အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း

အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း အကြောင်း သိကောင်းစရာ

အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း ဆိုသည်မှာ အိပ်ပျော်နေစဉ်အတွင်း အသက်ရှူခြင်း ခေတ္တရပ်ဆိုင်းသွားလိုက်၊ ပြန်စလိုက်ဖြစ်ခြင်းကို လက္ခဏာရပ်အဖြစ် ပြသတတ်ပြီး ပြင်းထန်ဆိုးရွားနိုင်သော အိပ်စက်မှုဆိုင်ရာ ဝေဒနာတစ်ရပ် ဖြစ်သည်။ အကယ်၍ သင်သည် ဟောက်သံကျယ်ကျယ်ထွက်ပြီး တစ်ညလုံး ပြည့်ဝစွာ အိပ်စက်ခဲ့သည့်တိုင်အောင် အလွန်အမင်း ဆက်လက်နုံးခွေနေပါက ယင်းသည် အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း ဝေဒနာကို ခံစားနေရသည့် လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါသည်။

အောက်ဆီဂျင် ပြတ်လပ်သွားမှုကြောင့် အသက်ပြန်ရှူနိုင်ရန် သင့်ကို ခေတ္တနိုးလာစေသည့် အသက်ရှင်ကျန်ရစ်ရေး တုံ့ပြန်မှုစနစ် (Survival reflex) တစ်ခုကို ဖြစ်ပေါ်စေသည်။ အဆိုပါ တုံ့ပြန်မှုစနစ်က သင့်ကို အသက်ရှင်စေသော်လည်း သင့်အိပ်စက်မှု ပုံစံကိုမူ အနှောင့်အယှက် ဖြစ်စေပါသည်။ ယင်းကြောင့် ကောင်းမွန်စွာ အိပ်စက်နိုင်ရန် ခက်ခဲပြီး နှလုံးကို ဝန်ပိစေကာ အသက်အန္တရာယ် ထိခိုက်နိုင်သည်အထိ အခြားသော ဆိုးကျိုးများကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။

အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း ပုံစံများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • လေပြွန်ပိတ်ဆို့ခြင်းကြောင့် အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း (Obstructive sleep apnea – OSA): လည်ချောင်းကြွက်သားများ ပြေလျော့သွားပြီး အဆုတ်ထဲသို့ လေဝင်မည့် လမ်းကြောင်းကို ပိတ်ဆို့သည့်အခါ ဖြစ်ပွားတတ်ပြီး ပိုမိုအဖြစ်များသော အမျိုးအစား ဖြစ်သည်။
  • ဦးနှောက်ကြောင့် အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း (Central sleep apnea – CSA): ဦးနှောက်မှ အသက်ရှူကြွက်သားများဆီသို့ မှန်ကန်သော အချက်ပြလှိုင်းများ မပေးပို့နိုင်သည့်အခါ ဖြစ်ပွားတတ်သည်။
  • ကုသမှုကြောင့် ဖြစ်ပေါ်လာသော အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း (Treatment–emergent central sleep apnea): ဤအခြေအနေကို ရှုပ်ထွေးသော အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း (Complicated sleep apnea) ဟုလည်း ခေါ်ဆိုလေ့ရှိပြီး၊ အိပ်စက်မှု စစ်ဆေးချက်အရ OSA ရှိနေသူတစ်ဦးအား OSA အတွက် ကုသမှုပေးနေစဉ်အတွင်း CSA အမျိုးအစားသို့ ပြောင်းလဲသွားသည့်အခါ ဖြစ်ပွားတတ်သည်။

သင့်တွင် အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း ရှိနေသည်ဟု သံသယရှိပါက ဆရာဝန်နှင့် ပြသတိုင်ပင်ပါ။ ကုသမှုခံယူခြင်းက သင့်ကို ပိုမိုသက်သာကောင်းမွန်လာစေနိုင်ပြီး နှလုံးရောဂါကဲ့သို့သော နောက်ဆက်တွဲ ပြဿနာများကို ရှောင်ရှားနိုင်ရန် ကူညီပေးနိုင်ပါသည်။

ရောဂါလက္ခဏာများ

လေပြွန်ပိတ်ဆို့ခြင်းကြောင့်ဖြစ်သော အသက်ရှူရပ်ခြင်းနှင့် ဦးနှောက်ကြောင့်ဖြစ်သော အသက်ရှူရပ်ခြင်းတို့၏ လက္ခဏာများသည် တစ်ခါတစ်ရံ ထပ်တူကျနေတတ်သောကြောင့် ၎င်းတို့နှစ်ခုကို ခွဲခြားရန် စိန်ခေါ်မှု ရှိနိုင်ပါသည်။ အဖြစ်များဆုံး ဖော်ပြလေ့ရှိကြသည့် ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • အိပ်ပျော်နေစဉ် အသက်ရှူရပ်သွားသည့် အကြိမ်များကို အခြားသူတစ်ဦးက သတိပြုမိခြင်း
  • ဟောက်သံ ကျယ်ကျယ်ထွက်ခြင်း
  • အိပ်ပျော်နေစဉ် အသက်ရှူကျပ်၍ လန့်နိုးခြင်း
  • နိုးကြားနေသည့်အချိန်တွင် အာရုံစူးစိုက်ရန် ခက်ခဲခြင်း
  • စိတ်တိုလွယ်ခြင်း
  • နိုးလာသည့်အခါ ခံတွင်းခြောက်ခြင်း
  • မနက်ခင်းတွင် ခေါင်းကိုက်ခြင်း
  • သောကရောက်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းကဲ့သို့သော စိတ်ခံစားချက် ပြောင်းလဲမှုများ ဖြစ်ခြင်း
  • အိပ်မပျော်ခြင်း သို့မဟုတ် ကောင်းမွန်စွာ အိပ်စက်နိုင်ရန်နှင့် ဆက်တိုက်အိပ်ပျော်နေရန် ခက်ခဲခြင်း
  • နေ့ဘက်တွင် အလွန်အမင်း အိပ်ငိုက်ခြင်း (Hypersomnia)

ဟောက်သံကျယ်ကျယ် ထွက်ခြင်းသည် ပြင်းထန်နိုင်သော ပြဿနာတစ်ခု၏ သတိပေးလက္ခဏာ ဖြစ်နိုင်သော်လည်း၊ အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း ဝေဒနာခံစားနေရသူတိုင်း ဟောက်လေ့မရှိသည်ကို သတိပြုရန် အရေးကြီးပါသည်။ အကယ်၍ သင့်တွင် ဆက်တိုက်နုံးခွေခြင်း၊ အိပ်ငိုက်ခြင်း သို့မဟုတ် စိတ်တိုလွယ်ခြင်းကဲ့သို့သော အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းနှင့် ဆက်စပ်သည့် လက္ခဏာများ ခံစားနေရပါက ကျန်းမာရေးဆရာဝန်နှင့် ပြသဆွေးနွေးရန် အထူးအကြံပြုအပ်ပါသည်။ မိမိ၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်စေသည့် အိပ်စက်မှုဆိုင်ရာ ပြဿနာမှန်သမျှကို ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူနှင့် ဆွေးနွေးတိုင်ပင်ရန် အလွန်အရေးကြီးပါသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

လေပြွန်ပိတ်ဆို့ခြင်းကြောင့် အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း (Obstructive sleep apnea)

လည်ချောင်းအနောက်ဘက်ရှိ ကြွက်သားများ ပြေလျော့သွားသည့်အခါ ဤအိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း အမျိုးအစား ဖြစ်ပွားတတ်သည်။ အဆိုပါ ကြွက်သားများသည် အာသီး၊ အာခေါင်ပျော့၊ လျှာခင်၊ လျှာနှင့် လည်ချောင်းဘေးနံရံများကို ထောက်ကူပေးထားခြင်း ဖြစ်သည်။

သင် အသက်ရှူသွင်းလိုက်သည့်အခါ ၎င်းကြွက်သားများ ပြေလျော့သွားခြင်းကြောင့် လေပြွန်ကျဉ်းမြောင်းသွားခြင်း သို့မဟုတ် ပိတ်သွားခြင်း ဖြစ်တတ်သည်။ ယင်းကြောင့် လေအလုံအလောက် မရရှိတော့ဘဲ သွေးတွင်းအောက်ဆီဂျင်ပမာဏ ကျဆင်းသွားစေနိုင်ပါသည်။ သင့်ဦးနှောက်သည် အသက်ရှူရခက်ခဲနေသည်ကို သိရှိသွားပြီး လေပြွန်ပြန်ပွင့်စေရန် သင့်ကို ချက်ချင်းနိုးလာစေသည်။ ပုံမှန်အားဖြင့် ဤသို့နိုးလာခြင်းသည် ခဏတာမျှသာ ဖြစ်သောကြောင့် သင့်အနေဖြင့် ပြန်လည်မှတ်မိခြင်း မရှိတတ်ပါ။

အိပ်ပျော်နေစဉ်အတွင်း အသက်ရှူပြင်းခြင်း၊ အသက်ရှူကျပ်ခြင်း သို့မဟုတ် လန့်နိုးခြင်း အကြိမ်ကြိမ် ဖြစ်ပွားနိုင်ပါသည်။ ဤသို့ထပ်ခါတလဲလဲ ဖြစ်ပွားမှုသည် တစ်ညလုံးတွင် တစ်နာရီလျှင် ငါးကြိမ်မှ အကြိမ်သုံးဆယ် သို့မဟုတ် ထိုထက်မက ဖြစ်ပွားနိုင်သောကြောင့် အိပ်ရေးဝဝနှင့် နှစ်ခြိုက်စွာ အိပ်စက်နိုင်သော အဆင့်များသို့ ရောက်ရှိရန် ခက်ခဲစေပါသည်။

ဦးနှောက်ကြောင့် အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း (Central sleep apnea)

သင့်ဦးနှောက်က သင့်အသက်ရှူကြွက်သားများထံသို့ အချက်ပြ ဆက်သွယ်ရန် ပျက်ကွက်သည့်အခါ ဤအဖြစ်နည်းသော အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း အမျိုးအစား ဖြစ်ပွားတတ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် သင်သည် မရည်ရွယ်ဘဲ အသက်ရှူခြင်း ခေတ္တရပ်သွားခြင်း ဖြစ်သည်။ အသက်ရှူမဝခြင်း သို့မဟုတ် အိပ်ပျော်ရန်နှင့် ဆက်တိုက်အိပ်ပျော်နေရန် ခက်ခဲခြင်းတို့ကြောင့် နိုးလာခြင်းမျိုး ဖြစ်နိုင်ပါသည်။

Risk factors (အန္တရာယ်ရှိစေသော အချက်များ)

အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းသည် ကလေးငယ်များအပါအဝင် မည်သူ့ကိုမဆို ထိခိုက်စေနိုင်ပါသည်။ သို့သော် အချို့သောအချက်များက သင့်ကို ပိုမိုဖြစ်နိုင်ခြေ ရှိစေပါသည်။

လေပြွန်ပိတ်ဆို့ခြင်းကြောင့် အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း (Obstructive sleep apnea)

အောက်ပါအချက်များသည် ဤအမျိုးအစား ဖြစ်ပွားနိုင်ခြေကို မြင့်မားစေပါသည်။

  • ကျား/မ သဘာဝ။ အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းသည် အမျိုးသမီးများထက် အမျိုးသားများတွင် နှစ်ဆမှ သုံးဆအထိ ပိုမိုအဖြစ်များသည်။ သို့သော် ကိုယ်အလေးချိန်လွန်ကဲသော သို့မဟုတ် သွေးဆုံးပြီးသော အမျိုးသမီးများတွင် ဖြစ်နိုင်ခြေ ပိုများသည်။
  • အသက်အရွယ်ကြီးရင့်ခြင်း။ သက်ကြီးရွယ်အိုများတွင် အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း ခံစားရနိုင်ခြေ သိသိသာသာ ပိုမိုမြင့်မားသည်။
  • မိသားစုရာဇဝင်။ မိသားစုထဲတွင် အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း ရာဇဝင်ရှိပါက ပိုမိုဖြစ်နိုင်ခြေ ရှိသည်။
  • လူမျိုး။ လူမည်း၊ ဟစ်စပန်းနစ် သို့မဟုတ် အာရှနွယ်ဖွားများတွင် ဤပြဿနာ ဖြစ်ပွားလေ့ရှိသည်။
  • ကိုယ်အလေးချိန်လွန်ကဲခြင်း။ အဝလွန်ခြင်းသည် OSA ဖြစ်နိုင်ခြေကို သိသိသာသာ မြင့်မားစေသည်၊ အကြောင်းမှာ အပေါ်ဘက်လေပြွန်ပတ်ပတ်လည်ရှိ အဆီပြင်များက အသက်ရှူခြင်းကို ပိတ်ဆို့နိုင်သောကြောင့် ဖြစ်သည်။
  • လည်ပင်းလုံးပတ်။ လည်ပင်း ပိုမိုတုတ်သူများတွင် လေပြွန် ပိုမိုကျဉ်းမြောင်းနိုင်ခြေ ရှိသည်။
  • လေပြွန်ကျဉ်းခြင်း။ မွေးရာပါ လည်ချောင်းကျဉ်းသူ ဖြစ်နိုင်ပါသည်။ အထူးသဖြင့် ကလေးငယ်များတွင် အာသီး (Tonsils) သို့မဟုတ် အာခေါင်အနောက်ကျိတ် (Adenoids) များ ကြီးထွားလာပြီး လေပြွန်ကို ပိတ်ဆို့နိုင်ပါသည်။
  • နှာခေါင်းပိတ်ခြင်း။ ကိုယ်ခန္ဓာတည်ဆောက်ပုံဆိုင်ရာ ပြဿနာများ သို့မဟုတ် ဓာတ်မတည့်မှုများကြောင့် နှာခေါင်းဖြင့် အသက်ရှူရန် ခက်ခဲပါက လေပြွန်ပိတ်ဆို့ခြင်းကြောင့် အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း ဖြစ်ပွားရန် ပိုမိုလွယ်ကူသည်။
  • ကျန်းမာရေး အခြေအနေများ။ နှလုံးပျက်စီးခြင်း (Congestive heart failure)၊ သွေးတိုးရောဂါနှင့် အမျိုးအစား (၂) ဆီးချိုရောဂါတို့သည် ဖြစ်နိုင်ခြေကို မြင့်မားစေနိုင်သော ရောဂါများထဲတွင် ပါဝင်သည်။ သားအိမ်အကျိတ်အများအပြားဖြစ်ခြင်း (Polycystic ovarian syndrome)၊ ဟော်မုန်းဆိုင်ရာ ပြဿနာများ၊ လေဖြတ်ဖူးသည့် ရာဇဝင်ရှိခြင်းနှင့် ရင်ကြပ်ရောဂါကဲ့သို့သော နာတာရှည်အဆုတ်ရောဂါများ ရှိခြင်းတို့သည်လည်း ဖြစ်နိုင်ခြေရှိသော အချက်များ ဖြစ်ကြသည်။
  • အရက်၊ အိပ်ဆေး သို့မဟုတ် စိတ်ငြိမ်ဆေးများ သောက်သုံးခြင်း။ ၎င်းဆေးဝါးများနှင့် ပစ္စည်းများသည် လည်ချောင်းရှိ ကြွက်သားများကို ပြေလျော့စေသောကြောင့် လေပြွန်ပိတ်ဆို့ခြင်းကြောင့် အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းကို ပိုမိုဆိုးရွားစေနိုင်ပါသည်။
  • ဆေးလိပ်သောက်ခြင်း။ ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများထက် လေပြွန်ပိတ်ဆို့ခြင်းကြောင့် အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း ဖြစ်ပွားနိုင်ခြေ သုံးဆ ပိုများသည်။ ဆေးလိပ်သောက်ခြင်းသည် အပေါ်ဘက်လေပြွန်ကို ပိုမိုရောင်ရမ်းစေပြီး ရေဓာတ်စုဆောင်းမှုကို ဖြစ်စေနိုင်ပါသည်။

ဦးနှောက်ကြောင့် အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း (Central sleep apnea)

အောက်ပါတို့သည် ဤအမျိုးအစားအတွက် ဖြစ်နိုင်ခြေရှိသော အချက်များ ဖြစ်သည်။

  • အသက်အရွယ်ကြီးရင့်ခြင်း။ အသက်လတ်ပိုင်းနှင့် သက်ကြီးရွယ်အိုများတွင် ဦးနှောက်ကြောင့် အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း ဖြစ်နိုင်ခြေ ပိုများသည်။
  • ကျား/မ သဘာဝ။ အမျိုးသမီးများထက် အမျိုးသားများတွင် ဤအခြေအနေ ခံစားရနိုင်ခြေ ပိုများသည်။
  • နှလုံးရောဂါ။ နှလုံးပျက်စီးခြင်း (Congestive heart failure) သည် အန္တရာယ်ကို မြင့်မားစေသည်။
  • အကိုက်အခဲပျောက် စိတ်ငြိမ်ဆေးများ သောက်သုံးခြင်း။ အိုပီယွိုက် (Opioid) ဆေးဝါးများ၊ အထူးသဖြင့် မက်သာဒုန်း (Methadone) ကဲ့သို့သော အာနိသင်ကြာရှည်သည့် ဆေးဝါးများသည် ဤအခြေအနေကို ဖြစ်ပွားစေရန် ပိုမိုလွယ်ကူစေသည်။
  • လေဖြတ်ခြင်း။ လေဖြတ်ပြီးနောက်ပိုင်းတွင် ဦးနှောက်ကြောင့် အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း ဖြစ်ပွားနိုင်ခြေ မြင့်တက်လာပါသည်။

ရောဂါရှာဖွေခြင်း (Diagnosis)

သင့်ဆရာဝန်သည် သင့်ရောဂါလက္ခဏာများနှင့် အိပ်စက်မှုရာဇဝင်အပေါ် အခြေခံ၍ ဆန်းစစ်မှုများ ပြုလုပ်နိုင်ပြီး၊ ဖြစ်နိုင်ပါက အတူအိပ်သူ သို့မဟုတ် အိမ်သူအိမ်သားတစ်ဦး၏ အကူအညီဖြင့် အဆိုပါအိပ်စက်မှုရာဇဝင်ကို ပံ့ပိုးပေးနိုင်ပါသည်။

သင့်အား အိပ်စက်မှုပြဿနာဆိုင်ရာ ဆေးခန်း (Sleep problem clinic) သို့ သွားရောက်ရန် လမ်းညွှန်ရန် ဖြစ်နိုင်ခြေအများဆုံး ရှိပါသည်။ ထိုနေရာတွင် အိပ်စက်မှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက သင့်တွင် ထပ်ဆောင်းစစ်ဆေးမှုများ လိုအပ်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန် ကူညီပေးပါလိမ့်မည်။

အိပ်စက်မှုဗဟိုဌာန (Sleep center) တွင် အိပ်စက်မှုစစ်ဆေးခြင်း ပြုလုပ်စဉ်အတွင်း ဆန်းစစ်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် သင့်အသက်ရှူနှုန်းနှင့် အခြားကိုယ်ခန္ဓာစနစ်များကို တစ်ညလုံး ပုံမှန်စောင့်ကြည့်စစ်ဆေးလေ့ ရှိပါသည်။ ထို့ပြင် နေအိမ်၌ပင် အိပ်စက်မှုစစ်ဆေးခြင်း (At–home sleep testing) ကိုလည်း ရွေးချယ်နိုင်ပါသည်။ အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းအတွက် စစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်။

  • တစ်ညတာ အိပ်စက်မှုပုံစံကို စက်ဖြင့်အသေးစိတ်တိုင်းတာခြင်း (Nocturnal polysomnography): ဤစစ်ဆေးမှုပြုလုပ်စဉ် သင်အိပ်ပျော်နေစဉ်အတွင်း သင့်နှလုံး၊ အဆုတ်နှင့် ဦးနှောက်လှုပ်ရှားမှုများ၊ အသက်ရှူပုံစံများ၊ လက်မောင်းနှင့် ခြေထောက်လှုပ်ရှားမှုများနှင့် သွေးတွင်းအောက်ဆီဂျင်ပမာဏ စသည်တို့အားလုံးကို စက်ကိရိယာများဖြင့် မှတ်တမ်းတင် စောင့်ကြည့်ပါသည်။

နေအိမ်၌ အိပ်စက်မှုစစ်ဆေးခြင်း (Home sleep tests): သင့်ဆရာဝန်သည် အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းကို ရှာဖွေဖော်ထုတ်ရန် နေအိမ်၌ပင် ပြုလုပ်နိုင်သော ရိုးရှင်းသည့် စစ်ဆေးမှုများကို ပေးနိုင်ပါသည်။ အဆိုပါစစ်ဆေးမှုများ ပြုလုပ်စဉ်အတွင်း ပုံမှန်အားဖြင့် သင့်သွေးတွင်းအောက်ဆီဂျင်ပမာဏ၊ လေစီးဆင်းမှုနှင့် အသက်ရှူပုံစံများကို တိုင်းတာပါသည်။ အကယ်၍ ဦးနှောက်ကြောင့်ဖြစ်သော အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း (CSA) ဟု သံသယရှိပါက သင့်ဆရာဝန်သည် နေအိမ်၌ အိပ်စက်မှုစစ်ဆေးခြင်းထက် အိပ်စက်မှုဓာတ်ခွဲခန်းတွင် Polysomnography စစ်ဆေးမှုကို ပိုမိုအကြံပြုနိုင်ပါသည်။

အကယ်၍ စစ်ဆေးမှုရလဒ်များမှာ ပုံမှန်မဟုတ်ပါက သင့်ဆရာဝန်သည် ထပ်ဆောင်းစစ်ဆေးမှုများ ထပ်မံပြုလုပ်ရန်မလိုဘဲ ကုသမှုနည်းလမ်းကို ညွှန်းဆိုပေးနိုင်ပါသည်။ တစ်ခါတစ်ရံ သယ်ဆောင်ရလွယ်ကူသော စောင့်ကြည့်စစ်ဆေးရေး ကိရိယာများသည် အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းကို ရှာမတွေ့နိုင်ဘဲ ရှိတတ်သည်။ ထို့ကြောင့် သင့်ပထမအကြိမ် စစ်ဆေးမှုရလဒ်များမှာ ပုံမှန်အတိုင်းအတာအတွင်း ရှိနေသည့်တိုင်အောင် ဆရာဝန်က Polysomnography စစ်ဆေးမှုကို ထပ်မံအကြံပြုနိုင်ပါသည်။

သင့်တွင် လေပြွန်ပိတ်ဆို့ခြင်းကြောင့်ဖြစ်သော အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း (OSA) ရှိနေပါက သင့်လည်ချောင်း သို့မဟုတ် နှာခေါင်းအတွင်း ပိတ်ဆို့မှုများကို ဖယ်ထုတ်နိုင်ရန်အတွက် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နှင့် ပြသရန် ဆရာဝန်က အကြံပြုနိုင်ပါသည်။ ဦးနှောက်ကြောင့်ဖြစ်သော အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း (CSA) ၏ အကြောင်းအရင်းများကို ဆုံးဖြတ်ရန်အတွက်မူ လူနာအား နှလုံးအထူးကုဆရာဝန် သို့မဟုတ် အာရုံကြောအထူးကုဆရာဝန်တို့နှင့် ပြသ၍ ဆန်းစစ်မှုများ ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။

ကုသခြင်း (Treatment)

အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း အနည်းငယ်သာဖြစ်သော လူနာများအတွက် ဆရာဝန်က ဆေးလိပ်ဖြတ်ခြင်း သို့မဟုတ် ကိုယ်အလေးချိန်ချခြင်းကဲ့သို့သော လူနေမှုပုံစံ ပြောင်းလဲမှုများကို အကြံပြုနိုင်ပါသည်။ အိပ်စက်သည့် ကိုယ်နေဟန်ထားကို ညှိယူရန်လည်း အကြံပြုနိုင်ပါသည်။ အကယ်၍ နှာခေါင်းဓာတ်မတည့်မှုများက အထောက်အပံ့ဖြစ်စေသော အချက်ဖြစ်နေပါက ဓာတ်မတည့်မှု ပျောက်ဆေးများကို အကြံပြုနိုင်ပါသည်။

အထက်ဖော်ပြပါ နည်းလမ်းများက မထိရောက်ပါက သို့မဟုတ် သင့်တွင် အလယ်အလတ်မှ ပြင်းထန်သော အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း ရှိနေပါက အစားထိုးကုထုံး အမျိုးမျိုးကို ရရှိနိုင်ပါသည်။ အချို့သော ကိရိယာများသည် ပိတ်ဆို့နေသော လေပြွန်ကို ရှင်းလင်းပေးရန် ကူညီပေးနိုင်ပြီး၊ အခြားသော အခြေအနေများတွင်မူ ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နိုင်ပါသည်။

OSA အတွက် ကုထုံးများ (Therapies for OSA)

  • လေပြွန်အတွင်း အဆက်မပြတ် လေဖိအားပေးစက် (Continuous Positive Airway Pressure – CPAP): သင့်တွင် အလယ်အလတ်မှ ပြင်းထန်သော လေပြွန်ပိတ်ဆို့ခြင်းကြောင့်ဖြစ်သော အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း ရှိပါက သင်အိပ်ပျော်နေစဉ်အတွင်း မျက်နှာဖုံး (Mask) မှတစ်ဆင့် လေဖိအား ထုတ်လုပ်ပေးသော ကိရိယာကို အသုံးပြုခြင်းက အကျိုးရှိနိုင်ပါသည်။ CPAP မှ ပေးဆောင်သော လေဖိအားသည် အခန်းတွင်းရှိ လေဖိအားထက် အနည်းငယ်မျှ ပိုမိုမြင့်မားပြီး ယင်းက အပေါ်ဘက် လေပြွန်လမ်းကြောင်းများကို ပွင့်နေစေရန်နှင့် အသက်ရှူရပ်ခြင်းနှင့် ဟောက်ခြင်းတို့ကို ကာကွယ်ပေးရန်အတွက် လုံလောက်မှု ရှိပါသည်။ CPAP သည် အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းအတွက် အသုံးအများဆုံးနှင့် အထိရောက်ဆုံး ကုသမှုဖြစ်သော်လည်း အချို့သောသူများအတွက် အဆင်မပြေခြင်း သို့မဟုတ် သက်တောင့်သက်သာမရှိခြင်းတို့ကို ကြုံတွေ့ရတတ်သည်။ သက်တောင့်သက်သာရှိသော မျက်နှာဖုံးကို ရှာဖွေနိုင်ရန် အမျိုးအစားအနည်းငယ်ကို စမ်းသပ်ကြည့်ရှုပြီး သင့်ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူနှင့် ဆွေးနွေးတိုင်ပင်ပါ။
  • အခြားသော လေပြွန်ဖိအားပေး ကိရိယာများ (Other airway pressure devices): CPAP စက်ကို အသုံးပြုရန် ဆက်လက်အဆင်မပြေဖြစ်နေပါက အခြားသော လေပြွန်ဖိအားပေး ကိရိယာတစ်မျိုးကို အသုံးပြုနိုင်ခြေ ရှိပါသည်။ ဤကိရိယာသည် သင်အိပ်ပျော်နေစဉ်အတွင်း လေဖိအားကို အလိုအလျောက် ပြောင်းလဲပေးနိုင်ပါသည် (Auto–CPAP)။ ထို့အပြင် နှစ်ဆင့်အနိမ့်အမြင့် လေဖိအားပေးစက် (Bilevel positive airway pressure – BPAP) ဟုခေါ်သော ကိရိယာများလည်း ရှိပါသည်။ ၎င်းတို့သည် သင်အသက်ရှူသွင်းချိန်တွင် လေဖိအားကို မြှင့်တင်ပေးပြီး အသက်ရှူထုတ်ချိန်တွင် လေဖိအားကို လျှော့ချပေးပါသည်။
  • ပါးစပ်တွင်းထည့် ကိရိယာများ (Oral appliances): အခြားရွေးချယ်စရာတစ်ခုမှာ အိပ်စက်စဉ်အတွင်း သင့်လေပြွန်ကို ပွင့်နေစေရန် ဒီဇိုင်းထုတ်ထားသော ပါးစပ်တွင်းထည့် ကိရိယာကို တပ်ဆင်ခြင်း ဖြစ်သည်။ ပါးစပ်တွင်းထည့် ကိရိယာများသည် အသုံးပြုရ ပိုမိုလွယ်ကူသော်လည်း ယေဘုယျအားဖြင့် လေပြွန်အတွင်း အဆက်မပြတ် လေဖိအားပေးစက် (CPAP) ကုထုံးက ပိုမိုစဉ်ဆက်မပြတ် ထိရောက်မှု ရှိပါသည်။ အချို့သော ပါးစပ်တွင်းထည့် ကိရိယာများကို သင့်မေးရိုးကို ရှေ့သို့တွန်းပေးရန်နှင့် သင့်လည်ချောင်းပွင့်စေရန် သီးသန့်ဒီဇိုင်းထုတ်ထားသောကြောင့် အပျော့စား လေပြွန်ပိတ်ဆို့ခြင်းကြောင့်ဖြစ်သော အသက်ရှူရပ်ခြင်းနှင့် ဟောက်ခြင်းတို့အတွက် သက်သာရာရစေနိုင်ပါသည်။

သင့်သွားဆရာဝန်တွင် အသုံးပြုနိုင်သော ကိရိယာအမျိုးမျိုး ရှိနိုင်ပြီး သင့်အတွက် အသင့်တော်ဆုံး ကိရိယာကို မတွေ့ရှိမီ ရွေးချယ်စရာ အမျိုးမျိုးကို စမ်းသပ်ကြည့်ရန် လိုအပ်နိုင်ပါသည်။ သင့်တော်သော အံဝင်ခွင်ကျ ကိရိယာကို တွေ့ရှိပြီးပါက အဆိုပါကိရိယာသည် စနစ်တကျ အံဝင်ခွင်ကျဖြစ်နေဆဲ ရှိ၊ မရှိ သေချာစေရန်နှင့် အထူးသဖြင့် ပထမတစ်နှစ်ကျော်လွန်ပြီးနောက်ပိုင်းတွင် ရောဂါလက္ခဏာများ စီမံခန့်ခွဲမှု၏ ထိရောက်မှုကို ဆန်းစစ်ရန်အတွက် သင့်သွားဆရာဝန်နှင့် ပုံမှန် ပြန်လည်ပြသစစ်ဆေးရန် အရေးကြီးပါသည်။

OSA အတွက် ခွဲစိတ်ကုသခြင်း (Surgery for OSA)

အခြားသော ကုသမှုနည်းလမ်းများ ပျက်ကွက်ခဲ့သည့် အခြေအနေများတွင် OSA ရှိသူများအတွက် ခွဲစိတ်ကုသခြင်းသည် ရွေးချယ်စရာတစ်ခု ဖြစ်လာနိုင်ပါသည်။ ခွဲစိတ်ရန် မစဉ်းစားမီ ပုံမှန်အားဖြင့် အခြားသော ကုသမှုများကို အနည်းဆုံး သုံးလခန့် စမ်းသပ်အသုံးပြုရန် အကြံပြုလေ့ရှိသည်။ သို့သော် မေးရိုးတည်ဆောက်ပုံဆိုင်ရာ ပြဿနာ အချို့ရှိသည့် လူနာအနည်းငယ်အတွက်မူ ခွဲစိတ်ကုသခြင်းသည် ကောင်းမွန်သော ပထမအဆင့် ဖြစ်ပါသည်။

ဖြစ်နိုင်ခြေရှိသော ခွဲစိတ်မှု ရွေးချယ်စရာများတွင် အောက်ပါတို့ ပါဝင်သည်။

  • တစ်ရှူးများကို ဖယ်ရှားခြင်း (Tissue removal): ခွဲစိတ်ဆရာဝန်သည် ဤကုသမှု (Uvulopalatopharyngoplasty) ပြုလုပ်စဉ်အတွင်း သင့်လည်ချောင်းအပေါ်ပိုင်းနှင့် သင့်ခံတွင်းအနောက်ဘက်ရှိ တစ်ရှူးများကို ဖယ်ရှားပါလိမ့်မည်။ အခြေအနေအများစုတွင် သင့်အာသီး (Tonsils) နှင့် အာခေါင်အနောက်ကျိတ် (Adenoids) များကိုလည်း အတူတကွ ဖယ်ရှားလေ့ရှိသည်။ ဤခွဲစိတ်မှု အမျိုးအစားသည် လည်ချောင်းတစ်ရှူးများ တုန်ခါခြင်းနှင့် ဟောက်ခြင်းတို့ကို ကာကွယ်ရန်အတွက် ထိရောက်မှု ရှိနိုင်ပါသည်။ သို့သော် ယင်းကို လေပြွန်ပိတ်ဆို့ခြင်းကြောင့်ဖြစ်သော အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းအတွက် စိတ်ချရသော ကုသမှုတစ်ခုအဖြစ် မယူဆကြဘဲ CPAP ထက် ထိရောက်မှု လျော့နည်းပါသည်။ CPAP သို့မဟုတ် ပါးစပ်တွင်းထည့် ကိရိယာများကို မခံမရပ်နိုင်ဖြစ်သူများအတွက် ရေဒီယိုလှိုင်းစွမ်းအင်ဖြင့် တစ်ရှူးများကို ဖယ်ရှားခြင်း (Radiofrequency ablation) သည် အခြားရွေးချယ်စရာတစ်ခု ဖြစ်နိုင်ပါသည်။
  • တစ်ရှူးများကို ကျုံ့စေခြင်း (Tissue shrinkage): အခြားရွေးချယ်စရာတစ်ခုမှာ ခံတွင်းအနောက်ဘက်နှင့် လည်ချောင်းရှိ တစ်ရှူးများကို လျှော့ချရန်အတွက် ရေဒီယိုလှိုင်းစွမ်းအင်ဖြင့် တစ်ရှူးများကို ဖယ်ရှားခြင်း (Radiofrequency ablation) နည်းလမ်းကို အသုံးပြုခြင်း ဖြစ်သည်။ သင့်တွင် အပျော့စားမှ အလယ်အလတ် အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း ရှိပါက ဤနည်းပညာကို ပြုလုပ်နိုင်ပါသည်။ လေ့လာမှုတစ်ခုအရ ဤရလဒ်များသည် တစ်ရှူးများကို ဖယ်ရှားခြင်း၏ ရလဒ်များနှင့် နှိုင်းယှဉ်နိုင်သော်လည်း ခွဲစိတ်မှုဆိုင်ရာ အန္တရာယ်များ ပိုမိုနည်းပါးကြောင်း သိရသည်။
  • မေးရိုးတည်နေရာ ပြောင်းလဲခြင်း (Jaw repositioning): ဤကုသမှု ပြုလုပ်စဉ်အတွင်း မေးရိုးကို အခြားသော မျက်နှာအရိုးများနှင့် နှိုင်းယှဉ်ပါက ရှေ့သို့ တိုးပေးခြင်း ဖြစ်သည်။ ယင်းက လျှာနှင့် အာခေါင်ပျော့တို့၏ နောက်ကွယ်ရှိ ဧရိယာကို ကျယ်ဝန်းစေပြီး ပိတ်ဆို့နိုင်ခြေကို လျော့နည်းစေသည်။ ဤခွဲစိတ်မှုကို “Maxillomandibular advancement” ဟု ခေါ်ဆိုပါသည်။
  • အထောက်အကူပြု ပစ္စည်းများ ထည့်သွင်းခြင်း (Implants): ထုံဆေးပေးပြီးနောက် ပုံမှန်အားဖြင့် ပိုလီအက်စတာ သို့မဟုတ် ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော ပျော့ပျောင်းသည့် ချောင်းလေးများကို အာခေါင်ပျော့အတွင်းသို့ ခွဲစိတ်ထည့်သွင်းခြင်း ဖြစ်သည်။ ဤထည့်သွင်းပစ္စည်းများ မည်မျှထိရောက်စွာ လုပ်ဆောင်နိုင်သည်ကို သိရှိရန် ထပ်ဆောင်းလေ့လာမှုများ ပိုမိုလိုအပ်ပါသည်။
  • အာရုံကြောကို လှုံ့ဆော်ခြင်း (Nerve stimulation): လျှာလှုပ်ရှားမှုကို ထိန်းချုပ်ပေးသော လှုံ့ဆော်ကိရိယာတစ်ခုကို လျှာအောက်အာရုံကြော (Hypoglossal nerve) အတွင်းသို့ ထည့်သွင်းရန် ခွဲစိတ်မှု လိုအပ်သည်။ လှုံ့ဆော်မှု မြှင့်တင်ပေးခြင်းက လျှာကို လေပြွန်ပွင့်နေစေမည့် အနေအထားတွင် ရှိနေစေရန် ကူညီပေးသည်။ ထပ်ဆောင်းလေ့လာမှုများ ပိုမိုလိုအပ်ပါသည်။
  • လေပြွန်အသစ် ဖန်တီးခြင်း – လေပြွန်ဖောက်ခြင်း (Tracheostomy): အကယ်၍ အခြားသော ကုထုံးများက သင့်တွင် ပြင်းထန်ပြီး အသက်အန္တရာယ်ရှိသော အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းအတွက် အလုပ်မဖြစ်ပါက ဤခွဲစိတ်မှု အမျိုးအစားကို လိုအပ်နိုင်ပါသည်။ သင့်ခွဲစိတ်ဆရာဝန်သည် သင့်လည်ပင်းတွင် အပေါက်တစ်ခု ပြုလုပ်ပြီး သင်အသက်ရှူရန်အတွက် သတ္တု သို့မဟုတ် ပလတ်စတစ်ပြွန်တစ်ခုကို တပ်ဆင်ပေးပါလိမ့်မည်။

နေ့ဘက်တွင် အဆိုပါအပေါက်ကို ပိတ်ထားရမည် ဖြစ်သည်။ သို့သော် ညဘက်တွင်မူ လည်ချောင်းရှိ ပိတ်နေသော လေပြွန်ကို ဖြတ်သန်းသွားရန်မလိုဘဲ လေသည် သင့်အဆုတ်အတွင်းသို့ ဝင်ရောက်နိုင်၊ ထွက်နိုင်စေရန်အတွက် ၎င်းအပေါက်ကို ဖွင့်ထားရပါမည်။

လေပြွန်များကို ဖွင့်ပေးခြင်း သို့မဟုတ် ကျယ်စေခြင်းဖြင့် ခွဲစိတ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်း အနည်းငယ်သည် အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းကို ကုသရန်နှင့် ဟောက်ခြင်းကို လျှော့ချရန် ကူညီပေးနိုင်ပြီး ၎င်းတို့တွင် အာသီး သို့မဟုတ် အာခေါင်အနောက်ကျိတ်များကို ခွဲစိတ်ဖယ်ရှားခြင်းနှင့် ကိုယ်အလေးချိန် လျှော့ချရန်အတွက် ပြုလုပ်သော အဝလွန်ခြင်း ခွဲစိတ်ကုသမှု (Bariatric surgery) တို့ ပါဝင်သည်။

CSA အတွက် ကုထုံးများ (Therapies for CSA)

  • ဆက်စပ်နေသော ကျန်းမာရေး ပြဿနာများကို ကုသခြင်း: ဦးနှောက်ကြောင့်ဖြစ်သော အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း၏ အကြောင်းအရင်းများ ဖြစ်နိုင်သည့် နှလုံး သို့မဟုတ် အာရုံကြောကြွက်သားဆိုင်ရာ ပြဿနာများကို ကုသခြင်းက အထောက်အကူ ဖြစ်နိုင်ပါသည်။ ထို့အပြင် ထပ်ဆောင်းအောက်ဆီဂျင် ပေးခြင်း၊ CPAP၊ BPAP နှင့် လိုက်လျောညီထွေရှိသော စက်မှုလေပြွန်အသက်ရှူစက် (Adaptive servo–ventilation – ASV) တို့ကိုလည်း CSA အတွက် ကုသမှုများအဖြစ် အသုံးပြုနိုင်ပါသည်။
  • ဆေးဝါးများ ပြောင်းလဲခြင်း: သင့်အသက်ရှူခြင်းကို ထိန်းညှိပေးရန် ကူညီရန်အတွက် အဆက်တာဇိုလာမိုက် (Acetazolamide) သို့မဟုတ် အခြားဆေးဝါးများကို ပေးနိုင်ပါသည်။ အကယ်၍ အိုပီယွိုက် (Opioids) ကဲ့သို့သော ဆေးဝါးများက သင့် CSA ကို ပိုမိုဆိုးရွားစေပါက သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူက သင့်ဆေးဝါးများကို ညှိနှိုင်းပြောင်းလဲပေးနိုင်ပါသည်။
  • ထပ်ဆောင်းအောက်ဆီဂျင် ပေးခြင်း (Supplemental oxygen): သင့်တွင် ဦးနှောက်ကြောင့်ဖြစ်သော အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း ရှိပါက သင်အိပ်ပျော်နေစဉ်အတွင်း ထပ်ဆောင်းအောက်ဆီဂျင်ကို အသုံးပြုခြင်းက အကျိုးရှိနိုင်ပါသည်။ သင့်အဆုတ်ထဲသို့ အောက်ဆီဂျင် ပံ့ပိုးပေးသော ကိရိယာ အမျိုးအစားအမျိုးမျိုး ရှိပါသည်။
  • လိုက်လျောညီထွေရှိသော စက်မှုလေပြွန်အသက်ရှူစက် (Adaptive Servo–Ventilation – ASV): ဤခေတ်မီဆန်းသစ်သော လေစီးဆင်းမှု ကိရိယာသည် သင့်ပုံမှန် အသက်ရှူပုံစံကို မှတ်သားပြီး ၎င်းဒေတာများကို ထည့်သွင်းထားသော ကွန်ပျူတာအတွင်း သိမ်းဆည်းထားသည်။ ဤကိရိယာသည် သင်အိပ်ပျော်သွားပြီးနောက် သင့်အသက်ရှူပုံစံကို ထိန်းညှိရန်နှင့် အသက်ရှူရပ်တန့်မှုများကို ကာကွယ်ရန်အတွက် လေဖိအားကို အသုံးပြုပါသည်။

ကုသမှုကြောင့် ဖြစ်ပေါ်လာသော အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း ခံစားရသူ အချို့သည် ASV မှ အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ ဦးနှောက်ကြောင့်ဖြစ်သော အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းကို အဓိကခံစားနေရသည့် ပြင်းထန်သော နှလုံးပျက်စီးခြင်း ဝေဒနာရှိသူများအတွက်မူ ASV ကို အသုံးပြုရန် မအကြံပြုပါ။

Doctors who treat this condition