လိင်မှုကိစ္စနှင့်ဆက်စပ်သော ခေါင်းကိုက်ခြင်း
လိင်မှုကိစ္စနှင့်ဆက်စပ်သော ခေါင်းကိုက်ခြင်း အကြောင်း သိကောင်းစရာ
တချို့သောအခြေအနေများတွင် လိင်မှုကိစ္စဆောင်ရွက်ခြင်း၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာအထွတ်အထိပ်ရောက်ချိန်တွင် ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါသည်။ လိင်စိတ်ကြွမှုတိုးလာသည်နှင့်အမျှ ခေါင်းနှင့် လည်ပင်းတွင် တဆစ်ဆစ်ကိုက်ခဲမှုကို ခံစားရနိုင်သည် သို့မဟုတ် လိင်ပိုင်းဆိုင်ရာအထွတ်အထိပ်သို့ မရောက်မီ (သို့မဟုတ်) ရောက်နေစဉ်အတွင်း ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်းကို ခံစားရနိုင်ပါသည်။ လိင်မှုကိစ္စနှင့်ဆက်စပ်သော ခေါင်းကိုက်ခြင်းအများစုမှာ စိုးရိမ်စရာမရှိသော်လည်း အချို့မှာ ဦးနှောက်သို့ သွေးထောက်ပံ့ပေးသော သွေးကြောဆိုင်ရာ ပြဿနာများကဲ့သို့သော ပိုမိုပြင်းထန်သည့် အခြေအနေများကို ညွှန်ပြနေနိုင်ပါသည်။
ရောဂါလက္ခဏာများ
လိင်မှုကိစ္စနှင့်ဆက်စပ်သော ခေါင်းကိုက်ခြင်း နှစ်မျိုးရှိပါသည်-
- လိင်ပိုင်းဆိုင်ရာ နိုးကြားမှုမြင့်တက်လာသည်နှင့်အမျှ ပိုဆိုးလာတတ်သော ခေါင်းနှင့် လည်ပင်းရှိ တဆစ်ဆစ်နာကျင်ခြင်း။
- လိင်ပိုင်းဆိုင်ရာအထွတ်အထိပ်သို့ မရောက်မီ (သို့) ရောက်နေစဉ်အတွင်း ရုတ်တရက် ပြင်းထန်စွာ တဒိတ်ဒိတ် ခေါင်းကိုက်ခြင်း။
အချို့သောကိစ္စရပ်များတွင် အထက်ပါခေါင်းကိုက်ခြင်း နှစ်မျိုးစလုံးကို ပူးတွဲခံစားရနိုင်ပါသည်။ ယင်းခေါင်းကိုက်ခြင်းများသည် များသောအားဖြင့် မိနစ်အနည်းငယ်ခန့်သာ ကြာတတ်သော်လည်း အချို့မှာ နာရီပေါင်းများစွာ သို့မဟုတ် ရက်အနည်းငယ်အထိ ကြာရှည်နိုင်ပါသည်။ ဤခေါင်းကိုက်ခြင်းကို ခံစားရသူအများစုသည် လအနည်းငယ်ကြာ မကြာခဏဖြစ်ပွားတတ်ပြီး ယင်းနောက်ပိုင်းတွင် ခေါင်းကိုက်ခြင်းလုံးဝမရှိသည့် ကာလရှည်ကြီးများကို ဖြတ်သန်းရတတ်ပါသည်။ ဤခေါင်းကိုက်ခြင်း ခံစားရသူများ၏ ထက်ဝက်ခန့်သည် ခြောက်လခန့်ကြာအောင် ခံစားရလေ့ရှိပါသည်။ အခြားသူများမှာမူ ဘဝတွင် တစ်ကြိမ်သာ ခံစားရနိုင်ပါသည်။
လိင်မှုကိစ္စနှင့်ဆက်စပ်သော ခေါင်းကိုက်ခြင်းများသည် ယေဘုယျအားဖြင့် စိုးရိမ်စရာမရှိသော်လည်း လိင်မှုကိစ္စပြုလုပ်နေစဉ်အတွင်း ခေါင်းကိုက်ပါက၊ အထူးသဖြင့် ရုတ်တရက်ဖြစ်ပေါ်လာလျှင် (သို့မဟုတ်) ထိုသို့ခေါင်းကိုက်ခြင်းကို ပထမဆုံးအကြိမ် ခံစားရခြင်းဖြစ်လျှင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ဆွေးနွေးရန် အလွန်အရေးကြီးပါသည်။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
လိင်မှုကိစ္စနှင့်ဆက်စပ်သော ခေါင်းကိုက်ခြင်းကို လိင်ပိုင်းဆိုင်ရာအထွတ်အထိပ်သို့ရောက်စေသော မည်သည့်လိင်မှုကိစ္စမျိုးကမဆို ဖြစ်ပေါ်စေနိုင်ပါသည်။
ရုတ်တရက် (သို့မဟုတ်) တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာသော ခေါင်းကိုက်ခြင်းများသည် အခြေခံကျန်းမာရေးပြဿနာတစ်ခုခုနှင့် ဆက်စပ်မှုမရှိသည့် သာမန်ခေါင်းကိုက်ရောဂါများသာ ဖြစ်နိုင်ပါသည်။ သို့သော် လိင်မှုကိစ္စနှင့် ဆက်စပ်၍ ရုတ်တရက်ဖြစ်ပေါ်လာသော ခေါင်းကိုက်ခြင်းများသည် အောက်ပါအခြေအနေများနှင့် ဆက်စပ်နေနိုင်ခြေပိုများပါသည်-
- ဦးနှောက်တွင်းရှိ သွေးလွှတ်ကြောနှင့် သွေးပြန်ကြောများကြား ပုံမှန်မဟုတ်သော ဆက်သွယ်မှုဖြစ်ပေါ်ခြင်း (arteriovenous malformation) ကြောင့် ဦးနှောက်နှင့် ဦးနှောက်တစ်ဝိုက်ရှိ ကျောရိုးအရည်များပြည့်နေသော နေရာသို့ သွေးယိုစိမ့်ခြင်း။
- ဦးခေါင်းအတွင်းရှိ သွေးလွှတ်ကြောနံရံ ကြီးထွားလာခြင်း (သို့မဟုတ်) ဖောင်းပွလာခြင်း (intracranial aneurysm)။
- ဦးနှောက်သို့ သွေးထောက်ပံ့ပေးသော သွေးလွှတ်ကြောနံရံ စုတ်ပြဲပြီး သွေးယိုစိမ့်ခြင်း။
- ဦးနှောက်သွေးလွှတ်ကြောများ ကျဉ်းမြောင်းသွားခြင်း (reversible cerebral vasoconstriction syndrome)။
- နှလုံးသွေးကြောကျဉ်းရောဂါ (CAD)။
- လေဖြတ်ခြင်း။
- အချို့သော ရောဂါပိုးဝင်မှုများကြောင့်ဖြစ်သော ရောင်ရမ်းခြင်းများ။
- ကိုယ်ဝန်တားဆေးများကဲ့သို့သော အချို့သော ဆေးဝါးများ။
သတိလစ်ခြင်း၊ အန်ခြင်း၊ လည်ပင်းတောင့်တင်းခြင်း၊ အခြားသော အာရုံကြောဆိုင်ရာ လက္ခဏာများ (သို့မဟုတ်) ၂၄ နာရီထက်ပို၍ ပြင်းထန်စွာနာကျင်ခြင်းတို့နှင့် တွဲဖက်ဖြစ်ပေါ်သော လိင်မှုကိစ္စနှင့်ဆက်စပ်သည့် ခေါင်းကိုက်ခြင်းများသည် အခြားသော ကိုယ်တွင်းရောဂါအခံတစ်ခုခုကြောင့် ဖြစ်ရန်ပိုများပါသည်။
Risk factors (အန္တရာယ်ရှိစေသော အချက်များ)
လိင်မှုကိစ္စနှင့်ဆက်စပ်သော ခေါင်းကိုက်ခြင်းသည် မည်သူ့ကိုမဆို ထိခိုက်စေနိုင်သော်လည်း အောက်ပါအချက်များသည် ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါသည်-
- လိင်အမျိုးအစား။ လိင်မှုကိစ္စနှင့်ဆက်စပ်သော ခေါင်းကိုက်ခြင်းသည် အမျိုးသားများတွင် ပို၍အဖြစ်များပါသည်။
- ခေါင်းတစ်ခြမ်းကိုက်ရောဂါ ရာဇဝင်ရှိခြင်း။ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်လေ့ရှိသူများတွင် လိင်မှုကိစ္စနှင့်ဆက်စပ်သော ခေါင်းကိုက်ခြင်း ပိုမိုဖြစ်ပွားနိုင်ခြေရှိပါသည်။
ရောဂါရှာဖွေခြင်း (Diagnosis)
သင့်ဆရာဝန်မှ အောက်ပါတို့ကို ပြုလုပ်ရန် အကြံပြုနိုင်ပါသည်-
ဦးနှောက်ကို ပုံရိပ်ဖော်စစ်ဆေးခြင်း
- သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI)။ MRI စစ်ဆေးမှုတွင် သံလိုက်စက်ကွင်းနှင့် ရေဒီယိုလှိုင်းများကို အသုံးပြု၍ ဦးနှောက်ဖွဲ့စည်းပုံကို အလွှာလိုက် ပုံရိပ်ဖော်ပေးပါသည်။ သင်ခံစားနေရသော ခေါင်းကိုက်ခြင်း၏ အခြေခံအကြောင်းရင်းများကို ရှာဖွေရာတွင် MRI က ကူညီပေးနိုင်ပါသည်။
- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT)။ CT စစ်ဆေးမှုသည် ခန္ဓာကိုယ်ကိုလှည့်လည်၍ X-ray စက်ကိုအသုံးပြုကာ ဦးနှောက်ကို အလွှာလိုက် ပုံရိပ်ဖော်ပေးပါသည်။ အချို့သောအခြေအနေများတွင်၊ အထူးသဖြင့် သင့်ခေါင်းကိုက်ခြင်းသည် လွန်ခဲ့သော 48 နာရီမှ 72 နာရီအတွင်း စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါက ဦးနှောက် CT စစ်ဆေးခြင်းကို ပြုလုပ်နိုင်ပါသည်။
- သံလိုက်ဓာတ်မှန်ဖြင့် သွေးကြောများကို ပုံရိပ်ဖော်စစ်ဆေးခြင်း (MRA) နှင့် ကွန်ပျူတာဓာတ်မှန်ဖြင့် သွေးကြောများကို ပုံရိပ်ဖော်စစ်ဆေးခြင်း (CT angiography)။ ဤစစ်ဆေးမှုများသည် ဦးနှောက်နှင့် လည်ပင်းအတွင်းရှိ သွေးကြောများအပြင် ၎င်းတို့ဆီသို့ သွားသော သွေးကြောများကိုပါ ပြသပေးပါသည်။
သွေးကြောအတွင်း ဆေးသွင်း၍ ပုံရိပ်ဖော်စစ်ဆေးခြင်း (Angiograms) သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူမှ လည်ပင်းနှင့် ဦးနှောက်အတွင်းရှိ သွေးလွှတ်ကြောများကို မြင်သာစေရန် ကူညီပေးသည့် ဦးနှောက်သွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း (cerebral angiogram) ကို အကြံပြုနိုင်ပါသည်။ ဤသို့ပြုလုပ်ရာတွင် သေးငယ်ပြီး ပျော့ပျောင်းသော ပြွန်ကို များသောအားဖြင့် ပေါင်ခြံဧရိယာမှစတင်၍ သွေးကြောအတွင်းသို့ ထည့်သွင်းပြီး လည်ပင်းရှိ သွေးလွှတ်ကြောဆီသို့ လမ်းညွှန်ပို့ဆောင်ပေးပါသည်။ ထို့နောက် အဆိုပါပြွန်မှတစ်ဆင့် ဆေးရည် (contrast agent) ကို ထည့်သွင်းပေးခြင်းဖြင့် လည်ပင်းနှင့် ဦးနှောက်အတွင်းရှိ သွေးလွှတ်ကြောများ၏ တိကျသော ပုံရိပ်များကို X-ray စက်ဖြင့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပါသည်။
ခါးရိုးဆစ်ဖောက်၍ အရည်စစ်ဆေးခြင်း (Spinal tap) အချို့သောကိစ္စရပ်များတွင်၊ အထူးသဖြင့် ခေါင်းကိုက်ခြင်းသည် ရုတ်တရက်စတင်ဖြစ်ပေါ်ပြီး ဦးနှောက်ပုံရိပ်ဖော်စစ်ဆေးမှုတွင် ပုံမှန်မဟုတ်သောအခြေအနေများကို မတွေ့ရှိရပါက ခါးရိုးဆစ်ဖောက်၍ အရည်စစ်ဆေးခြင်း (lumbar puncture) ကို ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။ ဤသို့ပြုလုပ်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကြီးကို ဝန်းရံထားသောအရည် (cerebrospinal fluid) နမူနာအနည်းငယ်ကို ထုတ်ယူမည်ဖြစ်ပါသည်။ ဤအရည်ကို စစ်ဆေးခြင်းဖြင့် သွေးယိုစိမ့်မှု (သို့မဟုတ်) ရောဂါပိုးဝင်ရောက်မှု လက္ခဏာများကို ဖော်ထုတ်ရာတွင် ကူညီပေးနိုင်ပါသည်။
ကုသခြင်း (Treatment)
အချို့သောအခြေအနေများတွင် သင်၏ပထမဆုံး လိင်မှုကိစ္စနှင့်ဆက်စပ်သော ခေါင်းကိုက်ခြင်းသည် သင်၏နောက်ဆုံးအကြိမ်လည်း ဖြစ်နိုင်ပါသည်။ အချို့သော လိင်မှုကိစ္စနှင့်ဆက်စပ်သည့် ခေါင်းကိုက်ခြင်းများသည် လျင်မြန်စွာ သက်သာလာတတ်ပြီး အကိုက်အခဲပျောက်ဆေးများ အာနိသင်မပြမီမှာပင် နာကျင်မှုများ လျော့ကျသွားတတ်ပါသည်။
ကြိုတင်ကာကွယ်သော ဆေးဝါးများ အကယ်၍ သင့်တွင် လိင်မှုကိစ္စနှင့်ဆက်စပ်သော ခေါင်းကိုက်သည့် ရာဇဝင်ရှိပြီး အခြားသော ကိုယ်တွင်းရောဂါအခံမရှိပါက ကြိုတင်ကာကွယ်သောဆေးဝါးများကို ပုံမှန်သောက်သုံးရန် သင့်ဆရာဝန်က အကြံပြုနိုင်ပါသည်။ အောက်ပါဆေးဝါးများ ပါဝင်နိုင်ပါသည်-
- နေ့စဉ်သောက်သုံးရသော ကြိုတင်ကာကွယ်သည့် ဆေးဝါးများ။ မကြာခဏ (သို့မဟုတ်) အချိန်ကြာမြင့်စွာ ခေါင်းကိုက်ဝေဒနာခံစားရသူများအတွက် propranolol (သို့မဟုတ်) metoprolol ကဲ့သို့သော beta blockers ဆေးဝါးများကို အကြံပြုထားပါသည်။ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါများအတွက် အများအားဖြင့် အသုံးပြုလေ့ရှိသော ဤဆေးဝါးများသည် ကူညီပေးနိုင်ပါသည်။ သွေးတိုးရောဂါအတွက်လည်း အသုံးပြုသော verapamil hydrochloride ကဲ့သို့သော calcium channel blockers များကိုလည်း ထည့်သွင်းစဉ်းစားနိုင်ပါသည်၊ အထူးသဖြင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ရာဇဝင်ရှိသူများအတွက် ဖြစ်ပါသည်။ ယင်းအခြေအနေများတွင် အခြားသော ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ကြိုတင်ကာကွယ်သည့် ဆေးဝါးများကိုလည်း အသုံးပြုနိုင်ပါသည်။
- တစ်ခါတစ်ရံသောက်သုံးရသော ကြိုတင်ကာကွယ်သည့် ဆေးဝါးများ။ အရောင်ကျဆေးဖြစ်သော Indomethacin (သို့မဟုတ်) ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေရန်အသုံးပြုသော triptan ဆေးကို ခေါင်းကိုက်ခြင်းမှ ကြိုတင်ကာကွယ်ရန် လိင်မှုကိစ္စမပြုလုပ်မီ တစ်နာရီခန့်အလိုတွင် သောက်သုံးနိုင်ပါသည်။
