Links: https://www.vejthani.com/diseases-conditions/thunderclap-headaches/

အကျဉ်းချုပ်အကြောင်းအရာ

မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်သော ခေါင်းကိုက်ခြင်းဆိုသည်မှာ မိုးကြိုးသံကဲ့သို့ပင် ရုတ်တရက် အလွန်အမင်း ပြင်းထန်စွာ ဖြစ်ပေါ်လာသော ခေါင်းကိုက်ဝေဒနာ ဖြစ်သည်။ ဤသို့ ပြင်းထန်သော ခေါင်းကိုက်မှု၏ နာကျင်မှုသည် တစ်မိနစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားတတ်သည်။ ၎င်း၏ ထူးခြားချက်မှာ စတင်ဖြစ်ပေါ်သည့်အချိန်မှာပင် အနာကျင်ဆုံး အခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ ဤဝေဒနာကို ခံစားဖူးသူများက ယခင်က ခံစားဖူးသမျှ ခေါင်းကိုက်ခြင်းအားလုံးထက် ပိုမိုပြင်းထန်ပြီး မတူညီသော ခံစားချက်မျိုးဖြစ်သည်ဟု ဖော်ပြလေ့ရှိကြသည်။

ဤသို့ ခေါင်းကိုက်ခြင်းသည် ကြိုတင်လက္ခဏာမပြဘဲ ရုတ်တရက် ဖြစ်ပွားတတ်သည်။ အချို့သော အခြေအနေများတွင် တိကျသော အကြောင်းရင်းကို မတွေ့ရတတ်သော်လည်း အချို့တွင်မူ ဦးနှောက်အတွင်း သို့မဟုတ် ဦးနှောက်တစ်ဝိုက် သွေးထွက်ခြင်းကဲ့သို့သော ပြင်းထန်သည့် နောက်ခံဝေဒနာများကို ညွှန်ပြနေတတ်သည်။

ဤကဲ့သို့ ခေါင်းကိုက်ဝေဒနာမျိုး ခံစားရပါက ကျန်းမာရေးစောင့်ရှောက်မှုကို ချက်ချင်းရယူရန် အလွန်အရေးကြီးပါသည်။ ထိုသို့ အချိန်မီ ပြသခြင်းမှသာ အသက်အန္တရာယ်ရှိနိုင်သော အကြောင်းရင်းများကို စစ်ဆေးဖယ်ထုတ်နိုင်မည် ဖြစ်သည်။

ရောဂါလက္ခဏာများ

မိုးကြိုးပစ်သကဲ့သို့ ခေါင်းကိုက်ခြင်းသည် သိသာထင်ရှားစွာ ဖြစ်ပေါ်တတ်ပြီး လက္ခဏာများမှာ တစ်မိနစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိသွားသည့် ရုတ်တရက် နာကျင်မှုများ ပါဝင်သည်။ ဤသို့ ခေါင်းကိုက်ခြင်းနှင့်အတူ ပျို့အန်ခြင်းများလည်း ဖြစ်ပေါ်နိုင်ပါသည်။

အခြားသော တွဲဖက်လက္ခဏာများမှာ –

  • စိတ်အခြေအနေ ပြောင်းလဲခြင်း (စိတ်ရှုပ်ထွေးခြင်း)
  • ကိုယ်အပူချိန် မြင့်တက်ခြင်း (ဖျားခြင်း)
  • တက်ခြင်း

အကယ်၍ သင်သည် ရုတ်တရက် ပြင်းထန်သော ခေါင်းကိုက်မှုကို ခံစားရပါက ဆေးကုသမှုကို ချက်ချင်းရယူရန် လိုအပ်ပါသည်။

အကြောင်းရင်းများ

အချို့သောအခြေအနေများတွင် အကြောင်းရင်းကို ချက်ချင်းမသိရှိနိုင်သော်လည်း အခြားသော အခြေအနေများတွင် အောက်ပါပြင်းထန်သည့် ဝေဒနာများကြောင့် ဖြစ်ပွားနိုင်ပါသည် –

  • ဦးနှောက်နှင့် ဦးနှောက်မြှေးကြား သွေးယိုစိမ့်ခြင်း။
  • ဦးနှောက်အတွင်းရှိ သွေးကြောတစ်ခု ပေါက်ထွက်ခြင်း။
  • ဦးနှောက်သို့ သွေးပေးပို့သော သွေးလွှတ်ကြော နံရံစုတ်ပြဲခြင်း။
  • ဦးနှောက်နှင့် အာရုံကြောမကြီးအတွင်းရှိ အရည်များ ယိုစိမ့်ခြင်း (များသောအားဖြင့် ကျောရိုးရှိ အာရုံကြောအိမ် ပျက်စီးခြင်းကြောင့် ဖြစ်တတ်သည်)။
  • ဦးနှောက်အောက်ခြေရှိ ဂလင်းတစ်ခု (ပင်မဂလင်း) ထိခိုက်ခြင်း သို့မဟုတ် သွေးထွက်ခြင်း။
  • ဦးနှောက်အတွင်း သွေးခဲပိတ်ခြင်း။
  • သွေးတိုး အလွန်အမင်း မြင့်တက်ခြင်း။
  • ဦးနှောက်မြှေးရောင်ခြင်း သို့မဟုတ် ဦးနှောက်ရောင်ခြင်းကဲ့သို့သော ရောဂါပိုးဝင်ခြင်းများ။
  • သွေးကြောပိတ်၍ လေဖြတ်ခြင်း။

ဖြစ်နိုင်ခြေ ပိုများစေသော အချက်များ

ဤသို့ ခေါင်းကိုက်ခြင်းကို ကြိုတင်ခန့်မှန်းရန် သို့မဟုတ် ကာကွယ်ရန် ခက်ခဲပါသည်။ သို့သော် နောက်ခံကျန်းမာရေး ပြဿနာများကို ထိန်းညှိခြင်းနှင့် သွေးတိုးခြင်း၊ သွေးကြောဆိုင်ရာ ပြဿနာများ၊ အလွန်အမင်း အားစိုက်ထုတ်ခြင်းနှင့် လိင်ဆက်ဆံခြင်းကဲ့သို့သော လှုံ့ဆော်မှုများကို ရှောင်ကြဉ်ခြင်းဖြင့် ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါသည်။ ကျန်းမာသော လူနေမှုပုံစံဖြင့် နေထိုင်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်သူ ညွှန်ကြားသည့် ကုသမှုများနှင့် ဆေးဝါးများကို လိုက်နာခြင်းဖြင့် ဤဝေဒနာ ပြန်လည်ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်မည် ဖြစ်သည်။

ရောဂါရှာဖွေခြင်း

ရုတ်တရက် ပြင်းထန်သော ခေါင်းကိုက်ဝေဒနာ၏ အရင်းခံအကြောင်းရင်းကို ရှာဖွေရန် အောက်ပါ နည်းလမ်းများကို အသုံးပြုလေ့ရှိသည် –

  • ဦးခေါင်းကို ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း၊ ဓာတ်မှန်လှိုင်းများကို အသုံးပြု၍ ဦးနှောက်နှင့် ဦးခေါင်း၏ ကန့်လန့်ဖြတ်ပုံရိပ်များကို ထုတ်ယူခြင်းဖြစ်သည်။ ကွန်ပျူတာစနစ်က ထိုပုံရိပ်များကို ပေါင်းစပ်ကာ ဦးနှောက်တစ်ခုလုံး၏ အခြေအနေကို အသေးစိတ် ဖော်ပြပေးသည်။ ပုံရိပ်များ ပိုမိုထင်ရှားစေရန်အတွက် အိုင်အိုဒင်းပါဝင်သော ဆေးရည်တစ်မျိုးကို သွေးကြောအတွင်း ထိုးထည့်၍ စစ်ဆေးခြင်းမျိုးလည်း ပြုလုပ်နိုင်ပါသည်။
  • ခါးဆစ်ထဲမှ အရည်ထုတ်ယူစစ်ဆေးခြင်း၊ ဦးနှောက်နှင့် အာရုံကြောမကြီး တစ်ဝိုက်တွင်ရှိသော အရည်ကို အနည်းငယ် ထုတ်ယူခြင်းဖြစ်သည်။ ထိုအရည်ကို ဓာတ်ခွဲစမ်းသပ်ခြင်းဖြင့် ဦးနှောက်အတွင်း သွေးယိုစိမ့်ခြင်း သို့မဟုတ် ပိုးဝင်ခြင်း ရှိ၊ မရှိ သိရှိနိုင်ပါသည်။
  • သံလိုက်ဓာတ်မှန်ရိုက်ခြင်း၊ ပိုမိုတိကျသော စစ်ဆေးမှု လိုအပ်သည့်အခါတွင် ဤနည်းလမ်းကို အသုံးပြုပါသည်။ သံလိုက်စက်ကွင်းနှင့် ရေဒီယိုလှိုင်းများကို အသုံးပြု၍ ဦးနှောက်အတွင်းပိုင်း တည်ဆောက်ပုံများကို ကန့်လန့်ဖြတ်ပုံရိပ်များ ဖော်ထုတ်ပေးခြင်း ဖြစ်သည်။
  • သွေးကြောဆိုင်ရာ သံလိုက်ဓာတ်မှန်ရိုက်ခြင်း၊ ဤနည်းလမ်းဖြင့် ဦးနှောက်အတွင်းရှိ သွေးကြောများအတွင်း သွေးစီးဆင်းမှု အခြေအနေကို မြင်တွေ့နိုင်ပြီး သွေးလှည့်ပတ်မှု ပုံစံများကို ဖော်ထုတ်ရန် အထောက်အကူပြုပါသည်။

ကုသခြင်း

မိုးကြိုးပစ်သကဲ့သို့ ခေါင်းကိုက်ခြင်းသည် အရေးပေါ် ကျန်းမာရေးအခြေအနေဖြစ်ပြီး အရင်းခံအကြောင်းရင်းကို သိရှိနိုင်ရန် သေချာစွာ စစ်ဆေးရပါမည်။ ကျန်းမာရေး ကျွမ်းကျင်သူများသည် ရောဂါအကြောင်းရင်းကို သိရှိပြီးနောက် လိုအပ်သော ကုသမှုပုံစံကို သတ်မှတ်ပေးပါမည်။ အကယ်၍ သွေးကြောစုတ်ပြဲခြင်း သို့မဟုတ် ပေါက်ထွက်ခြင်းကြောင့် ဖြစ်ပါက ကုသရန်အတွက် ခွဲစိတ်မှု လိုအပ်နိုင်ပါသည်။ ကုသမှုပုံစံသည် ခေါင်းကိုက်ခြင်းကို ဖြစ်စေသည့် သီးခြားအကြောင်းရင်းပေါ်တွင်သာ မူတည်ပါသည်။

ချက်ချင်းသိသာနိုင်သော နောက်ခံရောဂါ တစ်စုံတစ်ရာ မတွေ့ရှိရသည့် (မူလအဆင့် ခေါင်းကိုက်ခြင်း) အခြေအနေမျိုးတွင် ဆရာဝန်များက ဆေးဝါးဖြင့် ကုသရန် ရွေးချယ်နိုင်ပါသည်။ ရောင်ရမ်းမှုကို လျော့ကျစေပြီး နာကျင်မှုကို သက်သာစေရန်အတွက် ရောင်ရမ်းမှုကျဆေးများကို အသုံးပြုနိုင်ပါသည်။

Doctors who treat this condition