အကျဉ်းချုပ်

ဝမ်းဗိုက်ကြွက်သားများ ကွာဟချက်မှ အူ၏ တစ်စိတ်တစ်ပိုင်းသည် ချက်အောက်တွင် ဖောင်းထွက်လာသောအခါ ချက်အူကျွံခြင်း ဟု ခေါ်သည်။ ချက်အူကျွံခြင်းသည် အများအားဖြင့် အန္တရာယ်မရှိဘဲ အဖြစ်များသည်။ ချက်အူကျွံခြင်းကို ကလေးငယ်များတွင် အတွေ့ရများသော်လည်း လူကြီးများတွင်လည်း တွေ့ရနိုင်သည်။ ကလေးငယ် ငိုသည့်အခါ ချက်သည် ဖောင်းကြွဆူထွက်လာခြင်းသည် ချက်အူကျွံခြင်း၏ ထင်ရှားသော လက္ခဏာဖြစ်သည်။

ကလေးများတွင် ဖြစ်ပွားသော ချက်အူကျွံခြင်းသည် အသက် နှစ်နှစ်အတွင်း၌ သူ့အလိုလို ပျောက်ကင်းသွားလေ့ရှိပြီး အချို့မှာမူ ငါးနှစ် သို့မဟုတ် ထို့ထက် ပိုကြာသည်အထိ ကျန်ရှိနိုင်သည်။ လူကြီးများတွင် ဖြစ်ပွားသော ချက်အူကျွံခြင်းကိုမူ ခွဲစိတ်ပြုပြင်ရန် လိုအပ်နိုင်ခြေ ပိုများသည်။

ရောဂါလက္ခဏာများ

ချက်အူကျွံခြင်းကြောင့် ချက်အနီးတွင် ပျော့ပျောင်းသော ဖုထွက်ခြင်း သို့မဟုတ် ဖောင်းကြွခြင်း ဖြစ်ပေါ်လာသည်။ ကလေးငယ်များတွင် ငိုခြင်း ချောင်းဆိုးခြင်း သို့မဟုတ် အားစိုက်ထုတ်ခြင်းများ ပြုလုပ်မှသာ ချက်အူကျွံခြင်းကို မြင်တွေ့ရနိုင်သည်။ လှဲလျောင်းနေချိန်တွင် သိသာထင်ရှားသည့် ဖုထွက်ခြင်းသည် ပျောက်ကွယ်သွားနိုင်ပြီး လက်ဖြင့် တွန်းသွင်း၍လည်း ပြန်ဝင်သွားနိုင်သည်။

ကလေးများ၏ ချက်အူကျွံခြင်းသည် ပုံမှန်အားဖြင့် နာကျင်မှု မဖြစ်စေပါ။ လူကြီးများတွင် ဖြစ်ပွားသော ချက်အူကျွံခြင်းသည် ဝမ်းဗိုက်ကို မအီမသာ ဖြစ်စေနိုင်သည်။ သင့်ကလေးတွင် ချက်အူကျွံခြင်းရှိပါက ကလေးဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

သင့်ကလေးငယ်တွင် ချက်အူကျွံခြင်း ဖြစ်ပွားနေပါက၊ အောက်ပါ လက္ခဏာများရှိပါက အရေးပေါ် ဆေးကုသမှု ချက်ချင်း ခံယူပါ

  • အူကျွံသည့် နေရာတွင် နာကျင်၊ ရောင်ရမ်း သို့မဟုတ် အရောင်ပြောင်းလဲနေခြင်း
  • အန်ခြင်း ဖြစ်ပေါ်လာခြင်း
  • ကလေး နာကျင်နေခြင်း

လူကြီးများသည်လည်း အလားတူ စည်းမျဉ်းများကို လိုက်နာသင့်သည်။ ချက်နေရာတွင် ဖုထွက်နေပါက သင့်ဆရာဝန်နှင့် ဆွေးနွေးပါ။ အကယ်၍ ထိုဖုသည် နာကျင်လာပါက သို့မဟုတ် ထိခိုက်မခံ ဖြစ်လာပါက အရေးပေါ် ဆေးကုသမှု ခံယူပါ။ ရောဂါကို လျင်မြန်စွာ ရှာဖွေကုသခြင်းသည် နောက်ဆက်တွဲ ပြဿနာများ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

ကိုယ်ဝန်ဆောင်ချိန်တွင် ချက်ကြိုးသည် ကလေး၏ ဝမ်းဗိုက်ကြွက်သားများကြား သေးငယ်သော အပေါက်မှတစ်ဆင့် ထွက်ပေါ်လာသည်။ ပုံမှန်အားဖြင့် ထိုအပေါက်သည် မွေးဖွားပြီး မကြာမီတွင် ပိတ်သွားသည်။ ဝမ်းဗိုက်ကြွက်သားများ အပြည့်အဝ မပိတ်ပါက ချက်အူကျွံခြင်းသည် မွေးဖွားချိန်နှင့် နောက်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သည်။

လူကြီးများတွင် ဝမ်းဗိုက်ဖိအား တိုးလာခြင်းသည် ချက်အူကျွံခြင်းကို ဖြစ်စေသော အချက်တစ်ခု ဖြစ်သည်။ သက်ရောက်မှုရှိသော ဝမ်းဗိုက်ဖိအားကို အောက်ပါတို့ကြောင့် ဖြစ်ပေါ်စေနိုင်သည်

  • ကျောက်ကပ် ပျက်စီးမှု ကုသရန် ဝမ်းဗိုက်မှနေ၍ ကျောက်ကပ် ဆေးကြောခြင်းကို အချိန်ကြာမြင့်စွာ ပြုလုပ်ခြင်း
  • ဝမ်းဗိုက် ခွဲစိတ်မှု ပြုလုပ်ဖူးသည့် ရာဇဝင်ရှိခြင်း
  • ကိုယ်ဝန် အကြိမ်များစွာ ဆောင်ဖူးခြင်း
  • အဝလွန်ခြင်း
  • ဝမ်းဗိုက်တွင် အရည်စုခြင်း
  • ကြာရှည်စွာ၊ ပြင်းထန်စွာ ချောင်းဆိုးခြင်း

ရောဂါဖြစ်နိုင်ခြေရှိသော အချက်များ

မွေးကင်းစကလေးငယ်များ အထူးသဖြင့် လမစေ့ဘဲ မွေးသော ကလေးများနှင့် ကိုယ်အလေးချိန် မပြည့်သော ကလေးငယ်များသည် ချက်အူကျွံခြင်း ဖြစ်ပွားနိုင်ခြေ ပိုများသည်။ အမေရိကန်ပြည်ထောင်စုရှိ အာဖရိကနွယ်ဖွား အမေရိကန် ကလေးငယ်များသည် ချက်အူကျွံခြင်း ဖြစ်နိုင်ခြေ အနည်းငယ် ပိုများကြောင်း တွေ့ရသည်။ ယောက်ျားလေးများနှင့် မိန်းကလေးများသည် ဤရောဂါဖြစ်နိုင်ခြေ တူညီသည်။

ကိုယ်အလေးချိန် ပိုနေသူများ သို့မဟုတ် ကလေးများစွာ မွေးဖွားဖူးသူ လူကြီးများသည်လည်း ချက်အူကျွံခြင်း ဖြစ်နိုင်ခြေ ပိုမိုမြင့်မားသည်။ လူကြီးတွင် အမျိုးသမီးများသည် အမျိုးသားများထက် ဤအူကျွံခြင်း အမျိုးအစား ဖြစ်နိုင်ခြေ ပိုများသည်။

ရောဂါရှာဖွေခြင်း

ကိုယ်ခန္ဓာ စစ်ဆေးခြင်းဖြင့် ချက်အူကျွံခြင်းကို သိရှိနိုင်သည်။ ပိုမိုအဆင့်မြင့်သော စစ်ဆေးမှုများ လိုအပ်ပါက ကွန်ပျူတာ ဓာတ်မှန် သို့မဟုတ် ဝမ်းဗိုက် အာလ်ထရာဆောင်းကဲ့သို့ ပုံရိပ်ဖော် စစ်ဆေးမှုများကို တစ်ခါတစ်ရံတွင် အသုံးပြုနိုင်သည်။

ကုသခြင်း

ကလေးငယ်များရှိ ချက်အူကျွံခြင်း အများစုသည် အသက် ၁ နှစ် သို့မဟုတ် ၂ နှစ်အရွယ်တွင် သူ့အလိုလို ပျောက်ကင်းသွားသည်။ ကိုယ်ခန္ဓာ စစ်ဆေးမှု ပြုလုပ်နေစဉ်အတွင်း သင့်ဆရာဝန်သည် ထွက်နေသော ဖုကို ဝမ်းဗိုက်ထဲသို့ ပြန်လည် ဖိသွင်းပေးနိုင်သော်လည်း သင်ကိုယ်တိုင် ထိုသို့ ပြုလုပ်ရန် မကြိုးစားပါနှင့်။

တချို့လူတွေ ပြောသလို ဖုထွက်နေတဲ့ နေရာပေါ်မှာ ဒင်္ဂါးပြား ကပ်၍ တိပ်ဖြင့် စည်းခြင်းဖြင့် အူကျွံခြင်းကို ကုသရန် မကြိုးစားပါနှင့်။ ထိုဖုကို တိပ် သို့မဟုတ် အခြားပစ္စည်းများဖြင့် ဖုံးအုပ်ခြင်းသည် အထောက်အကူမဖြစ်သည့်အပြင် ဘက်တီးရီးယား ပိုးမွှားများ စုဝေးပြီး ရောဂါပိုး ကူးစက်မှုကို ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။

ကလေးများအတွက် ခွဲစိတ်ကုသမှုသည် ချက်အူကျွံခြင်းက နာကျင်လာခြင်း၊ အချင်းအားဖြင့် တစ်စင်တီမီတာမှ နှစ်စင်တီမီတာ (တစ်လက်မ၏ လေးပုံတစ်ပုံမှ လေးပုံသုံးပုံ) ထက် ပိုမိုကြီးမားနေပြီး အသက်နှစ်နှစ်နောက်ပိုင်းတွင် မကျုံ့သွားခြင်း၊ အသက်ငါးနှစ် ရောက်သည်အထိ မပျောက်ကင်းခြင်း သို့မဟုတ် အူကို ပိတ်ဆို့ခြင်းများ ဖြစ်ပေါ်မှသာ ပြုလုပ်လေ့ရှိသည်။

လူကြီးများတွင်မူ နောက်ဆက်တွဲ ပြဿနာများ မဖြစ်စေရန်အတွက် အထူးသဖြင့် ချက်အူကျွံခြင်းက ကြီးလာခြင်း သို့မဟုတ် မအီမသာ ဖြစ်လာပါက ခွဲစိတ်ကုသမှု ခံယူရန် အကြံပြုလေ့ရှိသည်။

ခွဲစိတ်မှုအတွင်း ချက်အနီးတွင် သေးငယ်သော ခွဲစိတ်မှု ပြုလုပ်သည်။ ကျွံထွက်နေသော တစ်ရှူးများကို ဝမ်းဗိုက်အတွင်းပိုင်းသို့ ပြန်တွန်းသွင်းပြီးနောက် ဝမ်းဗိုက်နံရံရှိ အပေါက်ကို ချုပ်၍ ပိတ်လိုက်သည်။ ခွဲစိတ်ဆရာဝန်များသည် လူကြီးများတွင် ဝမ်းဗိုက်နံရံကို ခိုင်ခံ့စေရန်အတွက် ပိုက်ကွန်ကဲ့သို့ပစ္စည်းကို မကြာခဏ အသုံးပြုကြသည်။

Doctors who treat this condition