မိန်းမကိုယ်ရောင်ရမ်းခြင်း

အကျဉ်းချုပ်အကြောင်းအရာ

မိန်းမကိုယ်ရောင်ရမ်းခြင်းဆိုသည်မှာ ပိုးမွှားများ (ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် မှို) နှင့် အခြားသော ဓာတုပစ္စည်းများကြောင့် မိန်းမကိုယ်တွင် ရောင်ရမ်းခြင်း သို့မဟုတ် ပိုးဝင်ခြင်း ဖြစ်ပွားသည့် အခြေအနေဖြစ်သည်။ မိန်းမကိုယ်ရောင်ရမ်းခြင်း ခံစားရသော အမျိုးသမီးများသည် ပူစပ်ပူလောင်ဖြစ်ခြင်း၊ ယားယံခြင်း၊ အနံ့ဆိုးထွက်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော မိန်းမကိုယ်မှ အရည်ဆင်းခြင်းများကို ကြုံတွေ့ရနိုင်သည်။

မိန်းမကိုယ်၏ ပုံမှန်လုပ်ငန်းဆောင်တာများကို အထောက်အကူပြုရန်အတွက် မိန်းမကိုယ်အတွင်း၌ ဘက်တီးရီးယားနှင့် မှိုများ ရှိနေတတ်သည်။ ထိုဘက်တီးရီးယားနှင့် မှိုများ၏ အချိုးအစား မမျှတခြင်း သို့မဟုတ် ပြောင်းလဲခြင်းတို့ကြောင့် မိန်းမကိုယ်ရောင်ရမ်းခြင်း ဖြစ်ပွားနိုင်သည်။ ထို့ပြင် အချို့သော ပိုးဝင်ခြင်းများ၊ အရေပြားအခြေအနေများ၊ မိန်းမကိုယ်ခြောက်သွေ့ခြင်းနှင့် သွေးဆုံးပြီးနောက် အီစထရိုဂျင်ဟော်မုန်း လျော့နည်းခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်။ မိန်းမကိုယ်ရောင်ရမ်းခြင်းအတွက် ကုသမှုသည် ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းပေါ်တွင် မူတည်သည်။

မိန်းမကိုယ်ရောင်ရမ်းခြင်း အမျိုးအစားများစွာရှိပြီး အဖြစ်အများဆုံးများမှာ အောက်ပါအတိုင်းဖြစ်သည် –

  • ဘက်တီးရီးယားကြောင့် မိန်းမကိုယ်ရောင်ရမ်းခြင်း – ၎င်းသည် မိန်းမကိုယ်အတွင်းရှိ ဘက်တီးရီးယားများ မမျှတခြင်း သို့မဟုတ် အလွန်အကျွံ ပေါက်ဖွားခြင်းကြောင့် ဖြစ်သော ပိုးဝင်ခြင်းဖြစ်ပြီး မိန်းမကိုယ်မှ အရည်ဆင်းခြင်းနှင့် ငါးညှီနံ့ကဲ့သို့ အနံ့ထွက်ခြင်း လက္ခဏာများ ရှိနိုင်ပါသည်။
  • မှိုပိုးဝင်ခြင်း – များသောအားဖြင့် ခန္ဓာကိုယ်ထဲတွင် သဘာဝအလျောက် ရှိနေတတ်သော ကန်ဒီဒါ အယ်လ်ဘီကန် အမည်ရှိ မှိုအမျိုးအစားကြောင့် ဖြစ်ပွားခြင်း ဖြစ်သည်။ မှိုများ အလျင်အမြန် ပေါက်ဖွားလာပြီး မမျှတဖြစ်လာပါက မှိုပိုးဝင်ခြင်းကို ဖြစ်စေပါသည်။
  • ထရိုင်ခိုမိုနီယေးဆစ် – ၎င်းသည် လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်တတ်သော ကပ်ပါးပိုးကြောင့် ဖြစ်ပွားသည့် ပိုးဝင်ခြင်းဖြစ်ပြီး အဖြစ်များသော လိင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါတစ်ခု ဖြစ်သည်။ များသောအားဖြင့် သိသာထင်ရှားသော လက္ခဏာများ မပြတတ်ပါ။
  • ကလာမိုင်ဒီယားနှင့် ဂနိုရောဂါ – ၎င်းတို့သည် ဘက်တီးရီးယားကြောင့် ဖြစ်ပွားသော အဖြစ်များသည့် လိင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါများဖြစ်ပြီး များသောအားဖြင့် ရောဂါလက္ခဏာ မပြတတ်ပါ။
  • ဗိုင်းရပ်စ်ကြောင့် မိန်းမကိုယ်ရောင်ရမ်းခြင်း – ၎င်းသည် ရေယုန်ဗိုင်းရပ်စ် သို့မဟုတ် ကြွက်နို့ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော အရေပြားပိုးဝင်ခြင်းဖြစ်ပြီး များသောအားဖြင့် လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်တတ်သည်။

ရောဂါလက္ခဏာများ

မိန်းမကိုယ်ရောင်ရမ်းခြင်း အမျိုးအစားတစ်ခုချင်းစီတွင် မတူညီသော လက္ခဏာများ ရှိနိုင်သော်လည်း ယေဘုယျအားဖြင့် အောက်ပါတို့ကို ခံစားရနိုင်သည် –

  • မိန်းမကိုယ်မှ ဆင်းသောအရည်၏ အရောင်၊ အပျစ်အကျဲနှင့် အနံ့တို့ ပြောင်းလဲခြင်း
  • မိန်းမကိုယ်အတွင်း ပူစပ်ပူလောင်ဖြစ်ခြင်း သို့မဟုတ် ယားယံခြင်း
  • မိန်းမကိုယ် ပတ်ဝန်းကျင် သို့မဟုတ် အပြင်ဘက်တွင် နာကျင်ခြင်း သို့မဟုတ် ယားယံခြင်း
  • ဆီးသွားလျှင် နာကျင်ခြင်း
  • လိင်ဆက်ဆံလျှင် နာကျင်ခြင်း
  • မိန်းမကိုယ်မှ သွေးစွန်းခြင်း သို့မဟုတ် သွေးအနည်းငယ် ထွက်ခြင်း

များသောအားဖြင့် မိန်းမကိုယ်မှ ဆင်းသောအရည်၏ အခြေအနေသည် ရောဂါရှာဖွေရာတွင် အထောက်အကူ ဖြစ်စေသည်။ ဥပမာအားဖြင့် –

  • ဘက်တီးရီးယားကြောင့် မိန်းမကိုယ်ရောင်ရမ်းခြင်း – ငါးညှီနံ့ကဲ့သို့ အနံ့ပြင်းပြင်းနှင့်အတူ အရည်ဆင်းခြင်းသည် အဓိက လက္ခဏာဖြစ်သည်။ လိင်ဆက်ဆံပြီးနောက် သို့မဟုတ် ရာသီလာစဉ်အတွင်း အနံ့သည် ပို၍သိသာနိုင်သည်။ ဆင်းသောအရည်သည် ကျဲပြီး မီးခိုးဖြူရောင် သို့မဟုတ် မီးခိုးရင့်ရောင် ရှိတတ်သည်။
  • မှိုပိုးဝင်ခြင်း – ဆင်းသောအရည်သည် ကျဲပြီး အနံ့မရှိပါ။ ၎င်းသည် အဖြူရောင်၊ အဖတ်လိုက် သို့မဟုတ် ပျစ်ပြီး ဒိန်ခဲဖတ်ကဲ့သို့ ဖြစ်နေတတ်သည်။ မိန်းမကိုယ်မှ အရည်ဆင်းခြင်း ပိုများလာနိုင်သည်။
  • ထရိုင်ခိုမိုနီယေးဆစ် – ဆင်းသောအရည်သည် အမြှုပ်ထနေခြင်း၊ အစိမ်းဝါရောင် သို့မဟုတ် အဝါရောင်သန်းသော မီးခိုးရောင်ဖြစ်နေတတ်ပြီး အနံ့ဆိုးထွက်သည်။

အမျိုးသမီးများသည် မိန်းမကိုယ်တစ်ဝိုက်တွင် ပြောင်းလဲမှုများ သို့မဟုတ် မအီမသာဖြစ်မှုများ ခံစားရပါက စစ်ဆေးမှုခံယူရန် သားဖွားမီးယပ် အထူးကုဆရာဝန်များနှင့် ပြသသင့်သည်။ အောက်ပါအချက်များ ရှိနေပါက ပြသရန် ပိုမိုအကြံပြုပါသည် –

  • အနံ့ဆိုးထွက်ပြီး မိန်းမကိုယ်မှ အရည်ဆင်းခြင်း ပိုများလာခြင်း
  • မိန်းမကိုယ်တစ်ဝိုက် ယားယံခြင်းနှင့် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း
  • ယခင်က မိန်းမကိုယ် ပိုးဝင်ဖူးသည့် ရာဇဝင်ရှိခြင်း
  • ဆိုင်တွင်ဝယ်ယူရရှိသော ဆေးဝါးများဖြင့် မသက်သာခြင်း
  • လိင်ဆက်ဆံဖော် အသစ်ရှိခြင်း သို့မဟုတ် အဖော်များပြားခြင်း (၎င်းသည် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေသည်)
  • ဖျားခြင်း သို့မဟုတ် ဆီးစပ်ကိုက်ခြင်း

မိန်းမကိုယ်ရောင်ရမ်းခြင်း ခံစားနေရသော အမျိုးသမီးများသည် လက္ခဏာများ ပြောင်းလဲမှုကို စောင့်ကြည့်ရန် လိုအပ်သည်။ တစ်ချိန်တည်းမှာပင် မိန်းမကိုယ်ရောင်ရမ်းခြင်း အမျိုးအစား တစ်မျိုးထက်မက ဖြစ်ပွားနေခြင်းလည်း ဖြစ်နိုင်သည်။

သို့သော် လက္ခဏာများ ဖြစ်ပေါ်တိုင်း ဆရာဝန်ထံ အမြဲတမ်းသွားရန် မလိုအပ်ပါ၊ အထူးသဖြင့် ယခင်က မှိုပိုးဝင်ခြင်းဟု ရောဂါရှာဖွေဖူးပြီး လက္ခဏာများမှာလည်း အတူတူပင်ဖြစ်နေပါက ဆရာဝန်ထံ ပြန်ပြရန် မလိုအပ်နိုင်ပါ။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

မိန်းမကိုယ်ရောင်ရမ်းခြင်း အမျိုးအစားတစ်ခုချင်းစီတွင် မတူညီသော အကြောင်းရင်းများ ရှိကြသည် –

  • ဘက်တီးရီးယားကြောင့် မိန်းမကိုယ်ရောင်ရမ်းခြင်း – မိန်းမကိုယ်အတွင်းရှိ ပုံမှန်ဘက်တီးရီးယားများ မမျှတခြင်းကြောင့် ဖြစ်ပေါ်သည်။ ၎င်းသည် မျိုးပွားနိုင်သောအရွယ် အမျိုးသမီးများတွင် အဖြစ်များသော ပိုးဝင်ခြင်းဖြစ်သော်လည်း လက္ခဏာမပြတတ်သောကြောင့် ကုသမှုမခံယူဘဲ ကျန်ရစ်တတ်သည်။ ၎င်းသည် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါမဟုတ်ဘဲ လိင်ကိစ္စမရှိသော အမျိုးသမီးများတွင်လည်း ဖြစ်ပွားနိုင်သည်။ မိန်းမကိုယ်အတွင်းပိုင်းကို ဆေးကြောတတ်သူများ၊ ဆေးလိပ်သောက်သူများ သို့မဟုတ် လိင်ဆက်ဆံဖော် အသစ်ရှိသူများ၊ အဖော်များပြားသူများတွင် ဤပိုးဝင်ခြင်း ဖြစ်နိုင်ခြေ ပိုများသည်။
  • မှိုပိုးဝင်ခြင်း – ၎င်းကို ကန်ဒီဒီယေးဆစ်ဟုလည်း ခေါ်ဆိုပြီး အဖြစ်အများဆုံး မိန်းမကိုယ်ရောင်ရမ်းခြင်း အမျိုးအစား တစ်ခုဖြစ်သည်။ မိန်းမကိုယ်အတွင်း ဘက်တီးရီးယားနှင့် မှိုများ မမျှတဖြစ်ရာမှ မှိုများ အလွန်အကျွံ ပေါက်ဖွားလာခြင်းကြောင့် ဖြစ်သည်။ ထိုမှိုအမျိုးအစားသည်ပင် ကလေးများတွင် သေးခံကြောင့်ဖြစ်သော အနီစက်များကို ဖြစ်စေနိုင်သည်။ ဤပိုးဝင်ခြင်းသည် ပါးစပ်၊ အရေပြားအတွန့်များ သို့မဟုတ် လက်သည်းကြားကဲ့သို့ ခန္ဓာကိုယ်၏ စိုစွတ်သော နေရာများတွင်လည်း ဖြစ်ပွားနိုင်သည်။
  • ထရိုင်ခိုမိုနီယေးဆစ် – ပရိုတိုဇိုးအာ တစ်မျိုးကြောင့် ဖြစ်ပွားသော မိန်းမကိုယ်ရောင်ရမ်းခြင်း အမျိုးအစားဖြစ်သည်။ ဤပိုးဝင်ခြင်းသည် အဖြစ်များသော ဗိုင်းရပ်စ်မဟုတ်သည့် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါတစ်ခုဖြစ်သည်။ ဤအခြေအနေ ရှိနေပါက အခြားသော လိင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါများ ကူးစက်ခံရနိုင်ခြေကိုလည်း မြင့်တက်စေသည်။
    လိင်ဆက်ဆံခြင်းမှတစ်ဆင့် တိုက်ရိုက်ကူးစက်တတ်သောကြောင့် ကျား၊ မ နှစ်ဦးလုံးတွင် ဖြစ်နိုင်ခြေရှိသော်လည်း အမျိုးသမီးများတွင် ရောဂါလက္ခဏာ ပို၍ခံစားရတတ်သည်။ ဤပိုးမွှားသည် အမျိုးသားများတွင် ဆီးလမ်းကြောင်းကို ထိခိုက်စေပြီး အမျိုးသမီးများတွင် မိန်းမကိုယ်ကို ထိခိုက်စေတတ်သည်။
  • ပိုးဝင်ခြင်းကြောင့်မဟုတ်သော မိန်းမကိုယ်ရောင်ရမ်းခြင်း – ၎င်းသည် မိန်းမကိုယ် တစ်ရှူးများနှင့် မိန်းမကိုယ် အပြင်ဘက်ပိုင်းအတွက် အလွန်ပြင်းထန်သော ပစ္စည်းအမျိုးမျိုးကြောင့် ဖြစ်ရသည့် ဓာတ်မတည့်ခြင်း သို့မဟုတ် အနှောက်အယှက်ဖြစ်ခြင်းကို ဆိုလိုသည်။ အနှောက်အယှက်ဖြစ်စေနိုင်သည့် အရာများတွင် ပြင်ပပစ္စည်းများ (ဥပမာ – ဂွမ်းတောင့်နှင့် တစ်ရှူး)၊ ဖျန်းဆေးများ၊ မိန်းမကိုယ်ဆေးရည်များ၊ အနံ့ပါသော ဆပ်ပြာများ၊ အနံ့ပါသော အဝတ်လျှော်ဆပ်ပြာများ၊ သုက်ပိုးသတ်ဆေးများ၊ အမျိုးသမီးသုံး ပစ္စည်းများနှင့် စိုစွတ်သော တစ်ရှူးများ၊ လိင်ဆက်ဆံရာတွင် အသုံးပြုသော ချောဆီများ စသည်တို့ ပါဝင်သည်။
  • သွေးဆုံးချိန်တွင်ဖြစ်သော မိန်းမကိုယ်ရောင်ရမ်းခြင်း – ၎င်းသည် ပိုးဝင်ခြင်းကြောင့်မဟုတ်သော အမျိုးအစားဖြစ်ပြီး ဟော်မုန်းအဆင့်၊ အထူးသဖြင့် အီစထရိုဂျင် ကျဆင်းခြင်းကြောင့် ဖြစ်ပေါ်သည်။ သွေးဆုံးပြီးနောက် သို့မဟုတ် ခွဲစိတ်၍ သားဥအိမ် ဖယ်ရှားပြီးနောက်တွင် မိန်းမကိုယ်နံရံကို ပါးလွှာစေပြီး ပူစပ်ပူလောင်ဖြစ်ခြင်း၊ ခြောက်သွေ့ခြင်းနှင့် မိန်းမကိုယ် ယားယံခြင်းကဲ့သို့သော လက္ခဏာများကို ဖြစ်စေသည်။

ဖြစ်နိုင်ခြေများသော အကြောင်းရင်းများ

အောက်ပါအချက်များစွာသည် မိန်းမကိုယ်၏ ပုံမှန်အခြေအနေကို ပြောင်းလဲစေပြီး မိန်းမကိုယ်ရောင်ရမ်းခြင်း ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သည် –

  • မကြာသေးမီက ပဋိဇီဝဆေးများ သို့မဟုတ် စတီးရွိုက်ဆေးများ သောက်ထားခြင်း
  • ကိုယ်ဝန်ဆောင်ခြင်း၊ မိခင်နို့တိုက်ကျွေးခြင်း၊ သွေးဆုံးခြင်းနှင့် တားဆေးများကြောင့် ဟော်မုန်းအဆင့် ပြောင်းလဲခြင်း
  • လက်ရှိတွင် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါရှိနေခြင်း
  • မိန်းမကိုယ်အတွင်းပိုင်းကို ဆေးကြောခြင်း
  • လိင်ဆက်ဆံခြင်း
  • ကိုယ်ဝန်တားရန်အတွက် သားအိမ်အတွင်းထည့် ပစ္စည်း သို့မဟုတ် သုက်ပိုးသတ်ဆေးများ အသုံးပြုခြင်း
  • ကျပ်ထုတ်နေသော အဝတ်အစားများ ဝတ်ဆင်ခြင်း
  • ဆီးချိုရောဂါကို ကောင်းစွာ မထိန်းချုပ်နိုင်ခြင်း

ရောဂါရှာဖွေခြင်း

ရောဂါအမည် အတည်ပြုနိုင်ရန် ဆရာဝန်များသည် လုပ်ငန်းစဉ်အချို့ကို လုပ်ဆောင်လေ့ရှိပြီး လူနာအနေဖြင့် ဆေးရုံသို့မလာရောက်မီ ၂၄ နာရီအတွင်း လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ရန် လိုအပ်နိုင်ပါသည်။ ရောဂါရှာဖွေရေး လုပ်ငန်းစဉ်များတွင် အောက်ပါတို့ ပါဝင်သည် –

  • ဆေးဘက်ဆိုင်ရာ ရာဇဝင် – ယခင်က လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ရှိခဲ့ဖူးခြင်း သို့မဟုတ် ခုခံအားစနစ်ကို ထိခိုက်စေသော အခြားကျန်းမာရေး ပြဿနာများ ရှိမရှိကို ဆွေးနွေးမေးမြန်းခြင်း။
  • ဆီးစပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း – မိန်းမကိုယ်အတွင်း ရောင်ရမ်းမှု လက္ခဏာများ ရှိမရှိကို ဆရာဝန်က ကြည့်ရှုစစ်ဆေးခြင်း။ မိန်းမကိုယ်အတွင်းပိုင်းကို ကောင်းစွာမြင်နိုင်ရန်နှင့် အရည်နမူနာ ရယူနိုင်ရန်အတွက် မှန်ပြောင်းကိရိယာတစ်ခုကို ထည့်သွင်း၍ စစ်ဆေးခြင်း။
  • ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်း – မိန်းမကိုယ်မှ ထွက်သောအရည် သို့မဟုတ် သားအိမ်ခေါင်းမှ ရယူထားသော နမူနာကို အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးကာ မိန်းမကိုယ်ရောင်ရမ်းခြင်း အမျိုးအစားကို ခွဲခြားအတည်ပြုခြင်း။
  • အက်စစ်ဓာတ် ပမာဏကို စစ်ဆေးခြင်း – မိန်းမကိုယ်နံရံသို့ စစ်ဆေးသည့် စက္ကူ သို့မဟုတ် တံစို့ကို တိုက်ရိုက်ထိကပ်ပြီး မိန်းမကိုယ်အရည်၏ အက်စစ်ဓာတ် ပမာဏကို စစ်ဆေးခြင်း။ အက်စစ်ဓာတ် စစ်ဆေးခြင်း တစ်ခုတည်းဖြင့် ရောဂါကို အတည်မပြုနိုင်သော်လည်း အက်စစ်ဓာတ် ပမာဏ မြင့်တက်နေခြင်းက ဖြစ်ပွားနေသော မိန်းမကိုယ်ရောင်ရမ်းခြင်း အမျိုးအစားကို ခန့်မှန်းရန် အထောက်အကူပြုနိုင်သည်။

ကုသမှု

မှန်ကန်သော ရောဂါရှာဖွေမှုသည် မှန်ကန်သော ကုသမှုရရှိရန်အတွက် အဓိကသော့ချက်ဖြစ်သည်။ မိန်းမကိုယ်ရောင်ရမ်းခြင်းကို ဖြစ်ပွားရသည့် အကြောင်းရင်း သို့မဟုတ် အမျိုးအစားပေါ် မူတည်၍ ကုသလေ့ရှိသည်။ အဖြစ်များသော ကုသမှုများမှာ အောက်ပါအတိုင်း ဖြစ်သည် –

  • ဘက်တီးရီးယားကြောင့် မိန်းမကိုယ်ရောင်ရမ်းခြင်း – ဤအမျိုးအစားအတွက် ဆရာဝန်က မက်ထရိုနီဒါဇော သောက်ဆေး သို့မဟုတ် လိမ်းဆေးဂျယ်လ်ကို ညွှန်ကြားနိုင်ပါသည်။ အခြားသော ကုသမှုများတွင် ကလင်ဒါမိုင်စင် လိမ်းဆေး၊ သောက်ဆေး သို့မဟုတ် မိန်းမကိုယ်အတွင်း ထည့်ရသော ဆေးတောင့်များ ပါဝင်နိုင်သည်။ တီနီဒါဇော သို့မဟုတ် ဆတ်နီဒါဇော သောက်ဆေးများကိုလည်း အသုံးပြုနိုင်သည်။ သို့သော် ကုသမှုခံယူပြီးနောက် ဤရောဂါ ပြန်လည်ဖြစ်ပွားတတ်ပါသည်။
  • မှိုပိုးဝင်ခြင်း – မှိုပိုးဝင်ခြင်းကို ဆိုင်များတွင် ဝယ်ယူရရှိနိုင်သော ဆေးဝါးများဖြင့် ဘေးကင်းထိရောက်စွာ ကုသနိုင်လေ့ရှိသည်။ သို့သော် မှန်ကန်သော ရောဂါရှာဖွေမှုနှင့် သင့်လျော်သော ကုသမှုဖြစ်စေရန်အတွက် ဦးစွာ ဆရာဝန်နှင့် တိုင်ပင်ရန် အကြံပြုပါသည်။ အဖြစ်များသော မှိုသတ်ဆေးများမှာ မိုင်ကိုနာဇော၊ ကလိုထရိုင်မာဇော၊ ဗျူတိုကိုနာဇော သို့မဟုတ် တိုင်အိုကိုနာဇော တို့ဖြစ်သည်။ ဖလူကိုနာဇော ကဲ့သို့သော မှိုသတ်သောက်ဆေးများကိုလည်း အသုံးပြုနိုင်သည်။
  • ထရိုင်ခိုမိုနီယေးဆစ် – ဤအခြေအနေအတွက် အမျိုးသမီးနှင့် ၎င်း၏ လိင်ဆက်ဆံဖော် နှစ်ဦးလုံး ကုသမှုခံယူရန် လိုအပ်သည်။ ဆရာဝန်သည် တီနီဒါဇော သို့မဟုတ် မက်ထရိုနီဒါဇော သောက်ဆေးများကို ညွှန်ကြားနိုင်ပါသည်။
  • သွေးဆုံးချိန်တွင်ဖြစ်သော မိန်းမကိုယ်ရောင်ရမ်းခြင်း – ဖြစ်နိုင်ခြေရှိသော အချက်များနှင့် ပြဿနာများကို စစ်ဆေးပြီးနောက် ဆရာဝန်သည် ဟော်မုန်းပမာဏ ပြန်လည်မျှတစေရန် အီစထရိုဂျင်ကို ညွှန်ကြားနိုင်ပါသည်။ အီစထရိုဂျင်ကို သောက်ဆေး၊ ကွင်းပုံစံဆေး သို့မဟုတ် လိမ်းဆေးခရင်မ် စသဖြင့်အသုံးပြုနိုင်သည်။
  • ပိုးဝင်ခြင်းကြောင့်မဟုတ်သော မိန်းမကိုယ်ရောင်ရမ်းခြင်း – နေ့စဉ်သုံးပစ္စည်းများတွင် ပါဝင်တတ်သော အနှောက်အယှက်ဖြစ်စေသည့် အရာများကို ရှာဖွေဖော်ထုတ်ပြီး ၎င်းတို့ကို ရှောင်ကြဉ်ခြင်းသည်သာ ဤအမျိုးအစားကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

Doctors who treat this condition