သွေးဆိပ်တက်ခြင်း အကြောင်း သိကောင်းစရာ
Sepsis (သွေးဆိပ်တက်ခြင်း) ဆိုသည်မှာ ကူးစက်ပိုးဝင်မှုအပေါ် ခန္ဓာကိုယ်၏ တုံ့ပြန်ပုံ မမှန်ကန်ရာမှတစ်ဆင့် ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်းသို့ ဦးတည်သွားစေနိုင်သည့် ပြင်းထန်သော ရောဂါအခြေအနေတစ်ခု ဖြစ်သည်။ အချိန်မီ ကုသမှုမခံယူပါက သွေးဆိပ်တက်ခြင်းမှသည် သွေးဆိပ်တက်၍ ရှော့ခ်ရခြင်း (septic shock) အဆင့်သို့ ကူးပြောင်းသွားနိုင်ပြီး၊ ၎င်းသည် သွေးဖိအားကို အန္တရာယ်ရှိလောက်အောင် ကျဆင်းစေကာ အဆုတ်၊ ကျောက်ကပ်နှင့် အသည်းကဲ့သို့သော အဓိကကိုယ်တွင်းအင်္ဂါများကို ထိခိုက်ပျက်စီးစေပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်သည်။ အသက်ဘေးမှ လွတ်မြောက်နိုင်ခြေ မြင့်မားစေရန်အတွက် အချိန်မီ ကုသမှုခံယူရန် အလွန်အရေးကြီးသည်။
ရောဂါလက္ခဏာများ
သွေးဆိပ်တက်ခြင်း၏ လက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်သည်။
- စိတ်ပိုင်းဆိုင်ရာ အခြေအနေ ပြောင်းလဲလာခြင်း (ဥပမာ – ကယောင်ကတမ်းဖြစ်ခြင်း)
- အသက်ရှူ မြန်ပြီး မောခြင်း
- အကြောင်းရင်းမရှိဘဲ ချွေးစေးများထွက်ခြင်း
- မူးဝေခြင်း
- ချမ်းတုန်ခြင်း
- ဖြစ်ပွားသော ကူးစက်ပိုးအမျိုးအစားအလိုက် ပြတတ်သည့် လက္ခဏာများ (ဥပမာ – ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့် ဆီးသွားလျှင် နာကျင်ခြင်း သို့မဟုတ် အဆုတ်ရောင်ခြင်းကြောင့် ချောင်းဆိုးပိုဆိုးလာခြင်း)
သွေးဆိပ်တက်ခြင်း၏ လက္ခဏာများသည် တိကျသေချာမှုမရှိဘဲ တစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်သည်။ ကလေးငယ်များတွင် ပြသသော သွေးဆိပ်တက်ခြင်း လက္ခဏာများသည် လူကြီးများနှင့် ကွဲပြားခြားနားနိုင်သည်။
သွေးဆိပ်တက်၍ ရှော့ခ်ရခြင်း၏ လက္ခဏာများ (Symptoms of septic shock)
သွေးဆိပ်တက်ခြင်းသည် သွေးဖိအား အလွန်အမင်း ကျဆင်းသွားသည့် သွေးဆိပ်တက်၍ ရှော့ခ်ရခြင်း အဆင့်သို့ ကူးပြောင်းသွားနိုင်သည်။ ဤအဆင့်သို့ ရောက်ရှိသွားပါက အသက်ဆုံးရှုံးနိုင်ခြေ ပိုမိုမြင့်မားလာသည်။ သွေးဆိပ်တက်၍ ရှော့ခ်ရခြင်း၏ လက္ခဏာများတွင် အောက်ပါတို့ ပါဝင်သည်။
- ကိုယ်တိုင် မတ်တတ်မရပ်နိုင်တော့ခြင်း
- အလွန်အမင်း မိန်းမောခြင်း သို့မဟုတ် သတိရှိနေစေရန် အနိုင်နိုင်ကြိုးစားရခြင်း
- အလွန်အမင်း စိတ်ရှုပ်ထွေးခြင်းကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ အခြေအနေ သိသာစွာ ပြောင်းလဲသွားခြင်း
မည်သည့် ကူးစက်ပိုးဝင်မှုမဆို သွေးဆိပ်တက်ခြင်းသို့ ဦးတည်သွားနိုင်သည်။ သွေးဆိပ်တက်ခြင်း လက္ခဏာများ ခံစားရပါက သို့မဟုတ် မိမိတွင်ရှိသော ပိုးဝင်ခြင်းနှင့် အနာအဆာများ သက်သာလာခြင်းမရှိပါက ဆေးကုသမှု ခံယူပါ။ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် အသက်ရှူမြန်ခြင်းကဲ့သို့သော လက္ခဏာများ ပြသလာပါက အရေးပေါ် ကုသမှုခံယူရန် လိုအပ်သည်။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
ဗက်တီးရီးယား၊ ဗိုင်းရပ်စ် သို့မဟုတ် မှိုပိုး စသည့် မည်သည့်ကူးစက်ပိုးဝင်မှုမဆို သွေးဆိပ်တက်ခြင်းကို ဖြစ်ပွားစေနိုင်သည်။ သွေးဆိပ်တက်ခြင်းကို အဖြစ်များစေသော ကူးစက်ပိုးဝင်သည့် နေရာများနှင့် အခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်သည်။
- သွေးကြောအတွင်း ပိုးဝင်ခြင်း
- ဆီးအိမ်၊ ကျောက်ကပ်နှင့် အခြားဆီးလမ်းကြောင်းဆိုင်ရာ အစိတ်အပိုင်းများ
- အစာခြေစနစ်
- အဆုတ်ရောင်ရောဂါကဲ့သို့သော အဆုတ်အခြေအနေများ
- ဆေးသွင်းပိုက် (catheters) ထည့်ထားသည့်နေရာများ
- မီးလောင်ဒဏ်ရာများ သို့မဟုတ် ထိခိုက်ဒဏ်ရာများ
ဖြစ်နိုင်ချေရှိသော အကြောင်းအရင်းများ
ကူးစက်ပိုးဝင်ရာမှတစ်ဆင့် သွေးဆိပ်တက်ခြင်းသို့ ဦးတည်သွားစေနိုင်ခြေကို မြင့်မားစေသော အချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
- အသက်အရွယ် ငယ်လွန်းခြင်း (မွေးကင်းစနှင့် ကလေးငယ်များ)
- အသက် ၆၅ နှစ်ထက်ကြီးသော လူကြီးများ
- ကင်ဆာကုသမှု ခံယူနေရသူများ သို့မဟုတ် HIV/AIDS ဝေဒနာရှင်များကဲ့သို့ ခုခံအားစနစ် အားနည်းသူများ
- ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ သို့မဟုတ် နာတာရှည် အဆုတ်အဆို့ရောဂါ (COPD) ကဲ့သို့သော နာတာရှည်ရောဂါ ခံစားနေရသူများ
- ခုခံအားစနစ်ကို ကျဆင်းစေနိုင်သည့် ကော်တီကိုစတီးရွိုက် (corticosteroids) ဆေးဝါးများ သောက်သုံးရန် လိုအပ်သော ရောဂါဝေဒနာ ရှိသူများ
- သွေးပြန်ကြောသွင်းပိုက်များ (IV catheters) နှင့် အသက်ရှူအထောက်အကူပြုပိုက်များကဲ့သို့ ခန္ဓာကိုယ်တွင်း ပိုက်များ ထည့်သွင်းထားရသူများ
- လွန်ခဲ့သော ရက်ပေါင်း ၉၀ အတွင်း ပဋိဇီဝဆေး (Antibiotic) ကုသမှု ခံယူထားဖူးသူများ
- ဆေးရုံတွင် ရေရှည်တက်ရောက်နေရသူများ သို့မဟုတ် အထူးကြပ်မတ်ကုသဆောင် (ICU) တွင် တက်ရောက်ကုသနေရသူများ
ရောဂါရှာဖွေခြင်း (Diagnosis)
ဆရာဝန်များသည် နောက်ကွယ်မှ ကူးစက်ပိုးဝင်မှုများကို ရှာဖွေဖော်ထုတ်ရန်အတွက် များသောအားဖြင့် စစ်ဆေးမှုအမျိုးမျိုးကို ညွှန်ကြားလေ့ရှိသည်။
သွေးစစ်ခြင်း (Blood tests)
သွေးနမူနာများကို အသုံးပြု၍ အောက်ပါအခြေအနေများကို စစ်ဆေးသည်။
- ကူးစက်ပိုးဝင်နေသည့် သက်သေအထောက်အထားများ
- သွေးခဲစနစ်ဆိုင်ရာ ပြဿနာများ
- ကျောက်ကပ် သို့မဟုတ် အသည်း လုပ်ဆောင်ချက် မမှန်ကန်ခြင်း
- ဓာတ်ဆားဓာတ် (electrolyte) ပမာဏ မမှန်ကန်ခြင်း
- ခန္ဓာကိုယ်က လိုအပ်သည်ထက် အောက်စီဂျင်ပမာဏ နည်းပါးနေခြင်း
အခြားသော စစ်ဆေးမှုများ (Other tests)
ကူးစက်ပိုးဝင်သည့် အရင်းအမြစ်ကို ရှာဖွေရန်အတွက် အောက်ပါနမူနာများကို ရယူကာ အခြားသော ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နိုင်သည်။
- ဆီး
- တံတွေးနှင့် အသက်ရှူလမ်းကြောင်းမှ ထွက်သော ချွဲသလိပ်
- ဒဏ်ရာမှ ထွက်သော အရည်
ပုံရိပ်ဖော် စစ်ဆေးခြင်းများ (Imaging tests)
ကူးစက်ပိုးဝင်နေသည့် နေရာကို အလွယ်တကူ ရှာမတွေ့ပါက ဆရာဝန်က ထပ်ဆောင်းစစ်ဆေးမှုများ ညွှန်ကြားနိုင်သည်။ ပုံရိပ်ဖော် စစ်ဆေးခြင်းဆိုင်ရာ နမူနာအချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
- ဓာတ်မှန် (X-ray) – ဓာတ်မှန်ရိုက်ခြင်းဖြင့် အဆုတ်အတွင်း ပိုးဝင်ခြင်းများကို သိရှိနိုင်သည်။
- တီဗီဓာတ်မှန် (Ultrasound) – ဤစက်သည် အသံလှိုင်းများကို အသုံးပြု၍ ရုပ်ပုံများကို ရုပ်မြင်သံကြားစခရင်ပေါ်တွင် တိုက်ရိုက်ပြသပေးသည်။ ကျောက်ကပ်နှင့် သည်းခြေအိတ် ပိုးဝင်ခြင်းများကို အာထရာဆောင်းဖြင့် စစ်ဆေးသိရှိနိုင်သည်။
- ကွန်ပျူတာဓာတ်မှန် (CT scan) – ဤစက်သည် ခန္ဓာကိုယ်အတွင်းပိုင်းကို ကန့်လန့်ဖြတ်အလွှာလိုက် မြင်ရစေရန် မတူညီသော ထောင့်ပေါင်းစုံမှ ရိုက်ကူးထားသည့် ဓာတ်မှန်များကို ပေါင်းစပ်ပေးသည်။ စီတီစကင်ဖတ်ခြင်းက အသည်း၊ မုန့်ချိုအိတ် သို့မဟုတ် အခြားဝမ်းဗိုက်တွင်း အင်္ဂါများ၌ ပိုးဝင်ခြင်းကို ပိုမိုထင်ရှားစွာ မြင်တွေ့စေနိုင်သည်။
- အမ်အာရ်အိုင် (MRI scan) – ဤစက်သည် ရေဒီယိုလှိုင်းများနှင့် အားပြင်းသော သံလိုက်ဓာတ်ကို အသုံးပြု၍ ကန့်လန့်ဖြတ်ပုံရိပ်များ သို့မဟုတ် သုံးဖက်မြင် (3D) ပုံရိပ်များကို ဖန်တီးပေးသည်။ ၎င်းသည် ပျော့ပြောင်းသော တစ်ရှူးများ သို့မဟုတ် အရိုးများတွင် ပိုးဝင်ခြင်းကို စစ်ဆေးရာတွင် အထောက်အကူပြုနိုင်သည်။
ကုသခြင်း (Treatment)
အချိန်မီနှင့် ထိရောက်စေ့စပ်စွာ ကုသမှုခံယူခြင်းက ပြန်လည်ကျန်းမာလာနိုင်ခြေကို မြင့်မားစေသည်။ သွေးဆိပ်တက်ခြင်း ဝေဒနာရှင်များသည် အသက်ရှူခြင်းနှင့် နှလုံးလုပ်ဆောင်ချက်များကို တည်ငြိမ်စေရန် အသက်ကယ်ကုသမှုများ လိုအပ်နိုင်သဖြင့် ဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် စေ့စပ်သေချာစွာ စောင့်ကြည့်လေ့လာမှုနှင့် ကုသစောင့်ရှောက်မှုကို ခံယူရန် လိုအပ်သည်။
ဆေးဝါးများ (Medications)
သွေးဆိပ်တက်ခြင်းနှင့် သွေးဆိပ်တက်၍ ရှော့ခ်ရခြင်းတို့ကို ကုသရာတွင် ဆေးဝါးအမျိုးမျိုးကို အသုံးပြုသည်။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်သည်။
- သွေးပြန်ကြောသွင်းအရည်များ (အကြောဆေးရည်များ) – အကြောဆေးရည်များကို အမြန်ဆုံး သွင်းပေးရမည်။
- သွေးဖိအားမြှင့်ဆေးများ (Vasopressors) – ဤဆေးများသည် သွေးကြောများကို ကျဉ်းစေပြီး သွေးဖိအားတက်လာစေရန် ကူညီပေးသည်။ အကြောဆေးရည်များ သွင်းပြီးသည့်တိုင်အောင် သွေးဖိအား ဆက်လက်ကျနေပါက သွေးဖိအားမြှင့်ဆေးကို အသုံးပြုနိုင်သည်။
- ပဋိဇီဝဆေးများ (Antibiotics) – ပဋိဇီဝဆေးများဖြင့် ကုသမှုကို အမြန်ဆုံး စတင်ရမည်။ အစပိုင်းတွင် ဗက်တီးရီးယား အမျိုးမျိုးကို နှိမ်နင်းနိုင်စွမ်းရှိသော အာနိသင်ကျယ် ပဋိဇီဝဆေးများ (Broad-spectrum antibiotics) ကို စတင်ပေးလေ့ရှိသည်။ သွေးစစ်ချက်ရလဒ်များအရ ကူးစက်မှုကို ဖြစ်စေသည့် တိကျသော ပိုးမွှားကို သိရှိရပါက အဆိုပါပိုးမွှားကို တိုက်ရိုက်နှိမ်နင်းနိုင်မည့် အခြားပဋိဇီဝဆေးတစ်မျိုးသို့ ပြောင်းလဲပေးနိုင်သည်။
ထို့အပြင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရန် အင်ဆူလင် (insulin) သို့မဟုတ် အကိုက်အခဲပျောက်ဆေးများကဲ့သို့သော အခြားဆေးဝါးများကိုလည်း အသုံးပြုနိုင်သည်။
ခွဲစိတ်ကုသခြင်း (Surgery)
ပြည်တည်ခြင်း၊ ပိုးဝင်နေသော တစ်ရှူးများ သို့မဟုတ် ပုပ်ထွက်သွားသော တစ်ရှူးများကဲ့သို့သော ကူးစက်ပိုးဝင်သည့် အရင်းအမြစ်များကို ဖယ်ရှားပစ်ရန်အတွက် ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်။
အထောက်အကူပြု စောင့်ရှောက်မှု (Supportive care)
သွေးဆိပ်တက်ခြင်း ခံစားနေရသူများအား များသောအားဖြင့် အောက်စီဂျင်ပေးခြင်း အပါအဝင် အထောက်အကူပြု စောင့်ရှောက်မှုများကို ပေးလေ့ရှိသည်။ ပြင်းထန်သော အခြေအနေများတွင် အသက်ရှူရလွယ်ကူစေရန် အသက်ရှူစက် (mechanical ventilation) လိုအပ်နိုင်သည်။ ပိုးဝင်ခြင်းကြောင့် ကျောက်ကပ်လုပ်ဆောင်ချက် ထိခိုက်ပျက်စီးသွားသူများအနေဖြင့် ကျောက်ကပ်ဆေးခြင်း (dialysis) ပြုလုပ်ရန် လိုအပ်နိုင်သည်။
