ဆာကိုမာကင်ဆာရောဂါ အကြောင်း သိကောင်းစရာ
ဆာကိုမာ (Sarcoma) ဆိုသည်မှာ အရိုးနှင့် ပျော့ပျောင်းသော တစ်သျှူးများ (တွယ်ဆက်တစ်သျှူးများ) တွင် စတင်ဖြစ်ပွားတတ်သည့် ကင်ဆာရောဂါအုပ်စု ဖြစ်သည်။ ခန္ဓာကိုယ်၏ အခြားသော အစိတ်အပိုင်းများကို ချိတ်ဆက်ပေးခြင်း၊ ထောက်ကူပေးခြင်းနှင့် ဝန်းရံပေးခြင်းတို့ ပြုလုပ်သည့် တစ်သျှူးများတွင် ကင်ဆာဖြစ်ပွားသောအခါ ၎င်းကို ပျော့ပျောင်းသော တစ်သျှူးဆာကိုမာ (Soft tissue sarcoma) ဟု သိကြသည်။ ဤပျော့ပျောင်းသော တစ်သျှူးများတွင် ကြွက်သား၊ အဆီ၊ သွေးကြောများ၊ အာရုံကြောများ၊ အရွတ်များနှင့် အဆစ်များ၏ အတွင်းပိုင်းအမြှေးပါးများ ပါဝင်သည်။
ဆာကိုမာ အမျိုးအစား ပေါင်းများစွာ တည်ရှိသည်။ ရောဂါကို ကုသရာတွင် အသုံးပြုသည့် နည်းလမ်းများသည် ၎င်း၏ အမျိုးအစား၊ ဖြစ်ပွားသည့် တည်နေရာနှင့် အခြားသော အချက်အလက်များအပေါ်တွင် မူတည်သည်။
ရောဂါလက္ခဏာများ
- အရေပြားအောက်တွင် နာကျင်မှုရှိသော သို့မဟုတ် နာကျင်မှုမရှိသော အကျိတ်တစ်ခု ဖြစ်ပေါ်ခြင်း
- အရိုးအောင့်ခြင်း သို့မဟုတ် အရိုးနာကျင်ခြင်း
- သာမန်ထိခိုက်မိရုံမျှဖြင့် သို့မဟုတ် လုံးဝထိခိုက်မိခြင်းမရှိဘဲ အရိုးကျိုးခြင်း
- ဗိုက်နာခြင်း
- ကိုယ်အလေးချိန်ကျခြင်း
ဖြစ်ပွားရသည့် အကြောင်းရင်းများ
ဆာကိုမာ ဖြစ်ပွားရသည့် အကြောင်းအရင်းများကို ရှင်းလင်းစွာ မသိရသေးပါ။ ယေဘုယျအားဖြင့် ကင်ဆာသည် ကျန်းမာသော ဆဲလ်များ၏ ဒီအန်အေ (DNA) ပြောင်းလဲဖောက်ပြန်ရာမှ စတင်ကာ ဆဲလ်များ အထိန်းအကွပ်မဲ့ ပွားများမှုကို ဖြစ်စေပြီး ပုံမှန်မဟုတ်သော ဆဲလ်များ (သို့မဟုတ်) အကျိတ်တစ်ခု ဖြစ်လာစေသည်။ ထို့နောက် ဤအကျိတ်သည် အနီးနားရှိ နေရာများမှ ကျန်းမာသော ဆဲလ်များကို စတင်ကျူးကျော် ဖျက်ဆီးတော့သည်။ ဤဆဲလ်များသည် ခန္ဓာကိုယ်၏ အခြားသော အစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်ခြေ (Metastasize) ရှိသည်။
ဖြစ်နိုင်ခြေရှိသော အချက်များ
- မျိုးရိုးလိုက်သော ရောဂါလက္ခဏာစုများသည် ကင်ဆာဖြစ်ပွားရန် ဖြစ်နိုင်ခြေ အလွန်များစေပြီး မိဘများထံမှ သားသမီးများဆီသို့ လက်ဆင့်ကမ်း ပါလာနိုင်သည်။ ဖာမီလီယယ် ရာတီးနိုဘလက်စတိုးမား (Familial retinoblastoma) နှင့် နျူရိုဖိုက်ဘရိုမာတိုးဆစ် အမျိုးအစား (Neurofibromatosis type) တို့သည် မျိုးရိုးလိုက်သော ရောဂါလက္ခဏာစုများ၏ ဥပမာများ ဖြစ်ကြသည်။
- ကင်ဆာရောဂါအတွက် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းသည် ဆာကိုမာ ဖြစ်ပွားမှုကို အားပေးသော ဖြစ်နိုင်ခြေ အချက်တစ်ခု ဖြစ်သည်။
- ပြန်ရည်ကျိတ်ရောင်ရမ်းခြင်း (Lymphedema) ဆိုသည်မှာ ပြန်ရည်စုပုံလာခြင်းကြောင့် ဖောရောင်သော အခြေအနေတစ်ခုဖြစ်ပြီး ပြန်ရည်အဖွဲ့အစည်း ပိတ်ဆို့ခြင်း သို့မဟုတ် ပျက်စီးခြင်းကြောင့် ဖြစ်ပွားသည်။ ၎င်းသည် လူနာများကို အန်ဂျီယိုဆာကိုမာ (Angiosarcoma) ဟုခေါ်သော ဆာကိုမာ ကင်ဆာအမျိုးအစား ဖြစ်ပွားရန် အခွင့်အလမ်း အလွန်များစေသည်။
- စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်းများနှင့် ပေါင်းသတ်ဆေးများကဲ့သို့သော ဓာတုပစ္စည်းများနှင့် ထိတွေ့မိခြင်းသည် အသည်းကို ထိခိုက်စေသည့် ဆာကိုမာ ကင်ဆာဖြစ်နိုင်ခြေ ရှိသည်။
- လူသား ဟားပီးစ်ဗိုင်းရပ်စ် (Human herpesvirus) ကဲ့သို့သော ဗိုင်းရပ်စ်များနှင့် ထိတွေ့မိခြင်း: ၎င်းသည် ကိုယ်ခံအားစနစ် အားနည်းသော လူနာများတွင် ကာပိုစီဆာကိုမာ (Kaposi’s sarcoma) ဟု လူသိများသည့် ဆာကိုမာ ကင်ဆာအမျိုးအစား ဖြစ်ပွားလာနိုင်ချေ ရှိသည်။
ရောဂါရှာဖွေခြင်း (Diagnosis)
ဆာကိုမာ ကင်ဆာကို ရောဂါရှာဖွေရန်နှင့် ၎င်း၏ အဆင့်ကို ဆန်းစစ်ရန်အတွက် အောက်ပါလုပ်ထုံးလုပ်နည်းများကို အသုံးပြုသည်။
- ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခြင်း သည် လူနာ၏ ရောဂါလက္ခဏာများကို ပိုမိုရှင်းလင်းစွာ နားလည်နိုင်ရန်နှင့် ရောဂါရှာဖွေရာတွင် အထောက်အကူဖြစ်စေရန်အတွက် ဖြစ်သည်။
- ပုံရိပ်ဖော် စမ်းသပ်မှုများသည် ရောဂါအခြေအနေကို မြင်သာအောင် ကူညီပေးပါလိမ့်မည်။ လူနာများနှင့် ကိုက်ညီမည့် ပုံရိပ်ဖော် စမ်းသပ်မှု အမျိုးအစားသည် အခြေအနေပေါ်မူတည်၍ ကွဲပြားခြားနားသည်။ အိတ်စရေး (X-rays) သည် အရိုးပြဿနာများကို ပိုမိုထင်ရှားစွာ မြင်တွေ့စေနိုင်ပြီး အမ်အာရ်အိုင် (MRI) ကိုမူ တွယ်ဆက်တစ်သျှူးများ၏ ပုံမှန်မဟုတ်သော အခြေအနေများကို ရှာဖွေဖော်ထုတ်ရန် အသုံးပြုသည်။ အာထရာဆောင်း (Ultrasound)၊ စီတီစကင် (CT scan)၊ အရိုးစကင်ဖတ်ခြင်း (Bone scan) နှင့် ပိုစီထရွန်ထုတ်လွှတ်မှု ပုံရိပ်ဖော်စကင် (PET scan) တို့သည် အခြေအနေအလိုက် လိုအပ်သလို အသုံးပြုနိုင်သည့် အခြားသော ပုံရိပ်ဖော် စမ်းသပ်မှုများ ဖြစ်ကြသည်။
- အသားစယူ စစ်ဆေးခြင်း (Biopsy) ဆိုသည်မှာ ဓာတ်ခွဲခန်းတွင် စစ်ဆေးရန်အတွက် တစ်သျှူးနမူနာကို ဖယ်ထုတ်ယူခြင်း ဖြစ်သည်။ ဤလုပ်ထုံးလုပ်နည်းကို သံသယဖြစ်ဖွယ် တစ်သျှူးစအချို့ကို ရယူပြီး ဓာတ်ခွဲစမ်းသပ်မှုပြုလုပ်ရန် ပေးပို့ခြင်းဖြင့် လုပ်ဆောင်သည်။ ၎င်းသည် ဆဲလ်များ၏ သဘာဝ၊ ကင်ဆာဆဲလ် ဟုတ်မဟုတ်နှင့် မည်သည့်ကင်ဆာအမျိုးအစား ဖြစ်သည်တို့ကို ဖော်ပြပေးနိုင်သောကြောင့် ဆရာဝန်များအနေဖြင့် လူနာအတွက် မှန်ကန်သော ကုသမှုနည်းလမ်းကို ရွေးချယ်ရာတွင် အထောက်အကူဖြစ်စေသည်။
အသားစနမူနာကို အရေပြားထဲသို့ အပ်ဖြင့် ထိုးသွင်း၍သော်လည်းကောင်း သို့မဟုတ် ခွဲစိတ်မှုပြုလုပ်စဉ်အတွင်း အစိတ်အပိုင်း အနည်းငယ်ကို ဖယ်ထုတ်၍သော်လည်းကောင်း ရယူနိုင်သည်။ အချို့သော အခြေအနေများတွင် ကင်ဆာကို ဖယ်ထုတ်ရန် ခွဲစိတ်မှုပြုလုပ်နေစဉ်မှာပင် အသားစယူခြင်းကို တစ်ပါတည်း လုပ်ဆောင်တတ်သည်။
ဆာကိုမာ ကင်ဆာကို စမ်းသပ်တွေ့ရှိရပါက ကင်ဆာသည် ခန္ဓာကိုယ်၏ အခြားသော အစိတ်အပိုင်းများသို့ ပျံ့နှံ့သွားခြင်း ရှိမရှိ လက္ခဏာများကို ရှာဖွေရန်အတွက် နောက်ထပ် လိုအပ်သော စမ်းသပ်မှုများကို ပြုလုပ်ရန် ဆရာဝန်က ညွှန်ကြားနိုင်ပါသည်။
ကုသခြင်း (Treatment)
ဆာကိုမာ ကင်ဆာကို ယေဘုယျအားဖြင့် ကင်ဆာဆဲလ်များ ဖယ်ထုတ်ရန် ခွဲစိတ်မှုဖြင့် ကုသလေ့ရှိသည်။ အခြားသော ကုသမှုနည်းလမ်းများကို ခွဲစိတ်မှု မပြုလုပ်မီ သို့မဟုတ် ခွဲစိတ်မှု ပြုလုပ်ပြီးနောက်တွင် အသုံးပြုနိုင်သည်။ သင်နှင့် အသင့်တော်ဆုံးဖြစ်မည့် ကုသမှုများသည် ဆာကိုမာ အမျိုးအစား၊ ဖြစ်ပွားသည့် တည်နေရာ၊ ဆဲလ်များ၏ ပြင်းထန်မှုနှုန်းနှင့် ကင်ဆာသည် ခန္ဓာကိုယ်၏ အခြားသော အစိတ်အပိုင်းများသို့ ပျံ့နှံ့သွားခြင်း ရှိမရှိ အပေါ်တွင် မူတည်လိမ့်မည်။
- ခွဲစိတ်ကုသခြင်းကို ကင်ဆာဆဲလ်များအားလုံးကို အမြစ်ပြတ် လုံးဝဖယ်ရှားပစ်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည်။ ကင်ဆာအားလုံးကို ဖယ်ရှားပစ်ရန်အတွက် လက် သို့မဟုတ် ခြေထောက်ကို ဖြတ်တောက်ရန် လိုအပ်လာသည့် အခြေအနေအချို့လည်း ရှိနိုင်သည်။ သို့သော်လည်း ခွဲစိတ်ဆရာဝန်များသည် ဖြစ်နိုင်ခြေရှိသည့်အခါတိုင်း ခြေလက်များ၏ လုပ်ဆောင်ချက်ကို ထိန်းသိမ်းထားနိုင်ရန် အထူးဂရုပြုကြသည်။ ခွဲစိတ်မှုပြုလုပ်စဉ်အတွင်း အာရုံကြောများ သို့မဟုတ် ကိုယ်တွင်းအင်္ဂါများကဲ့သို့သော အရေးကြီးသည့် တည်ဆောက်ပုံများ ထိခိုက်နိုင်သည်။ ထို့ကြောင့် ဆရာဝန်များသည် ကိုယ်တွင်းအင်္ဂါများကို မထိခိုက်စေဘဲ ဆာကိုမာ ကင်ဆာကို မိမိတို့ တတ်နိုင်သမျှ အများဆုံး ဖယ်ရှားပေးပါလိမ့်မည်။
- ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy) သည် အိတ်စရေး (X-rays) နှင့် ပရိုတွန် (Protons) ကဲ့သို့သော စွမ်းအားမြင့် စွမ်းအင်လှိုင်းများကို အသုံးပြုခြင်း ဖြစ်သည်။ ၎င်းကို ကင်ဆာဆဲလ်များကို သတ်ရန် အသုံးပြုသည်။ ဓာတ်ရောင်ခြည်ကို စွမ်းအင်လှိုင်းများ ပစ်မှတ်ထားစေသည့် စက်ပစ္စည်းတစ်ခုမှတစ်ဆင့် ထိခိုက်နေသော နေရာသို့ တိုက်ရိုက် (ပြင်ပဓာတ်ရောင်ခြည်ပေးခြင်း) ပေးပို့နိုင်သည်။ ဓာတ်ရောင်ခြည် ကုသမှုပေးနိုင်သည့် နောက်ထပ်နည်းလမ်းတစ်ခုမှာ ခန္ဓာကိုယ်အတွင်းသို့ ဓာတ်ရောင်ခြည်ပစ္စည်း ထည့်သွင်းထားပြီးနောက်ပိုင်းတွင် ပြန်လည်ဖယ်ထုတ်ခြင်း ဖြစ်သည်။ ဤနည်းလမ်းကို အတွင်းဓာတ်ရောင်ခြည်ပေးခြင်း (Brachytherapy) ဟု သိကြသည်။ အချို့သော အခြေအနေများတွင် ကင်ဆာဖယ်ရှားရန် ခွဲစိတ်မှုပြုလုပ်နေစဉ်အတွင်း ဓာတ်ရောင်ခြည်ပေးခြင်းကို လုပ်ဆောင်လေ့ရှိပြီး ၎င်းကို ခွဲစိတ်စဉ်အတွင်း ဓာတ်ရောင်ခြည်ပေးခြင်း (Intraoperative radiation) ဟု ခေါ်ဆိုသည်။
- ဓာတုကုထုံးဖြင့် ကုသခြင်း (Chemotherapy) ဆိုသည်မှာ ကင်ဆာဆဲလ်များကို သတ်ရန် အသုံးပြုသည့် ဓာတုဆေးဝါးများ ဖြစ်သည်။
- ပစ်မှတ်ထား ကုထုံးဆေးဝါးများ (Targeted therapy) သည် ကင်ဆာဆဲလ်များတွင်ရှိသော သီးသန့် အားနည်းချက်တစ်ခုကို တိုက်ခိုက်ခြင်း ဖြစ်သည်။ ဆာကိုမာ ဆဲလ်များကို ပစ်မှတ်ထား ကုထုံးဆေးဝါးများအပေါ် တုံ့ပြန်နိုင်စွမ်း ရှိမရှိ သိရှိနိုင်ရန် စမ်းသပ်စစ်ဆေးနိုင်သည်။
- ကိုယ်ခံအားကုထုံး (Immunotherapy) သည် ကင်ဆာကို တိုက်ခိုက်ရန် ကိုယ်ခံအားစနစ်ကို အသုံးပြုခြင်း ဖြစ်သည်။ လူ့ခန္ဓာကိုယ်အတွင်းရှိ ကိုယ်ခံအားစနစ်သည် ကင်ဆာဆဲလ်များကို အန္တရာယ်ပြုနိုင်မည် မဟုတ်ပါ၊ အကြောင်းမှာ ကင်ဆာဆဲလ်များသည် ကိုယ်ခံအားစနစ်ဆဲလ်များ မသိရှိနိုင်စေရန် ပရိုတင်းများကို ထုတ်လုပ်သောကြောင့် ဖြစ်သည်။ ကိုယ်ခံအားကုထုံးသည် ဤဖြစ်စဉ်ကို နှောင့်ယှက်ဖျက်ဆီးပေးသည်။
- အကျိတ်ကို အပူ သို့မဟုတ် အအေးဖြင့် ဖျက်ဆီးသည့်ကုထုံး (Ablation therapy) သည် ကင်ဆာဆဲလ်များကို အပူပေးရန် လျှပ်စစ်ဓာတ်အား အသုံးပြုခြင်း၊ အေးခဲစေသော အရည်ဖြင့် ခဲပစ်ခြင်း သို့မဟုတ် ကြိမ်နှုန်းမြင့် အာထရာဆောင်းလှိုင်းများကို အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေသည်။
