အစာအိမ်အတွင်း အသားပိုလုံးများဖြစ်ခြင်း

အစာအိမ်အတွင်း အသားပိုလုံးများဖြစ်ခြင်း အကြောင်း သိကောင်းစရာ

အစာအိမ်အတွင်းတွင် ဖြစ်ပေါ်တတ်သော အသားပိုများကို အစာအိမ်အသားပို (Gastric polyps) ဟု လူသိများပြီး ၎င်းတို့သည် ပုံမှန်အားဖြင့် တွေ့လေ့မရှိသော ဆဲလ်အစုအဝေးများ ဖြစ်ကြသည်။ အစာအိမ်အသားပိုများသည် များသောအားဖြင့် ရောဂါလက္ခဏာ မပြတတ်သောကြောင့် လူနာက အခြားရောဂါတစ်ခုခုအတွက် လာရောက်ပြသသောအခါမှသာ ဆရာဝန်က မတော်တဆ စမ်းသပ်တွေ့ရှိရခြင်း ဖြစ်သည်။ ၎င်းတို့သည် ယေဘုယျအားဖြင့် ကင်ဆာအဖြစ်သို့ မပြောင်းလဲတတ်သော်လည်း အချို့သောအစာအိမ်အသားပို အမျိုးအစားများသည် သင့်ကို အစာအိမ်ကင်ဆာဖြစ်နိုင်ခြေ အန္တရာယ်ရှိစေနိုင်သည်။ အစာအိမ်အသားပိုအတွက် ကုသမှုရွေးချယ်စရာမှာ ခွဲစိတ်ဖယ်ရှားခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော အခြေအနေတစ်စုံတစ်ရာ ဖြစ်ပေါ်လာခြင်း ရှိ၊ မရှိကို စောင့်ကြည့်ရုံသာ ဖြစ်သည်။

ရောဂါလက္ခဏာများ

အစာအိမ်အသားပိုသည် အများအားဖြင့် ရောဂါလက္ခဏာမပြတတ်သော်လည်း အရွယ်အစားကြီးမားလာသောအခါ အနာ (Ulcer) ဖြစ်လာနိုင်သည်။ ထို့အပြင် ဖြစ်ခဲသော အချို့သောအခြေအနေများတွင် ၎င်းသည် အူသိမ်နှင့် အစာအိမ်ကြားရှိ အပေါက်ကို ပိတ်ဆို့သွားစေနိုင်သည်။ အောက်ပါတို့သည် အစာအိမ်အသားပိုများကြောင့် ဖြစ်ပေါ်လာနိုင်သော လက္ခဏာများနှင့် ရောဂါလက္ခဏာများ ဖြစ်ကြသည် –

  • ပျို့အန်ခြင်း
  • အစာအိမ်နေရာကို ဖိချလိုက်သောအခါ နာကျင်ခြင်း သို့မဟုတ် မအီမသာဖြစ်ခြင်း
  • ဝမ်းအတွင်း သွေးပါခြင်း
  • သွေးအားနည်းခြင်း

အကယ်၍ သင့်တွင် ဝမ်းအတွင်း သွေးပါခြင်း သို့မဟုတ် အစာအိမ်အသားပိုရှိနေခြင်းကို ညွှန်ပြနိုင်သည့် အခြားသော ရောဂါလက္ခဏာများ ဆက်တိုက်ဖြစ်ပွားနေပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

အစာအိမ်အတွင်းလိုင်နင် ဒဏ်ရာရခြင်းသည် အစာအိမ်အသားပိုများကို ဖြစ်စေပြီး အောက်ပါတို့မှာ ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများ ဖြစ်ကြသည် –

  • အစာအိမ်ရောင်ခြင်း (Gastritis): အစာအိမ်အတွင်း နာတာရှည် ရောင်ရမ်းမှုရှိနေခြင်းကြောင့် Adenomas နှင့် Hyperplastic ပုံသဏ္ဌာန် အသားပိုများ ဖြစ်ပေါ်နိုင်သည်။ Adenomas သည် အဖြစ်နည်းသော အစာအိမ်အသားပိုအမျိုးအစား ဖြစ်သော်လည်း ကင်ဆာအဖြစ်သို့ ပြောင်းလဲနိုင်သောကြောင့် ဖယ်ရှားပစ်ရန် လိုအပ်သည်။ Hyperplastic ပုံသဏ္ဌာန် အသားပိုများသည် သတ်မှတ်ထားသော အရွယ်အစားထက် ငယ်ပါက ကင်ဆာအဖြစ်သို့ ပြောင်းလဲနိုင်ခြေ နည်းပါးသော အမျိုးအစားများ ဖြစ်ကြသည်။
  • မျိုးရိုးလိုက်သော အူမကြီးနှင့် အစာအိမ်အသားပိုရောဂါ (Familial adenomatous polyposis): ဤရောဂါသည် မိသားစုအတွင်း မျိုးရိုးလိုက်နိုင်သည်။ ၎င်းသည် အစာအိမ်အတွင်းလိုင်နင်ရှိ ဆဲလ်များကို အသားပို အမြောက်အမြား ဖြစ်ပေါ်စေသည်။ ၎င်းတို့သည် ကင်ဆာအဖြစ်သို့ ပြောင်းလဲနိုင်သောကြောင့် အများအားဖြင့် ဖယ်ရှားပစ်လေ့ရှိသည်။ Familial adenomatous polyposis သည်လည်း Adenomas အသားပိုများကို ဖြစ်ပေါ်စေနိုင်သည်။
  • ဆေးဝါးများကို ပုံမှန်သောက်သုံးခြင်း: ပရိုတွန်ပန့်တားဆေးများ (Proton pump inhibitors) သည် ဆေးဘက်ဆိုင်ရာ အစာအိမ်အပေါ်ပိုင်း အသားပို (Fundic gland polyps) များကို ဖြစ်ပေါ်စေနိုင်ပြီး ၎င်းတို့သည် များသောအားဖြင့် အရွယ်အစား သေးငယ်ကာ အန္တရာယ်မရှိတတ်ပါ။ သို့သော်လည်း Fundic gland polyps သည် သတ်မှတ်ထားသော အရွယ်အစားထက် ကြီးမားလာပါက ကင်ဆာဖြစ်ပွားနိုင်ခြေ အန္တရာယ်ရှိသဖြင့် ဖယ်ရှားရန် လိုအပ်သည်။ ထို့ပြင် ပရိုတွန်ပန့်တားဆေးများ သောက်သုံးခြင်းကို ရပ်တန့်ရန်လည်း အကြံပြုထားသည်။

Risk factors (အန္တရာယ်ရှိစေသော အချက်များ)

အောက်ပါတို့သည် အစာအိမ်အသားပို ဖြစ်ပေါ်လာနိုင်သော အန္တရာယ်ရှိသည့် အချက်များ ဖြစ်ကြသည် –

  • အသက်အရွယ်: သက်လတ်ပိုင်း လူကြီးများ သို့မဟုတ် သက်ကြီးရွယ်အိုများသည် အစာအိမ်အသားပို ဖြစ်ပွားရန် ပိုမိုလွယ်ကူသည်။
  • ဟယ်လီကိုဘာတာ ပိုင်လိုရီ (H. pylori) ဗက်တီးရီးယား ပိုးဝင်ခြင်း: H. pylori သည် အစာအိမ်အတွင်း တွေ့ရှိရသော ဗက်တီးရီးယားတစ်မျိုး ဖြစ်ပြီး ၎င်းသည် များသောအားဖြင့် အစာအိမ်ရောင်ခြင်းကို ဖြစ်စေကာ ထိုမှတစ်ဆင့် Adenomas နှင့် Hyperplastic ပုံသဏ္ဌာန် အသားပိုများကို ဖြစ်ပေါ်စေသည်။
  • မျိုးရိုးလိုက်သော အူမကြီးနှင့် အစာအိမ်အသားပိုရောဂါ (Familial adenomatous polyposis): ဤဖြစ်ခဲသော မျိုးရိုးလိုက်သည့် အခြေအနေရှိနေခြင်းသည် သင့်အား အစာအိမ်အသားပို ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားစေသည့်အပြင် အူမကြီးကင်ဆာဖြစ်နိုင်ခြေ အန္တရာယ်ကိုလည်း ရှိစေသည်။
  • ပရိုတွန်ပန့်တားဆေးများ သောက်သုံးခြင်း: အစာအိမ်အက်ဆစ် ဆန်တက်သည့်ရောဂါ (Gastroesophageal reflux disease) ကို ကုသရန်အတွက် ပရိုတွန်ပန့်တားဆေးများကို ရေရှည်သောက်သုံးခြင်းသည် Fundic gland polyps အသားပိုများကို ဖြစ်ပေါ်စေနိုင်သည်။

ရောဂါရှာဖွေခြင်း (Diagnosis)

အောက်ပါလုပ်ထုံးလုပ်နည်းများသည် အစာအိမ်အသားပိုရှိမရှိကို ရောဂါရှာဖွေရန် ကူညီပေးနိုင်သည် –

  • မှန်ပြောင်းကြည့်ခြင်း (Endoscopy): ဆရာဝန်သည် အစာအိမ်၏ အတွင်းပိုင်းကို မြင်တွေ့နိုင်ရန် မှန်ပြောင်းကိရိယာကို အသုံးပြု၍ စစ်ဆေးခြင်း ဖြစ်သည်။
  • အသားစယူစစ်ဆေးခြင်း (Biopsy): မှန်ပြောင်းကြည့်ရှုစစ်ဆေးစဉ်အတွင်း အစာအိမ်မှ တစ်ရှူးစအနည်းငယ်ကို ဖယ်ရှားယူပြီး ပိုမိုအသေးစိတ်စစ်ဆေးရန်အတွက် ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခြင်း ဖြစ်သည်။

ကုသခြင်း (Treatment)

အစာအိမ်အသားပို အမျိုးအစားပေါ်မူတည်၍ သင့်တော်သော ကုသမှုရွေးချယ်စရာများကို အောက်ပါအတိုင်း ဆုံးဖြတ်မည် ဖြစ်သည် –

  • Adenomas မဟုတ်သော အသားပိုအသေးစားများ: ဤအသားပိုအမျိုးအစားသည် များသောအားဖြင့် ရောဂါလက္ခဏာမပြတတ်ဘဲ ကင်ဆာအဖြစ်သို့ ပြောင်းလဲနိုင်ခြေ အလွန်နည်းပါးသည်။ ယေဘုယျအားဖြင့် ကုသမှုခံယူရန်မလိုသော်လည်း ပုံမှန်မဟုတ်သော အခြေအနေများ ရှိ၊ မရှိ သိရှိနိုင်ရန် ပုံမှန်စောင့်ကြည့် စစ်ဆေးသင့်သည်။
  • အစာအိမ်အသားပိုကြီးများ: ဤအမျိုးအစားကို မှန်ပြောင်းကြည့်ရှုစစ်ဆေးစဉ်အတွင်း ခွဲစိတ်ဖယ်ရှားပစ်လေ့ရှိသည်။
  • Adenomas အသားပိုများ: ဤအမျိုးအစားသည် ကင်ဆာဆဲလ်များအဖြစ်သို့ ပြောင်းလဲနိုင်ခြေ ပိုမိုမြင့်မားသောကြောင့် မှန်ပြောင်းကြည့်ရှုစစ်ဆေးစဉ်အတွင်း ဖယ်ရှားပစ်နိုင်သည်။
  • မျိုးရိုးလိုက်သော အူမကြီးနှင့် အစာအိမ်အသားပိုရောဂါနှင့် ဆက်စပ်နေသော အသားပိုများ: ၎င်းတို့သည် ကင်ဆာအဖြစ်သို့ ပြောင်းလဲနိုင်သည့် လက္ခဏာရှိသောကြောင့် ဖယ်ရှားပစ်သင့်သည်။

အစာအိမ်အသားပိုများ ထပ်မံဖြစ်ပွားခြင်း ရှိ၊ မရှိကို ဆန်းစစ်ရန်အတွက် ဆရာဝန်က မှန်ပြောင်းဖြင့် နောက်ဆက်တွဲ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ရန် အကြံပြုပါလိမ့်မည်။

H. pylori ပိုးဝင်ခြင်းကို ကုသခြင်း (Treating H. pylori infection)

H. pylori ဗက်တီးရီးယားပိုးဝင်ခြင်းကြောင့် အစာအိမ်ရောင်ခြင်းကို ကုသရန်အတွက် ဆရာဝန်က ပိုးသတ်ဆေးများ ပါဝင်သော ဆေးဝါးများကို ပေါင်းစပ်၍ ကုသပေးမည် ဖြစ်သည်။ ဤကုသမှုသည် Hyperplastic ပုံသဏ္ဌာန် အသားပိုများကို ပျောက်ကင်းစေနိုင်ပြီး ၎င်းတို့ ထပ်မံဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။

Doctors who treat this condition