အဆစ်အမြှေးဆဲလ်ကင်ဆာ ရောဂါ အကြောင်း သိကောင်းစရာ
ဆိုင်နိုဗီယယ် ဆာကိုးမား (Synovial sarcoma) သည် အဆစ်အမြှေးဆဲလ်ကင်ဆာ အမျိုးအစားတစ်ခုဖြစ်ပြီး များသောအားဖြင့် ဒူးဆစ်ကဲ့သို့သော အဆစ်ကြီးများ၏ ပတ်ပတ်လည်တွင် ဖြစ်ပွားတတ်သည်။ သို့သော် ၎င်းသည် ပုံမှန်အားဖြင့် အဆစ်အတွင်းရှိ အရည်နှင့် အဆစ်အမြှေးပါးတစ်ရှူး (synovial tissue) များကိုမူ တိုက်ရိုက်ထိခိုက်စေခြင်း မရှိပါ။ ဤကင်ဆာသည် တဖြည်းဖြည်းချင်း ကြီးထွားလာတတ်သော ကင်ဆာအမျိုးအစားဖြစ်ပြီး ဖြစ်လေ့ဖြစ်ထနည်းကာ များသောအားဖြင့် လူငယ်များနှင့် လူလတ်ပိုင်းများ (အသက် ၁၅ နှစ်မှ ၄၀ နှစ်အကြား) တွင် တွေ့ရတတ်သည်။
နာကျင်ခြင်း သို့မဟုတ် ထိလိုက်လျှင် နာကျင်သော အဖုအကျိတ်တစ်ခု ပေါ်လာခြင်းသည် ဆိုင်နိုဗီယယ် ဆာကိုးမားရောဂါ၏ ကနဦးလက္ခဏာ ဖြစ်နိုင်သည်။ ၎င်းသည် ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်ပွားနိုင်သော်လည်း လည်ချောင်း၊ လက်မောင်းနှင့် ခြေထောက်တို့တွင် အဖြစ်အများဆုံး ဖြစ်သည်။
ရောဂါလက္ခဏာများ
အဆစ်အမြှေးဆဲလ်ကင်ဆာ ရောဂါသည် မည်သည့်လက္ခဏာမျှ ပြသခြင်းမရှိဘဲ ငုပ်လျှိုးနေနိုင်သော်လည်း အကျိတ်ကြီးထွားလာသည်နှင့်အမျှ အောက်ပါလက္ခဏာများ ဖြစ်ပွားလာနိုင်သည်–
- မျက်စိဖြင့် အလွယ်တကူ မြင်တွေ့နိုင်သော ရောင်ရမ်းခြင်း သို့မဟုတ် အဖုအကျိတ် ဖြစ်ပေါ်လာခြင်း
- အာရုံကြော သို့မဟုတ် ကြွက်သားများကို ဖိမိခြင်းကြောင့် နာကျင်ခြင်း
အောက်ပါအခြေအနေများကို သတိပြုမိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ–
- ကြွက်သားအတွင်း၌ အဖုအကျိတ် (အကြီး သို့မဟုတ် အသေး) ဖြစ်ပေါ်နေခြင်း
- နာကျင်သော အဖုအကျိတ် ဖြစ်နေခြင်း သို့မဟုတ် ပိုမိုကြီးထွားလာသော အဖုအကျိတ်ဖြစ်ခြင်း
- ခွဲစိတ်ဖယ်ရှားပြီးဖြစ်သော်လည်း ပြန်လည်ပေါ်လာသော အဖုအကျိတ်ဖြစ်ခြင်း
ဖြစ်ပွားရသည့် အကြောင်းရင်းများ
သုတေသနပညာရှင်များ၏ အဆိုအရ အဆစ်အမြှေးဆဲလ်ကင်ဆာရောဂါ ဖြစ်ပွားရသည့် တိကျသောအကြောင်းရင်းကို မသိရသေးသော်လည်း ၎င်းသည် ခရိုမိုဆုန်း ပြောင်းလဲမှုများ (chromosomal changes) ကြောင့် ဖြစ်နိုင်သည်။ ဤပြောင်းလဲမှုများသည် ခရိုမိုဆုန်းများ တစ်ခါတစ်ရံ ပြတ်တောက်သွားပြီး ပြန်လည်ချိတ်ဆက်မိသည့်အခါ ၎င်းတို့၏ အစီအစဉ်အလှည့်ကျမှု ပျက်ပြားသွားခြင်းကြောင့် ဖြစ်ပွားတတ်သည်။ အချို့သော မျိုးရိုးဗီဇ (genes) များသည် ၎င်းတို့အမှန်တကယ် ရှိရမည့်နေရာ မဟုတ်သော အခြားနေရာတစ်ခုတွင် ပြန်လည်ကပ်ညှိသွားတတ်သည်။ အဆစ်အမြှေးဆဲလ်ကင်ဆာရောဂါတွင် ‘အက်စ်ဝိုင်တီ’ (SYT gene) ဂျီန်သည် မှားယွင်းသောနေရာတွင် ရှုပ်ထွေးစွာ ကပ်ညှိသွားလေ့ရှိသည်။ ဤအခြေအနေက မျိုးရိုးဗီဇဗီဇပြောင်းလဲမှု (genetic mutation) ဆီသို့ ဦးတည်သွားစေပြီး ခန္ဓာကိုယ်တွင် ပုံမှန်မဟုတ်သော ဖွံ့ဖြိုးမှုများ ဖြစ်ပေါ်ကာ အဆစ်အမြှေးဆဲလ်ကင်ဆာရောဂါကို ဖြစ်ပွားစေသည်။
Risk factors (အန္တရာယ်ရှိစေသော အချက်များ)
အဆစ်အမြှေးဆဲလ်ကင်ဆာ (Sarcoma) ဖြစ်ပွားမှုကို လှုံ့ဆော်ပေးနိုင်သော ဖြစ်နိုင်ခြေအန္တရာယ်များမှာ အောက်ပါအတိုင်း ဖြစ်သည်–
- မျိုးရိုးဗီဇဆိုင်ရာအချက်– မွေးရာပါ မျိုးရိုးလိုက်တတ်သော ရောဂါစုများဖြစ်သည့် ရက်တီနိုဘလတ်စတိုးမား (retinoblastoma) ခေါ် မျက်စိကင်ဆာ၊ လီ-ဖရူမေနီ ရောဂါစု (Li-Fraumeni syndrome)၊ မိသားစုလိုက်ဖြစ်တတ်သော အူမကြီးအသားပိုရောဂါ (familial adenomatous polyposis)၊ အာရုံကြောအမျှင်အကျိတ်ရောဂါ (neurofibromatosis)၊ တစ်ရှူးမာရောဂါ (tuberous sclerosis) နှင့် ဝါနာ ရောဂါစု (Werner syndrome) ရှိနေခြင်းသည် ဆာကိုးမားကင်ဆာ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေသည်။
- ဓာတုပစ္စည်းများနှင့် ထိတွေ့မိခြင်း– အာဆင်းနစ် (arsenic)၊ ဒိုင်အောက်ဆင် (dioxin) နှင့် ပေါင်းသတ်ဆေးများ (herbicides) ကဲ့သို့သော ဓာတုပစ္စည်းများနှင့် ထိတွေ့မိခြင်းသည် ဆာကိုးမားကင်ဆာဆီသို့ ဦးတည်သွားစေနိုင်သည်။
- ဓာတ်ရောင်ခြည်နှင့် ထိတွေ့မိခြင်း– အကယ်၍ သင့်တွင် ယခင်က ကင်ဆာရောဂါအတွက် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူခဲ့ဖူးသော ရာဇဝင်ရှိပါက ၎င်းသည်လည်း ဆာကိုးမားကင်ဆာ ဖြစ်ပွားရခြင်း၏ အချက်တစ်ချက် ဖြစ်နိုင်သည်။
ရောဂါရှာဖွေခြင်း (Diagnosis)
အဆစ်အမြှေးဆဲလ်ကင်ဆာရောဂါသည် ဖွံ့ဖြိုးလာရန်နှင့် ရောဂါရှာဖွေအတည်ပြုနိုင်ရန်အတွက် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပါသည်။
အောက်ပါ ပုံရိပ်ဖော်စစ်ဆေးမှုများသည် ရောဂါရှာဖွေရာတွင် အထောက်အကူပြုနိုင်သည်–
- ရိုးရိုးဓာတ်မှန် (Plain X-ray)– အချို့သောအခြေအနေများတွင် ကင်ဆာအကျိတ်၏ အစိတ်အပိုင်းအတော်များများကို ထုံးဓာတ်စုပုံခြင်း (calcifications) များက ဝန်းရံထားခြင်း သို့မဟုတ် ဖုံးအုပ်ထားခြင်းမျိုး တွေ့ရတတ်သည်။ တစ်ဖက်တွင်လည်း ဆိုင်နိုဗီယယ် ဆာကိုးမား အများစုသည် ရိုးရိုးဓာတ်မှန်တွင် ကောင်းစွာပေါ်လေ့မရှိပါ။
- ကွန်ပျူတာဓာတ်မှန် (Computerized Tomography – CT Scan)– ကင်ဆာအကျိတ်၏ ပြန့်နှံ့မှုအတိုင်းအတာကို သိရှိနိုင်ရန် ကူညီပေးနိုင်သည်။
- သံလိုက်ဓာတ်မှန်ရိုက်ခြင်း (Magnetic Resonance Imaging – MRI)– ကင်ဆာအကျိတ်ကြောင့် အာရုံကြောများနှင့် သွေးကြောများအပါအဝင် အနီးနားရှိ တစ်ရှူးများ ထိခိုက်ပျက်စီးမှု ရှိ၊ မရှိကို ပြသပေးနိုင်သည်။
ကင်ဆာအကျိတ်၏ အစိတ်အပိုင်းအနည်းငယ်ကို ရယူ၍ ဓာတ်ခွဲခန်းသို့ ပေးပို့ခြင်းဖြင့်လည်း ရောဂါကို လေ့လာဆန်းစစ်နိုင်သည်။ ဤကင်ဆာအမျိုးအစားသည် အခြားသော ဆာကိုးမားကင်ဆာအမျိုးအစားတစ်ခုအဖြစ် မှားယွင်းစွာ ရောဂါရှာဖွေမိတတ်သောကြောင့် ကျွမ်းကျင်သော ရောဂါဗေဒပညာရှင် (pathologist) ကိုယ်တိုင် အကျိတ်နမူနာကို စစ်ဆေးရန် လိုအပ်သည်။
ကုသခြင်း (Treatment)
အဆစ်အမြှေးဆဲလ်ကင်ဆာရောဂါကို အဓိကအားဖြင့် ကင်ဆာဆဲလ်များကို ဖယ်ရှားရန် ခွဲစိတ်ကုသမှု ပြုလုပ်ခြင်းဖြင့် ကုသလေ့ရှိပြီး ၎င်းတွင် ကင်ဆာအကျိတ်ပတ်ပတ်လည်ရှိ ကျန်းမာသော တစ်ရှူးအချို့ကိုပါ ထည့်သွင်းဖယ်ရှားခြင်း ပါဝင်သည်။ တစ်နည်းအားဖြင့်ဆိုရသော် ကြွက်သားတစ်ခုလုံး သို့မဟုတ် ကြွက်သားအုပ်စုတစ်ခုလုံးကို ဖယ်ရှားရနိုင်ပြီး တစ်ခါတစ်ရံတွင် ရောဂါဒဏ်ခံရသော အစိတ်အပိုင်းကို ဖြတ်တောက်ရသည်အထိပင် ဖြစ်နိုင်ပါသည်။ ခွဲစိတ်ကုသမှုအပြင် ကင်ဆာရောဂါ ပြန်လည်ဖြစ်ပွားခြင်းကို ကာကွယ်ရန်အတွက် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (radiation) သို့မဟုတ် ဓာတုကုထုံးဖြင့် ကုသခြင်း (chemotherapy) တို့ကိုလည်း ခံယူရန် ဆရာဝန်က ညွှန်ကြားနိုင်ပါသည်။
