ဆီလက်တစ် အိုင်ဂျီအေ ချို့တဲ့ခြင်း
ဆီလက်တစ် အိုင်ဂျီအေ ချို့တဲ့ခြင်း အကြောင်း သိကောင်းစရာ
ဆီလက်တစ် အိုင်ဂျီအေ ချို့တဲ့ခြင်း (Selective IgA deficiency သို့မဟုတ် SIgAD) ဆိုသည်မှာ ကူးစက်ရောဂါများကို တိုက်ဖျက်ပေးသည့် အဓိကပရိုတင်း (ပဋိပစ္စည်း – antibody) ဖြစ်သော အင်မြူနိုဂလိုဗျူလင် အေ (immunoglobulin A – IgA) ခုခံအားစနစ်တွင် ချို့တဲ့နေသည့် မျိုးရိုးလိုက်တတ်သော ရောဂါအခြေအနေတစ်ခု ဖြစ်သည်။
IgA သည် သွေးထဲတွင်ရှိသော ပရိုတင်းတစ်မျိုးဖြစ်ပြီး မျက်စိ၊ ပါးစပ်၊ လေပြွန်နှင့် အစာခြေစနစ်ကဲ့သို့သော ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးကို ဖုံးအုပ်ထားသည့် ပါးလွှာသော တစ်ရှူးမြှေးများတွင် ကူးစက်ရောဂါများ မဖြစ်ပွားအောင် ကာကွယ်ပေးသည်။ ဆီလက်တစ် အိုင်ဂျီအေ ချို့တဲ့သူများတွင် ဤပရိုတင်း လုံးဝမရှိခြင်း သို့မဟုတ် အလွန်နည်းပါးခြင်းတို့ ဖြစ်တတ်သောကြောင့် အဆိုပါနေရာများတွင် ကူးစက်ရောဂါများ အလွယ်တကူ ဝင်ရောက်နိုင်သည်။ ဆီလက်တစ် အိုင်ဂျီအေ ချို့တဲ့သူအများစုတွင် ကူးစက်ရောဂါများ ထပ်ခါတလဲလဲ မဖြစ်ပွားတတ်သော်လည်း အချို့သူများတွင် အဆုတ်ရောင်ခြင်း၊ နား သို့မဟုတ် နှာခေါင်းအသက်ရှူလမ်းကြောင်းဆိုင်ရာ ဆိုင်းနပ်စ် ပိုးဝင်ခြင်း၊ ဓာတ်မတည့်ခြင်း (Allergies)၊ ပန်းနာရင်ကျပ်ရောဂါ သို့မဟုတ် ဝမ်းလျှောခြင်းစသည့် ပြဿနာများကို ခံစားရနိုင်သည်။ ဆီလက်တစ် အိုင်ဂျီအေ ချို့တဲ့သူများအား ကူးစက်ပိုးဝင်မှုများကို ကုသရန် ပဋိဇီဝဆေးများ ညွှန်ကြားနိုင်သည်။
ရောဂါလက္ခဏာများ
ဆီလက်တစ် အိုင်ဂျီအေ ချို့တဲ့ခြင်းသည် ယေဘုယျအားဖြင့် လူအများစုတွင် ထင်ရှားသော လက္ခဏာတစ်စုံတစ်ရာ ပြလေ့မရှိပါ။ သို့သော်လည်း ရောဂါရှိသူများ၏ ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းခန့်အထိ နောက်ဆက်တွဲ ပြဿနာများကို ကြုံတွေ့ရနိုင်သည်။ အချို့သူများတွင် အထူးသဖြင့် လေပြွန်၊ ဆိုင်းနပ်စ်၊ နား၊ ပါးစပ်၊ မျက်စိနှင့် အစာခြေလမ်းကြောင်းတို့တွင် ကူးစက်ရောဂါများ ထပ်ခါတလဲလဲနှင့် ပြင်းထန်စွာ ဖြစ်ပွားနိုင်သည်။
ဆီလက်တစ် အိုင်ဂျီအေ ချို့တဲ့ခြင်းကြောင့် အချို့သော နောက်ဆက်တွဲ ပြဿနာများ ရှိလာနိုင်သည်။ ဤသို့ ချို့တဲ့သူများတွင် ဓာတ်မတည့်ခြင်းနှင့် ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများသည်။ ထို့အပြင် ဂလူတန် (gluten) ဓာတ် စားသုံးမိပါက အူသိမ်ကို ပျက်စီးစေသော စီလီယက်ရောဂါ (celiac disease) အပါအဝင် အော်တိုအင်မြူနို ရောဂါများ (autoimmune disorders – ခန္ဓာကိုယ်ခုခံအားက မိမိဆဲလ်ကို ပြန်တိုက်သည့်ရောဂါ) နှင့် အစာခြေလမ်းကြောင်း ရောင်ရမ်းပျက်စီးခြင်းကို လက္ခဏာဆောင်သော အူမကြီးရောင်ရမ်းနာ (ulcerative colitis) နှင့် ခရုန်းရောဂါ (Crohn’s disease) တို့ကဲ့သို့ အူလမ်းကြောင်းရောင်ရမ်းသည့် ရောဂါများလည်း ဖြစ်ပွားနိုင်သည်။ အဆစ်အမြစ် ရောင်ရမ်းခြင်း ပါဝင်သော အဆစ်ရောင်လေးဖက်နာရောဂါ (Rheumatoid arthritis) နှင့် ခုခံအားစနစ်က ကျန်းမာသောတစ်ရှူးများကို ပြန်လည်တိုက်ခိုက်သည့် လူပတ်စ် ရောဂါ (lupus) တို့သည်လည်း ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲ ပြဿနာများ ဖြစ်သည်။ ထူးခြားသော အခြေအနေအချို့တွင် IgA ပါဝင်သော သွေးနှင့် သွေးကြောသွင်း ပစ္စည်းများကို လက်ခံရရှိခြင်းက အသက်အန္တရာယ် စိုးရိမ်ရသည့် ပြင်းထန်သော ဓာတ်မတည့်တုံ့ပြန်မှု (anaphylaxis) ကို ဖြစ်ပေါ်စေနိုင်သည်။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
ဆီလက်တစ် အိုင်ဂျီအေ ချို့တဲ့ခြင်းသည် များသောအားဖြင့် မျိုးရိုးလိုက်သည့် ပုံစံမျိုးရှိပြီး၊ ၎င်းမှာ ဆီလက်တစ် အိုင်ဂျီအေ ချို့တဲ့ခြင်း သို့မဟုတ် ၎င်းနှင့်ဆင်တူသော ခုခံအားစနစ်ဆိုင်ရာ ရောဂါအခြေအနေများရှိသည့် မိသားစုဝင်များမှတစ်ဆင့် လက်ဆင့်ကမ်း သယ်ဆောင်လာခြင်းကို ဆိုလိုသည်။
ဖြစ်နိင်ချေရှိသော အကြောင်းအရာများ
ဆီလက်တစ် အိုင်ဂျီအေ ချို့တဲ့ခြင်း ဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်မားစေသော အချက်အချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
- မျိုးရိုးဗီဇနှင့် မိသားစုရာဇဝင် – မိသားစုဝင်များထဲတွင် ဆီလက်တစ် အိုင်ဂျီအေ ချို့တဲ့ခြင်း သို့မဟုတ် ၎င်းနှင့်ဆင်တူသော ခုခံအားစနစ် ပြဿနာရှိနေပါက ဤရောဂါဖြစ်ပွားနိုင်ခြေ ပိုများသည်။
- လူမျိုးစု နောက်ခံသမိုင်း – လူဖြူမျိုးနွယ်စု (Caucasians)၊ အထူးသဖြင့် ဥရောပနွယ်ဖွားများတွင် အယောက် ၅၀၀ လျှင် ၁ ယောက်ခန့် ဤရောဂါအခြေအနေ ရှိနေတတ်ကြောင်း ခန့်မှန်းရသည်။
ရောဂါရှာဖွေခြင်း (Diagnosis)
ရောဂါရှိကြောင်း အတည်ပြုရန်အတွက် များသောအားဖြင့် သွေးတွင်း IgA ပမာဏကို စစ်ဆေးသည့် သွေးစစ်ချက်များ ပြုလုပ်ရသည်။ သွေးတွင်း IgA ပမာဏ နည်းပါးနေခြင်းသည် ဆီလက်တစ် အိုင်ဂျီအေ ချို့တဲ့ခြင်း ရှိနေသည်ကို ပြသလေ့ရှိသည်။ ဤစစ်ဆေးမှုများသည် ကူးစက်ရောဂါ ခဏခဏ ဖြစ်ပွားတတ်သူများ သို့မဟုတ် ခုခံအားစနစ်ဆိုင်ရာ ပြဿနာများ (autoimmune issues) ခံစားရလွယ်သူများအတွက် အထူးအရေးကြီးသည်။
ဆီလက်တစ် အိုင်ဂျီအေ ချို့တဲ့ခြင်းသည် ယေဘုယျအားဖြင့် ရောဂါလက္ခဏာ ပြလေ့မရှိသောကြောင့် စီလီယက်ရောဂါ (celiac disease) ကဲ့သို့သော အခြားကျန်းမာရေး အခြေအနေများအတွက် စစ်ဆေးမှုများ ပြုလုပ်ရင်း တိုက်ဆိုင်စွာ စစ်ဆေးတွေ့ရှိရတတ်သည်။
ကုသခြင်း (Treatment)
ဆီလက်တစ် အိုင်ဂျီအေ ချို့တဲ့ခြင်းကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်သည့် နည်းလမ်းမရှိသော်လည်း အချို့သော ကလေးငယ်များသည် အရွယ်ပြောင်းလဲလာသည်နှင့်အမျှ ငယ်စဉ်ကာလအတွင်း ဤရောဂါအခြေအနေမှ အလိုအလျောက် သက်သာပျောက်ကင်းသွားတတ်သည်။ လူနာအများစုတွင် ကူးစက်ရောဂါများ ခဏခဏ ဖြစ်ပွားခြင်း မရှိပါက ကုသမှုခံယူရန် မလိုအပ်ပါ။
ကုသစောင့်ရှောက်မှုတွင် ဤရောဂါနှင့် ဆက်စပ်နေသော ကျန်းမာရေး ဝေဒနာများကို ကုသပေးခြင်းတို့ ပါဝင်သည်။ ဆီလက်တစ် အိုင်ဂျီအေ ချို့တဲ့ခြင်းကြောင့် ဖြစ်ပွားသော ကူးစက်ပိုးဝင်မှုများကို ကုသရန်နှင့် ရောဂါများ ထပ်ခါတလဲလဲ မဖြစ်ပွားအောင် ကာကွယ်ရန်အတွက် ပဋိဇီဝဆေးများကို ညွှန်ကြားနိုင်ပါသည်။
