ရင်ခေါင်းအတွင်းမှအရည်စုပ်ထုတ်ခြင်း
အကျဉ်းချုပ်အကြောင်းအရာ
အဆုတ်ကိုဝန်းရံထားသော အမြှေးပါးကြားနေရာမှ အရည်များကို ဖယ်ထုတ်သည့် လုပ်ငန်းစဉ်ကို ရင်ခေါင်းအတွင်းမှအရည်စုပ်ထုတ်ခြင်းဟု ခေါ်ဆိုသည်။
အဆုတ်အမြှေးပါးဆိုသည်မှာ အဆုတ်နှင့် ရင်ဘတ်နံရံကို ဖုံးအုပ်ထားသော အလွှာပါးလေးဖြစ်သည်။ အသက်ရှူစဉ်အတွင်း အဆုတ်ပွလာခြင်းနှင့် ကျုံ့သွားခြင်းတို့ ပြုလုပ်သည့်အခါ ဤအလွှာနှစ်ခုကြားရှိ အလွန်နည်းပါးသော အရည်ပမာဏက တစ်ခုနှင့်တစ်ခု ချောမွေ့စွာ လှုပ်ရှားနိုင်ရန် ကူညီပေးသည်။ တံခါးတစ်ခု ချောမွေ့စွာ လှုပ်ရှားနိုင်ရန် ပတ္တာတွင် ဆီလိုအပ်သကဲ့သို့ အသက်ရှူရန်အတွက်လည်း အဆုတ်အမြှေးပါးကြားရှိ အရည်မှာ လိုအပ်ပါသည်။
အချို့သောရောဂါများနှင့် အခြေအနေများကြောင့် အဆုတ်အမြှေးပါးကြားနေရာအတွင်းသို့ အရည်များ ယိုစိမ့်ဝင်ရောက်လာခြင်းကို အဆုတ်အမြှေးပါးအတွင်း အရည်စုခြင်းဟု ခေါ်ဆိုပြီး ၎င်းကြောင့် အသက်ရှူရ ခက်ခဲလာစေသည်။ ရင်ခေါင်းအတွင်းမှအရည်စုပ်ထုတ်ခြင်းသည် ရောဂါလက္ခဏာများကို ကုသရန် သို့မဟုတ် ထိုအရည်တွင် ရောဂါရှိ၊ မရှိ စစ်ဆေးရန်အတွက် ဆရာဝန်များ အသုံးပြုသော လုပ်ငန်းစဉ်ဖြစ်သည်။
လုပ်ငန်းစဉ်ကို ခံယူရသည့် အကြောင်းရင်းများ
သင့်တွင် အဆုတ်အမြှေးပါးအတွင်း အရည်စုနေပါက အကြောင်းရင်းကို ရှာဖွေရန် သို့မဟုတ် သက်သောင့်သက်သာရှိစေရန်အတွက် ရင်ခေါင်းအတွင်းမှအရည်စုပ်ထုတ်ခြင်းကို ပြုလုပ်ရန် လိုအပ်နိုင်သည်။
ရင်ခေါင်းအတွင်းမှအရည်စုပ်ထုတ်ခြင်းကို အဆုတ်ကိုဝန်းရံထားသော အရည်ကို စစ်ဆေးရန် သို့မဟုတ် ရောဂါလက္ခဏာများကို ကုသရန် (သို့မဟုတ်) နှစ်မျိုးလုံးအတွက် ပြုလုပ်ခြင်းဖြစ်သည်။ လုပ်ငန်းစဉ်ကို ပြုလုပ်ရသည့် အဖြစ်များသော အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်၊
- ပိုးဝင်ခြင်း။ အကယ်၍ ဆရာဝန်က သင့်တွင် ပိုးဝင်ခြင်းကြောင့် အဆုတ်အမြှေးပါးအတွင်း အရည်စုနေခြင်းဖြစ်သည်ဟု ယူဆပါက စစ်ဆေးရန်အတွက် အရည်အချို့ကို ထုတ်ယူပါလိမ့်မည်။ အဆုတ်အမြှေးပါးမှ အရည်စစ်ဆေးမှုများဖြင့် ပိုးဝင်ရခြင်း၏ အကြောင်းရင်းကို ဆုံးဖြတ်နိုင်သည်။
- ကင်ဆာ။ အဆုတ်အမြှေးပါးအတွင်း အရည်စုခြင်း၏ အကြောင်းရင်းမှာ ကင်ဆာဖြစ်နိုင်၊ မဖြစ်နိုင်ကို သိရှိရန် ဆရာဝန်က အရည်ထဲတွင် ကင်ဆာဆဲလ်များ ရှိ၊ မရှိ စစ်ဆေးနိုင်သည်။
- ရောဂါလက္ခဏာများ လျော့နည်းစေခြင်း။ အဆုတ်အမြှေးပါးအတွင်း အရည်စုခြင်းကြောင့် အသက်ရှူရခက်ခဲနေပါက ကျန်းမာရေးစောင့်ရှောက်သူသည် ထိုအရည်အချို့ကို စုပ်ထုတ်ပေးနိုင်သည်။
ဤလုပ်ငန်းစဉ်ဖြင့် ကုသပေးသော အခြေအနေများ
အဆုတ်နှင့် ရင်ဘတ်နံရံကြားရှိ အဆုတ်အမြှေးပါးနေရာတွင် အရည်များစုပုံလာခြင်းကို ရင်ခေါင်းအတွင်းမှအရည်စုပ်ထုတ်ခြင်းဖြင့် ကုသပေးသည်။ ၎င်းသည် ရောဂါလက္ခဏာများကို သက်သာစေသည့်အပြင် အရည်ဖြစ်ပေါ်စေသော အကြောင်းရင်းများကို ရှာဖွေဖော်ထုတ်နိုင်ရန် ကူညီပေးသဖြင့် သင့်အား ကုသမှုပေးသူက မှန်ကန်စွာ ကုသနိုင်မည်ဖြစ်သည်။ အောက်ပါတို့အပါအဝင် ရောဂါအမျိုးမျိုးကြောင့် အဆုတ်အမြှေးပါးအတွင်း အရည်စုခြင်း ဖြစ်ပေါ်နိုင်သည်၊
- ဘက်တီးရီးယား၊ မှို သို့မဟုတ် ဗိုင်းရပ်စ်ကြောင့် ဖြစ်သော အဆုတ်ပိုးဝင်ခြင်းများ။
- ကိုယ်ခံအားစနစ်က မိမိကိုယ်ကို ပြန်လည်တိုက်ခိုက်သော ရောဂါများ။
- အဆုတ်အတွင်း သွေးခဲပိတ်ခြင်း။
- အဆုတ်သွေးလွှတ်ကြောတွင် သွေးဖိအားတိုးခြင်း။
- ပန်ကရိယရောင်ခြင်း။
- ကျောက်ကပ် သို့မဟုတ် အသည်းရောဂါ။
- တီဘီရောဂါ။
- နှလုံးအားနည်းပြီး သွေးကြောပိတ်ခြင်း။
- ကင်ဆာ။
နှလုံးအားနည်းခြင်းသည် အဆုတ်အမြှေးပါးအတွင်း အရည်စုခြင်းကို ဖြစ်စေသော အဖြစ်အများဆုံး အကြောင်းရင်းဖြစ်သည်။
ဘေးထွက်ဆိုးကျိုးများ
ရင်ခေါင်းအတွင်းမှအရည်စုပ်ထုတ်ခြင်းသည် ဘေးကင်းပြီး ထိခိုက်မှုနည်းသော နည်းလမ်းတစ်ခုဖြစ်သည်။ နောက်ဆက်တွဲ ပြဿနာများသည် ပုံမှန်အားဖြင့် အသက်အန္တရာယ် မစိုးရိမ်ရပါ။ လုပ်ငန်းစဉ်မတိုင်မီ ပုံရိပ်ဖော်စစ်ဆေးမှုများဖြင့် အရည်ရှိသည့်နေရာကို အတိအကျ ရှာဖွေခြင်းဖြင့် ဘေးထွက်ဆိုးကျိုးများကို လျှော့ချနိုင်သည်။ သင့်အခြေအနေနှင့် ပတ်သက်သည့် အန္တရာယ်များကို သိရှိရန် ဆရာဝန်အား မေးမြန်းပါ။
ရင်ခေါင်းအတွင်းမှအရည်စုပ်ထုတ်ခြင်း၏ ဘေးထွက်ဆိုးကျိုးများမှာ အောက်ပါအတိုင်းဖြစ်သည်၊
- ပိုးဝင်ခြင်း။ အရေပြားကို ဖောက်ထွင်းလိုက်သည့်အခါ ဘက်တီးရီးယားများ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပြီး ပိုးဝင်ခြင်း ဖြစ်နိုင်ခြေ အမြဲရှိသည်။
- သွေးထွက်ခြင်း။ အပ်ဖြင့်ထိုးစဉ် သွေးကြောကို ထိခိုက်မိပါက သွေးထွက်နိုင်သည်။ များသောအားဖြင့် သွေးအနည်းငယ်သာထွက်ပြီး သူ့အလိုလို ပြန်ကောင်းသွားတတ်သည်။ ရှားပါးသောအခြေအနေများတွင် သွေးတိတ်စေရန် ခွဲစိတ်မှု လိုအပ်နိုင်သည်။
- အဆုတ်အတွင်း အရည်စုခြင်း။ အဆုတ်ကိုဝန်းရံထားသော အရည်များကို မြန်မြန်ဆန်ဆန် စုပ်ထုတ်လိုက်ပါက အဆုတ်အတွင်း၌ အရည်များစုပုံလာခြင်း ဖြစ်ပေါ်နိုင်သည်။
- အဆုတ်လေပေါက်ခြင်း။ အပ်ကြောင့် အဆုတ်ပေါက်သွားပြီး လေများ လွတ်ထွက်လာနိုင်သည်။ ၎င်းကြောင့် အဆုတ်တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံး ရှုံ့သွားခြင်း ဖြစ်နိုင်ပါသည်။
လုပ်ငန်းစဉ်မတိုင်မီ
ရင်ခေါင်းအတွင်းမှအရည်စုပ်ထုတ်ခြင်းအတွက် မည်သို့ပြင်ဆင်ရမည်ကို ဆရာဝန်က အသေးစိတ် ညွှန်ကြားပါလိမ့်မည်။ ဆရာဝန်က အောက်ပါတို့ကို တောင်းဆိုနိုင်သည်၊
- သတ်မှတ်ထားသော အချိန်တစ်ခုအကြာတွင် သင်သောက်နေသော ဆေးဝါးများကို ခေတ္တရပ်ထားရန်။
- လုပ်ငန်းစဉ်အပြီးတွင် သင့်ကို အိမ်သို့ ကားမောင်းပို့ပေးမည့်သူ တစ်ဦးဦး ခေါ်လာရန်။
အောက်ပါအချက်များရှိပါက ဆရာဝန်အား အသိပေးပါ၊
- သွေးထွက်ခြင်း သို့မဟုတ် သွေးခဲခြင်းဆိုင်ရာ ပြဿနာများရှိခြင်း။
- အက်စပရင် သို့မဟုတ် သွေးကျဲဆေးများ သောက်နေရခြင်း။
- ဗီတာမင်များ၊ အားဆေးများ သို့မဟုတ် ဆရာဝန်ညွှန်ကြားချက်ပါသောဆေး (သို့မဟုတ်) ဆေးဆိုင်တွင် ဝယ်ယူရသော ဆေးများ သောက်နေရခြင်း။
- ကိုယ်ဝန်ရှိနေခြင်း သို့မဟုတ် ရှိနိုင်ခြင်း။
လုပ်ငန်းစဉ်မတိုင်မီ ပြင်ဆင်ခြင်း
ရင်ခေါင်းအတွင်းမှအရည်စုပ်ထုတ်ခြင်း မပြုလုပ်မီ ဆရာဝန်က သင့်သွေးဖိအားနှင့် သွေးအတွင်း အောက်ဆီဂျင်ပမာဏကို လက်ချောင်းတွင် တပ်ဆင်ရသော ကိရိယာလေးဖြင့် တိုင်းတာပါလိမ့်မည်။ လုပ်ငန်းစဉ်မစမီ အရည်ရှိသည့်နေရာနှင့် ပမာဏကို သိရှိရန် ပုံရိပ်ဖော်စစ်ဆေးခြင်း (ဓာတ်မှန်၊ အာထရာဆောင်း သို့မဟုတ် ကွန်ပျူတာဓာတ်မှန်) ကို အသုံးပြုပါလိမ့်မည်။
သင်သည် လက်ဝတ်ရတနာများကို ချွတ်ရမည်ဖြစ်ပြီး ကျောဘက်တွင် အပေါက်ပါသော ဝတ်စုံကို လဲလှယ်ဝတ်ဆင်ရပါမည်။ ဆရာဝန်က သင့်အား စားပွဲပေါ်တွင် လက်တင်၍ ထိုင်နေရန် ပြောပါလိမ့်မည်။ အကယ်၍ မထိုင်နိုင်ပါက ဘေးစောင်းလဲလျောင်းနေနိုင်သည်။
လုပ်ငန်းစဉ်အတွင်း
ရင်ခေါင်းအတွင်းမှအရည်စုပ်ထုတ်ခြင်းသည် ပုံမှန်အားဖြင့် ၁၅ မိနစ်ခန့် ကြာမြင့်တတ်ပြီး ဆေးရုံတွင် ပြုလုပ်လေ့ရှိသည်။ လုပ်ငန်းစဉ်တစ်ခုလုံးတွင် ဆရာဝန်က သင့်အား အသက်အောင့်ထားရန် သို့မဟုတ် ငြိမ်ငြိမ်နေရန် ညွှန်ကြားနိုင်ပါသည်။
အရည်များကို စုပ်ထုတ်နေစဉ်အတွင်း ဖိအားတစ်ခုခု ခံစားရခြင်း သို့မဟုတ် သက်သောင့်သက်သာမရှိခြင်းတို့ ဖြစ်နိုင်သော်လည်း နာကျင်မှုမရှိစေရပါ။ အကယ်၍ အသက်ရှူရခက်ခြင်း၊ မောခြင်း သို့မဟုတ် မူးဝေခြင်းတို့ ဖြစ်ပေါ်ပါက ဆရာဝန်အား အသိပေးပါ။
လုပ်ငန်းစဉ်အတွင်း ဆရာဝန်က အောက်ပါတို့ကို လုပ်ဆောင်ပါလိမ့်မည်၊
- နှလုံးခုန်နှုန်းအပါအဝင် သင်၏အရေးကြီးသော လက္ခဏာများကို စောင့်ကြည့်မည့် ကိရိယာများနှင့် ချိတ်ဆက်မည်။
- နှာခေါင်းပိုက် သို့မဟုတ် နှာခေါင်းစည်းမှတစ်ဆင့် သင့်အား အောက်ဆီဂျင်ပေးမည်။
- သင်၏ကျောဘက်ရှိ အစိတ်အပိုင်းတစ်ခုကို ပိုးသတ်ဆေးဖြင့် သန့်စင်ပြီး အဝတ်ဖြင့် ဖုံးအုပ်မည်။
- ထိုနေရာကို ထုံဆေးနှင့် အပ်ကိုသုံး၍ ထုံသွားအောင် ပြုလုပ်မည်။ ထုံဆေးထိုးသည့်အခါ ဆိတ်လိုက်သကဲ့သို့ ခံစားရနိုင်သည်။ ထို့နောက် ထိုနေရာ လုံးဝထုံသွားစေရန် မိနစ်အနည်းငယ် စောင့်ပါလိမ့်မည်။
- အရည်များကို ဖယ်ထုတ်ရန်အတွက် အရေပြားတွင် အပေါက်ငယ်လေးတစ်ခုဖောက်ပြီး နံရိုးကြားထဲသို့ နောက်ထပ်အပ်တစ်ချောင်း ထည့်ပါလိမ့်မည်။ ဆရာဝန်သည် အပ်ကို လမ်းကြောင်းပြရန် လက်ကိုင်အာထရာဆောင်း ကိရိယာကို အသုံးပြုနိုင်သည်။ အပ်နှင့် ချိတ်ဆက်ထားသော ပိုက်မှတစ်ဆင့် အရည်များကို စုပ်ထုတ်မည်ဖြစ်သည်။
- အပ်ကို ပြန်ထုတ်ပြီး ဒဏ်ရာကို ပတ်တီးစည်းပေးမည်ဖြစ်သည်။ ၎င်းသည် သူ့အလိုလို ပြန်လည်ကောင်းမွန်သွားပါလိမ့်မည်။
လုပ်ငန်းစဉ်အပြီး
ရင်ခေါင်းအတွင်းမှအရည်စုပ်ထုတ်ခြင်း ပြုလုပ်ပြီးနောက် ဆရာဝန်က အဆုတ်ကို ဓာတ်မှန် သို့မဟုတ် အာထရာဆောင်း ထပ်မံရိုက်နိုင်သည်။ အကယ်၍ သင်သည် အိမ်ပြန်ရမည်ဆိုပါက ပြန်ခွင့်မပြုမီအထိ သင်၏အရေးကြီးသော လက္ခဏာများကို စောင့်ကြည့်စစ်ဆေးပါလိမ့်မည်။
လုပ်ငန်းစဉ်အပြီး တစ်နာရီခန့်အထိ သင် ချောင်းဆိုးနိုင်ပါသည်။ ၎င်းမှာ ပုံမှန်ဖြစ်ပြီး အဆုတ်ပြန်လည်ပွလာရန် ကူညီပေးသည်။
စုပ်ထုတ်လိုက်သော အရည်များကို များသောအားဖြင့် ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးသည်။ ဓာတ်ခွဲခန်းက ပိုးဝင်ခြင်းဆိုင်ရာ လက္ခဏာများ သို့မဟုတ် အဆုတ်အမြှေးပါးအတွင်း အရည်စုစေသော အခြားအကြောင်းရင်းများကို ရှာဖွေပါလိမ့်မည်။ ဆရာဝန်က စစ်ဆေးတွေ့ရှိချက်များနှင့် သင့်ကျန်းမာရေးအပေါ် သက်ရောက်မှုများကို အသိပေးပါလိမ့်မည်။
ရလဒ်
ရင်ခေါင်းအတွင်းမှအရည်စုပ်ထုတ်ခြင်း ပြုလုပ်ပြီးနောက် ပြန်လည်နာလန်ထူရန် အချိန်တိုရုံသာ ကြာပါသည်။ ဆရာဝန်က သင့်အား ၄၈ နာရီအတွင်း ပင်ပန်းသော လှုပ်ရှားမှုများ မပြုလုပ်ရန် အကြံပြုနိုင်ပါသည်။ ပုံမှန်အားဖြင့် ပတ်တီးကို တစ်ရက်အကြာတွင် ဖယ်ရှားနိုင်သည်။
လုပ်ငန်းစဉ်အပြီးတွင် ခံစားရနိုင်သော မသက်မသာဖြစ်မှု၊ ချောင်းဆိုးခြင်း သို့မဟုတ် အရည်စုပ်ထုတ်ခဲ့သော နေရာမှ အရည်များ ယိုစိမ့်ခြင်းတို့ကို မည်သို့ကိုင်တွယ်ရမည်ကို ကျန်းမာရေးစောင့်ရှောက်သူအား မေးမြန်းပါ။ ခွဲစိတ်မှုအပြီး စောင့်ရှောက်မှု ညွှန်ကြားချက်များကို လိုက်နာပါ။
သင် နေကောင်းသည်ဟု ခံစားရသည်နှင့်တစ်ပြိုင်နက် အလုပ်သွားခြင်း သို့မဟုတ် ကျောင်းတက်ခြင်းကဲ့သို့သော သင်၏ပုံမှန်လုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်ဆောင်နိုင်သည်။ လုပ်ငန်းစဉ်အပြီးတွင် လှုပ်ရှားမှုဆိုင်ရာ ကန့်သတ်ချက်များ ရှိ၊ မရှိကို ဆရာဝန်အား မေးမြန်းပါ။
