အဆိပ်သင့်ရှော့ခ်ဖြစ်ခြင်းလက္ခဏာစု

အဆိပ်သင့်ရှော့ခ်ဖြစ်ခြင်းလက္ခဏာစု အကြောင်း သိကောင်းစရာ

Toxic shock syndrome (TSS) ခေါ် အဆိပ်သင့်ရှော့ခ်ဖြစ်ခြင်းလက္ခဏာစုသည် အချို့သောဗက်တီးရီးယားများမှ ထွက်ရှိသည့် အဆိပ်အတောက်များကြောင့် ဖြစ်ပွားရသည့် ပြင်းထန်ပြီး အသက်အန္တရာယ်ရှိနိုင်သော အခြေအနေတစ်ရပ် ဖြစ်ပါသည်။ ၎င်းသည် Staphylococcus aureus (စတက်ဖလိုကောကပ်စ်) ဗက်တီးရီးယားကြောင့် အဖြစ်အများဆုံးဖြစ်ပြီး တစ်ခါတစ်ရံတွင် group A streptococcus (စထရက်ပတိုကောကပ်စ်) ဗက်တီးရီးယားကြောင့်လည်း ဖြစ်ပွားတတ်ပါသည်။ ဤရောဂါသည် ရာသီသွေးဆင်းစဉ်အတွင်း ဂွမ်းတောင့် (tampon) သုံးစွဲခြင်းနှင့် ဆက်စပ်မှုရှိသည်ဟု လူသိများသော်လည်း အသက်အရွယ် သို့မဟုတ် ကျား၊ မ မရွေး မည်သူ့ကိုမဆို ဖြစ်ပွားနိုင်ပါသည်။ ရောဂါဖြစ်ပွားနိုင်ခြေကို မြင့်မားစေသော အချက်များတွင် ရာသီသွေးဆင်းစဉ် သုံးစွဲသည့် ဂွမ်းတောင့်များနှင့် ရာသီသွေးခံခွက် (menstrual cups) များသာမက အရေပြားပွန်းပဲ့ဒဏ်ရာများ၊ ခွဲစိတ်ဒဏ်ရာများနှင့် ဗက်တီးရီးယားများ ပေါက်ဖွားနိုင်သည့် အခြားသော အရေပြားထိခိုက်ဒဏ်ရာ အမျိုးအစားအားလုံးလည်း ပါဝင်ပါသည်။

အဆိပ်သင့်ရှော့ခ်ဖြစ်ခြင်းလက္ခဏာစု၏ ရောဂါလက္ခဏာများသည် ရုတ်တရက် ပေါ်ပေါက်လာတတ်ပြီး လျင်မြန်စွာ ပိုမိုပြင်းထန်လာနိုင်ကာ နှလုံး၊ အသည်းနှင့် ကျောက်ကပ်ကဲ့သို့သော အရေးကြီးသည့် ကိုယ်တွင်းအင်္ဂါများကို ထိခိုက်စေနိုင်ပါသည်။ ဤရောဂါသည် ပြင်းထန်သော်လည်း အချိန်မီ ရောဂါရှာဖွေပြီး ကုသမှုခံယူပါက အခြေအနေအများစုတွင် ပြန်လည်ကျန်းမာလာနိုင်ပါသည်။ ထို့ကြောင့် ရောဂါလက္ခဏာများ ပြသလာပါက၊ အထူးသဖြင့် မကြာသေးမီက ဂွမ်းတောင့်များ သုံးစွဲထားခြင်း၊ အရေပြားဒဏ်ရာရရှိထားခြင်း သို့မဟုတ် ခွဲစိတ်မှု ခံယူထားခြင်းများရှိလျှင် အန္တရာယ်များကို လျှော့ချရန်နှင့် ကုသမှုရလဒ် ကောင်းမွန်စေရန်အတွက် ဆေးကုသမှုကို ချက်ချင်းခံယူရန် အလွန်အရေးကြီးပါသည်။

ရောဂါလက္ခဏာများ

အဆိပ်သင့်ရှော့ခ်ဖြစ်ခြင်းလက္ခဏာစုသည် ပုံမှန်အားဖြင့် ရုတ်တရက် စတင်တတ်ပြီး ဗက်တီးရီးယားများ သွေးစီးကြောင်းထဲသို့ ဝင်ရောက်ပြီးနောက် ရက်အနည်းငယ်အတွင်း ရောဂါလက္ခဏာများ ပေါ်လာတတ်ပါသည်။ ပေါ်လာသည့် ရောဂါလက္ခဏာများသည် အဆိပ်အတောက်များကို ထွက်ရှိစေသည့် ဗက်တီးရီးယားအမျိုးအစားပေါ် မူတည်ပါသည်။

အဖြစ်များသော ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

  • ချမ်းတုန်ခြင်း၊ တစ်ကိုယ်လုံး ကိုက်ခဲခြင်းနှင့် အခြား တုပ်ကွေးကဲ့သို့သော လက္ခဏာများ ရုတ်တရက် ဖြစ်ပွားခြင်း
  • နေလောင်ထားသည့် အဖုအပိမ့်များနှင့်တူသော အရေပြားနီမြန်းခြင်း (အထူးသဖြင့် လက်ဖဝါးနှင့် ခြေဖဝါးများတွင် ဖြစ်ပွားခြင်း)
  • သွေးပေါင်ချိန်ကျခြင်း
  • အန်ခြင်းနှင့် ပျို့ခြင်း
  • အရည်များစွာ သွားသော ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း
  • မျက်စိနာခြင်း သို့မဟုတ် လည်ချောင်းနှင့် မျက်လုံးများ နီမြန်းခြင်း
  • စိတ်ဝေဝါးခြင်း
  • အတက်ရောဂါ ဖြစ်ပွားခြင်း
  • ခေါင်းကိုက်ခြင်း
  • ခေါင်းထဲတွင် ပေါ့ပါးသွားသလို ခံစားရခြင်း၊ မူးဝေခြင်း သို့မဟုတ် မိန်းမောချင်သလို ဖြစ်ခြင်း

အကယ်၍ ဤလက္ခဏာများအနက် တစ်ခုခု ဖြစ်ပွားလာပါက၊ အထူးသဖြင့် မကြာသေးမီက ခွဲစိတ်မှုခံယူထားလျှင်၊ အရေပြားဒဏ်ရာရှိလျှင် သို့မဟုတ် ဂွမ်းတောင့်များ သုံးစွဲထားလျှင် ဆေးကုသမှုကို ချက်ချင်း ခံယူပါ။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

အဆိပ်သင့်ရှော့ခ်ဖြစ်ခြင်းလက္ခဏာစု (TSS) သည် အဓိကအားဖြင့် Staphylococcus aureus နှင့် Streptococcus pyogenes (group A strep) ဗက်တီးရီးယားများမှ ထွက်ရှိသော အဆိပ်အတောက်များကြောင့် ဖြစ်ပွားရခြင်း ဖြစ်သော်လည်း အဖြစ်နည်းသော အခြေအနေများတွင် Clostridium sordellii ဗက်တီးရီးယားကြောင့်လည်း ဖြစ်ပွားနိုင်ပါသည်။ ပုံမှန်အားဖြင့် ဤဗက်တီးရီးယားများသည် အရေပြား သို့မဟုတ် လည်ချောင်း သို့မဟုတ် ပါးစပ်ကဲ့သို့သော အကျိအမြှေးပါးများပေါ်တွင် အန္တရာယ်မပြုဘဲ မှီတင်းနေထိုင်ကြသော်လည်း သီးခြားအခြေအနေအချို့တွင် အချို့သော ဗက်တီးရီးယားမျိုးစိတ်များသည် လျင်မြန်စွာ ပွားများလာပြီး အဆိပ်အတောက်များကို ထုတ်လွှတ်နိုင်ပါသည်။ ရာသီသွေးနည်းနည်းပဲ ဆင်းချိန်တွင် စုပ်ယူမှုအား အလွန်ကောင်းသော ဂွမ်းတောင့်များကို သုံးစွဲခြင်း သို့မဟုတ် ဂွမ်းတောင့်များကို မကြာခဏ လဲလှယ်မပေးခြင်းစသည့် အချက်များသည် ဗက်တီးရီးယားများ ပေါက်ဖွားမှုနှင့် အဆိပ်အတောက် ထုတ်လုပ်မှုကို ပိုမိုလွယ်ကူစေနိုင်ပါသည်။ ထို့အပြင် ဂွမ်းတောင့်များသည် မိန်းမကိုယ်အတွင်း အသေးစား ပြတ်ရှဒဏ်ရာများကို ဖြစ်ပေါ်စေနိုင်ပြီး ဗက်တီးရီးယားများ သွေးစီးကြောင်းထဲသို့ ဝင်ရောက်ရန် လမ်းကြောင်းတစ်ခု ဖြစ်လာစေပါသည်။

ဂွမ်းတောင့်သုံးစွဲခြင်းအပြင် မိန်းမကိုယ်အတွင်း ထည့်သွင်းရသော သားဆက်ခြားပစ္စည်းများဖြစ်သည့် သားအိမ်ခေါင်းအဖုံးများ (cervical caps)၊ သားဆက်ခြားပတ်ဂွမ်းများ (sponges)၊ သားအိမ်အဝပိတ်အဖုံးများ (diaphragms) သို့မဟုတ် ရာသီသွေးခံခွက်များကဲ့သို့သော မည်သည့်ပစ္စည်းကိုမဆို သတ်မှတ်ထားသော အချိန်ထက် ပိုမိုကြာမြင့်စွာ ထားရှိခြင်းသည်လည်း TSS ဖြစ်ပွားနိုင်ခြေနှင့် ဆက်စပ်နေပါသည်။ ထို့အပြင် ဗက်တီးရီးယားများသည် ပြတ်ရှဒဏ်ရာများ၊ အနာများမှတစ်ဆင့် သို့မဟုတ် ခွဲစိတ်မှု၊ ကလေးမီးဖွားမှု၊ သို့မဟုတ် နှာခေါင်းသွေးလျှံခြင်းကို ပတ်တီးစများဖြင့် ဖိသိပ်ကုသမှု ခံယူပြီးနောက်ပိုင်းကဲ့သို့သော ဆေးကုသမှု လုပ်ငန်းစဉ်များပြီးနောက် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ခြင်းဖြင့်လည်း TSS ဖြစ်ပွားနိုင်ပါသည်။ ၎င်းသည် ထိုကဲ့သို့သော ကူးစက်ပိုးဝင်မှုများကို ကာကွယ်ရန်အတွက် အချိန်မီဆေးကုသမှု ခံယူရန်နှင့် စနစ်တကျ သန့်ရှင်းရေး ပြုလုပ်ရန် အရေးကြီးကြောင်းကို မီးမောင်းထိုးပြနေပါသည်။

Risk factors (အန္တရာယ်ရှိစေသော အချက်များ)

မည်သူမဆို အဆိပ်သင့်ရှော့ခ်ဖြစ်ခြင်းလက္ခဏာစု ဖြစ်ပွားနိုင်ချေ ရှိပါသည်။ အသက်အရွယ်မရွေး လူများတွင် streptococcal ဗက်တီးရီးယားကြောင့်ဖြစ်သော အဆိပ်သင့်ရှော့ခ်ဖြစ်ခြင်းလက္ခဏာစု ဖြစ်ပွားနိုင်ပြီး staphylococcal TSS ဖြစ်ပွားမှု ဖြစ်စဉ်များ၏ ထက်ဝက်ခန့်သည် ရာသီသွေးဆင်းနေသော အမျိုးသမီးများတွင် ဖြစ်ပွားလေ့ရှိပါသည်။

TSS ဖြစ်ပွားနိုင်ခြေသည် အောက်ပါအချက်များကြောင့် ပိုမိုမြင့်မားလာနိုင်ပါသည်-

  • သားဆက်ခြားပတ်ဂွမ်းများ၊ သားအိမ်အဝပိတ်အဖုံးများ၊ စုပ်ယူမှုအား အလွန်ကောင်းသော ဂွမ်းတောင့်များ သို့မဟုတ် ရာသီသွေးခံခွက်များကို သုံးစွဲခြင်း
  • ရေကျောက် သို့မဟုတ် တုပ်ကွေးကဲ့သို့သော ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း
  • အရေပြား မီးလောင်ဒဏ်ရာ သို့မဟုတ် ပွန်းပဲ့ဒဏ်ရာများ ရှိနေခြင်း
  • မကြာသေးမီက ခွဲစိတ်မှု ခံယူထားခြင်း

ရောဂါရှာဖွေခြင်း (Diagnosis)

Initial testing (အစပျိုး စစ်ဆေးမှုများ-):

  • Blood or urine tests (သွေး သို့မဟုတ် ဆီး စစ်ဆေးမှုများ-): ကူးစက်ပိုးဝင်ခြင်းကို ဖြစ်ပွားစေသည့် ဗက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်အမျိုးအစားကို ခွဲခြားသတ်မှတ်ရန် သွေး သို့မဟုတ် ဆီးစစ်ဆေးမှုများ ပြုလုပ်ပါသည်။
  • Physical examinations (ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ-): မိန်းမကိုယ်ကို စစ်ဆေးခြင်းအပါအဝင် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများကို ပြုလုပ်နိုင်ပါသည်။
  • Tissue cultures (တစ်သျှူး ပိုးမွေး စစ်ဆေးမှုများ-): Staphylococcus သို့မဟုတ် Streptococcus ဗက်တီးရီးယားများ ရှိနေခြင်း ရှိ၊ မရှိ စစ်ဆေးရန် မိန်းမကိုယ်၊ သားအိမ်ခေါင်း သို့မဟုတ် လည်ချောင်းတို့မှ တစ်သျှူးနမူနာများကို ရယူ၍ ပိုးမွေးစစ်ဆေးနိုင်ပါသည်။

For non-menstrual toxic shock syndrome (ရာသီသွေးဆင်းခြင်းနှင့် မပတ်သက်သော အဆိပ်သင့်ရှော့ခ်ဖြစ်ခြင်းလက္ခဏာစုအတွက်-):

  • Tissue sampling (တစ်သျှူး နမူနာယူခြင်း-): ရောဂါရှာဖွေဓာတ်ခွဲစမ်းသပ်ရန်အတွက် ဒဏ်ရာ သို့မဟုတ် ပိုးဝင်နေသည့်နေရာမှ တစ်သျှူးများကို စုဆောင်းရယူပါသည်။

Advanced testing (for severe or progressive symptoms) (အဆင့်မြင့် စစ်ဆေးမှုများ (ပြင်းထန်သော သို့မဟုတ် ပိုမိုဆိုးရွားလာသော ရောဂါလက္ခဏာများအတွက်):

  • Computed tomography(CT) scan (စီတီစကင် ဖတ်ခြင်း-): ခန္ဓာကိုယ် တည်ဆောက်ပုံများ၏ အသေးစိတ် ပုံရိပ်များကို ရရှိရန် စီတီစကင်ဖတ်ခြင်း ဖြစ်ပါသည်။
  • Chest x-ray (ရင်ဘတ် ဓာတ်မှန်ရိုက်ခြင်း-): ရင်ဘတ်နှင့် အဆုတ်အခြေအနေကို စစ်ဆေးရန် ဓာတ်မှန်ရိုက်ခြင်း ဖြစ်ပါသည်။
  • Spinal tap (lumbar puncture) (ခါးရိုးဆစ်မှတစ်ဆင့် အရည်ထုတ်ယူ စစ်ဆေးခြင်း-): စစ်ဆေးရန်အတွက် ခါးရိုးဆစ်မှတစ်ဆင့် ဦးနှောက်နှင့် အာရုံကြောမကြီးအရည် (cerebrospinal fluid) ကို စုဆောင်းရယူသည့် လုပ်ငန်းစဉ် ဖြစ်ပါသည်။

ကုသခြင်း (Treatment)

အကယ်၍ သင့်တွင် အဆိပ်သင့်ရှော့ခ်ဖြစ်ခြင်းလက္ခဏာစု ဖြစ်ပွားလာပါက ပုံမှန်အားဖြင့် ဆေးရုံတက်ရောက်ကုသရန် လိုအပ်ပါသည်။ ဆေးရုံတက်နေစဉ်အတွင်း အောက်ပါကုသမှုများကို ဆောင်ရွက်ပေးပါမည်-

  • Antibiotics: (ပဋိဇီဝဆေးများ-): ဆရာဝန်များက ကူးစက်ပိုးဝင်ရသည့် အရင်းအမြစ်ကို ရှာဖွေစစ်ဆေးနေစဉ်အတွင်း သင့်အား ပဋိဇီဝဆေးများ ပေးပါလိမ့်မည်။
  • Medication and fluids (ဆေးဝါးများနှင့် အရည်များ-): ကျဆင်းနေသော သွေးပေါင်ချိန်ကို တည်ငြိမ်စေရန် ဆေးဝါးများ ပေးမည့်အပြင် ရေဓာတ်ခမ်းခြောက်မှုကို ကုသရန် အရည်များကို သွင်းပေးပါလိမ့်မည်။
  • Supportive care (ပံ့ပိုးကူညီမှု ကုသရေးလုပ်ငန်းစဉ်-): အခြားသော ရောဂါလက္ခဏာများကို ထိန်းချုပ်ကုသရန်အတွက် နောက်ထပ် လိုအပ်သော ပံ့ပိုးကူညီမှု ကုသရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးပါလိမ့်မည်။
  • Dialysis (ကျောက်ကပ်ဆေးခြင်း-): Staphylococcus သို့မဟုတ် Streptococcus ဗက်တီးရီးယားများမှ ထွက်ရှိသော အဆိပ်အတောက်များနှင့် ၎င်းနှင့်အတူ ဖြစ်ပေါ်လာသည့် သွေးပေါင်ကျခြင်းတို့ကြောင့် ကျောက်ကပ်ပျက်စီးခြင်း ဖြစ်ပွားပါက ကျောက်ကပ်ဆေးရန် လိုအပ်နိုင်ပါသည်။
  • Surgery (ခွဲစိတ်ကုသခြင်း-): ပိုးဝင်နေသည့်နေရာမှ ပုပ်ပျက်နေသော တစ်သျှူးများကို ဖယ်ရှားရန် သို့မဟုတ် ပြည်တည်နာကို ဖောက်ထုတ်ရန် ခွဲစိတ်မှု လိုအပ်နိုင်ပါသည်။

Doctors who treat this condition