အမျှင်ကြောအကျိတ် ရောဂါ အကြောင်း သိကောင်းစရာ

အမျှင်ကြောအကျိတ် (Solitary fibrous tumors) ဆိုသည်မှာ ခန္ဓာကိုယ်၏ အမျိုးမျိုးသော အစိတ်အပိုင်းများတွင် ဖြစ်ပေါ်နိုင်သော ဆဲလ်အစုအဝေး အကျိတ်များ ဖြစ်ပါသည်။ ဤအကျိတ်များသည် ခန္ဓာကိုယ်ကို ထောက်ပံ့ပေးသော တစ်ရှူးများ (supportive connective tissues) မှ စတင်ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော်လည်း အဓိကအားဖြင့် သက်ကြီးရွယ်အိုများတွင် ပိုမိုဖြစ်ပွားလေ့ရှိပါသည်။ Solitary fibrous tumors ဖြစ်ပွားမှုမှာ အလွန်ရှားပါးကြောင်းကို သတိပြုရန် အရေးကြီးပါသည်။

အမျှင်ကြောအကျိတ် များသည် အဆုတ်၏ အပြင်ဘက်အလွှာဖြစ်သော pleura တွင် အဖြစ်များပြီး ၎င်းတို့ကို pleural solitary fibrous tumors ဟု ခေါ်ဆိုပါသည်။ သို့သော်လည်း ဤအကျိတ်များကို ခေါင်း၊ လည်ပင်း၊ ရင်သား၊ ကျောက်ကပ်၊ ဆီးကျိတ်၊ ကျောရိုးမကြီးနှင့် ခန္ဓာကိုယ်၏ အခြားသော အစိတ်အပိုင်းများတွင်လည်း တွေ့ရှိရပါသည်။

အမျှင်ကြောအကျိတ် များသည် အဓိကအားဖြင့် ကင်ဆာမဟုတ်သော အကျိတ် (benign) များအဖြစ် သတ်မှတ်ကြပြီး ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့နိုင်စွမ်းမရှိပါ။ သို့သော် အလွန်ရှားပါးသော်လည်း အမျှင်ကြောအကျိတ် များတွင် ကင်ဆာကဲ့သို့သော လက္ခဏာများ (malignant characteristics) ပြသသည့် ဖြစ်စဉ်များရှိကြောင်း မှတ်သားရန် အရေးကြီးပါသည်။ ခန္ဓာကိုယ်၏ ဝေးလံသောနေရာများသို့ ပျံ့နှံ့နိုင်ခြေရှိခြင်းက ပိုမိုကြီးမားသော ကျန်းမာရေးအန္တရာယ်များကို ဖြစ်စေနိုင်ပါသည်။ ထိုကဲ့သို့ ကင်ဆာဆန်သော (malignant) အမျှင်ကြောအကျိတ် များသည် ပိုမိုကျယ်ပြန့်သော ဆေးကုသမှုနှင့် စီမံခန့်ခွဲမှု လိုအပ်ပါသည်။

အမျှင်ကြောအကျိတ် များသည် ပုံမှန်အားဖြင့် နှေးကွေးစွာ ကြီးထွားလေ့ရှိပြီး အရွယ်အစား ကြီးမားလာသည်အထိ ရောဂါလက္ခဏာ တစ်စုံတစ်ရာ မပြတတ်ပါ။ ရောဂါလက္ခဏာများ ပေါ်ပေါက်လာခြင်းမှာ အကျိတ်တည်ရှိသည့် နေရာပေါ်တွင် မူတည်ပြီး အဆုတ်တွင် ဖြစ်ပွားပါက ချောင်းဆိုးခြင်းနှင့် အသက်ရှူမဝခြင်းကို ဖြစ်စေနိုင်ပါသည်။ အမျှင်ကြောအကျိတ် များကို ထိရောက်စွာ ရောဂါရှာဖွေပြီး ကုသမှုခံယူနိုင်ရန်အတွက် စောစီးစွာ ရှာဖွေတွေ့ရှိခြင်းနှင့် ဆေးဘက်ဆိုင်ရာ အကဲဖြတ်မှု ခံယူခြင်းတို့သည် အလွန်အရေးကြီးပါသည်။

ရောဂါရှာဖွေခြင်း (Diagnosis)

အမျှင်ကြောအကျိတ် ကို ရှာဖွေရာတွင် ပုံမှန်အားဖြင့် အမျိုးမျိုးသော စစ်ဆေးမှုများနှင့် လုပ်ထုံးလုပ်နည်းများကို အသုံးပြုလေ့ရှိပါသည်။ ၎င်းတို့မှာ-

  • ပုံရိပ်ဖော်စစ်ဆေးမှုများ။ အကျိတ်များကို မြင်သာစေရန်၊ ၎င်းတို့၏ အရွယ်အစားနှင့် တည်နေရာကို အတည်ပြုရန်နှင့် ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပျံ့နှံ့နေခြင်း ရှိ၊ မရှိကို ဖော်ထုတ်ရန်အတွက် X-rays၊ ကွန်ပျူတာဓာတ်မှန် (CT)၊ သံလိုက်ဓာတ်မှန် (MRI) နှင့် Positron emission tomography (PET) စကင်န်စသည့် ပုံရိပ်ဖော်နည်းပညာ အမျိုးမျိုးကို အသုံးပြုပါသည်။
  • တစ်ရှူးစယူ၍ စစ်ဆေးခြင်း (Biopsy)။ Biopsy လုပ်ခြင်းဆိုသည်မှာ ဓာတ်ခွဲခန်းတွင် စစ်ဆေးနိုင်ရန် သံသယရှိသော အကျိတ်နေရာမှ တစ်ရှူးနမူနာအသေးစားကို ဖယ်ရှားယူခြင်း ဖြစ်ပါသည်။

ကုသခြင်း (Treatment)

အမျှင်ကြောအကျိတ် အတွက် ကုသမှုနည်းလမ်းများသည် လူနာတစ်ဦးချင်းစီ၏ အခြေအနေပေါ်မူတည်၍ နည်းလမ်းပေါင်းစပ်မှုများ ပါဝင်တတ်ပါသည်။ တိကျသော ကုသမှုရွေးချယ်စရာများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-

  • ခွဲစိတ်ကုသခြင်း။ ခွဲစိတ်မှုသည် အမျှင်ကြောအကျိတ် အတွက် အဓိကကုသမှုဖြစ်ပြီး အကျိတ်နှင့် အကျိတ်ပတ်လည်ရှိ ကျန်းမာသောတစ်ရှူး အနည်းငယ်ကိုပါ ဖယ်ရှားခြင်းသည် အဓိကရည်မှန်းချက် ဖြစ်ပါသည်။ ခွဲစိတ်မှုအမျိုးအစားမှာ ခန္ဓာကိုယ်အတွင်း အကျိတ်တည်ရှိသည့် နေရာပေါ်တွင် မူတည်ပါသည်။ ခွဲစိတ်ပြီးနောက် အကျိတ်ပြန်လည်ဖြစ်ပွားနိုင်ခြေကို လျှော့ချရန်အတွက် ဓာတ်ရောင်ခြည်ကုထုံး (သို့မဟုတ်) ကင်ဆာဆေးသွင်းကုသခြင်းကဲ့သို့သော ထပ်ဆောင်းကုသမှုများကို အကြံပြုနိုင်ပါသည်။
  • ဓာတ်ရောင်ခြည်ကုထုံး (Radiation therapy)။ ဓာတ်ရောင်ခြည်ကုထုံးသည် အကျိတ်ဆဲလ်များကို သေစေရန်အတွက် စွမ်းအင်မြင့်မားသော ရောင်ခြည်တန်းများကို အသုံးပြုပါသည်။ ဤစွမ်းအင်ကို X-rays၊ ပရိုတွန် (protons) (သို့မဟုတ်) အခြားရင်းမြစ်များမှ ရရှိနိုင်ပါသည်။ ဓာတ်ရောင်ခြည်ကုသနေစဉ်အတွင်း သင်သည် ကုတင်ပေါ်တွင် လှဲနေရမည်ဖြစ်ပြီး စက်တစ်ခုက သင့်ပတ်လည်တွင် ရွေ့လျားကာ သင့်ခန္ဓာကိုယ်ရှိ တိကျသောနေရာများသို့ ဓာတ်ရောင်ခြည်ကို ချိန်ရွယ်ပေးပါမည်။ အကျိတ်ကို အပြည့်အဝ ဖယ်ရှားရန် မဖြစ်နိုင်သောအခါ ခွဲစိတ်ပြီးနောက် ဓာတ်ရောင်ခြည်ကုထုံးကို အကြံပြုနိုင်ပါသည်။ ၎င်း၏ရည်ရွယ်ချက်မှာ ခွဲစိတ်ပြီးနောက် အကျိတ်ပြန်ဖြစ်နိုင်ခြေကို လျှော့ချရန် ဖြစ်ပါသည်။ အချို့ကိစ္စများတွင် အကျိတ်ကို ကျုံ့သွားစေရန်နှင့် အပြည့်အဝ ဖယ်ရှားနိုင်ခြေ ပိုများစေရန်အတွက် ခွဲစိတ်မှုမပြုလုပ်မီ ဓာတ်ရောင်ခြည်ကုသမှုကို ပေးလေ့ရှိပါသည်။
  • ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)။ ဤကုသမှုနည်းလမ်းတွင် အကျိတ်ဆဲလ်များကို သေစေရန်အတွက် ပြင်းထန်သော ဆေးဝါးများကို အသုံးပြုခြင်း ပါဝင်ပါသည်။ အမျှင်ကြောအကျိတ် ဖြစ်ပွားသည့်အခါ အကျိတ်သည် ပျံ့နှံ့သွားလျှင် (သို့မဟုတ်) ခွဲစိတ်၍ ဖယ်ရှား၍ မရနိုင်တော့လျှင် ကင်ဆာဆဲလ်များကို ဖျက်ဆီးရန်အတွက် Chemotherapy ကို စဉ်းစားနိုင်ပါသည်။
  • ပစ်မှတ်ထားကုသခြင်း (Targeted therapy)။ Targeted therapy သည် အကျိတ်ဆဲလ်များတွင် ပါဝင်သော အချို့သော ဓာတုပစ္စည်းများ၏ လုပ်ဆောင်ချက်ကို အထူးပြု၍ ပစ်မှတ်ထားပြီး ဟန့်တားရန် ဒီဇိုင်းထုတ်ထားသော ဆေးဝါးများကို အသုံးပြုသည့် အထူးကုသမှုနည်းလမ်း ဖြစ်ပါသည်။ ဤသတ်မှတ်ထားသော ဓာတုပစ္စည်းများကို အနှောင့်အယှက်ပေးခြင်းဖြင့် Targeted therapy သည် အကျိတ်ဆဲလ်များကို ထိရောက်စွာ ဖယ်ရှားပစ်နိုင်စွမ်းရှိပါသည်။ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားသော ကင်ဆာဆန်သည့် အမျှင်ကြောအကျိတ် ဖြစ်ပွားသည့်အခါတွင် အကျိတ်ပျံ့နှံ့မှုနှင့် ကြီးထွားမှုကို တိုက်ဖျက်ရန် ကုသမှုနည်းလမ်းတစ်ခုအနေဖြင့် Targeted therapy ကို စဉ်းစားနိုင်ပါသည်။

Doctors who treat this condition