အကျဉ်းချုပ်အကြောင်းအရာ
အာခေါင်ပျော့သည် ပါးစပ်နှင့် သွားများ၏ အနောက်ဘက် အပေါ်ပိုင်းတွင် တည်ရှိသည်။ အာခေါင်ပျော့ကင်ဆာသည် လည်ချောင်းကင်ဆာ အမျိုးအစားတစ်ခုဖြစ်သည်။ ၎င်းသည် အာခေါင်ပျော့ရှိ ဆဲလ်များတွင် ကင်ဆာဖြစ်ပွားရာမှ စတင်သည်။ ကုသမှုတွင် ခွဲစိတ်ကုသခြင်း၊ ဆေးသွင်းကုသခြင်း (Chemotherapy) နှင့် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းတို့ ပေါင်းစပ်ပါဝင်ပါသည်။
ရောဂါလက္ခဏာများ
အာခေါင်ပျော့ ပိုးဝင်ခြင်းသည် ကင်ဆာလက္ခဏာ မဟုတ်နိုင်သော်လည်း၊ အာခေါင်ပျော့ကင်ဆာတွင် အောက်ပါလက္ခဏာများနှင့် လက္ခဏာရပ်များ ရှိတတ်သည်-
- သွေးထွက်ခြင်း
- ကိုယ်အလေးချိန် ကျဆင်းခြင်း
- နားကိုက်ခြင်း
- ပါးစပ်အတွင်း နာကျင်ခြင်း
- ပါးစပ်အတွင်း အနာများဖြစ်ခြင်း
- အစာမျိုရာတွင် နာကျင်ခြင်း
- အစာမျိုရ ခက်ခဲခြင်း
- ခံတွင်းနံ့ နံခြင်း
- သွားများ လျော့ရဲလာခြင်း (သို့မဟုတ်) အံကပ်နှင့် မတော်တော့ခြင်း
- ပါးစပ်အတွင်း အဖြူကွက်များ ဖြစ်ပေါ်ခြင်း
- လည်ပင်း ရောင်ရမ်းပြီး နာကျင်ခြင်း အကယ်၍ ဤလက္ခဏာများ ဆက်လက်ဖြစ်ပွားနေပါက သင်၏ ဆရာဝန် သို့မဟုတ် သွားဘက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
အကြောင်းရင်းများ
အာခေါင်ပျော့ အကျိတ်များသည် ကျန်းမာသောဆဲလ်များတွင် မျိုးရိုးဗီဇ ပြောင်းလဲမှုဖြစ်ပေါ်ပြီး ပုံမှန်မဟုတ်သော ဆဲလ်များအဖြစ်သို့ ပြောင်းလဲသွားရာမှ စတင်သည်။ ထိုပုံမှန်မဟုတ်သော ဆဲလ်များသည် လျင်မြန်စွာ ကွဲပွားလာပြီး ကျန်းမာသော ဆဲလ်များထက် ပိုမိုများပြားလာကာ အကျိတ်တစ်ခု ဖြစ်ပေါ်လာစေသည်။ ထို့နောက် ထိုအကျိတ်သည် ပတ်ဝန်းကျင်ရှိ တစ်ရှူးများဆီသို့ ပျံ့နှံ့သွားနိုင်သလို ခန္ဓာကိုယ်၏ အခြားနေရာများသို့လည်း ပျံ့နှံ့ (Metastasize) သွားနိုင်ပါသည်။
ဖြစ်နိုင်ခြေရှိသော အချက်များ
အာခေါင်ပျော့ကင်ဆာ ဖြစ်ပွားနိုင်ခြေရှိသော အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်
- ဆေးလိပ်သောက်ခြင်း
- အရက်သောက်ခြင်း
- ဟျူမန် ပါပီလိုမာ ဗိုင်းရပ်စ် (HPV) ကူးစက်ခံရခြင်း
- ကိုယ်ခံအားကျဆင်းစေသော ဆေးဝါးများ သောက်သုံးနေရခြင်း
ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းတို့သည် ပိုမိုမြင့်မားသော အန္တရာယ်ကို ဖြစ်စေပါသည်။
ရောဂါရှာဖွေခြင်း
အာခေါင်ပျော့ကင်ဆာကို ရောဂါရှာဖွေရန်အတွက် အောက်ပါလုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ပါသည်
- အာခေါင်ပျော့အား စစ်ဆေးခြင်း (Soft palate assessment): ဆရာဝန်သည် ကင်မရာအသေးစားလေးကို အသုံးပြု၍ အာခေါင်ပျော့နှင့် လည်ချောင်းအတွင်းရှိ အခြားအစိတ်အပိုင်းများကို စစ်ဆေးပါမည်။
- အသားစယူ၍ စစ်ဆေးခြင်း (Biopsy): ရောဂါလက္ခဏာရှိသော တစ်ရှူးအစိတ်အပိုင်းအနည်းငယ်ကို ဖယ်ထုတ်ပြီး ကင်ဆာလက္ခဏာများ ရှိ၊ မရှိ စစ်ဆေးရန် ရောဂါဗေဒပညာရှင်ထံ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးပါမည်။
- ပုံရိပ်ဖော်စစ်ဆေးခြင်း (Diagnostic imaging): ကင်ဆာ၏ အရွယ်အစားနှင့် ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပျံ့နှံ့မှု ရှိ၊ မရှိ သိရှိနိုင်ရန် ကွန်ပျူတာဓာတ်မှန် (CT Scan)၊ သံလိုက်ဓာတ်မှန် (MRI) နှင့် (PET Scan) တို့ကို ပြုလုပ်နိုင်ပါသည်။
ကုသမှု
ကုသမှုပုံစံသည် လူနာ၏ ရွေးချယ်မှု၊ အထွေထွေကျန်းမာရေးအခြေအနေ၊ အကျိတ်၏အရွယ်အစားနှင့် တည်နေရာတို့အပေါ် မူတည်ပါမည်။ အောက်ပါကုသမှုများ ရရှိနိုင်ပါသည်-
- ခွဲစိတ်ကုသခြင်း (Surgery): အကျိတ်အရွယ်အစား သေးငယ်ပါက ဆေးရုံတက်ရန်မလိုဘဲ ခွဲစိတ်ဖယ်ရှားနိုင်သော်လည်း အရွယ်အစားကြီးမားပါက ကျယ်ကျယ်ပြန့်ပြန့် ခွဲစိတ်မှုလိုအပ်ပါသည်။ ခွဲစိတ်ခြင်းကို အကျိတ်အား တတ်နိုင်သမျှ အကုန်အစင် ဖယ်ရှားရန် အသုံးပြုသည်။ သို့သော် ကင်ဆာသည် လည်ပင်းရှိ ပြန်ရည်ကျိတ်များဆီသို့ ပျံ့နှံ့သွားပါက ပြန်ရည်ကျိတ်များကိုပါ ဖယ်ရှားရန် လိုအပ်ပါသည်။
- ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy): ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် X-rays နှင့် ပရိုတွန် (Protons) တို့မှ ထွက်ပေါ်သော အားကောင်းသည့် စွမ်းအင်လှိုင်းများကို အသုံးပြုသည်။ ၎င်းကို တစ်မျိုးတည်းသော်လည်းကောင်း၊ ဆေးသွင်းကုသခြင်း သို့မဟုတ် ခွဲစိတ်ကုသခြင်းတို့နှင့် တွဲဖက်၍သော်လည်းကောင်း ပြုလုပ်နိုင်ပါသည်။
- ဆေးသွင်းကုသခြင်း (Chemotherapy): ကင်ဆာဆဲလ်များကို သတ်ရန် ဆေးဝါးများကို အသုံးပြုခြင်းဖြစ်ပြီး ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းနှင့်လည်း တွဲဖက်အသုံးပြုနိုင်ပါသည်။
- ပြန်လည်ပြုပြင်ခြင်းဆိုင်ရာ ခွဲစိတ်ကုသမှု (Reconstructive surgery): ကင်ဆာဖြစ်ပွားသည့် နေရာနှင့် အခြားနေရာများသို့ ပျံ့နှံ့မှု ရှိ၊ မရှိ အခြေအနေပေါ်မူတည်၍ ဤလုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်ပါသည်။
- ပြန်လည်သန်စွမ်းရေး ဝန်ဆောင်မှုများ (Rehabilitative services): ခွဲစိတ်မှု သို့မဟုတ် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူပြီးနောက် လူနာအနေဖြင့် စကားပြောခြင်း၊ အစာမျိုခြင်း၊ ကာယပြန်လည်သန်စွမ်းရေး သို့မဟုတ် လုပ်ငန်းခွင်အလေ့အထဆိုင်ရာ ကုထုံးများနှင့် အစားအသောက် ချိန်ညှိမှုဆိုင်ရာ ပြန်လည်သန်စွမ်းရေး လုပ်ငန်းစဉ်များကို ခံယူရန် လိုအပ်နိုင်ပါသည်။
