အူသိမ်တိုခြင်း လက္ခဏာစု အကြောင်း သိကောင်းစရာ

အူသိမ်တိုခြင်း လက္ခဏာစု (Short bowel syndrome သို့မဟုတ် short gut syndrome) ဆိုသည်မှာ အူသိမ်အစိတ်အပိုင်းတစ်ခုခု ချို့တဲ့နေခြင်း သို့မဟုတ် ကောင်းမွန်စွာ အလုပ်မလုပ်ခြင်းကြောင့် ခန္ဓာကိုယ်က လိုအပ်သော အရည်များနှင့် အာဟာရဓာတ်များကို လုံလောက်စွာ မစုပ်ယူနိုင်သည့် ရောဂါအခြေအနေတစ်ခု ဖြစ်သည်။ ဤရောဂါကို ကုသမှုမခံယူပါက အသက်အန္တရာယ် စိုးရိမ်ရနိုင်သည်။

အူသိမ်သည် အစားအစာများမှ အရည်၊ ပရိုတင်း၊ ကာဘိုဟိုက်ဒရိတ်၊ အဆီ၊ ဗီတာမင်နှင့် သတ္တုဓာတ်များကို စုပ်ယူပေးသည့် အစာခြေစနစ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အူသိမ်တွင် တစ်စုံတစ်ရာ ပြောင်းလဲမှုရှိလာပါက သို့မဟုတ် ထိခိုက်ပျက်စီးသွားပါက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော ဤအာဟာရဓာတ်များကို စုပ်ယူနိုင်စွမ်းအပေါ် သက်ရောက်မှုရှိစေသည်။ အူသိမ်တိုခြင်း လက္ခဏာစုတွင် အခြားသော ကျန်းမာရေးအခြေအနေများကြောင့် အူသိမ်အစိတ်အပိုင်းအချို့ကို ခွဲစိတ်ဖယ်ရှားလိုက်ရခြင်း ဖြစ်နိုင်သလို၊ မွေးရာပါ အူသိမ်တိုခြင်း သို့မဟုတ် ထိခိုက်ပျက်စီးနေသည့် အူသိမ်ပါလာခြင်းကြောင့် ခွဲစိတ်ဖယ်ရှားလိုက်ရသည့် ကလေးငယ်များတွင်လည်း ဖြစ်ပွားနိုင်သည်။

အူသိမ်တိုခြင်း လက္ခဏာစုသည် ကလေးငယ်တစ်ဦးအတွက် တစ်သက်တာလုံး ဖြစ်ပွားမည့် အခြေအနေ သို့မဟုတ် ရေတိုအခြေအနေလည်း ဖြစ်နိုင်သည်။ ကုသမှုတွင် များသောအားဖြင့် အထူးစီမံထားသော အစားအစာများ ကျွေးမွေးခြင်း၊ အာဟာရဖြည့်စွက်စာများ ပေးခြင်းနှင့် အာဟာရချို့တဲ့မှုကို ကာကွယ်ရန် သွေးပြန်ကြောမှတစ်ဆင့် အာဟာရဓာတ်များ တိုက်ရိုက်သွင်းပေးခြင်း (parenteral nutrition) တို့ ပါဝင်သည်။ အချို့သော အခြေအနေများတွင် ခွဲစိတ်ကုသမှုကိုလည်း ထည့်သွင်းစဉ်းစားနိုင်သည်။

ရောဂါလက္ခဏာများ

နို့စို့ကလေးများနှင့် ကလေးငယ်များတွင် အူသိမ်တိုခြင်း လက္ခဏာစု၏ အဖြစ်အများဆုံး လက္ခဏာမှာ ဝမ်းပျော့ပျော့ သို့မဟုတ် ရေဝမ်းသွားခြင်း (ဝမ်းလျှောခြင်း) ဖြစ်သည်။ အခြားအဖြစ်များသော လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ဖွံ့ဖြိုးမှုနှေးကွေးခြင်းနှင့် အာဟာရချို့တဲ့ခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • ကိုယ်အလေးချိန်ကျဆင်းခြင်း
  • လေပွခြင်း
  • အလွန်အမင်း လေထိုးလေအောင့်ဖြစ်ခြင်း
  • နံစော်ပြီး အဆီပြန်သော ဝမ်းများသွားခြင်း
  • ခြေဖဝါးနှင့် ခြေထောက်များ ဖောရောင်ခြင်း

ဖြစ်ပွားရသည့် အကြောင်းရင်းများ

အူသိမ်တိုခြင်း လက္ခဏာစုသည် အူသိမ်တိုနေခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ၎င်းက အစားအစာများကို ခြေဖျက်ရန်နှင့် စုပ်ယူရန် ခန္ဓာကိုယ်၏ စွမ်းဆောင်ရည်ကို ထိခိုက်စေသည်။ ဤသို့ဖြစ်ရခြင်းတွင် အဓိကအချက်များ ရှိသည်။

  • မွေးရာပါ အူသိမ်ကြီးထွားမှု ပုံမှန်မဟုတ်ခြင်း – အချို့သောကလေးများသည် အူသိမ်အစိတ်အပိုင်းအချို့ ချို့တဲ့လျက် သို့မဟုတ် ပျက်စီးလျက် မွေးဖွားလာခြင်း သို့မဟုတ် အူသိမ်အပြည့်အဝ မဖွံ့ဖြိုးဘဲ မွေးဖွားလာခြင်းတို့ ဖြစ်သည်။
  • ခွဲစိတ်ကုသမှု ခံယူရခြင်း – အူသိမ်တိုခြင်း လက္ခဏာစုသည် ခရုန်းရောဂါ (Crohn’s disease)၊ ကင်ဆာရောဂါ၊ ထိခိုက်ဒဏ်ရာရရှိမှုများ သို့မဟုတ် သွေးခဲပိတ်ခြင်း စသည့် အခြားသောရောဂါဝေဒနာများကို ကုသရန်အတွက် အူသိမ်အစိတ်အပိုင်းအချို့ကို ခွဲစိတ်ဖယ်ရှားရခြင်း၏ နောက်ဆက်တွဲဆိုးကျိုးတစ်ခု ဖြစ်နိုင်သည်။

ရောဂါရှာဖွေခြင်း (Diagnosis)

အူသိမ်တိုခြင်း လက္ခဏာစုကို ရောဂါရှာဖွေရာတွင် လူနာ၏ ဆေးမှတ်တမ်းနှင့် မိသားစုရာဇဝင်များကို မေးမြန်းခြင်း၊ ကိုယ်ခန္ဓာကို စစ်ဆေးခြင်းနှင့် ရောဂါလက္ခဏာများနှင့် ဖြစ်ပွားရသည့် အကြောင်းအရင်းများကို သိရှိနိုင်ရန် စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ ပါဝင်သည်။

ပြုလုပ်ရန် လိုအပ်နိုင်သည့် စစ်ဆေးမှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • သွေးစစ်ခြင်း – ဤစစ်ဆေးမှုသည် ခန္ဓာကိုယ်တွင်းရှိ အာဟာရဓာတ် ပမာဏများ၊ အထူးသဖြင့် သွေးဆဲလ်အရေအတွက် (blood counts)၊ သွေးတွင်းဓာတုဗေဒ အခြေအနေများနှင့် ဗီတာမင် ပမာဏများကို စစ်ဆေးနိုင်သည်။
  • ဝမ်းတွင်းအဆီဓာတ် စစ်ဆေးခြင်း (Fecal fat test)
  • ပုံရိပ်ဖော် စစ်ဆေးခြင်းများ – အူလမ်းကြောင်းအတွင်း ပိတ်ဆို့မှုများ သို့မဟုတ် ပြောင်းလဲမှုများကို သိရှိနိုင်ရန် ကွန်ထရက်စ်ဆေးရည် (contrast material) အသုံးပြု၍ ဓာတ်မှန်ရိုက်ခြင်း (Barium X-rays ဟု လူသိများသည်။)၊ စီတီစကင်ဖတ်ခြင်း (CT scans)၊ အမ်အာရ်အိုင် စကင်ဖတ်ခြင်း (MRI scans) နှင့် CT သို့မဟုတ် MRI အူလမ်းကြောင်းပုံရိပ်ဖော်ခြင်း (enterography) တို့ကို ပြုလုပ်နိုင်သည်။

ကုသခြင်း (Treatment)

ကလေးငယ်များတွင် ဖြစ်ပွားသော အူသိမ်တိုခြင်း လက္ခဏာစုကို ကုသရာတွင် ကလေးငယ်များအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များ ရရှိစေရန်နှင့် ဝေဒနာများကို သက်သာစေရန် အဓိကထား ဆောင်ရွက်သည်။ ၎င်းတွင် များသောအားဖြင့် အစားအသောက်ပုံစံ ပြောင်းလဲခြင်း၊ ဆေးဝါးများ အသုံးပြုခြင်းနှင့် အချို့သော အခြေအနေများတွင် ခွဲစိတ်ကုသမှုကို ရွေးချယ်ခြင်းတို့ ပါဝင်သည်။ ကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်များသည် ကလေး၏ စိတ်ကြိုက်ရွေးချယ်မှု၊ အူသိမ်၏ ထိခိုက်ပျက်စီးသွားသော သတ်မှတ်အစိတ်အပိုင်းများနှင့် အူမကြီး ပျက်စီးမှု ရှိ၊ မရှိ စသည့်အချက်များအပေါ် မူတည်သည်။

ကုသမှုဆိုင်ရာ ရွေးချယ်စရာများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • အာဟာရဆိုင်ရာ ကုထုံး (Nutritional therapy) – ကလေး၏ အစားအသောက်ပုံစံကို ညှိနှိုင်းပေးခြင်းနှင့် ၎င်းတို့၏ အာဟာရအခြေအနေကို အနီးကပ် စောင့်ကြည့်ခြင်းသည် အူသိမ်တိုခြင်း လက္ခဏာစုကို ကုသရာတွင် အဓိကသော့ချက် ဖြစ်သည်။ အစားအသောက် ပြောင်းလဲမှုများတွင် အချို့သော အဆီ၊ သကြားနှင့် အမျှင်ဓာတ်များကို ရှောင်ကြဉ်ပြီး မရှိမဖြစ် အာဟာရဓာတ်များ ကြွယ်ဝသည့် ကယ်လိုရီမြင့်မားသော အစားအစာများကို နည်းနည်းနှင့် ခဏခဏ ကျွေးမွေးခြင်းတို့ ပါဝင်နိုင်သည်။ ၎င်းတို့သည် သတ်မှတ်ထားသော အစားအသောက်ပုံစံကို လိုက်နာရမည့်အပြင် အာဟာရဖြည့်စွက်စာများကိုလည်း မှီဝဲရမည်။

ပိုမိုပြင်းထန်သော အခြေအနေများတွင် အစာပိုက်ဖြင့် အာဟာရကျွေးခြင်း (enteral nutrition) လိုအပ်နိုင်ပြီး ၎င်းသည် ခွဲစိတ်မှုပြုလုပ်၍သော်လည်းကောင်း၊ နှာခေါင်းမှတစ်ဆင့်သော်လည်းကောင်း အစာအိမ် သို့မဟုတ် အူသိမ်ထဲသို့ တိုက်ရိုက်ပိုက်သွင်းကာ အာဟာရဓာတ်များ ပေးပို့ခြင်း ဖြစ်သည်။ အခြားရွေးချယ်စရာတစ်ခုမှာ အစာခြေစနစ်ကို ကျော်ဖြတ်ပြီး အထူးပိုက်လိုင်း (catheter) မှတစ်ဆင့် သွေးကြောထဲသို့ အာဟာရဓာတ်များ တိုက်ရိုက်ထည့်သွင်းပေးသည့် အကြောဆေးဖြင့် အာဟာရအပြည့်အဝပေးခြင်း (total parenteral nutrition – TPN) ဖြစ်သည်။

  • ဆေးဝါးများ – အူသိမ်အတွင်း ဗက်တီးရီးယားများ အလွန်အမင်း ပွားများခြင်းကို ကာကွယ်ရန် ပဋိဇီဝဆေးများ (Antibiotics) ကို အလှည့်ကျစနစ်ဖြင့် အသုံးပြုနိုင်ပြီး၊ အစာအိမ်အက်ဆစ် လျှော့ချရန်အတွက် proton pump inhibitors နှင့် H2 blockers ဆေးဝါးများကို အသုံးပြုနိုင်သည်။ ဝမ်းလျှောခြင်းကို သက်သာစေရန် သည်းခြေဆားဓာတ်ကို ချည်နှောင်ပေးသောဆေးများ (Bile-salt binders) ကို ညွှန်ကြားလေ့ရှိပြီး အာဟာရစုပ်ယူမှုကို မြှင့်တင်ရန် ကြီးထွားဟော်မုန်းများ (growth hormones) ကိုလည်း ပေးနိုင်သည်။ ထို့အပြင် အူလမ်းကြောင်းအတွင်း အစားအစာများ ရွေ့လျားမှုကို နှေးကွေးစေရန် အူလှုပ်ရှားမှုလျှော့ချပေးသော ဆေးဝါးများကိုလည်း အသုံးပြုသည်။ ဤဆေးဝါးများကို အစားအသောက်ဆိုင်ရာ ပံ့ပိုးမှုများအပြင် ထပ်ဆောင်း၍ ညွှန်ကြားနိုင်ပါသည်။
  • ခွဲစိတ်ကုသခြင်း – ခွဲစိတ်ကုသမှုသည် ကလေးငယ်အတွက် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပြီး ၎င်းတို့မှာ အူသိမ်အလျားကို ရှည်စေခြင်း၊ အူလမ်းကြောင်း အချင်းကို ကျဉ်းစေခြင်းဖြင့် ဗက်တီးရီးယားများ အလွန်အမင်း ပွားများနိုင်ခြေကို လျှော့ချပေးခြင်း၊ အူပိတ်ဆို့ခြင်းကို ကာကွယ်ပေးခြင်း၊ အူလမ်းကြောင်းအတွင်း အစားအစာများ ကြေပျက်သည့်နှုန်းကို နှေးကွေးစေခြင်းနှင့် အာဟာရကျွေးသည့် ပိုက်ထည့်သွင်းရလွယ်ကူစေခြင်းတို့ ဖြစ်သည်။ အူသိမ်အစားထိုးကုသခြင်း (Small bowel transplantation – SBT) ကိုလည်း ရွေးချယ်စရာတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားနိုင်သည်။

အူသိမ်တိုခြင်း လက္ခဏာစုအတွက် ကုသမှုတိုင်းတွင် ဖြစ်လာနိုင်သော နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးများ ရှိသည်။ ဥပမာအားဖြင့် ခွဲစိတ်ကုသမှုသည် ခွဲစိတ်ပြီးနောက်ပိုင်း ပိုးဝင်ခြင်းကို ဖြစ်စေနိုင်သည်။ အကြောဆေးဖြင့် အာဟာရအပြည့်အဝပေးခြင်း (TPN) သည် ယေဘုယျအားဖြင့် စိတ်ချရသည်ဟု ယူဆရသော်လည်း အသည်းရောဂါကဲ့သို့သော နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်ရန်အတွက် စေ့စပ်သေချာသော ဂရုစိုက်မှုနှင့် အနီးကပ်စောင့်ကြည့်မှုများ လိုအပ်သည်။

Doctors who treat this condition