ဆီးပြွန်ပိတ်ဆို့ခြင်း
ဆီးပြွန်ပိတ်ဆို့ခြင်း (Ureteral Obstruction) အကြောင်း သိကောင်းစရာ
ဆီးပြွန်ပိတ်ဆို့ခြင်းသည် ဆီးပြွန်တစ်ခု သို့မဟုတ် နှစ်ခုစလုံး ပိတ်ဆို့သည့်အခါတွင် ဖြစ်ပွားတတ်ပါသည်။ ဆီးပြွန်ဆိုသည်မှာ ကျောက်ကပ်မှ ဆီးအိမ်သို့ ဆီးများကို သယ်ဆောင်ပေးသည့် ပြွန်ချောင်းများ ဖြစ်ပါသည်။ ၎င်းပြွန်ချောင်းများ ပိတ်ဆို့သွားသောအခါ ဆီးအိမ်အတွင်းသို့ ဆီးစီးဝင်မှုနှင့် ဆီးအိမ်ပြင်ပသို့ ဆီးစီးထွက်မှုတို့ကို အဟန့်အတားဖြစ်စေပြီး နာကျင်မှုကို ခံစားရစေနိုင်သည့်အပြင် ပိုးဝင်နိုင်ခြေကိုလည်း မြင့်တက်စေပါသည်။
ဆီးပြွန်ပိတ်ဆို့ခြင်းသည် အမာရွတ်တစ်ရှူးများ၊ ဆီးပြွန်ကျောက်တည်ခြင်း၊ အကျိတ်များနှင့် အခြားသောအကြောင်းရင်း အမျိုးမျိုးကြောင့် ဖြစ်ပွားတတ်သည့် အဖြစ်များသော ဝေဒနာတစ်ခု ဖြစ်ပါသည်။ အကယ်၍ ကုသမှုမခံယူဘဲ ထားရှိပါက ဆီးများ နောက်ပြန်လျှံတက်ပြီး ကျောက်ကပ် ထိခိုက်ပျက်စီးမှုကို ဖြစ်စေနိုင်ပါသည်။
ကုသမှုမပြုဘဲထားသော ဆီးပြွန်ပိတ်ဆို့ခြင်းသည် ရောဂါလက္ခဏာများကို မပြင်းထန်သောအဆင့်မှ ပြင်းထန်သောအဆင့်သို့ လျင်မြန်စွာ ကူးပြောင်းသွားစေနိုင်ပါသည်။ ရှားရှားပါးပါး အခြေအနေများတွင် ကျောက်ကပ်အလုပ်မလုပ်တော့ခြင်း၊ သွေးထဲပိုးဝင်ခြင်း သို့မဟုတ် အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်ပါသည်။ သို့သော်လည်း ဤကဲ့သို့ ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများကို အချိန်မီကုသမှုခံယူခြင်းဖြင့် ယေဘုယျအားဖြင့် ကာကွယ်နိုင်ပါသည်။
ရောဂါလက္ခဏာများ
ဆီးပြွန်ပိတ်ဆို့ခြင်း၏ ရောဂါလက္ခဏာများနှင့် ပြင်ပလက္ခဏာများသည် ပိတ်ဆို့မှုဖြစ်ပွားသည့်နေရာ၊ ပိတ်ဆို့မှုအတိုင်းအတာ ပြင်းထန်မှုနှင့် ကျောက်ကပ်တစ်ခု သို့မဟုတ် နှစ်ခုစလုံးကို ထိခိုက်မှု ရှိ၊ မရှိ ပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။ အကယ်၍ ပိတ်ဆို့ခြင်းမှာ ကျောက်တည်ခြင်းကြောင့် ဖြစ်ပါက လူနာများသည် ပြင်းထန်သော နာကျင်မှုကို ခံစားရနိုင်ပါသည်။ ပိတ်ဆို့မှုသည် တဖြည်းဖြည်းချင်း ဖြစ်ပွားသောအခါတွင် ရောဂါလက္ခဏာများသည် အချိန်ကြာလာသည်နှင့်အမျှ ဖြည်းညှင်းစွာ ပေါ်ပေါက်လာနိုင်ပါသည်။ မပြင်းထန်သော လက္ခဏာများသည် ကုသမှုမခံယူပါက လျင်မြန်စွာ ဆိုးရွားသွားနိုင်ပါသည်။ ဆီးပြွန်ပိတ်ခြင်း သို့မဟုတ် ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း၏ အဖြစ်များသော လက္ခဏာများတွင် အောက်ပါတို့ ပါဝင်ပါသည် –
- နာကျင်ခြင်း (ယေဘုယျအားဖြင့် ဝမ်းဗိုက်၊ ခါးအောက်ပိုင်း သို့မဟုတ် နံရိုးအောက် ဘေးတစ်ဖက်တစ်ချက်တွင် နာကျင်ခြင်း)
- ဆီးထွက်ရှိမှု ပမာဏ ပြောင်းလဲခြင်း
- ဆီးသွားရန် ခက်ခဲခြင်း သို့မဟုတ် ဆီးအိမ်အတွင်းရှိ ဆီးများ ကုန်စင်အောင် မသွားနိုင်ခြင်း
- ဆီးထဲတွင် သွေးပါခြင်း
- ဆီးလမ်းကြောင်းပိုးဝင်ခြင်း ခဏခဏ ပြန်ဖြစ်ခြင်း
- သွေးတိုးခြင်း
- ဖျားခြင်း၊ ပျို့အန်ခြင်း သို့မဟုတ် အန်ခြင်း
- ဆီးသည် နီညိုရောင် သို့မဟုတ် နောက်ကျုသော အရောင်ရှိနေခြင်း
- ခြေထောက်တစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံး ဖောရောင်ခြင်း
ဖြစ်ပွားရသည့် အကြောင်းရင်းများ
ဆီးပြွန်သည် အကြောင်းရင်း အများအပြားကြောင့် ပိတ်ဆို့နိုင်ပါသည်။ ဆီးပြွန်ပိတ်ဆို့ခြင်းကို ဖြစ်စေသည့် အကြောင်းရင်းအချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
ဆီးပြွန်နှစ်ခု ထပ်နေခြင်း – ဆီးပြွန်နှစ်ခု ထပ်နေခြင်းဆိုသည်မှာ ကျောက်ကပ်တစ်ခုတည်းတွင် ဆီးပြွန်နှစ်ခု လုံးဝ သို့မဟုတ် အစိတ်အပိုင်းအားဖြင့် ဖွံ့ဖြိုးလာသည့် မွေးရာပါ အခြေအနေတစ်ခု ဖြစ်ပါသည်။ ဤချို့ယွင်းချက်သည် ဆီးပြွန်တစ်ခု သို့မဟုတ် နှစ်ခုစလုံး ပုံမှန်အလုပ်မလုပ်ပါက ဆီးများ နောက်ပြန်လျှံတက်ခြင်းနှင့် ကျောက်ကပ် ထိခိုက်ပျက်စီးခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။
ကျောက်ကပ်နှင့် ဆီးပြွန်ဆုံချက် ပိတ်ဆို့ခြင်း – ကျောက်ကပ်နှင့် ဆီးပြွန်ဆုံချက် ပိတ်ဆို့ခြင်း အခြေအနေသည် မွေးရာပါ ပါလာနိုင်သကဲ့သို့ ဒဏ်ရာရခြင်း၊ အမာရွတ်ဖြစ်ခြင်း သို့မဟုတ် ကင်ဆာကဲ့သို့သော အကျိတ်များကြောင့်လည်း ဖြစ်ပွားနိုင်ပါသည်။ ကျောက်ကပ်နှင့် ဆီးပြွန်ဆုံချက်ဆိုသည်မှာ ဆီးပြွန်နှင့် ကျောက်ကပ် ဆုံသည့်နေရာဖြစ်ပြီး ၎င်းနေရာတွင် ပိတ်ဆို့မှုတစ်စုံတစ်ရာ ဖြစ်ပွားပါက ဆီးများကို ကျောက်ကပ်ထဲသို့ နောက်ပြန်လျှံတက်စေနိုင်ပါသည်။ အကယ်၍ ဆီးပြွန်နှင့် ဆီးအိမ်ဆုံချက် ပိတ်ဆို့သွားပါက ဆီးစီးဆင်းမှုကို အဟန့်အတားဖြစ်စေနိုင်ပြီး ကျောက်ကပ်ကြီးလာခြင်းနှင့် နောက်ဆုံးတွင် ကျောက်ကပ်အလုပ်မလုပ်တော့ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။
ဆီးပြွန်အိတ်ဖောင်းခြင်း – ဆီးပြွန်အိတ်ဖောင်းခြင်းသည် ယေဘုယျအားဖြင့် ဆီးအိမ်နှင့် အနီးဆုံး ဆီးပြွန်အပိုင်းတွင် ဖြစ်ပွားတတ်ပြီး ဆီးစီးဆင်းမှုကို ပိတ်ဆို့ကာ ကျောက်ကပ်ထဲသို့ ဆီးများ နောက်ပြန်လျှံတက်စေခြင်းဖြင့် ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေနိုင်ပါသည်။ ဆီးပြွန်သည် ပုံမှန်ဆီးစီးဆင်းရန်အတွက် အလွန်ကျဉ်းမြောင်းလွန်းသောအခါ ဆီးပြွန်အိတ်ဖောင်းခြင်း ဖြစ်ပေါ်လာနိုင်ပါသည်။
ဝမ်းဗိုက်နောက်ပိုင်း အမျှင်တစ်ရှူးများ ထူထဲလာခြင်း – ကင်ဆာအကျိတ်များကြောင့် သို့မဟုတ် အချို့သော ခေါင်းကိုက်ခဲခြင်းသောက်ဆေးများ၏ ဘေးထွက်ဆိုးကျိုးများကြောင့် အမျှင်တစ်ရှူးများ ဖွံ့ဖြိုးလာနိုင်ပါသည်။ ဤအမျှင်တစ်ရှူးများသည် ဆီးပြွန်များကို ပတ်ပတ်လည်မှ ရစ်ပတ်ပိတ်ဆို့သွားနိုင်ပြီး ကျောက်ကပ်ထဲသို့ ဆီးများ နောက်ပြန်လျှံတက်ခြင်းကို ဖြစ်စေပါသည်။ ဤအခြေအနေသည် ပုံမှန်အားဖြင့် ဝမ်းဗိုက်နောက်ပိုင်းတွင် အမျှင်တစ်ရှူးများ စုပုံလာသောအခါ ဖြစ်ပွားတတ်ပါသည်။
ဆီးပြွန်ပိတ်ဆို့ခြင်းကို ဖြစ်စေသော အခြားအကြောင်းရင်းများ – ဆီးပြွန်ပိတ်ဆို့ခြင်းသည် ခန္ဓာကိုယ်အတွင်းပိုင်းနှင့် ပြင်ပပိုင်းဆိုင်ရာ အကြောင်းရင်း အမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါသည်။ ၎င်းတို့တွင် ကျောက်ကပ်ကျောက်တည်ခြင်း၊ ဆီးကျိတ်ကြီးခြင်း၊ သွေးခဲခြင်း၊ အကျိတ်များ၊ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း သို့မဟုတ် ခရုန်းရောဂါနှင့် အူမကြီးအိတ်ရောင်ခြင်း ကဲ့သို့သော အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ပါဝင်ပါသည်။
တီဘီရောဂါ သို့မဟုတ် ကပ်ပါးကောင်ကြောင့်ဖြစ်သည့် ရောဂါများကြောင့် အဖြစ်များသော ဆီးပြွန်နံရံ နာတာရှည် ထူထဲကြီးထွားလာခြင်းသည်လည်း ဆီးပြွန်ပိတ်ဆို့ခြင်းကို ဖြစ်စေနိုင်ပါသည်။ ကိုယ်ဝန်ဆောင်ခြင်း၊ သားအိမ်တွင်းမြှေး အပြင်ရောက်ခြင်း သို့မဟုတ် သားအိမ်ကျွံခြင်းတို့သည်လည်း ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများ ဖြစ်ကြပါသည်။
ရောဂါရှာဖွေခြင်း (Diagnosis)
အကယ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးသူက ဆီးပြွန်ပိတ်ဆို့ခြင်းရှိသည်ဟု သံသယရှိပါက အောက်ပါစစ်ဆေးမှုများကို ပြုလုပ်ရန် အကြံပြုနိုင်ပါသည် –
သွေးနှင့် ဆီးစစ်ခြင်း – ကျောက်ကပ်များ ပုံမှန်အလုပ်မလုပ်ခြင်းကို ပြသနိုင်သည့် ပိုးဝင်သည့် လက္ခဏာများ ရှိ၊ မရှိ သိရှိနိုင်ရန် ဆီးနှင့် သွေးကို စစ်ဆေးခြင်း ဖြစ်ပါသည်။ ၎င်းစစ်ဆေးမှုတွင် တစ်ဦးချင်းစီ၏ ခရီရက်တနင်း (Creatinine) ပမာဏကို စစ်ဆေးခြင်းလည်း ပါဝင်ပါသည်။
ကွန်ပျူတာဓာတ်မှန် (CT Scan) ရိုက်ခြင်း – ကွန်ပျူတာဓာတ်မှန်ဆိုသည်မှာ ကျောက်ကပ်၊ ဆီးပြွန်နှင့် ဆီးအိမ်တို့၏ ကန့်လန့်ဖြတ် ပုံရိပ်ဖော်စစ်ဆေးခြင်း ဖြစ်ပါသည်။ ဤစစ်ဆေးမှုသည် ခန္ဓာကိုယ်တွင်းရှိ တည်ဆောက်ပုံများ၏ အသေးစိတ်ပုံရိပ်များကို ဖန်တီးရန် အိတ်စ်ရေး (X-rays) နှင့် ကွန်ပျူတာများကို အသုံးပြုပါသည်။
သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း – သံလိုက်ဓာတ်မှန်သည် သာမန်အိတ်စ်ရေးနှင့် ကွန်ပျူတာဓာတ်မှန်များထက် အင်္ဂါအစိတ်အပိုင်းများနှင့် တစ်ရှူးများ၏ ပုံရိပ်များကို ပိုမိုရှင်းလင်းစွာ ရရှိစေပါသည်။ ၎င်းသည် သံလိုက်စက်ကွင်းနှင့် ရေဒီယိုလှိုင်းများကို အသုံးပြု၍ ဆီးလမ်းကြောင်းစနစ်တစ်ခုလုံး၏ ကျယ်ကျယ်ပြန့်ပြန့် မြင်ကွင်းကို ပေးစွမ်းနိုင်ပါသည်။ ဓာတ်ရောင်ခြည်ထိတွေ့မှုကြောင့် အိတ်စ်ရေးရိုက်ရန် မသင့်တော်သူများအတွက် ဤစစ်ဆေးမှုကို မကြာခဏ အကြံပြုလေ့ရှိပါသည်။
အာထရာဆောင်း (Ultrasound) ရိုက်ခြင်း – ဤသည်မှာ လူ့ခန္ဓာကိုယ်အတွင်းပိုင်းကို စစ်ဆေးရန် ကြိမ်နှုန်းမြင့်အသံလှိုင်းများကို အသုံးပြုသည့် ပုံရိပ်ဖော်စစ်ဆေးမှုတစ်ခု ဖြစ်ပါသည်။ အထူးသဖြင့် ဝမ်းဗိုက်နောက်ပိုင်း အာထရာဆောင်း (Retroperitoneal ultrasound) သည် ဆရာဝန်အား ကျောက်ကပ်နှင့် ဆီးပြွန်ကဲ့သို့သော ဝမ်းဗိုက်တွင်းအင်္ဂါများ၏ နောက်ကွယ်ရှိ ဧရိယာကို မြင်တွေ့နိုင်စေပြီး ပိတ်ဆို့မှုဖြစ်ပွားသည့်နေရာနှင့် အကြောင်းရင်းကို ဆုံးဖြတ်ရာတွင် ကူညီပေးနိုင်ပါသည်။
ဆီးအိမ်အတွင်းသို့ ပိုက်ထည့်၍ ဓာတ်မှန်ရိုက်ခြင်း (Bladder catheterization) – ဤလုပ်ထုံးလုပ်နည်းတွင် ဆီးပြွန်အတွင်းသို့ ပိုက်တစ်ခုထည့်သွင်းခြင်း၊ ဆီးအိမ်အတွင်းသို့ ဆိုးဆေးတစ်မျိုး ထိုးသွင်းခြင်းနှင့် ဆီးမသွားမီနှင့် သွားပြီးနောက် ကျောက်ကပ်၊ ဆီးပြွန်၊ ဆီးအိမ်နှင့် ဆီးလမ်းကြောင်းတို့၏ အိတ်စ်ရေးဓာတ်မှန်များကို ရိုက်ကူးခြင်းတို့ ပါဝင်ပါသည်။ ဆီးပိုက်ထည့်ခြင်းသည် ဆီးမကုန်စင်ခြင်း သို့မဟုတ် ဆီးစီးဆင်းမှု ပိတ်ဆို့နေခြင်းတို့ကို သိရှိနိုင်ရန် ကူညီပေးနိုင်ပါသည်။
ကျောက်ကပ်လုပ်ဆောင်ချက်ကြည့် ရေဒီယိုဓာတ်မှန်ရိုက်ခြင်း (Renal nuclear scan) – ဤစစ်ဆေးမှုသည် ရေဒီယိုသတ္တိကြွမှုကို ထောက်လှမ်းနိုင်ပြီး ပုံရိပ်များ ထုတ်ပေးနိုင်သည့် အထူးကင်မရာကို အသုံးပြု၍ ဆီးလမ်းကြောင်းစနစ်ကို အကဲဖြတ်ခြင်း ဖြစ်ပါသည်။ ဤလုပ်ထုံးလုပ်နည်းအတွင်း ရေဒီယိုသတ္တိကြွပစ္စည်း အနည်းငယ်ပါဝင်သော ဆိုးဆေးတစ်မျိုးကို လက်မောင်းအတွင်းသို့ ထိုးသွင်းပါသည်။
ဆီးအိမ်မှန်ပြောင်းကြည့်ခြင်း (Cystoscopy) – ကင်မရာနှင့် မီးပါရှိသော ပြွန်ငယ်လေးတစ်ခုဖြစ်သည့် ဆီးအိမ်မှန်ပြောင်း (Cystoscope) အကူအညီဖြင့် ဆီးပြွန်နှင့် ဆီးအိမ်တို့ကို စစ်ဆေးခြင်း ဖြစ်ပါသည်။ ဆရာဝန်သည် ၎င်းကိရိယာကို ဆီးပြွန်အတွင်းသို့ ထည့်သွင်းရန်အတွက် သေးငယ်သော ခွဲကြောင်းတစ်ခု ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။
ကုသခြင်း (Treatment)
ဆီးပြွန်ပိတ်ဆို့ခြင်းအတွက် ကုသမှုသည် ပိတ်ဆို့ရသည့် အကြောင်းရင်းပေါ်တွင် မူတည်ပါသည်။ ယေဘုယျအားဖြင့် ကုသမှုရွေးချယ်စရာများတွင် အထူးလုပ်ထုံးလုပ်နည်းများ၊ ခွဲစိတ်ကုသခြင်းနှင့် ဆက်စပ်ပိုးဝင်မှုများကို ကုသရန် ပိုးသတ်ဆေးများ ပါဝင်နိုင်ပါသည်။ လူနာများအတွက် အကျိုးရှိမည့် အကောင်းဆုံးသော လုပ်ထုံးလုပ်နည်း သို့မဟုတ် လုပ်ထုံးလုပ်နည်းများ ပေါင်းစပ်မှုကို အကြံပြုပေးနိုင်ပါသည်။ အခြေအနေပေါ်မူတည်၍ ဆီးထုတ်ခြင်းနည်းလမ်းများသည် ယာယီ သို့မဟုတ် ရေရှည် သက်သာရာရမှုကို ပေးစွမ်းနိုင်ပါသည်။
ဆေးဝါးဖြင့်ကုသခြင်း – ဆီးကျိတ်ကြီးခြင်းကြောင့် ပိတ်ဆို့မှုဖြစ်ပွားရသည့် အခြေအနေများတွင် ဆရာဝန်များသည် ဆီးကျိတ်ပတ်ပတ်လည်ရှိ ကြွက်သားများကို ပြေလျော့စေခြင်းဖြင့် အလုပ်လုပ်သော အယ်လ်ဖာဘလော့ကာ (Alpha-blocker) ဆေးဝါးဖြင့် ဖြစ်စေ၊ သို့မဟုတ် ဆီးကျိတ်ဂလင်း၏ အရွယ်အစားကို ကျုံ့သွားစေနိုင်သော ဖီနာစတရိုက် (Finasteride) ဆေးဝါးဖြင့်ဖြစ်စေ ကုသမှုကို အကြံပြုနိုင်ပါသည်။
ဆီးထုတ်ပေးသည့် လုပ်ထုံးလုပ်နည်းများ – စတင်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် ခန္ဓာကိုယ်ပြင်ပသို့ ဆီးများ စီးထွက်နိုင်စေမည့် ကုသမှုကို လုပ်ဆောင်ပါလိမ့်မည်။ ဤလုပ်ထုံးလုပ်နည်းကို ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသော ရောဂါလက္ခဏာများ၊ အထူးသဖြင့် ပြင်းထန်စွာ နာကျင်ခြင်း ဝေဒနာများကို ယာယီသက်သာစေရန် အသုံးပြုနိုင်ပါသည်။ ဆရာဝန်သည် အောက်ပါတို့ကို အကြံပြုနိုင်ပါသည် –
- ဆီးပြွန်အတွင်း ပိုက်ငယ်ထည့်ခြင်း (Ureteral stent) – ဆီးပြွန်ကို ပွင့်နေစေရန်နှင့် ဆီးများ လွတ်လပ်စွာ စီးဆင်းနိုင်စေရန်အတွက် ဆီးပြွန်အတွင်းသို့ ပြွန်ချောင်းအမျှင်လေးတစ်ခု ထည့်သွင်းခြင်း ဖြစ်ပါသည်။
- အရေပြားမှတစ်ဆင့် ကျောက်ကပ်အတွင်း ဆီးပိုက်ထည့်ခြင်း (Percutaneous nephrostomy) – ဤကုသမှုအတွင်း ဆရာဝန်များသည် ကျောက်ကပ်ပတ်ပတ်လည်ရှိ အရေပြားတွင် (Nephrostomy) ဟုခေါ်သော အပေါက်တစ်ခုကို ပြုလုပ်ပါသည်။ ၎င်းတို့သည် ထိုအပေါက်ထဲသို့ ဆီးပိုက် သို့မဟုတ် ပြွန်တစ်ခုထည့်ကာ ကျောက်ကပ်မှ ဆီးများကို တိုက်ရိုက် ထုတ်ပေးပါသည်။
- ဆီးပိုက်ထည့်ခြင်း (Catheter) – ဤနည်းလမ်းကို ဆီးအိမ်၏ ဆီးထွက်ပေါက်တွင် ပိတ်ဆို့မှုရှိနေပါက အသုံးပြုပါသည်။ ဆီးအိမ်အား ခန္ဓာကိုယ်ပြင်ပရှိ ဆီးအိတ်နှင့် ချိတ်ဆက်နိုင်ရန် ဆီးလမ်းကြောင်းမှတစ်ဆင့် ဆီးပိုက်ကို ထည့်သွင်းပါသည်။
ခွဲစိတ်ကုသမှု လုပ်ထုံးလုပ်နည်းများ – ဆီးထုတ်ခြင်း လုပ်ထုံးလုပ်နည်းကို လုပ်ဆောင်ပြီးနောက် ဆရာဝန်သည် ပိတ်ဆို့ခြင်းကို ဖြစ်စေသည့် အရင်းခံအကြောင်းရင်းကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နိုင်ပါသည်။ ကုသမှုချဉ်းကပ်ပုံကို ပိတ်ဆို့ရသည့် အကြောင်းရင်းနှင့် ပိတ်ဆို့မှု၏ ပြင်းထန်မှုအတိုင်းအတာပေါ်မူတည်၍ ဆုံးဖြတ်ပါသည်။
ဆီးပြွန်ပိတ်ဆို့မှုများကို ပြုပြင်ရန်အတွက် အမျိုးမျိုးသော ခွဲစိတ်မှုလုပ်ထုံးလုပ်နည်းများကို အသုံးပြုကြပြီး ခွဲစိတ်မှုရွေးချယ်ခြင်းသည် တစ်ဦးချင်းစီ၏ သတ်မှတ်ထားသော အခြေအနေပေါ်တွင် မူတည်ပါသည်။ ဆီးပြွန်ပိတ်ဆို့ခြင်းကို ကုသရန်အတွက် ခွဲစိတ်မှုချဉ်းကပ်ပုံတွင် အောက်ပါတို့အနက်မှ တစ်ခု ပါဝင်နိုင်ပါသည် –
- မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (Endoscopic surgery) – ဤကုသမှုကို ရောဂါရှာဖွေရန်နှင့် ပြဿနာကို ကုသရန် နှစ်ခုစလုံးအတွက် အသုံးပြုနိုင်ပါသည်။ လုပ်ထုံးလုပ်နည်းအတွင်း မှန်ပြောင်းကို ဆီးလမ်းကြောင်းမှတစ်ဆင့် ဆီးအိမ်နှင့် ဆီးလမ်းကြောင်း၏ အခြားအစိတ်အပိုင်းများအတွင်းသို့ ထည့်သွင်းပါသည်။ ထို့နောက် ဆရာဝန်သည် ဆီးပြွန်၏ ပိတ်ဆို့နေသော အစိတ်အပိုင်းကို ဖြတ်တောက်ပြီး ၎င်းဧရိယာကို ကျယ်စေပါသည်။ ဆီးပြွန်ကို ပွင့်နေစေရန်နှင့် ဆီးစီးဆင်းနိုင်စေရန် ပျော့ပျောင်းသော ပြွန်ငယ်လေး (Stent) ကို ဆီးပြွန်အတွင်းသို့ ထည့်သွင်းနိုင်ပါသည်။
- ဗိုက်ဖွင့်ခွဲစိတ်ခြင်း (Open surgery) – အကယ်၍ ပိတ်ဆို့ခြင်းမှာ မွေးရာပါ ပုံမှန်မဟုတ်သော ချို့ယွင်းချက် သို့မဟုတ် အကျိတ်ကြောင့် ဖြစ်ပါက ၎င်းကို ခွဲစိတ်ဖယ်ရှားနိုင်ပါသည်။ ပိတ်ဆို့မှုကို ဖယ်ရှားရန်နှင့် ဆီးပြွန်ကို ပြန်လည်ပြုပြင်ရန် ဆရာဝန်သည် ဝမ်းဗိုက်တွင် ခွဲကြောင်းတစ်ခု ပြုလုပ်ရန် လိုအပ်မည်ဖြစ်ပါသည်။
- ဝမ်းဗိုက်မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (Laparoscopic surgery) – ဆရာဝန်သည် ဝမ်းဗိုက်မှန်ပြောင်းကို အသုံးပြု၍ ပိတ်ဆို့မှုကို ကုသမည်ဖြစ်ပါသည်။ ကုသမှုအတွက် လိုအပ်သော ကိရိယာများနှင့် အခြားပစ္စည်းများကို သေးငယ်သော ခွဲကြောင်းတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အပေါက်များမှတစ်ဆင့် အရေပြားအတွင်းသို့ ထည့်သွင်းပါသည်။
- စက်ရုပ်အကူအညီဖြင့် ဝမ်းဗိုက်မှန်ပြောင်းခွဲစိတ်ခြင်း (Robot-assisted laparoscopic surgery) – ခွဲစိတ်ဆရာဝန်က စက်ရုပ်စနစ်ကို အသုံးပြု၍ ဝမ်းဗိုက်မှန်ပြောင်းခွဲစိတ်မှု လုပ်ထုံးလုပ်နည်းကို လုပ်ဆောင်ခြင်း ဖြစ်ပါသည်။
