အကျဉ်းချုပ်အကြောင်းအရာ

သွေးမွှားဥနည်းခြင်း ဆိုသည်မှာ သွေးခဲစနစ်တွင် အရေးပါသော သွေးမွှားဥ အရေအတွက် နည်းပါးနေသည့် အခြေအနေတစ်ခုဖြစ်သည်။ ဤအရောင်မဲ့သွေးဆဲလ်များသည် သွေးကြောများ ထိခိုက်ဒဏ်ရာရသောအခါ သွေးတိတ်စေရန်အတွက် သွေးခဲစေခြင်းနှင့် စုစည်းပိတ်ဆို့ခြင်းတို့တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။

သွေးမွှားဥနည်းခြင်းသည် ကလေးမှသည် လူကြီးအထိ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။ ဤအခြေအနေသည် သွေးကင်ဆာကဲ့သို့သော ရိုးတွင်းခြင်ဆီဆိုင်ရာရောဂါများ၊ ကိုယ်ခံအားစနစ် ချို့ယွင်းခြင်း သို့မဟုတ် အချို့သောဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများအပါအဝင် အကြောင်းရင်း အမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်သည်။

အချို့သော အခြေအနေများတွင် လက္ခဏာအနည်းငယ်သာပြသသောကြောင့် မသိသာသော်လည်း၊ ပြင်းထန်သော အခြေအနေများတွင် သွေးမွှားဥအရေအတွက် အလွန်အမင်း နည်းပါးသွားပြီး ခန္ဓာကိုယ်အတွင်းပိုင်း သွေးထွက်ခြင်းကို ဖြစ်စေနိုင်သည်။ ကံကောင်းသည်မှာ သွေးမွှားဥနည်းခြင်းနှင့် ၎င်း၏နောက်ဆက်တွဲပြဿနာများကို စီမံခန့်ခွဲရန် ကုသမှုနည်းလမ်းများ ရှိပါသည်။

ရောဂါလက္ခဏာများ

သွေးမွှားဥနည်းခြင်း၏ လက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်သည်၊

  • နှာခေါင်း သို့မဟုတ် သွားဖုံးမှ သွေးထွက်ခြင်း
  • ဝမ်း သို့မဟုတ် ဆီးထဲတွင် သွေးပါခြင်း
  • ဒဏ်ရာရသောအခါ သွေးထွက်ချိန် ကြာမြင့်ခြင်း
  • ရာသီသွေး အလွန်အမင်း ဆင်းခြင်း
  • အညိုအမည်းစွဲလွယ်ခြင်း သို့မဟုတ် အညိုအမည်းကွက်များ ဖြစ်ပေါ်ခြင်း
  • အရေပြားပေါ်တွင် အနီရောင် သို့မဟုတ် ခရမ်းရောင် အစက်အပြောက်ငယ်လေးများ ပေါ်လာခြင်း (များသောအားဖြင့် ခြေထောက်အောက်ပိုင်းတွင် တွေ့ရတတ်သည်)
  • ဗေလုံး ကြီးခြင်း
  • နုံးချိခြင်း

အကယ်၍ သင်သည် သွေးမွှားဥနည်းခြင်း၏ စိုးရိမ်ရသော လက္ခဏာများကို သတိပြုမိပါက ဆရာဝန်နှင့် ပြသရန် အရေးကြီးပါသည်။ အထူးသဖြင့် မရပ်မနား သွေးထွက်နေခြင်းသည် အရေးပေါ် ဆေးကုသမှု လိုအပ်ပါသည်။ ဖိထားခြင်းကဲ့သို့သော ရှေးဦးသူနာပြုနည်းလမ်းများဖြင့် သွေးမတိတ်ပါက ချက်ချင်း အကူအညီရယူပါ။

အကြောင်းရင်းများ

သွေး ၁ မိုက်ခရိုလီတာတွင် သွေးမွှားဥအရေအတွက် ၁၅၀,၀၀၀ အောက် နည်းနေပါက သွေးမွှားဥနည်းခြင်းဟု သတ်မှတ်သည်။ သွေးမွှားဥများသည် သက်တမ်း ၁၀ ရက်ခန့်သာ ရှိသဖြင့် ခန္ဓာကိုယ်သည် ရိုးတွင်းခြင်ဆီမှ သွေးမွှားဥအသစ်များကို အမြဲမပြတ် ထုတ်လုပ်ပေးနေရသည်။ ဤရောဂါသည် မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်ခဲပြီး များသောအားဖြင့် ဆေးဝါးများ သို့မဟုတ် အခြားကျန်းမာရေးအခြေအနေများကြောင့် ဖြစ်ပွားလေ့ရှိသည်။ အကြောင်းရင်း မည်သို့ပင်ဖြစ်စေ သွေးမွှားဥနည်းခြင်းသည် သွေးမွှားဥထုတ်လုပ်မှု လျော့နည်းခြင်း၊ သွေးမွှားဥများ ပျက်စီးမှုများခြင်း သို့မဟုတ် သွေးမွှားဥများ ဗေလုံးအတွင်း ပိတ်မိနေခြင်းတို့ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

သွေးမွှားဥများ

ပိတ်မိနေခြင်း၊ ဗေလုံးသည် ဝမ်းဗိုက်၏ ဘယ်ဘက်၊ နံရိုးအောက်တွင်ရှိပြီး လက်သီးဆုပ်ခန့် အရွယ်အစား ရှိသည်။ ၎င်း၏ အဓိကလုပ်ဆောင်ချက်မှာ ရောဂါပိုးများကို တိုက်ဖျက်ရန်နှင့် သွေးထဲရှိ မလိုအပ်သော အရာများကို စစ်ထုတ်ရန်ဖြစ်သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ဗေလုံးကြီးလာသောအခါ သွေးမွှားဥများကို အလွန်အမင်း ဖမ်းယူပိတ်မိစေသဖြင့် သွေးထဲတွင် လှည့်ပတ်နေသော သွေးမွှားဥအရေအတွက် လျော့နည်းသွားစေသည်။

သွေးမွှားဥထုတ်လုပ်မှု လျော့နည်းခြင်း၊

သွေးမွှားဥများကို ရိုးတွင်းခြင်ဆီတွင် ထုတ်လုပ်သည်။ ထုတ်လုပ်မှု လျော့နည်းစေသည့် အချက်များမှာ၊

  • သွေးကင်ဆာနှင့် အခြားကင်ဆာရောဂါများ
  • အချို့သော သွေးအားနည်းရောဂါများ
  • အရက် အလွန်အမင်းသောက်ခြင်း
  • အိတ်ချ်အိုင်ဗီ သို့မဟုတ် အသည်းရောင်အသားဝါ စီ ကဲ့သို့သော ဗိုင်းရပ်စ်ရောဂါများ
  • ကင်ဆာဆေးသွင်းခြင်းနှင့် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း

သွေးမွှားဥများ

ပျက်စီးမှုများခြင်း၊ အချို့သော အခြေအနေများသည် ခန္ဓာကိုယ်မှ သွေးမွှားဥများကို ထုတ်လုပ်နိုင်စွမ်းထက် ပိုမိုမြန်ဆန်စွာ အသုံးပြုခြင်း သို့မဟုတ် ဖျက်ဆီးခြင်းတို့ကို ဖြစ်စေနိုင်သည်။

ဥပမာများမှာ၊

  • ဆေးဝါးများ၊ အချို့သောဆေးဝါးများသည် သွေးမွှားဥအရေအတွက်ကို ကျဆင်းစေနိုင်သည်။ တစ်ခါတစ်ရံ ဆေးဝါးကြောင့် ကိုယ်ခံအားစနစ် လွဲမှားကာ သွေးမွှားဥများကို တိုက်ခိုက်တတ်သည်။ သွေးကျဲဆေးအချို့၊ ပိုးသတ်ဆေးအချို့နှင့် အတက်ကျဆေးများမှာ ဥပမာများဖြစ်သည်။
  • ကိုယ်ဝန်ဆောင်ခြင်း၊ ကိုယ်ဝန်နှင့် ဆက်စပ်သော သွေးမွှားဥနည်းခြင်းသည် များသောအားဖြင့် အပျော့စားဖြစ်ပြီး ကလေးမွေးဖွားပြီးနောက်တွင် ပြန်လည်ကောင်းမွန်သွားတတ်သည်။
  • သွေးထဲတွင် ဘက်တီးရီးယားပိုးဝင်ခြင်း၊ ပြင်းထန်သော သွေးပိုးဝင်ခြင်းကြောင့် သွေးမွှားဥများ ပျက်စီးနိုင်သည်။
  • ကိုယ်ခံအားစနစ်ကြောင့် သွေးမွှားဥနည်းခြင်း၊ လူးပတ်စ်နှင့် လေးဖက်နာ အဆစ်ရောင်ရောဂါများကဲ့သို့သော ကိုယ်ခံအားစနစ်မှ မိမိကိုယ်ကို ပြန်လည်တိုက်ခိုက်သည့် ရောဂါများကြောင့် ဖြစ်သည်။ အကယ်၍ အကြောင်းရင်း အတိအကျမသိရပါက ၎င်းကို အကြောင်းရင်းမသိဘဲ ကိုယ်ခံအားစနစ်ကြောင့် သွေးမွှားဥနည်းပြီး သွေးခြေဥခြင်းဟု ခေါ်ပြီး ကလေးများတွင် ပိုမိုအဖြစ်များသည်။
  • သွေးကြောငယ်များအတွင်း သွေးခဲပြီး သွေးမွှားဥနည်းခြင်း၊ ခန္ဓာကိုယ်အနှံ့ သွေးကြောငယ်လေးများအတွင်း သွေးခဲများ ရုတ်တရက် ဖြစ်ပေါ်ကာ သွေးမွှားဥများကို အလွန်အမင်း ကုန်ခမ်းစေသော ရှားပါးသည့် ရောဂါဖြစ်သည်။
  • သွေးနီဥပျက်စီးပြီး ကျောက်ကပ်ထိခိုက်စေသော ရောဂါစု၊ သွေးနီဥများကို ပျက်စီးစေပြီး သွေးမွှားဥအရေအတွက်ကို ရုတ်တရက် ကျဆင်းစေကာ ကျောက်ကပ်လုပ်ဆောင်ချက်ကို ထိခိုက်စေသော ရှားပါးသည့် ရောဂါဖြစ်သည်။

ရောဂါရှာဖွေခြင်း

သင့်တွင် သွေးမွှားဥနည်းခြင်း ရှိ၊ မရှိကို အောက်ပါနည်းလမ်းများဖြင့် စစ်ဆေးအတည်ပြုနိုင်သည်၊

  • စမ်းသပ်စစ်ဆေးခြင်းနှင့် ဆေးရာဇဝင်မှတ်တမ်းယူခြင်း၊ ဆရာဝန်သည် သင့်ဝမ်းဗိုက်ကို စမ်းသပ်ခြင်းဖြင့် ဗေလုံး ကြီး၊ မကြီးကို စစ်ဆေးမည့်အပြင် အရေပြားအောက်တွင် သွေးထွက်သည့် လက္ခဏာများ ရှိ၊ မရှိကိုလည်း စစ်ဆေးပါမည်။ ထို့အပြင် သင်ယခင်က ခံစားခဲ့ရဖူးသော ရောဂါများ၊ လတ်တလော သောက်သုံးနေသော ဆေးဝါးများနှင့် အားဆေးများအကြောင်းကိုလည်း မေးမြန်းပါမည်။
  • သွေးစစ်ခြင်း၊ သွေးစစ်ဆေးမှုမှတစ်ဆင့် သွေးမွှားဥအပါအဝင် သွေးဆဲလ်အမျိုးအစားအသီးသီး၏ အရေအတွက်ကို တိုင်းတာနိုင်ပါသည်။

သင့်တွင် ခံစားနေရသော လက္ခဏာများအပေါ် မူတည်၍ ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းကို ရှာဖွေနိုင်ရန် အခြားသော စစ်ဆေးမှုများကိုလည်း ဆရာဝန်က အကြံပြုနိုင်ပါသည်။

ကုသခြင်း

သွေးမွှားဥနည်းခြင်းသည် ရက်ပိုင်းမျှသာ ကြာမြင့်နိုင်သလို နှစ်ရှည်လများလည်း ဖြစ်ပွားနေနိုင်ပါသည်။ အပျော့စားအဆင့်များတွင် ကုသမှုခံယူရန် မလိုအပ်သော်လည်း ကုသမှုပုံစံမှာ ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ပြင်းထန်မှုအပေါ်တွင် မူတည်သည်။ အဓိကဖြစ်စေသော ရောဂါအခြေအနေ သို့မဟုတ် ဆေးဝါးကို ကုသခြင်းဖြင့် သွေးမွှားဥနည်းခြင်းကို သက်သာစေနိုင်ပါသည်။ ဥပမာအားဖြင့် သွေးကျဲဆေးတစ်မျိုးကြောင့် သွေးမွှားဥနည်းခြင်းဖြစ်ပါက ဆရာဝန်က အခြားသော အစားထိုးဆေးတစ်မျိုးကို ပြောင်းလဲညွှန်ကြားနိုင်ပါသည်။

အခြားသော ကုသမှုနည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်၊

  • ဆေးဝါးများဖြင့် ကုသခြင်း၊ အကယ်၍ သင့်ရောဂါသည် ကိုယ်ခံအားစနစ် ချို့ယွင်းမှုနှင့် ဆက်စပ်နေပါက သွေးမွှားဥအရေအတွက် မြင့်တက်လာစေရန် ဆေးဝါးများကို ဆရာဝန်က ညွှန်ကြားနိုင်ပါသည်။ အစပိုင်းတွင် စတီးရွိုက်ဆေးများကို အသုံးပြုနိုင်ပြီး အကယ်၍ မထူးခြားပါက ကိုယ်ခံအားစနစ်ကို ထိန်းညှိပေးသော ပိုမိုပြင်းထန်သည့် ဆေးဝါးများကို အသုံးပြုနိုင်ပါသည်။
  • သွေးမွှားဥ သို့မဟုတ် သွေးသွင်းခြင်း၊ အကယ်၍ သွေးမွှားဥအရေအတွက်သည် အလွန်အမင်း နည်းပါးသွားပါက ဆရာဝန်က သွေးနီဥ သို့မဟုတ် သွေးမွှားဥများ သွင်းပေးခြင်းဖြင့် ကုသပေးနိုင်ပါသည်။
  • သွေးရည်ကြည် လဲလှယ်ခြင်း၊ သွေးကြောငယ်များအတွင်း သွေးခဲပြီး သွေးမွှားဥနည်းသော အရေးပေါ်အခြေအနေမျိုးတွင် သွေးရည်ကြည် လဲလှယ်ကုသမှု ခံယူရန် လိုအပ်နိုင်ပါသည်။
  • ခွဲစိတ်ကုသခြင်း၊ အခြားသော ကုသမှုနည်းလမ်းများဖြင့် မအောင်မြင်ပါက ဆရာဝန်က ဗေလုံးကို ခွဲစိတ်ဖယ်ထုတ်ရန် အကြံပြုနိုင်ပါသည်။

Doctors who treat this condition