အကျဉ်းချုပ်

အရေပြားကင်ဆာဆိုသည်မှာ ပုံမှန်မဟုတ်သော အရေပြားဆဲလ်များ လျင်မြန်စွာ ကြီးထွားလာခြင်း ဖြစ်သည်။ အရေပြားကင်ဆာဖြစ်ရသည့် အဓိကအကြောင်းရင်းမှာ နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည် (UV) နှင့် အလွန်အကျွံ ထိတွေ့ခြင်းကြောင့် ဖြစ်သော်လည်း အခြေအနေတိုင်းတွင်မူ မဟုတ်ပါ။

အရေပြားကင်ဆာ အဓိက အမျိုးအစား သုံးမျိုးမှာ အောက်ပါအတိုင်း ဖြစ်သည်-

  • Basal Cell Carcinoma: ကမ္ဘာပေါ်တွင် အဖြစ်အများဆုံး အရေပြားကင်ဆာ အမျိုးအစားဖြစ်သည်။ Basal ဆဲလ်များမှ စတင်ဖြစ်ပွားပြီး များသောအားဖြင့် ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့သော နေရာများတွင် ဖြစ်ပွားတတ်သည်။
  • Squamous Cell Carcinoma: Squamous ဆဲလ်များမှ စတင်ဖြစ်ပွားသော ကင်ဆာအမျိုးအစားဖြစ်ပြီး ခရမ်းလွန်ရောင်ခြည်နှင့် အလွန်အကျွံ ထိတွေ့ခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။
  • Melanoma (မှဲ့ကင်ဆာ): အရေပြားကင်ဆာ အမျိုးအစားများထဲတွင် အန္တရာယ်အရှိဆုံး ဖြစ်သည်။ ၎င်းသည် မယ်လနင် (Melanin) ထုတ်ပေးသော ဆဲလ်များ (Melanocytes) မှ စတင်သည်။ ကုသမှုမခံယူဘဲ ထားရှိပါက ခန္ဓာကိုယ်၏ အခြားအင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်သည်။

ခရမ်းလွန်ရောင်ခြည်နှင့် အလွန်အကျွံ ထိတွေ့မှုကို ရှောင်ကြဉ်ခြင်း သို့မဟုတ် လျှော့ချခြင်းသည် အရေပြားကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပြီး နေလောင်ကာခရမ် (Sunscreen) အသုံးပြုခြင်းကလည်း အရေပြားကို ကာကွယ်ပေးနိုင်သည်။ အရေပြားကင်ဆာကို အစောပိုင်းအဆင့်တွင် ရောဂါရှာဖွေတွေ့ရှိပါက ကုသရန် အလားအလာ အကောင်းဆုံးဖြစ်သည်။

ရောဂါလက္ခဏာများ

အရေပြားကင်ဆာ၏ လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်သည်-

Basal Cell Carcinoma သည် များသောအားဖြင့် ဦးခေါင်း၊ လည်ပင်း၊ လက်မောင်း၊ လက်နှင့် ခြေထောက်တို့ကဲ့သို့ ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့သော နေရာများတွင် ဖြစ်ပွားတတ်သည်။

  • ပုလဲကဲ့သို့ ပြောင်လက်နေသော သို့မဟုတ် ဖယောင်းကဲ့သို့သော အဖုများ။
  • အရေပြားအရောင် သို့မဟုတ် အညိုရောင်ရှိသော အမာရွတ်ကဲ့သို့ အကွက်များ။
  • အနားသတ် ရှင်းလင်းမှုမရှိသော အဖြူရောင်၊ ဖယောင်းကဲ့သို့သော အမာရွတ်ပုံစံ အကွက်များ။
  • သွေးထွက်ခြင်း သို့မဟုတ် အနာဖေးတက်သော်လည်း ပျောက်ကင်းမသွားသော အနာများ။

Squamous Cell Carcinoma ကို မျက်နှာ၊ နားနှင့် လက်များကဲ့သို့ နေရောင်ခြည်နှင့် ထိတွေ့သော နေရာများတွင် တွေ့ရတတ်သည်။ အသားညိုသူများတွင် ခရမ်းလွန်ရောင်ခြည်နှင့် မထိတွေ့သော နေရာများ၌ပင် ဖြစ်ပွားနိုင်သည်။

  • မာကျောပြီး နီမြန်းသော အဖုများ။
  • ပြားချပ်ပြီး အကြေးခွံကဲ့သို့သော အကွက်များ။
  • အနာများ ဟက်တက်ကွဲခြင်း။
  • အရေပြားထူလာခြင်း သို့မဟုတ် ကြွက်နို့ကဲ့သို့ ဖြစ်လာခြင်း။

Melanoma သည် ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်ပွားနိုင်ပြီး နေရောင်ခြည်နှင့် အမြဲမထိတွေ့သော နေရာများတွင်လည်း ဖြစ်ပေါ်တတ်သည်။

  • အမည်းစက်များ ပါဝင်သော အညိုရောင်အစက်အပြောက်များ။
  • နာကျင်ခြင်း၊ ယားယံခြင်း သို့မဟုတ် ပူစပ်ပူလောင် ဖြစ်ခြင်း။
  • မှဲ့၏ အရောင်၊ အရွယ်အစား ပြောင်းလဲလာခြင်း သို့မဟုတ် သွေးထွက်ခြင်း။

မိမိ၏ အရေပြားတွင် ပြောင်းလဲမှု တစ်စုံတစ်ရာ သို့မဟုတ် အထက်ပါ လက္ခဏာများကို သတိပြုမိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဖြစ်ပွားရခြင်း အကြောင်းရင်းများ

အရေပြားဆဲလ်များရှိ ဒီအန်အေ (DNA) ဖောက်ပြန်ပြောင်းလဲသောအခါ အရေပြားကင်ဆာ ဖြစ်ပွားသည်။ နေရောင်ခြည် သို့မဟုတ် အသားညိုစက် (Tanning beds) များမှ ခရမ်းလွန်ရောင်ခြည်နှင့် အလွန်အကျွံ ထိတွေ့ခြင်းကြောင့် ဒီအန်အေ ပျက်စီးကာ ဆဲလ်များ ပုံမှန်မဟုတ်ဘဲ ကြီးထွားလာပြီး ကင်ဆာအကျိတ် ဖြစ်လာခြင်း ဖြစ်သည်။ အဆိပ်အတောက် ဖြစ်စေသော ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း သို့မဟုတ် ကိုယ်ခံအားစနစ် အားနည်းခြင်းတို့ကလည်း ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေသည်။

ဖြစ်ပွားနိုင်ခြေရှိသော အချက်များ

  • မိသားစု ရာဇဝင်: မိဘ သို့မဟုတ် မောင်နှမထဲတွင် အရေပြားကင်ဆာ ဖြစ်ဖူးသူရှိပါက ဖြစ်ပွားနိုင်ခြေ ပိုများသည်။
  • ခရမ်းလွန်ရောင်ခြည်နှင့် အလွန်အကျွံ ထိတွေ့ခြင်း: နေလောင်ကာခရမ် မသုံးဘဲ နေပူထဲတွင် အလုပ်လုပ်ခြင်း သို့မဟုတ် ကစားခြင်းတို့ကြောင့် ခရမ်းလွန်ရောင်ခြည်နှင့် အလွန်အကျွံ ထိတွေ့သူများ။
  • နေလောင်ဖူးသော ရာဇဝင်: အရေပြား နေလောင်လွယ်ခြင်းနှင့် နေလောင်၍ အရည်ကြည်ဖု ထွက်ဖူးသူများ။
  • ပူပြင်းသော ရာသီဥတု သို့မဟုတ် မြေမြင့်ဒေသတွင် နေထိုင်ခြင်း: ပတ်ဝန်းကျင် အပူချိန် မြင့်မားသော နေရာနှင့် ခရမ်းလွန်ရောင်ခြည် ပိုမိုကျရောက်သော နေရာတွင် နေထိုင်သူများ။
  • အသားအရေ: မည်သည့် အသားအရောင်ရှိသူမဆို ကင်ဆာဖြစ်နိုင်သော်လည်း အသားဖြူသူများသည် ခရမ်းလွန်ရောင်ခြည် ဒဏ်ကို ကာကွယ်နိုင်စွမ်း နည်းပါးသဖြင့် ပိုမိုဖြစ်ပွားနိုင်ခြေ ရှိသည်။
  • မှဲ့များ: မှဲ့အလွန်များသူများ သို့မဟုတ် ပုံစံမမှန်သော မှဲ့ (Dysplastic nevi) ရှိသူများ။ ပုံစံမမှန်သော မှဲ့များမှ သွေးထွက်ပါက ဆရာဝန်နှင့် အမြန်ပြသသင့်သည်။
  • ကိုယ်ခံအားစနစ် အားနည်းခြင်း: ကိုယ်ခံအား အားနည်းသူများ သို့မဟုတ် ကိုယ်ခံအား ထိန်းညှိဆေးများ သောက်နေရသူများ။

ရောဂါရှာဖွေခြင်း (Diagnosis)

မိမိတွင်ရှိပြီးသားမှဲ့များ ပြောင်းလဲလာခြင်း၊ အရေပြားအသစ်များ ပုံမှန်မဟုတ်ဘဲ ကြီးထွားလာခြင်း သို့မဟုတ် အရေပြားပေါ်တွင် အစက်အပြောက်များ ဖြစ်ပေါ်လာခြင်းတို့ရှိပါက ဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါသည်။

  • အရေပြားကို စစ်ဆေးခြင်း (Skin examination): အထူးကုဆရာဝန်သည် အရေပြားတွင် ပြောင်းလဲမှု တစ်စုံတစ်ရာ ရှိ၊ မရှိ ဆန်းစစ်ပါမည်။
  • အရေပြား အသားစယူခြင်း (Skin biopsy): ဆရာဝန်သည် ပုံမှန်မဟုတ်သော အရေပြားအစိတ်အပိုင်းကို ခွဲစိတ်ဖယ်ရှားပြီး ရောဂါဗေဒဓာတ်ခွဲခန်းသို့ ပေးပို့ကာ ကင်ဆာ ဟုတ်၊ မဟုတ်နှင့် အမျိုးအစားကို ခွဲခြားစစ်ဆေးပါမည်။
  • ပုံရိပ်ဖော် စစ်ဆေးခြင်းများ (Diagnostic Imaging Procedure): ပက်စကင် (PET)၊ စီတီစကင် (CT) နှင့် အမ်အာအိုင် (MRI) တို့ ပါဝင်သည်။ ဤစစ်ဆေးမှုများသည် ကင်ဆာအဆင့်ကို သတ်မှတ်ရန်အတွက် ပြုလုပ်ခြင်းဖြစ်သည်။

အရေပြားကင်ဆာဖြစ်ကြောင်း အတည်ပြုပြီးနောက် တိကျသော ကုသမှုအစီအစဉ် ချမှတ်နိုင်ရန် ကင်ဆာအဆင့်ကို ဆက်လက်သတ်မှတ်ပါမည်။ ကင်ဆာအဆင့်ကို ရောမဂဏန်း (I) မှ (IV) အထိ သတ်မှတ်ပြီး အဆင့်နိမ့်ပါက ကင်ဆာသည် သေးငယ်ပြီး တစ်နေရာတည်း၌သာ ရှိနေခြင်းကို ဆိုလိုသည်။ အဆင့်အမြင့်ဆုံးဖြစ်သော အဆင့် (IV) မှာမူ ကင်ဆာသည် ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး ရင့်နေပြီဖြစ်ကြောင်း ညွှန်ပြသည်။

ကုသမှု (Treatment)

ကုသမှုနည်းလမ်းများသည် ကင်ဆာအဆင့်အပေါ် မူတည်ပါသည်။ ကင်ဆာအမျိုးအစား၊ အရွယ်အစား၊ အနက်နှင့် တည်နေရာတို့သည် ကုသမှုရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များဖြစ်သည်။ ကုသမှုနည်းလမ်းများကို အထူးကုဆရာဝန်နှင့် ဆွေးနွေးနိုင်ပါသည်။

အကယ်၍ ကင်ဆာသည် သေးငယ်ပြီး အရေပြားအပေါ်ယံလွှာတွင်သာ ရှိနေပါက အသားစယူစစ်ဆေးခြင်း (Biopsy) ပြုလုပ်ရုံဖြင့် ကင်ဆာတစ်ရှူးအားလုံးကို ဖယ်ရှားပြီးသား ဖြစ်သွားနိုင်ပါသည်။

ခွဲစိတ်ကုသခြင်း (Surgery)

  • အေးခဲစေခြင်း (Freezing): အစောပိုင်းအဆင့် အရေပြားကင်ဆာအချို့ကို အရည်နိုက်ထရိုဂျင် (Liquid nitrogen) ဖြင့် အေးခဲစေပြီး ဖျက်ဆီးသော နည်းလမ်းဖြစ်သည်။
  • ခွဲစိတ်ဖယ်ရှားခြင်း (Excisional surgery): ကင်ဆာဖြစ်နေသော တစ်ရှူးနှင့် ၎င်း၏ပတ်ဝန်းကျင်ရှိ ကျန်းမာသော အရေပြားအချို့ကိုပါ ခွဲစိတ်ဖယ်ရှားခြင်းဖြစ်သည်။
  • Mohs surgery: ကြီးမားသော၊ ပြန်ဖြစ်တတ်သော သို့မဟုတ် ကုသရန်ခက်ခဲသော ကင်ဆာများအတွက် အသုံးပြုသည်။ ကျန်းမာသော တစ်ရှူးများကို အနည်းဆုံးသာ ဖယ်ရှားပြီး ကင်ဆာဆဲလ်များကိုသာ တိကျစွာ ဖယ်ရှားသည့် နည်းလမ်းဖြစ်သည်။
  • Curettage and electrodesiccation: ကိရိယာတစ်ခုဖြင့် ကင်ဆာအကျိတ်ကို ခြစ်ထုတ်ပြီးနောက် အပ်တစ်ချောင်းကို အသုံးပြု၍ ကျန်ရှိနေသော ကင်ဆာဆဲလ်များကို ဖျက်ဆီးသည့် နည်းလမ်းဖြစ်သည်။

ဆေးသွင်းကုသခြင်းနှင့် အခြားနည်းလမ်းများ

  • ဆေးသွင်းကုသခြင်း (Chemotherapy): ကင်ဆာဆဲလ်များကို သတ်ရန် ဆေးဝါးများကို အသုံးပြုခြင်းဖြစ်သည်။ အရေပြားအပေါ်ယံလွှာအတွက် ကင်ဆာဆန့်ကျင်ရေး လိမ်းဆေးများကို အသုံးပြုနိုင်သော်လည်း ကင်ဆာသည် အခြားနေရာသို့ ပျံ့နှံ့သွားပါက တစ်ကိုယ်လုံးစာ ဆေးသွင်းကုသမှု (Systemic chemotherapy) ကို အသုံးပြုရပါမည်။
  • ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation Therapy): ခွဲစိတ်မှုဖြင့် ကင်ဆာဆဲလ်အားလုံးကို မဖယ်ရှားနိုင်သည့် အခြေအနေမျိုးတွင် အသုံးပြုရန် အကြံပြုလေ့ရှိသည်။
  • အလင်းဖြင့် ကုသခြင်း (Photodynamic therapy): လေဆာအလင်းနှင့် ဆေးဝါးများကို ပေါင်းစပ်၍ ကင်ဆာဆဲလ်များကို ဖျက်ဆီးသော နည်းလမ်းဖြစ်သည်။ ၎င်းသည် ကျန်းမာသော ဆဲလ်များကို မထိခိုက်စေဘဲ ကင်ဆာမဖြစ်မီ အခြေအနေရှိသော ဆဲလ်များကို ဖျက်ဆီးရန် ကူညီပေးသည်။

 

Doctors who treat this condition