သွေးကြောရောင်ရမ်းခြင်း
အကျဉ်းချုပ်အကြောင်းအရာ
သွေးကြောရောင်ရမ်းခြင်းဆိုသည်မှာ သွေးကြောများ ရောင်ရမ်းသည့် အခြေအနေတစ်ခုဖြစ်ပြီး ယင်းသည် သွေးမွှားလေးများမှသည် နှလုံးမှထွက်သော သွေးကြောမကြီးကဲ့သို့သော သွေးလွှတ်ကြောကြီးများအထိ ထိခိုက်နိုင်ပါသည်၊၊ ရောင်ရမ်းမှုကြောင့် သွေးကြောနံရံများ ထူလာကာ သွေးကြောအတွင်း လမ်းကြောင်းကျဉ်းသွားနိုင်ပါသည်၊၊ သွေးစီးဆင်းမှု ကန့်သတ်ခံရသောအခါ အင်္ဂါအစိတ်အပိုင်းများနှင့် တစ်ရှူးများ ထိခိုက်ပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်ပါသည်၊၊
ရောင်ရမ်းနေသော သွေးကြောများသည် အားနည်းလာပြီး ပွလာနိုင်ကာ သွေးကြောဖောင်းခြင်းကို ဖြစ်စေနိုင်ပါသည်၊၊ ထို့အပြင် သွေးကြောနံရံများ အလွန်ပါးလွှာလာပြီး ပေါက်ထွက်သွားပါက တစ်ရှူးများအတွင်း သွေးယိုစိမ့်မှု ဖြစ်စေနိုင်ပါသည်၊၊ သွေးကြောရောင်ရမ်းခြင်း၏ ရလဒ်ကြောင့် သွေးကြောများ အလွန်ကျဉ်းသွားပြီး လုံးဝပိတ်သွားသည်အထိလည်း ဖြစ်နိုင်ပါသည်၊၊ သွေးကြောရောင်ခြင်းကြောင့် သွေးစီးဆင်းမှု လျော့နည်းသွားခြင်း သို့မဟုတ် ရပ်တန့်သွားခြင်းဖြစ်ပါက ထိုသွေးကြောကို အမှီပြုနေရသော တစ်ရှူးများမှာ ပျက်စီးလာပြီး တစ်ရှူးများ သေဆုံးသည့် ဖြစ်စဉ်ကို စတင်စေပါသည်၊၊
သွေးကြောရောင်ရမ်းခြင်းတွင် ပုံစံအမျိုးမျိုးရှိပြီး အများစုမှာ အတွေ့ရနည်းသော အမျိုးအစားများ ဖြစ်ပါသည်၊၊ ယင်းသည် အင်္ဂါအစိတ်အပိုင်း အများအပြားကို ထိခိုက်စေနိုင်သလို အင်္ဂါအစိတ်အပိုင်း တစ်ခုတည်းကိုလည်း ကန့်သတ်ထိခိုက်စေနိုင်ပါသည်၊၊ ရောဂါဖြစ်ပွားမှု ကြာချိန်မှာ ယာယီမှသည် ရေရှည်အထိ ဖြစ်နိုင်ပါသည်၊၊
သွေးကြောရောင်ရမ်းခြင်းသည် မည်သူ့ကိုမဆို ထိခိုက်စေနိုင်သော်လည်း အချို့သော ပုံစံများသည် သီးခြားအသက်အုပ်စုများတွင် ပိုမိုအဖြစ်များပါသည်၊၊ ၎င်းတို့ရရှိထားသော အမျိုးအစားပေါ်မူတည်၍ အချို့မှာ ၎င်းတို့အလိုလို ပြန်လည်သက်သာသွားနိုင်ပါသည်၊၊ သွေးကြောရောင်ရမ်းခြင်း အမျိုးအစား အများစုမှာ ရောင်ရမ်းမှုကို စီမံခန့်ခွဲရန်နှင့် ရောဂါပြန်လည်ထကြွမှုများကို လျှော့ချရန်အတွက် ဆေးဝါးများ အသုံးပြုရန် လိုအပ်ပါသည်၊၊
သွေးကြောရောင်ရမ်းခြင်း အမျိုးအစားများတွင် အောက်ပါတို့ ပါဝင်ပါသည်၊၊
- ဘတ်ရှက်ရောဂါ
- ဗာဂါရောဂါ
- ချက်စထရောက် ရောဂါစု
- ခရိုင်ယိုဂလိုဗျူလင်နီးမီးယား
- သွေးလွှတ်ကြောကြီးများ ရောင်ရမ်းခြင်း
- သွေးကြောရောင်ရမ်းခြင်းနှင့်အတူ တစ်ရှူးများ အဖုအကျိတ်ဖြစ်သောရောဂါ
- ဟဲနော့ရှိုလိုင်း ပါပူရာ
- ကာဝါဆာကီရောဂါ
- တာကာယာဆု သွေးလွှတ်ကြောရောင်ရောဂါ
ရောဂါလက္ခဏာများ
ယေဘုယျအားဖြင့် သွေးကြောရောင်ရမ်းခြင်း အမျိုးအစား အများစုတွင် အောက်ပါ ထင်ရှားသော လက္ခဏာများ တွေ့ရတတ်ပါသည်၊၊
- ဖျားခြင်း
- ခေါင်းကိုက်ခြင်း
- နုံးချိခြင်း သို့မဟုတ် အားနည်းခြင်း
- ကိုယ်အလေးချိန် ကျဆင်းခြင်း
- ယေဘုယျ ကိုက်ခဲနာကျင်ခြင်း
- အရေပြားတွင် အဖုအပိမ့်များ ထွက်ခြင်း
သွေးကြောရောင်ခြင်းကြောင့် ထိခိုက်ခံရသော ကိုယ်ခန္ဓာအစိတ်အပိုင်းပေါ် မူတည်၍ အခြားသော လက္ခဏာများလည်း ပေါ်ပေါက်နိုင်ပါသည်၊၊ အရေပြားရှိ သွေးကြောငယ်လေးများ ရောင်ရမ်းသည့်အခါ ၎င်းတို့ ပေါက်ထွက်သွားနိုင်ပြီး တစ်ရှူးများအတွင်း သွေးခြေဥခြင်း သို့မဟုတ် သွေးစက်အစပျောက်လေးများ ဖြစ်ပေါ်စေနိုင်ပါသည်၊၊ သက်ဆိုင်ရာ ကိုယ်ခန္ဓာအစိတ်အပိုင်းများအလိုက် အောက်ပါလက္ခဏာများကို တွေ့ရနိုင်ပါသည်၊၊
- အစာခြေစနစ် – အစာအိမ် သို့မဟုတ် အူလမ်းကြောင်းတွင် ဖြစ်ပွားပါက အစာစားပြီးနောက် နာကျင်ခြင်း ဖြစ်နိုင်ပါသည်၊၊ အစာအိမ်နာခြင်းနှင့် အူပေါက်ခြင်းတို့ ဖြစ်နိုင်ခြေရှိပြီး ဝမ်းအတွင်း သွေးပါသည်အထိ ဖြစ်နိုင်ပါသည်၊၊
- အဆုတ် – အဆုတ်တွင် ဖြစ်ပွားပါက အသက်ရှူခက်ခဲခြင်း သို့မဟုတ် သွေးအန်ခြင်း၊ သွေးပါသော ချောင်းဆိုးခြင်းများ ခံစားရနိုင်ပါသည်၊၊
- မျက်စိ – မျက်စိနီခြင်း၊ ယားယံခြင်း သို့မဟုတ် ပူလောင်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်၊၊ သွေးလွှတ်ကြောကြီးများ ရောင်ရမ်းခြင်း ဖြစ်ပွားပါက အရာဝတ္ထုများကို နှစ်ထပ်မြင်ခြင်းနှင့် မျက်စိတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံး ယာယီ သို့မဟုတ် အမြဲတမ်း ကွယ်သွားခြင်းတို့ ဖြစ်နိုင်ပြီး ယင်းသည် ရောဂါ၏ ကနဦး လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါသည်၊၊
- နား – မူးဝေခြင်း၊ နားထဲတွင် အသံမြည်ခြင်းနှင့် ရုတ်တရက် အကြားအာရုံ ဆုံးရှုံးခြင်းတို့ ဖြစ်နိုင်ပါသည်၊၊
- လက် သို့မဟုတ် ခြေထောက် – အချို့သော သွေးကြောရောင်ရမ်းခြင်းများကြောင့် လက် သို့မဟုတ် ခြေထောက်များ ထုံကျဉ်ခြင်း သို့မဟုတ် အားနည်းခြင်း ဖြစ်နိုင်ပါသည်၊၊ လက်ဖဝါးနှင့် ခြေဖဝါးများ ရောင်ရမ်းခြင်း သို့မဟုတ် မာတောင့်လာခြင်းတို့လည်း ဖြစ်နိုင်ပါသည်၊၊
- အရေပြား – အရေပြားပေါ်ရှိ အနီစက်များသည် အရေပြားအောက်တွင် သွေးယိုစိမ့်မှုကို ညွှန်ပြနိုင်ပါသည်၊၊ အဖုအကျိတ်များ သို့မဟုတ် အနာပွင့်များ ဖြစ်ပေါ်ခြင်းမှာလည်း သွေးကြောရောင်ခြင်းကြောင့် ဖြစ်နိုင်ပါသည်၊၊
စိုးရိမ်ရသော လက္ခဏာများ ခံစားရပါက ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ရန် အကြံပြုပါသည်၊၊ အမျိုးမျိုးသော သွေးကြောရောင်ရမ်းခြင်းများကို ထိရောက်စွာ ကုသနိုင်ရန်အတွက် စောစီးစွာ သိရှိရန်မှာ အလွန်အရေးကြီးပါသည်၊၊
အကြောင်းရင်းများ
သွေးကြောရောင်ရမ်းခြင်း ဖြစ်ရသည့် အတိအကျ အကြောင်းရင်းကို မသိရသေးပါ၊၊ အချို့သော အမျိုးအစားများသည် မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်ပြီး အချို့မှာမူ ကိုယ်ခံအားစနစ်က သွေးကြောအတွင်းရှိ ဆဲလ်များကို မှားယွင်းတိုက်ခိုက်ခြင်းကြောင့် ဖြစ်ပွားပါသည်၊၊ ဤသို့ ကိုယ်ခံအားစနစ်၏ တုံ့ပြန်မှုကို အသည်းရောင် အသားဝါ ဘီနှင့် စီ ကဲ့သို့သော ပိုးဝင်ခြင်းများ၊ သွေးကင်ဆာများ၊ ရောဂါပြီးစနစ်ဆိုင်ရာ ရောဂါများဖြစ်သည့် လေးဖက်နာ အဆစ်ရောင်ရောဂါ၊ လူးပတ်စ်ရောဂါနှင့် အရေပြားမာရောဂါ တို့အပြင် အချို့သော ဆေးဝါးများနှင့် တုံ့ပြန်မှုများကြောင့်လည်း ဖြစ်ပေါ်စေနိုင်ပါသည်၊၊
ဖြစ်နိုင်ခြေရှိသော အချက်များ
မည်သူမဆို သွေးကြောရောင်ရမ်းခြင်း ဖြစ်ပွားနိုင်ပါသည်၊၊ အချို့သော သီးခြားရောဂါများ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သည့် အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်၊၊
- အသက်အရွယ် – ကာဝါဆာကီရောဂါသည် အသက် ငါးနှစ်အောက် ကလေးများတွင် အဖြစ်အများဆုံး ဖြစ်သော်လည်း သွေးလွှတ်ကြောကြီးများ ရောင်ရမ်းခြင်းမှာ အသက် ၅၀ မတိုင်မီ ဖြစ်ပွားခြင်းမှာ ရှားပါးပါသည်၊၊
- လိင် – ဗာဂါရောဂါသည် အမျိုးသမီးများထက် အမျိုးသားများတွင် ပိုမိုဖြစ်ပွားသော်လည်း သွေးလွှတ်ကြောကြီးများ ရောင်ရမ်းခြင်းမှာ အမျိုးသမီးများတွင် ပိုမိုအဖြစ်များပါသည်၊၊
- မိသားစုရာဇဝင် – သွေးကြောရောင်ရမ်းခြင်းနှင့်အတူ တစ်ရှူးများ အဖုအကျိတ်ဖြစ်သောရောဂါ၊ ကာဝါဆာကီရောဂါနှင့် ဘတ်ရှက်ရောဂါတို့သည် တစ်ခါတစ်ရံတွင် မိသားစုလိုက် ဖြစ်ပွားတတ်ပါသည်၊၊
- ဆေးဝါးများ – ဟိုက်ဒရာလာဇင်း၊ အယ်လိုပျူရင်နော၊ မိုင်နိုဆိုက်ကလင်းနှင့် ပရိုပိုင်းသိုင်အိုယူရာဆေးလ် အစရှိသော ဆေးဝါးအချို့ကြောင့် သွေးကြောရောင်ခြင်း ဖြစ်နိုင်ကြောင်း သိရှိရပါသည်၊၊
- ကိုယ်ခံအားစနစ်ဆိုင်ရာ ပြဿနာများ – ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်က မိမိကိုယ်ကို ပြန်လည်တိုက်ခိုက်သော ရောဂါများရှိသူများတွင် သွေးကြောရောင်ခြင်း ဖြစ်နိုင်ခြေ ပိုများနိုင်ပါသည်၊၊ လူးပတ်စ်၊ လေးဖက်နာ အဆစ်ရောင်ရောဂါနှင့် အရေပြားမာရောဂါတို့မှာ ဥပမာများ ဖြစ်ပါသည်၊၊
- ပိုးဝင်ခြင်း – အသည်းရောင် အသားဝါ ဘီ သို့မဟုတ် စီ ရှိပါက သွေးကြောရောင်ခြင်း ဖြစ်နိုင်ခြေ မြင့်တက်ပါသည်၊၊
- လူနေမှုဘဝပုံစံ ရွေးချယ်မှုများ – ကိုကင်း သုံးစွဲခြင်းသည် သွေးကြောရောင်ခြင်း ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါသည်၊၊ ဆေးလိပ်သောက်ခြင်းသည် အထူးသဖြင့် အသက် ၄၅ နှစ်အောက် အမျိုးသားများတွင် ဗာဂျာရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါသည်၊၊
ရောဂါရှာဖွေခြင်း
သွေးကြောရောင်ရမ်းခြင်းကို ရောဂါရှာဖွေရန်အတွက် အောက်ပါစစ်ဆေးမှုများနှင့် လုပ်ထုံးလုပ်နည်းများကို အကြံပြုနိုင်ပါသည်၊၊
- ကိုယ်ခန္ဓာစစ်ဆေးခြင်း – ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၏ အဆိုအရ ဦးစွာပထမ ကိုယ်ခန္ဓာစစ်ဆေးခြင်းနှင့် ဆေးမှတ်တမ်းများကို မေးမြန်းစစ်ဆေးပါလိမ့်မည်၊၊ သွေးကြောရောင်ရမ်းခြင်းနှင့် ဆင်တူသော အခြားအခြေအနေများ မဟုတ်ကြောင်း သေချာစေရန် သို့မဟုတ် သွေးကြောရောင်ရမ်းခြင်းကို ရောဂါရှာဖွေနိုင်ရန်အတွက် ရောဂါရှာဖွေရေး စစ်ဆေးမှုများနှင့် ကုသမှု တစ်ခု သို့မဟုတ် တစ်ခုထက်မက ပြုလုပ်နိုင်ပါသည်၊၊
- သွေးစစ်ခြင်း – သွေးအတွင်း စီ-ရိရက်တစ် ပရိုတင်း (C-reactive protein) ပမာဏ မြင့်တက်နေခြင်းကဲ့သို့သော ရောင်ရမ်းမှုဆိုင်ရာ လက္ခဏာများကို ရှာဖွေစစ်ဆေးပါသည်၊၊ သွေးနီဥဆဲလ် လုံလောက်မှု ရှိမရှိကို သွေးဆဲလ်အပြည့်အစုံ စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါသည်၊၊ ထို့အပြင် သွေးကြောရောင်ရမ်းခြင်းနှင့် ဆက်စပ်နိုင်သော ကိုယ်ခံအားဆိုင်ရာ ဒြပ်ပေါင်းများ သို့မဟုတ် ပဋိပစ္စည်းများကိုလည်း သွေးစစ်ခြင်းမှတစ်ဆင့် တွေ့ရှိနိုင်ပါသည်၊၊
- ပုံရိပ်ဖော် စစ်ဆေးခြင်း – ခန္ဓာကိုယ်အတွင်းပိုင်းကို ထိုးဖောက်စရာမလိုသော ပုံရိပ်ဖော်နည်းပညာများဖြင့် ပျက်စီးနေသော သွေးကြောများနှင့် အင်္ဂါအစိတ်အပိုင်းများကို ခွဲခြားသိရှိနိုင်ပါသည်၊၊ ယင်းသည် လူနာ၏ ဆေးဝါးတုံ့ပြန်မှု အခြေအနေကို စောင့်ကြည့်ရာတွင်လည်း ကျန်းမာရေးစောင့်ရှောက်မှုပေးသူအား အထောက်အကူပြုနိုင်ပါသည်၊၊ သွေးကြောရောင်ရမ်းခြင်းကို ရောဂါရှာဖွေရန် အသုံးပြုသော ပုံရိပ်ဖော်နည်းလမ်းများတွင် အက်စ်ရေး၊ အာထရာဆောင်း၊ ကွန်ပျူတာဓာတ်မှန် (CT)၊ သံလိုက်ဓာတ်မှန် (MRI) နှင့် ပိုစီထရွန်ထုတ်လွှတ်မှု ဓာတ်မှန် (PET) တို့ ပါဝင်ပါသည်၊၊
- သွေးကြောဓာတ်မှန်ရိုက်ခြင်း – ပိုက်အသေးလေးနှင့်တူသော ပျော့ပြောင်းသည့် ပြွန်ငယ်တစ်ခုကို သွေးလွှတ်ကြောမကြီး သို့မဟုတ် သွေးပြန်ကြောအတွင်းသို့ ထည့်သွင်း၍ ပြုလုပ်သော နည်းလမ်းဖြစ်ပါသည်၊၊ ပြွန်အတွင်းသို့ အထူးဆေးရည်တစ်မျိုး ထိုးသွင်းပြီးနောက် အက်စ်ရေးရိုက်နေစဉ်အတွင်း ထိုဆေးရည်သည် သွေးကြောထဲသို့ ပျံ့နှံ့သွားပါသည်၊၊ ရရှိလာသော အက်စ်ရေးပုံရိပ်များတွင် သင့်သွေးကြောများ၏ ပုံသဏ္ဌာန်ကို မြင်တွေ့နိုင်ပါသည်၊၊
- အသားစယူ စစ်ဆေးခြင်း – ဤခွဲစိတ်မှုအတွင်း ဆရာဝန်သည် ထိခိုက်နေသော ကိုယ်ခန္ဓာအစိတ်အပိုင်းမှ တစ်ရှူးနမူနာ အနည်းငယ်ကို ဖယ်ထုတ်ယူပါသည်၊၊ ထို့နောက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူက ထိုတစ်ရှူးကို စစ်ဆေး၍ သွေးကြောရောင်ရမ်းသည့် လက္ခဏာများ ရှိမရှိ ရှာဖွေပါသည်၊၊
ကုသမှု
သွေးကြောရောင်ရမ်းခြင်း အမျိုးအစားနှင့် ထိခိုက်ခံရသော နေရာ သို့မဟုတ် အင်္ဂါအစိတ်အပိုင်းများပေါ်မူတည်၍ ကုသမှုနည်းလမ်းမှာ ကွဲပြားပါသည်၊၊ ကုသမှု၏ အဓိကရည်ရွယ်ချက်မှာ သွေးကြောရောင်ရမ်းခြင်းကို ဖြစ်စေသည့် အခြေခံအကြောင်းရင်းများကို ဖြေရှင်းရန်နှင့် ရောင်ရမ်းမှုကို ထိန်းချုပ်ရန် ဖြစ်ပါသည်၊၊
- ဆေးဝါးများ – သွေးကြောရောင်ရမ်းခြင်းနှင့် ဆက်စပ်သော ရောင်ရမ်းမှုများကို ကုသရန်အတွက် ပရက်ဒနီဆုန်း (Prednisone) ကဲ့သို့သော ကော်တီကိုစတီရွိုက် (Corticosteroids) ဆေးဝါးများကို အများဆုံး ညွှန်ကြားလေ့ရှိပါသည်၊၊ ကော်တီကိုစတီရွိုက်ဆေးများ၏ နောက်ဆက်တွဲဆိုးကျိုးများမှာ အထူးသဖြင့် ရေရှည်သောက်သုံးပါက ပြင်းထန်နိုင်ပါသည်၊၊ ဆီးချိုရောဂါဖြစ်ခြင်း၊ အရိုးပွခြင်းနှင့် ကိုယ်အလေးချိန်တက်ခြင်းတို့မှာ ဖြစ်နိုင်ခြေရှိသော ဆိုးကျိုးများ ဖြစ်ပါသည်၊၊ အကယ်၍ ရေရှည်ကုသမှုအတွက် လိုအပ်ပါက အနိမ့်ဆုံး ဆေးပမာဏကိုသာ ပေးပါလိမ့်မည်၊၊
ရောင်ရမ်းမှုကို လျှော့ချရန်နှင့် ကော်တီကိုစတီရွိုက် ဆေးပမာဏကို မြန်မြန်ဆန်ဆန် လျှော့ချနိုင်ရန်အတွက် အခြားဆေးဝါးများကိုလည်း တွဲဖက်သောက်သုံးနိုင်ပါသည်၊၊ ရှိနေသော သွေးကြောရောင်ရမ်းမှု အမျိုးအစားပေါ်မူတည်၍ ဆေးဝါးအမျိုးမျိုးကို ပေးနိုင်ပါသည်၊၊ ထိုဆေးဝါးများတွင် ဆိုက်ကလိုဖော့စဖမိုက် (Cyclophosphamide)၊ တိုစီလီဇူးမပ် (Tocilizumab)၊ ရီတူဇီမပ် (Rituximab)၊ အာဇာသိုင်အိုပရင် (Azathioprine)၊ မိုင်ကိုဖီနိုလိတ် (Mycophenolate) နှင့် မက်သိုထရက်ဆိတ် (Methotrexate) တို့ ပါဝင်နိုင်ပါသည်၊၊
လိုအပ်သော ဆေးဝါးများမှာ သွေးကြောရောင်ရမ်းခြင်း အမျိုးအစား၊ ပြင်းထန်မှု၊ ထိခိုက်သော အင်္ဂါအစိတ်အပိုင်းများနှင့် လူနာတွင်ရှိနေသည့် အခြားကျန်းမာရေးပြဿနာများပေါ် မူတည်၍ ကွဲပြားပါလိမ့်မည်၊၊
- ခွဲစိတ်ခြင်း – သွေးကြောရောင်ရမ်းခြင်းကြောင့် တစ်ခါတစ်ရံတွင် သွေးကြောနံရံ ဖောင်းကြွခြင်း ဖြစ်ပေါ်နိုင်ပါသည်၊၊ ယင်းသည် ပေါက်ထွက်သွားနိုင်သည့် အန္တရာယ်ကို လျှော့ချရန်အတွက် ခွဲစိတ်မှု လိုအပ်နိုင်ပါသည်၊၊ ထိခိုက်နေသော နေရာသို့ သွေးစီးဆင်းမှု ပြန်လည်ရရှိစေရန်အတွက် ပိတ်ဆို့နေသော သွေးလွှတ်ကြောများကိုလည်း ခွဲစိတ်ကုသရန် လိုအပ်နိုင်ပါသည်၊၊
