက္ခဏာအချို့ ခံစားရနိုင်ပါသည်၊၊

  • မြင်ကွင်းကျဉ်းသွားခြင်း (Tunnel vision)၊၊ သင်၏အမြင်အာရုံမှာ ကျဉ်းသွားပြီး သင့်ရှေ့တည့်တည့်ရှိ အရာများကိုသာ မြင်ရသော အခြေအနေဖြစ်ပါသည်၊၊
  • အမြင်အာရုံ ဝေဝါးခြင်း
  • ခေါင်းထဲတွင် ပေါ့ပါးသွားခြင်း (သို့မဟုတ်) မူးဝေခြင်း
  • ပျို့အန်ခြင်း
  • မျက်နှာဖြူလျော်ခြင်း
  • ကိုယ်ပူလာသကဲ့သို့ ခံစားရခြင်း
  • ချွေးစေးများထွက်ခြင်း
  • သမ်းခြင်း

ဗေဆိုဗေးဂါးလ် သတိလစ်ခြင်းဖြစ်စဉ်ကို ဘေးမှမြင်တွေ့ရသူတစ်ဦးအနေဖြင့် အောက်ပါတို့ကို သတိပြုမိနိုင်ပါသည်၊၊

  • သူငယ်အိမ် ကျယ်လာခြင်း
  • ကိုယ်ခန္ဓာ လှုပ်ရမ်းခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော လှုပ်ရှားမှုများရှိခြင်း
  • နှလုံးခုန်နှုန်း နှေးခြင်း သို့မဟုတ် အလွန်အားနည်းခြင်း

သတိလစ်ပြီးနောက် ပြန်လည်သက်သာလာမှုမှာ ပုံမှန်အားဖြင့် တစ်မိနစ်အတွင်း စတင်ပါသည်၊၊ သို့သော် သတိလစ်ပြီးနောက် ချက်ချင်းဆိုသလို (ပုံမှန်အားဖြင့် ၁၅ မိနစ်မှ ၃၀ မိနစ်အတွင်း) အမြန်ထရပ်ပါက ထပ်မံသတိလစ်နိုင်ခြေ ပိုများပါသည်၊၊

သတိလစ်ခြင်းသည် တစ်ခါတစ်ရံတွင် နှလုံး သို့မဟုတ် ဦးနှောက်ဆိုင်ရာရောဂါကဲ့သို့သော ပိုမိုပြင်းထန်သည့် အခြေအနေကို ညွှန်ပြနိုင်ပါသည်၊၊ သတိလစ်ခြင်းကို ပထမဦးဆုံးအကြိမ် ခံစားရခြင်းဖြစ်ပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အကြံပြုပါသည်၊၊

အကြောင်းရင်းများ

ဗေဆိုဗေးဂါးလ် သတိလစ်ခြင်းသည် နှလုံးခုန်နှုန်းနှင့် သွေးဖိအားကို ထိန်းညှိပေးသည့် အာရုံကြောစနစ် အစိတ်အပိုင်းက သွေးမြင်ရခြင်းကဲ့သို့သော လှုံ့ဆော်မှုတစ်ခုအပေါ် ပုံမှန်မဟုတ်ဘဲ တုံ့ပြန်သည့်အခါ ဖြစ်ပွားပါသည်၊၊ ယင်းက နှလုံးခုန်နှုန်းကို နှေးကွေးသွားစေပြီး ခြေထောက်ရှိ သွေးကြောများကို ကျယ်လာစေသဖြင့် ခြေထောက်တွင် သွေးများ စုပုံလာကာ သွေးဖိအား ကျဆင်းသွားပါသည်၊၊ သွေးဖိအားကျခြင်းနှင့် နှလုံးခုန်နှုန်းနှေးခြင်း ဟူသော အကျိုးသက်ရောက်မှုနှစ်ခုပေါင်းကာ ဦးနှောက်သို့ သွေးစီးဆင်းမှုကို လျော့နည်းစေပြီး သတိလစ်ခြင်းကို ဖြစ်ပေါ်စေပါသည်၊၊

တစ်ခါတစ်ရံတွင် ထင်ရှားသော လှုံ့ဆော်မှုမရှိနိုင်သော်လည်း ဗေဆိုဗေးဂါးလ် သတိလစ်ခြင်းကို အဖြစ်များစေသော အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်၊၊

  • အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း
  • အပူဒဏ်နှင့် ထိတွေ့ခြင်း
  • သွေးမြင်ရခြင်း
  • သွေးဖောက်ခံရခြင်း
  • ကိုယ်ခန္ဓာ ထိခိုက်ဒဏ်ရာရမည်ကို ကြောက်ခြင်း
  • ဝမ်းသွားစဉ် အားစိုက်ညှစ်ခြင်းကဲ့သို့သော အလွန်အမင်း အားစိုက်ထုတ်ခြင်း

ဖြစ်နိုင်ခြေရှိသော အချက်များ

လူသုံးဦးတွင် တစ်ဦးခန့်သည် ၎င်းတို့၏ တစ်သက်တာတွင် အနည်းဆုံး တစ်ကြိမ်ခန့် ဗေဆိုဗေးဂါးလ် သတိလစ်ခြင်းကို ခံစားရနိုင်ပြီး မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်ပါသည်၊၊ အသက် ၄၀ အောက် လူငယ်များတွင် သတိလစ်ခြင်းဖြစ်စဉ်များ၏ ၈၅ ရာခိုင်နှုန်းခန့်မှာ ဗေဆိုဗေးဂါးလ်ကြောင့် ဖြစ်ပါသည်၊၊ အသက်ကြီးသူများတွင်မူ ထိုဖြစ်စဉ်များ၏ ထက်ဝက်ခန့်မှာ ဤအကြောင်းရင်းကြောင့် ဖြစ်ပါသည်၊၊

ပါကင်ဆန်ရောဂါကဲ့သို့သော အလိုအလျောက် အာရုံကြောစနစ် ချို့ယွင်းသည့်ရောဂါရှိသူများသည် ဗေဆိုဗေးဂါးလ် သတိလစ်ခြင်းကို ခံစားရနိုင်ခြေ အလွန်နည်းပါသည်၊၊ အကြောင်းမှာ ၎င်းတို့၏ ရောဂါအခြေအနေသည် အာရုံကြောစနစ်၏ ပုံမှန်လုပ်ဆောင်ချက်များကို အနှောင့်အယှက်ဖြစ်စေသောကြောင့် ဖြစ်ပါသည်၊၊

ရောဂါရှာဖွေခြင်း

ဗေဆိုဗေးဂါးလ် သတိလစ်ခြင်းကို ရောဂါရှာဖွေရာတွင် ပုံမှန်အားဖြင့် ကိုယ်ခန္ဓာစစ်ဆေးခြင်းဖြင့် စတင်ပါသည်၊၊ စစ်ဆေးနေစဉ်အတွင်း ဆရာဝန်သည် သင်၏နှလုံးခုန်သံကို နားထောင်ခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာခြင်းတို့ကို ပြုလုပ်ပါလိမ့်မည်၊၊ ထို့ပြင် လည်ပင်းရှိ သွေးလွှတ်ကြောမကြီးများကို အသာအယာ နှိပ်နယ်ကြည့်ခြင်းဖြင့် သတိလစ်ချင်သကဲ့သို့ ခံစားရခြင်း ရှိမရှိကိုလည်း စစ်ဆေးနိုင်ပါသည်၊၊

သတိလစ်ရခြင်းမှာ အထူးသဖြင့် နှလုံးနှင့်သက်ဆိုင်သော အခြားပြင်းထန်သည့် အကြောင်းရင်းများကြောင့် မဟုတ်ကြောင်း သေချာစေရန် ဆရာဝန်သည် အောက်ပါစစ်ဆေးမှုများကို အကြံပြုနိုင်ပါသည်၊၊

  • နှလုံးလျှပ်စစ်ဓာတ်မှန် (Electrocardiogram)၊၊ သင်၏နှလုံးမှ ထုတ်လွှတ်သော လျှပ်စစ်လှိုင်းများကို စစ်ဆေးခြင်းဖြစ်ပါသည်၊၊ ယင်းသည် နှလုံးခုန်နှုန်း မမှန်ခြင်းနှင့် အခြားသော နှလုံးဆိုင်ရာ ပြဿနာများကို သိရှိနိုင်ပါသည်၊၊ လိုအပ်ပါက လက်ကိုင်နှလုံးစောင့်ကြည့်စက် (Portable monitor) ကို တစ်ရက် သို့မဟုတ် တစ်လခန့်အထိ ဝတ်ဆင်ထားရန် လိုအပ်နိုင်ပါသည်၊၊
  • နှလုံးအာထရာဆောင်း (Echocardiogram)၊၊ အာထရာဆောင်းလှိုင်းများကို အသုံးပြု၍ နှလုံး၏အခြေအနေကို ကြည့်ရှုစစ်ဆေးခြင်း ဖြစ်ပါသည်၊၊ သတိလစ်ခြင်းကို ဖြစ်စေနိုင်သည့် နှလုံးအဆို့ရှင် ပြဿနာများ ရှိမရှိကို ရှာဖွေနိုင်ပါသည်၊၊
  • လေ့ကျင့်ခန်းလုပ်နေစဉ် နှလုံးစစ်ဆေးခြင်း (Exercise stress test)၊၊ လမ်းလျှောက်စက်ပေါ်တွင် လမ်းလျှောက်ခြင်း သို့မဟုတ် ပြေးနေစဉ်အတွင်း နှလုံးခုန်နှုန်း အခြေအနေကို စစ်ဆေးခြင်း ဖြစ်ပါသည်၊၊
  • သွေးစစ်ခြင်း၊၊ သတိလစ်ခြင်းကို ဖြစ်စေနိုင်သော သို့မဟုတ် ပိုမိုဆိုးရွားစေနိုင်သော သွေးအားနည်းရောဂါကဲ့သို့သော အခြေအနေများ ရှိမရှိကို ဆရာဝန်က စစ်ဆေးနိုင်ပါသည်၊၊
  • စောင်းနေသော ကုတင်ပေါ်တွင် စမ်းသပ်ခြင်း (Tilt table test)၊၊ နှလုံးကြောင့် သတိလစ်ခြင်းမဟုတ်ကြောင်း ယူဆရပါက ဤစစ်ဆေးမှုကို ပြုလုပ်နိုင်ပါသည်၊၊ သင်သည် ကုတင်ပေါ်တွင် ပက်လက်လှဲနေရမည်ဖြစ်ပြီး ထိုကုတင်ကို အနိမ့်အမြင့် ထောင့်အမျိုးမျိုးသို့ စောင်း၍ စစ်ဆေးပါလိမ့်မည်၊၊ ထိုသို့ ကိုယ်ဟန်အနေအထား ပြောင်းလဲခြင်းကြောင့် သွေးဖိအားနှင့် နှလုံးခုန်နှုန်းအပေါ် မည်သို့သက်ရောက်မှုရှိသည်ကို ကျွမ်းကျင်ပညာရှင်က စောင့်ကြည့်စစ်ဆေးပါလိမ့်မည်၊၊

ကုသမှု

ဗေဆိုဗေးဂါးလ် သတိလစ်ခြင်း အခြေအနေအများစုတွင် ကုသမှုခံယူရန် မလိုအပ်ပါ၊၊ သင်၏ဆရာဝန်သည် သတိလစ်ခြင်းကို ဖြစ်စေသည့် အချက်များကို ရှာဖွေပေးပြီး ၎င်းတို့ကို ရှောင်ကြဉ်နိုင်မည့် နည်းလမ်းများကို ကူညီဖော်ထုတ်ပေးပါလိမ့်မည်၊၊

သို့သော်လည်း သတိလစ်ခြင်းမှာ မကြာခဏဖြစ်ပွားပြီး နေ့စဉ်လူနေမှုဘဝကို အနှောင့်အယှက်ဖြစ်လာပါက အောက်ပါကုသမှု တစ်ခု သို့မဟုတ် တစ်ခုထက်မကကို အသုံးပြုရန် အကြံပြုနိုင်ပါသည်၊၊

  • ဆေးဝါးများ – သွေးပေါင်ကျခြင်းအတွက် အသုံးပြုလေ့ရှိသော ဖလူဒရိုကော့တီဆုန်း (Fludrocortisone acetate) ဆေးဝါးသည် ဗေဆိုဗေးဂါးလ် သတိလစ်ခြင်းကို ကာကွယ်ရာတွင် အကျိုးရှိနိုင်ပါသည်၊၊ စိတ်ကျရောဂါကုဆေးအချို့ (SSRIs) ကိုလည်း ထည့်သွင်းစဉ်းစားနိုင်ပါသည်၊၊
  • ကုထုံးများ – ခြေထောက်တွင် သွေးများ စုပုံနေခြင်းကို လျှော့ချနိုင်မည့် နည်းလမ်းများကို ဆရာဝန်က လမ်းညွှန်နိုင်ပါသည်၊၊ ဥပမာ – ခြေထောက် လေ့ကျင့်ခန်းလုပ်ခြင်း၊ သွေးပြန်ကြောထိန်း ခြေအိတ်များ ဝတ်ဆင်ခြင်း သို့မဟုတ် မတ်တပ်ရပ်နေစဉ် ခြေထောက်ကြွက်သားများကို တင်းထားခြင်းတို့ ဖြစ်ပါသည်၊၊ သင့်တွင် သွေးတိုးရောဂါ မရှိပါက ဆားကို ပိုမိုစားသုံးရန် အကြံပြုနိုင်ပါသည်၊၊ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း (အထူးသဖြင့် ပူအိုက်ပြီး လူထူထပ်သော နေရာများတွင်) ကို ရှောင်ကြဉ်ရန်နှင့် ရေဓာတ် လုံလောက်စွာ ဖြည့်တင်းရန်မှာ အလွန်အရေးကြီးပါသည်၊၊
  • ခွဲစိတ်ခြင်း – အခြားကုသမှုများဖြင့် မသက်သာသော လူနာများအတွက် အလွန်ရှားပါးသော အခြေအနေများတွင် နှလုံးခုန်နှုန်းကို ထိန်းညှိပေးသည့် စက် (Pacemaker) ထည့်သွင်းခြင်းကို ပြုလုပ်နိုင်ပါသည်၊၊

Doctors who treat this condition