အလိုအလျောက် လှုပ်ရှားခြင်းနှင့် အသံပြုခြင်းဆိုင်ရာ ‌ရောဂါ

အလိုအလျောက် လှုပ်ရှားခြင်းနှင့် အသံပြုခြင်းဆိုင်ရာ ‌ရောဂါ (Tourette syndrome) အကြောင်း သိကောင်းစရာ

တူးရက်ဆင်ဒရုန်း (Tourette syndrome) ဆိုသည်မှာ တစ်ခ်စ် (Tics) ဟုခေါ်သော မိမိအလိုအလျောက်မဟုတ်ဘဲ ထိန်းချုပ်ရခက်သည့် အပြုအမူများ၊ ထပ်ခါတလဲလဲ လှုပ်ရှားမှုများနှင့် အသံပြုခြင်းများ ဖြစ်ပေါ်စေသည့် အာရုံကြောစနစ်ဆိုင်ရာ ချို့ယွင်းမှု ဝေဒနာတစ်ရပ် ဖြစ်သည်။ ဤ Tics လက္ခဏာများသည် ပခုံးတွန့်ခြင်း သို့မဟုတ် မျက်တောင်ခတ်ခြင်းကဲ့သို့သော ရိုးရှင်းသည့် ကိုယ်ခန္ဓာလှုပ်ရှားမှုဆိုင်ရာ လက္ခဏာများ (Simple motor tics) မှသည် လည်ချောင်းရှင်းခြင်းကဲ့သို့သော အသံပိုင်းဆိုင်ရာ လက္ခဏာများ (Vocal tics) အထိ ဖြစ်ပွားနိုင်ပါသည်။ ပုံမှန်အားဖြင့် အသံပိုင်းဆိုင်ရာ လက္ခဏာများသည် ကိုယ်ခန္ဓာလှုပ်ရှားမှုဆိုင်ရာ လက္ခဏာများ ဖြစ်ပွားပြီးနောက်မှသာ ပေါ်ပေါက်လာတတ်သည်။ ဤဝေဒနာသည် များသောအားဖြင့် ငယ်စဉ်ကလေးဘဝတွင် စတင်ပြသလေ့ရှိပြီး အသက် ၂ နှစ်မှ ၁၅ နှစ်အတွင်း Tics လက္ခဏာများ စတင်ပေါ်လာတတ်ကာ ပျမ်းမျှအားဖြင့် အသက် ၆ နှစ်အရွယ်တွင် အဆိုးဆုံးအခြေအနေသို့ ရောက်ရှိတတ်သည်။ ၎င်းသည် အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက အမျိုးသားများတွင် ၃ ဆမှ ၄ ဆအထိ ပိုမိုအဖြစ်များသည်။

ရောဂါလက္ခဏာများ

တူးရက်ဆင်ဒရုန်း၏ အထင်ရှားဆုံးသော လက္ခဏာမှာ ရုတ်တရက်၊ ခေတ္တခဏ၊ ပုံမှန်မဟုတ်ဘဲ ဖြစ်ပေါ်လာသည့် လှုပ်ရှားမှုများ သို့မဟုတ် အသံပြုခြင်းများ (Tics) ဖြစ်သည်။ ၎င်းတို့သည် သာမန်မျှသာ ဖြစ်နိုင်သကဲ့သို့ ပြင်းထန်လည်း ပြင်းထန်နိုင်ပါသည်။ ပြင်းထန်သော လက္ခဏာများသည် တစ်ဦးတစ်ယောက်၏ ဆက်သွယ်ပြောဆိုနိုင်စွမ်း၊ နေ့စဉ်လူမှုရေး လှုပ်ရှားမှုများနှင့် ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်စွမ်းတို့ကို ပြင်းထန်စွာ အနှောင့်အယှက်ပေးနိုင်ပါသည်။

ထို့ပြင် Tics လက္ခဏာများတွင် အသံပိုင်းဆိုင်ရာ (Vocal tics) သို့မဟုတ် ကိုယ်ခန္ဓာလှုပ်ရှားမှုဆိုင်ရာ (Motor tics) တို့ ပါဝင်နိုင်သည်။ အသံပိုင်းဆိုင်ရာ လက္ခဏာများသည် ပုံမှန်အားဖြင့် လှုပ်ရှားမှုဆိုင်ရာ လက္ခဏာများထက် နောက်ကျ၍ စတင်တတ်သည်။ သို့သော်လည်း လူနာများ ခံစားရနိုင်သည့် Tics လက္ခဏာ အမျိုးအစားမှာ အလွန်ကျယ်ပြန့်ပါသည်။

အဖြစ်များသော ကိုယ်ခန္ဓာလှုပ်ရှားမှုဆိုင်ရာ လက္ခဏာများ (Common motor tics) တွင် အောက်ပါတို့ ပါဝင်သည်-

  • ရိုးရှင်းသော လက္ခဏာများ (Simple tics):
    • မျက်တောင်ခတ်ခြင်း
    • ခေါင်းဆတ်ခြင်း/ခေါင်းရမ်းခြင်း
    • ပါးစပ် လှုပ်ရှားမှုများ ပြုလုပ်ခြင်း
    • မျက်လုံးကို ထပ်ခါတလဲလဲ လှုပ်ရှားခြင်း
    • ပခုံးတွန့်ခြင်း
    • နှာခေါင်းရှုံ့ခြင်း
  • ရှုပ်ထွေးသော လက္ခဏာများ (Complex tics):
    • ကိုယ်ခန္ဓာကို ကွေးခြင်း သို့မဟုတ် လိမ်လှည့်ခြင်း
    • သတ်မှတ်ထားသော ပုံစံအတိုင်း လိုက်နာလှုပ်ရှားခြင်း
    • ခြေတစ်ဖက်တည်းဖြင့် ခုန်ခြင်း (သို့မဟုတ်) ဆတ်ခနဲ ခုန်ခြင်း
    • မသင့်တော်သော အမူအရာများ ပြုလုပ်ခြင်း
    • လှုပ်ရှားမှုများကို ထပ်ခါတလဲလဲ ပြုလုပ်ခြင်း
    • ပစ္စည်းများကို နမ်းခြင်း သို့မဟုတ် ကိုင်တွယ်ခြင်း

အဖြစ်များသော အသံပိုင်းဆိုင်ရာ လက္ခဏာများ (Common vocal tics) တွင် အောက်ပါတို့ ပါဝင်သည်

  • ရိုးရှင်းသော လက္ခဏာများ (Simple tics):
    • ဟောင်သံကဲ့သို့ အသံပြုခြင်း
    • ချောင်းဆိုးခြင်း
    • လူလည်ချောင်းသံပြုခြင်း/ညည်းတွားခြင်း
    • အော်ဟစ်ခြင်း
    • လည်ချောင်းရှင်းခြင်း
  • ရှုပ်ထွေးသော လက္ခဏာများ (Complex tics):
    • မိမိပြောခဲ့သော စကားလုံး သို့မဟုတ် စာသားများကို ထပ်ခါတလဲလဲ ပြောခြင်း
    • အခြားသူများပြောသော စကားလုံး သို့မဟုတ် စာသားများကို ထပ်ခါတလဲလဲ လိုက်ပြောခြင်း
    • ရိုင်းစိုင်းသော၊ ညစ်ညမ်းသော သို့မဟုတ် ဆဲဆိုဆဲရေးသော စကားလုံးများကို အသုံးပြုခြင်း

ကိုယ်ခန္ဓာလှုပ်ရှားမှု သို့မဟုတ် အသံပိုင်းဆိုင်ရာ လက္ခဏာများ မပေါ်လာမီတွင် တင်းကျပ်ခြင်း၊ စိမ့်စိမ့်ဖြစ်ခြင်း သို့မဟုတ် ယားယံခြင်းကဲ့သို့သော မသက်မသာဖြစ်သည့် ကိုယ်ခန္ဓာခံစားမှုမျိုး (Premonitory desire) ကို ခံစားရနိုင်ပါသည်။ ၎င်း Tics လက္ခဏာကို ထုတ်ဖော်ပြသလိုက်သည့်အခါမှသာ စိတ်သက်သာရာ ရရှိသွားတတ်သည်။ တူးရက်ဆင်ဒရုန်း ခံစားနေရသူအချို့သည် အလွန်အမင်း အားစိုက်ထုတ်ခြင်းဖြင့် ၎င်း Tics လက္ခဏာကို ခေတ္တခဏ ရပ်တန့်ထားနိုင်ခြင်း သို့မဟုတ် ထိန်းချုပ်ထားနိုင်ခြင်းတို့ ပြုလုပ်နိုင်ကြသည်။

ကလေးတစ်ဦးတွင် Tics လက္ခဏာများ ပြသတိုင်း တူးရက်ဆင်ဒရုန်း ရှိနေခြင်း မဟုတ်ပါ။ ကလေးအများစုတွင် Tics လက္ခဏာများ ဖြစ်ပွားတတ်ပြီး ပုံမှန်အားဖြင့် ရက်သတ္တပတ်အနည်းငယ် သို့မဟုတ် လအနည်းငယ်အတွင်း အလိုအလျောက် ပျောက်ကင်းသွားတတ်သည်။ သို့သော်လည်း ကလေးတစ်ဦးတွင် ပုံမှန်မဟုတ်သော အပြုအမူများ ပြသလာသည့် မည်သည့်အချိန်တွင်မဆို အကြောင်းရင်းကို ရှာဖွေရန်နှင့် ပြင်းထန်သော ကျန်းမာရေးပြဿနာများ မရှိကြောင်း သေချာစေရန်မှာ အရေးကြီးပါသည်။ သင့်ကလေးတွင် ထိန်းချုပ်ရခက်သော လှုပ်ရှားမှုများ သို့မဟုတ် အသံပြုခြင်းများ ရှိလာပါက ကလေးအထူးကု ဆရာဝန်ထံ ခေါ်ဆောင်သွားပါ။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

တူးရက်ဆင်ဒရုန်း (TS) ဖြစ်ရသည့် တိကျသော အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း၊ ၎င်းသည် မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်နှစ်ရပ်လုံး၏ သက်ရောက်မှုရှိသော ရှုပ်ထွေးသည့် ဝေဒနာတစ်ရပ် ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤဝေဒနာသည် မိသားစုမျိုးရိုးအတွင်း ဖြစ်ပွားလေ့ရှိသဖြင့် ထင်ရှားသော မျိုးရိုးဗီဇဆိုင်ရာ ပါဝင်ပတ်သက်မှု ရှိနေကြောင်း ဖော်ပြနေသည်။ ထို့ပြင် အပြုအမူနှင့် လှုပ်ရှားမှုများကို ထိန်းညှိရာတွင် အရေးပါသော ဒိုပါမင်း (Dopamine) နှင့် စီရိုတိုနင် (Serotonin) ကဲ့သို့သော ဦးနှောက်အတွင်းရှိ နာဗ်ကြောဓာတ်ပစ္စည်းများ (Neurotransmitters) ကို ဦးနှောက်က မည်သို့ချေဖျက်အသုံးပြုသည် ဆိုသည့်အချက်တွင် ပြဿနာများ ရှိနေနိုင်ပါသည်။ ဤဓာတ်ပစ္စည်းများသည် ဦးနှောက်အတွင်းရှိ အာရုံကြောလှုံ့ဆော်မှုများကို ပေးပို့ရန်အတွက် မရှိမဖြစ်လိုအပ်ပြီး ၎င်းက ဤဝေဒနာ၏ အာရုံကြောဓာတုဗေဒဆိုင်ရာ အခြေခံအကြောင်းရင်းကို ညွှန်ပြနေသည်။

Risk factors (အန္တရာယ်ရှိစေသော အချက်များ)

တူးရက်ဆင်ဒရုန်း ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်သော အချက်များတွင် အောက်ပါတို့ ပါဝင်သည်-

  • လိင်: တူးရက်ဆင်ဒရုန်းသည် အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက အမျိုးသားများတွင် ၃ ဆမှ ၄ ဆခန့် ပိုမိုအဖြစ်များသည်။
  • မိသားစုရာဇဝင်: အကယ်၍ မိသားစုမျိုးရိုးအတွင်း ဤဝေဒနာရာဇဝင် သို့မဟုတ် အခြားသော Tics ဝေဒနာရာဇဝင်များ ရှိနေပါက တူးရက်ဆင်ဒရုန်း ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားနိုင်ပါသည်။

ကိုယ်ဝန်ဆောင်စဉ် ကျန်းမာရေး: ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆေးလိပ်သောက်ခဲ့သော သို့မဟုတ် ကျန်းမာရေးပြဿနာများ ကြုံတွေ့ခဲ့ရသော မိခင်များမှ မွေးဖွားလာသည့် ကလေးများသည် တူးရက်ဆင်ဒရုန်း ဖြစ်ပွားရန် ပိုမိုလွယ်ကူနိုင်ပါသည်။ ထို့ပြင် မွေးဖွားချိန်တွင် ကလေးဝိတ်မပြည့်ခြင်း (Low birth weight) သည်လည်း ဤဝေဒနာဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်ပါသည်။

ရောဂါရှာဖွေခြင်း (Diagnosis)

  • ကိုယ်ခန္ဓာလှုပ်ရှားမှုဆိုင်ရာ လက္ခဏာ (Motor tics) နှင့် အသံပိုင်းဆိုင်ရာ လက္ခဏာ (Vocal tics) နှစ်မျိုးလုံး ရှိနေရမည်။ (တစ်ချိန်တည်းတွင် ပြိုင်တူဖြစ်ပွားရန် မလိုအပ်ပါ)။
  • Tics လက္ခဏာများသည် တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ၊ နေ့တိုင်းနီးပါး သို့မဟုတ် တစ်ခါတစ်ရံ ပြတ်တောင်းပြတ်တောင်းဖြင့် ၁ နှစ်ထက်ပို၍ ဖြစ်ပွားနေရမည်။
  • Tics လက္ခဏာများ စတင်ပြသသည့်အသက်သည် ၁၈ နှစ်မပြည့်မီ ဖြစ်ရမည်။
  • ၎င်း Tics လက္ခဏာများသည် သောက်သုံးနေသော ဆေးဝါးများ၊ အခြားသော ဓာတ်ပစ္စည်းများ သို့မဟုတ် အခြားသော ကျန်းမာရေးဝေဒနာများကြောင့် ဖြစ်ပွားခြင်း မဟုတ်ရပါ။
  • Tics လက္ခဏာများသည် အချိန်ကြာလာသည်နှင့်အမျှ ဖြစ်ပွားသည့်နေရာ၊ အကြိမ်အရေအတွက်၊ အမျိုးအစား၊ ရှုပ်ထွေးမှု သို့မဟုတ် ပြင်းထန်မှုပုံစံများ ပြောင်းလဲမှု ရှိရမည်။

တူးရက်ဆင်ဒရုန်း၏ လက္ခဏာများကို အခြားသော ဝေဒနာများနှင့် မှားယွင်းတတ်ပါသည်။ ဥပမာအားဖြင့် မျက်တောင်ခတ်ခြင်းကို အမြင်အာရုံပြဿနာဟု လွဲမှားစွာ ထင်မြင်မိနိုင်သကဲ့သို့၊ နှာခေါင်းရှုံ့ခြင်း/နှာချေခြင်းကို ဓာတ်မတည့်ခြင်း (Allergies) ကြောင့်ဟု ယူဆမိနိုင်ပါသည်။ ကိုယ်ခန္ဓာလှုပ်ရှားမှုနှင့် အသံပိုင်းဆိုင်ရာ Tics လက္ခဏာနှစ်မျိုးလုံးသည် တူးရက်ဆင်ဒရုန်းကြောင့် မဟုတ်ဘဲ အခြားသော ဝေဒနာများကြောင့်လည်း ဖြစ်ပွားနိုင်ပါသည်။ ထို့ကြောင့် Tics လက္ခဏာဖြစ်စေသည့် အခြားသောအကြောင်းရင်းများကို ဖယ်ထုတ်နိုင်ရန် သင့်ဆရာဝန်က အောက်ပါတို့ကို လမ်းညွှန်နိုင်ပါသည်-

  • သွေးစစ်ခြင်း။
  • သံလိုက်ဓာတ်မှန် (MRI) ကဲ့သို့သော ပုံရိပ်ဖော်စစ်ဆေးမှုများ။

Tic disorder (အလိုအလျောက် လှုပ်ရှားခြင်းနှင့် အသံပြုခြင်းဆိုင်ရာ ဝေဒနာ) ဟု ရောဂါရှာဖွေနိုင်ရန် Tics လက္ခဏာများသည် အသက် ၁၈ နှစ်မတိုင်မီ စတင်ခဲ့ခြင်း ဖြစ်ရပါမည်။ တူးရက်ဆင်ဒရုန်း (Tourette’s) ဟု ရောဂါရှာဖွေသတ်မှတ်နိုင်ရန်အတွက်မူ ကိုယ်ခန္ဓာလှုပ်ရှားမှုရော အသံပိုင်းဆိုင်ရာ တုန်ခါလှုပ်ရှားမှုများကိုပါ ၁ နှစ်ထက်ပို၍ ခံစားနေရခြင်း ဖြစ်ရပါမည်။ သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် သင့်ဆေးရာဇဝင်နှင့် ရောဂါလက္ခဏာများကို သေချာစွာ ပြန်လည်သုံးသပ်မည်ဖြစ်ပြီး Tics လက္ခဏာများနှင့် ပတ်သက်၍ အောက်ပါအတိုင်း အသေးစိတ် မေးမြန်းပါလိမ့်မည်-

  • Tics လက္ခဏာများသည် ရိုးရှင်းပါသလား သို့မဟုတ် ရှုပ်ထွေးပါသလား။
  • Tics လက္ခဏာများသည် မည်မျှအကြိမ်ရေ စိပ်စိပ်ဖြစ်ပွားပါသလဲ။
  • ၎င်း Tics လက္ခဏာများသည် မည်သည့်အသက်အရွယ်တွင် ပထမဆုံး စတင်ပေါ်ပေါက်ခဲ့ပါသလဲ။

Tics လက္ခဏာများကို ဖြစ်စေနိုင်သည့် အခြားသော ကျန်းမာရေးအခြေအနေများ မဟုတ်ကြောင်း သေချာစေရန် ထပ်တိုးစစ်ဆေးမှုများကိုလည်း လုပ်ဆောင်နိုင်ပါသည်။

ကုသခြင်း (Treatment)

တူးရက်ဆင်ဒရုန်းကို အမြစ်ပြတ်အောင် ကုသ၍မရနိုင်ပါ၊ ကုသမှု၏ အဓိကရည်ရွယ်ချက်မှာ နေ့စဉ်လူမှုဘဝ လှုပ်ရှားမှုများနှင့် လုပ်ငန်းဆောင်တာများကို သိသိသာသာ အနှောင့်အယှက်ဖြစ်စေသည့် Tics လက္ခဏာများကို စီမံခန့်ခွဲရန် ဖြစ်သည်။ နေ့စဉ်လူမှုဘဝအပေါ် သက်ရောက်မှုမရှိသော သာမန် Tics လက္ခဏာငယ်များအတွက် ကုသမှု ခံယူရန် မလိုအပ်နိုင်ပါ။ သို့သော်လည်း ပြင်းထန်သော Tics လက္ခဏာများသည် အလုပ်ခွင်၊ ကျောင်း သို့မဟုတ် လူမှုပတ်ဝန်းကျင်ရှိ နေ့စဉ်လုပ်ငန်းဆောင်တာများကို ဟန့်တားနှောင့်ယှက်နိုင်ပြီး မိမိကိုယ်ကို ထိခိုက်နာကျင်စေသည်အထိပင် ဖြစ်ပွားစေနိုင်ပါသည်။ ကုသမှု၏ ရည်မှန်းချက်မှာ ဤသို့သော ထိခိုက်မှုများကို အနည်းဆုံးဖြစ်စေရန်နှင့် ဘဝအရည်အသွေးကို မြှင့်တင်ပေးရန် ဖြစ်သည်။

  • ဆေးဝါးများဖြင့် ကုသခြင်း (Medications): Tics လက္ခဏာများကို စီမံခန့်ခွဲရန် သို့မဟုတ် ဆက်စပ်ဝေဒနာများ၏ လက္ခဏာများကို လျှော့ချရန်အတွက် အောက်ပါဆေးဝါးများကို အသုံးပြုနိုင်ပါသည်-
  • ADHD (အာရုံစူးစိုက်မှု လွန်ကဲခြင်း) ဆေးဝါးများ: Methylphenidate ကဲ့သို့သော အာရုံစူးစိုက်မှုကို လှုံ့ဆော်ပေးသည့် ဆေးဝါးများနှင့် Dextroamphetamine ပါဝင်သော ဆေးဝါးများသည် အာရုံစူးစိုက်မှုကို ကောင်းမွန်စေနိုင်ပါသည်။ သို့သော်လည်း အချို့သော တူးရက်ဆင်ဒရုန်း လူနာများတွင် ADHD ဆေးဝါးများ သောက်သုံးခြင်းက ၎င်းတို့၏ Tics လက္ခဏာများကို ပိုမိုဆိုးရွားသွားစေနိုင်သည်ကို တွေ့ရတတ်သည်။
  • စိတ်ကျရောဂါပျောက်ဆေးများ (Antidepressants): Prozac, Sarafem နှင့် Fluoxetine ပါဝင်သော အခြားဆေးအမှတ်တံဆိပ်များသည် စိတ်စွဲလမ်းလွန်ရောဂါ (OCD)၊ စိတ်ကျရောဂါနှင့် စိုးရိမ်ပူပန်မှုလက္ခဏာများကို စီမံခန့်ခွဲရာတွင် ကူညီပေးနိုင်ပါသည်။
  • အတက်ကျဆေးများ (Antiseizure medications): မကြာသေးမီက ပြုလုပ်ခဲ့သော သုတေသနပြုချက်များအရ အတက်ရောဂါအတွက် အသုံးပြုသော Topiramate (Topamax ဟုလည်း ခေါ်သည်) ဆေးဝါးသည် တူးရက်ဆင်ဒရုန်း ဝေဒနာရှင်အချို့ကို ကုသရာတွင် ထိရောက်မှုရှိကြောင်း ပြသနေသည်။
  • ဒိုပါမင်းကို ပိတ်ဆို့ခြင်း သို့မဟုတ် လျှော့ချခြင်း (Block or reduce dopamine): Risperidone, Pimozide, Haloperidol နှင့် Fluphenazine တို့သည် Tics လက္ခဏာများကို စီမံခန့်ခွဲရာတွင် ကူညီပေးနိုင်ပါသည်။ Tetrabenazine ဆေးဝါးသည် ပြင်းထန်သော စိတ်ကျဝေဒနာကို ဖြစ်စေနိုင်သော်လည်း ၎င်းကိုလည်း ညွှန်းဆိုအသုံးပြုနိုင်ပါသည်။
  • ဘိုတူလီနမ် – ဘိုတော့စ် ထိုးဆေးများ (Botulinum/Botox injections): ရိုးရှင်းသော ကိုယ်ခန္ဓာလှုပ်ရှားမှု သို့မဟုတ် အသံပိုင်းဆိုင်ရာ Tics လက္ခဏာများအတွက် ထိခိုက်နေသော ကြွက်သားအတွင်းသို့ ဆေးထိုးပေးခြင်းက အကျိုးကျေးဇူး ရှိစေနိုင်ပါသည်။
  • ဗဟိုအာရုံကြောစနစ် အဒရီနာဂျစ် တားဆီးဆေးများ (Central adrenergic inhibitors): ပုံမှန်အားဖြင့် သွေးတိုးရောဂါအတွက် ညွှန်းဆိုလေ့ရှိသော Guanfacine နှင့် Clonidine ကဲ့သို့သော ဆေးဝါးများသည် ဒေါသထွက်ခြင်းနှင့် စိတ်လိုက်မာန်ပါဖြစ်ခြင်း အပါအဝင် အပြုအမူပိုင်းဆိုင်ရာ လက္ခဏာများကို လျှော့ချရာတွင် ကူညီပေးနိုင်ပါသည်။
  • ကုထုံးများ (Therapy)
  • အပြုအမူဆိုင်ရာ ကုထုံး (Behavior therapy): အလေ့အထပြောင်းလဲခြင်း လေ့ကျင့်မှု (Habit-reversal training) အပါအဝင် Tics လက္ခဏာများအတွက် အသိအမြင်နှင့် အပြုအမူဆိုင်ရာ ကြားဝင်ကုထုံးများ (Cognitive behavioral interventions) ကို အသုံးပြုခြင်းဖြင့် Tics လက္ခဏာများကို စောင့်ကြည့်ခြင်း၊ မဖြစ်မီ အာရုံခံစားမှုဆိုင်ရာ လိုအင်များကို သိရှိခြင်းနှင့် Tics လက္ခဏာနှင့် မကိုက်ညီသော လှုပ်ရှားမှုပုံစံအတိုင်း မိမိအလိုအလျောက် ရွှေ့ပြောင်းလှုပ်ရှားခြင်းတို့ကို လေ့လာနိုင်မည် ဖြစ်သည်။
  • စိတ်ကုထုံး (Psychotherapy): စိတ်ကုထုံးသည် သင့်အား တူးရက်ဆင်ဒရုန်းကိုသာမက စိတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ADHD သို့မဟုတ် စိတ်စွဲလမ်းခြင်း (Obsessions) ကဲ့သို့သော ဆက်စပ်နေသည့် အခြားပြဿနာများကိုပါ စီမံခန့်ခွဲရာတွင် ကူညီပေးနိုင်ပါသည်။
  • ဦးနှောက်အတွင်းပိုင်းကို လျှပ်စစ်လှိုင်းဖြင့် လှုံ့ဆော်ခြင်း (Deep brain stimulation – DBS)သမားရိုးကျ ကုသနည်းများဖြင့် မသက်သာသော ပြင်းထန်သည့် Tics လက္ခဏာများအတွက် DBS ကုထုံးသည် အထောက်အကူ ဖြစ်စေနိုင်ပါသည်။ ဤကုထုံးသည် လှုပ်ရှားမှုများကို ထိန်းချုပ်ပေးသော သတ်မှတ်ထားသည့် ဦးနှောက်အစိတ်အပိုင်းများဆီသို့ လျှပ်စစ်လှုံ့ဆော်မှုများ ပေးပို့နိုင်ရန်အတွက် ဘက်ထရီဖြင့် မောင်းနှင်သော ဆေးဘက်ဆိုင်ရာ ကိရိယာတစ်ခုကို ဦးနှောက်အတွင်း၌ အစားထိုးထည့်သွင်းခြင်း ဖြစ်သည်။ ဤကုထုံးသည် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကနဦးအဆင့်တွင်သာ ရှိနေသေးသဖြင့် တူးရက်ဆင်ဒရုန်းကို ကုသရာတွင် ဘေးကင်းပြီး ထိရောက်မှုရှိသော နည်းလမ်း ဟုတ်/မဟုတ် သိရှိနိုင်ရန် ထပ်မံ၍ သုတေသနပြုလေ့လာရန် လိုအပ်နေပါသေးသည်။

Doctors who treat this condition