အကျဉ်းချုပ်အကြောင်းအရာ

ဆာကွိုက်ဒိုးဆစ်ရောဂါ သည် ခန္ဓာကိုယ်၏ အစိတ်အပိုင်းအမျိုးမျိုး အထူးသဖြင့် အဆုတ်နှင့် ပြန်ရည်ကျိတ်များတွင် ဂရန်နူလိုမားဟုခေါ်သော ရောင်ရမ်းဆဲလ်အစုအဝေးငယ်များ ဖြစ်ပေါ်လာခြင်းကို ဆိုလိုပါသည်၊၊ ၎င်းသည် မျက်လုံး၊ အရေပြားနှင့် နှလုံးကဲ့သို့သော အင်္ဂါများကိုလည်း ထိခိုက်စေနိုင်ပါသည်၊၊

ဆာကွိုက်ဒိုးဆစ်ရောဂါ ဖြစ်ပွားရသည့် တိကျသော အကြောင်းရင်းကို မသိရသေးသော်လည်း အမည်မသိ လှုံ့ဆော်မှုတစ်ခုအပေါ် ခန္ဓာကိုယ် ခုခံအားစနစ်၏ တုံ့ပြန်မှုကြောင့် ဖြစ်နိုင်သည်ဟု ပညာရှင်များက ယူဆကြပါသည်၊၊ အထူးသဖြင့် မျိုးရိုးဗီဇအရ ဖြစ်နိုင်ခြေရှိသူများတွင် ပိုးမွှားများ၊ ဓာတုပစ္စည်းများ၊ ဖုန်မှုန့်များ သို့မဟုတ် ခန္ဓာကိုယ်ရှိ ကိုယ်ပိုင်ပရိုတင်းများအပေါ် ပုံမှန်မဟုတ်သော တုံ့ပြန်မှုများကြောင့် ဖြစ်ပွားနိုင်ပါသည်၊၊

ဆာကွိုက်ဒိုးဆစ်ရောဂါအတွက် အမြစ်ပြတ်ကုသနိုင်သော နည်းလမ်းမရှိသော်လည်း လူအများစုသည် ကုသမှု အနည်းငယ် သို့မဟုတ် ကုသမှု လုံးဝမခံယူဘဲ ကောင်းမွန်သော ရလဒ်များကို ရရှိကြပါသည်၊၊ အချို့သောအခြေအနေများတွင် ရောဂါသည် အလိုအလျောက် ပျောက်ကွယ်သွားနိုင်သော်လည်း အချို့တွင်မူ နှစ်ရှည်လများ ဆက်ရှိနေနိုင်ပြီး အင်္ဂါအစိတ်အပိုင်းများကို ပျက်စီးစေနိုင်ပါသည်၊၊

ရောဂါလက္ခဏာများ

ဆာကွိုက်ဒိုးဆစ်ရောဂါ၏ လက္ခဏာများသည် မည်သည့်အင်္ဂါအစိတ်အပိုင်းများ ထိခိုက်သည်အပေါ် မူတည်၍ ကွဲပြားပါသည်၊၊ ရောဂါလက္ခဏာများသည် နှစ်ရှည်လများ တဖြည်းဖြည်းချင်း ပေါ်ပေါက်လာနိုင်သလို ရုတ်တရက် ပေါ်လာပြီး လျင်မြန်စွာ ပြန်လည်ပျောက်ကွယ်သွားသည်လည်း ရှိနိုင်ပါသည်၊၊ ထို့ပြင် လူအများစုတွင် ရောဂါလက္ခဏာ မပြဘဲ ရှိနေတတ်ပြီး အခြားအကြောင်းကြောင့် ရင်ဘတ်ဓာတ်မှန်ရိုက်ရာမှတစ်ဆင့် တိုက်ဆိုင်စွာ သိရှိရလေ့ရှိပါသည်၊၊

ဆာကွိုက်ဒိုးဆစ်ရောဂါသည် အောက်ပါလက္ခဏာများဖြင့် စတင်နိုင်ပါသည်-

  • နွမ်းနယ်ခြင်း
  • ကိုယ်အလေးချိန် ကျဆင်းခြင်း
  • အဆစ်များ နာကျင်ပြီး ရောင်ရမ်းခြင်း (အထူးသဖြင့် ခြေကျင်းဝတ်များ)
  • ပြန်ရည်ကျိတ်များ ကြီးလာခြင်း

အဆုတ်ဆိုင်ရာ လက္ခဏာများ

ဆာကွိုက်ဒိုးဆစ်ရောဂါသည် အဆုတ်ကို အဓိက ထိခိုက်စေပြီး အောက်ပါ အဆုတ်ဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်ပါသည်-

  • ကြာရှည်စွာ ချောင်းခြောက်ဆိုးခြင်း
  • အသက်ရှူမဝခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • အသက်ရှူစဉ် တစီစီအသံမြည်ခြင်း

အရေပြားဆိုင်ရာ လက္ခဏာများ

ဆာကွိုက်ဒိုးဆစ်ရောဂါသည် အောက်ပါ အရေပြားပြဿနာများကို ဖြစ်စေနိုင်ပါသည်-

  • နှာခေါင်း၊ ပါးပြင်နှင့် နားရွက်များတွင် ပုံသဏ္ဌာန်ပျက်စီးစေသော အနာများဖြစ်ခြင်း
  • အရေပြားတွင် သိသာထင်ရှားသော အကွက်များ ဖြစ်ပေါ်ခြင်း (ပို၍မည်းခြင်း သို့မဟုတ် ဖြူခြင်း)
  • ခြေသလုံး သို့မဟုတ် ခြေကျင်းဝတ်များတွင် အနီရောင် သို့မဟုတ် အနီရောင်ဖျော့ဖျော့ အဖုအပိမ့်များ ထွက်ခြင်း (၎င်းတို့သည် ပူနွေးနေပြီး ထိလိုက်လျှင် နာကျင်နိုင်ပါသည်) အရေပြားအောက်တွင်
  • အဖုအကျိတ်များ ဖြစ်ပေါ်ခြင်း (အထူးသဖြင့် အမာရွတ် သို့မဟုတ် ဆေးမင်ကြောင်များအနီးတွင် ဖြစ်တတ်ပါသည်)

မျက်စိဆိုင်ရာ လက္ခဏာများ

ဆာကွိုက်ဒိုးဆစ်ရောဂါသည် မည်သည့် သိသာသော လက္ခဏာမှ မပြဘဲ မျက်စိကို ထိခိုက်စေနိုင်သောကြောင့် ပုံမှန် မျက်စိစစ်ဆေးမှု ပြုလုပ်ရန် အရေးကြီးပါသည်၊၊ လက္ခဏာများ ပေါ်ပေါက်လာပါက အောက်ပါတို့ ပါဝင်နိုင်ပါသည်-

  • မျက်စိ ပူစပ်ပူလောင်ဖြစ်ခြင်း၊ ယားယံခြင်း သို့မဟုတ် မျက်စိခြောက်ခြင်း
  • အလင်းမခံနိုင်ခြင်း
  • အမြင်အာရုံ ဝေဝါးခြင်း
  • မျက်စိနာခြင်း
  • မျက်စိ အလွန်အမင်း နီမြန်းခြင်း

နှလုံးဆိုင်ရာ လက္ခဏာများ

နှလုံးဆာကွိုက်ဒိုးဆစ်ရောဂါနှင့် ဆက်စပ်နေသော လက္ခဏာများမှာ-

  • အသက်ရှူမဝခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • ရင်တုန်ခြင်း (နှလုံးခုန်မြန်ခြင်း သို့မဟုတ် တုန်ခါနေသလို ခံစားရခြင်း)
  • နှလုံးခုန် မမှန်ခြင်း
  • ကိုယ်ခန္ဓာအတွင်း အရည်များ စုပုံလာခြင်းကြောင့် ဖောရောင်ခြင်း
  • နွမ်းနယ်ခြင်း
  • သတိလစ် မေ့လဲခြင်း

ဆာကွိုက်ဒိုးဆစ်ရောဂါသည် ကယ်လ်စီယမ် ဇီဝဖြစ်စဉ်၊ အာရုံကြောစနစ်၊ အသည်းနှင့် သရက်ရွက်၊ ကြွက်သားများ၊ အရိုးနှင့် အဆစ်များ၊ ကျောက်ကပ်၊ ပြန်ရည်ကျိတ်များ သို့မဟုတ် ခန္ဓာကိုယ်ရှိ အခြားသော မည်သည့်အင်္ဂါကိုမဆို ထိခိုက်စေနိုင်ပါသည်၊၊ ဆာကွိုက်ဒိုးဆစ်ရောဂါ လက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အရေးကြီးပါသည်၊၊

ဖြစ်ပွားရသည့် အကြောင်းရင်းများ

ဆာကွိုက်ဒိုးဆစ်ရောဂါ ဖြစ်ပွားရသည့် တိကျသော အကြောင်းရင်းကို ဆေးဘက်ဆိုင်ရာ ပညာရှင်များ မသိရသေးပါ၊၊ သို့သော် အချို့သူများတွင် ဤရောဂါဖြစ်နိုင်သော မျိုးရိုးဗီဇ ပါရှိနိုင်ပြီး ၎င်းကို ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ဖုန်မှုန့် သို့မဟုတ် ဓာတုပစ္စည်းများကဲ့သို့သော အချက်များက လှုံ့ဆော်ပေးနိုင်ပါသည်၊၊ ယင်းက ခန္ဓာကိုယ် ခုခံအားစနစ်ကို အလွန်အမင်း တုံ့ပြန်စေပြီး ဂရန်နူလိုမားဟုခေါ်သော ရောင်ရမ်းမှု ပုံစံဖြင့် ခုခံအားဆဲလ်များ စုပုံလာစေပါသည်၊၊ ဂရန်နူလိုမားများ အင်္ဂါတစ်ခုအတွင်း စုပုံလာသောအခါ ထိုအင်္ဂါ၏ ပုံမှန်လုပ်ဆောင်ချက်များကို အနှောင့်အယှက် ဖြစ်စေနိုင်ပါသည်၊၊

ဖြစ်နိုင်ခြေရှိသော အချက်များ

ဆာကွိုက်ဒိုးဆစ်ရောဂါသည် မည်သူ့ကိုမဆို ထိခိုက်နိုင်သော်လည်း အချို့သောအချက်များက ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါသည်-

  • လူမျိုးစု – အာဖရိက သို့မဟုတ် ဥရောပမြောက်ပိုင်း နွယ်ဖွားများတွင် ဤရောဂါ ပိုမိုအဖြစ်များပါသည်၊၊ အာဖရိကနွယ်ဖွား အမေရိကန်လူမျိုးများသည် အဆုတ်အပြင် အခြားသော အင်္ဂါအစိတ်အပိုင်းများစွာ ထိခိုက်နိုင်ခြေ ပိုများပါသည်၊၊
  • အသက်နှင့် လိင် – ဤရောဂါသည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သော်လည်း အသက် ၂၀ မှ ၆၀ ကြားတွင် အဖြစ်များလေ့ရှိပါသည်၊၊ အမျိုးသားများထက် အမျိုးသမီးများတွင် ဖြစ်ပွားနိုင်ခြေ အနည်းငယ် ပိုများပါသည်၊၊
  • မိသားစုရာဇဝင် – မိသားစုဝင်တစ်ဦးဦးတွင် ဆာကွိုက်ဒိုးဆစ်ရောဂါ ရှိပါက သင့်တွင်လည်း ဤရောဂါဖြစ်နိုင်ခြေ ပိုများပါသည်၊၊

ရောဂါရှာဖွေခြင်း

ဆာကွိုက်ဒိုးဆစ်ရောဂါသည် အစောပိုင်းကာလများတွင် လက္ခဏာ အနည်းငယ်သာ ပြတတ်သောကြောင့် ရောဂါရှာဖွေရန် ခက်ခဲနိုင်ပါသည်၊၊ ထို့ပြင် ၎င်း၏ လက္ခဏာများသည် အခြားရောဂါများနှင့်လည်း ဆင်တူနိုင်ပါသည်၊၊ ဆရာဝန်သည် ပုံမှန်အားဖြင့် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းနှင့် ရောဂါလက္ခဏာများကို မေးမြန်းခြင်းတို့ဖြင့် စတင်ပါလိမ့်မည်၊၊ ဆရာဝန်သည် သင်၏ နှလုံးနှင့် အဆုတ် လုပ်ဆောင်ချက်များကို စစ်ဆေးခြင်း၊ ပြန်ရည်ကျိတ်များ ရောင်ခြင်း ရှိ၊ မရှိ စမ်းသပ်ခြင်းနှင့် အရေပြားပေါ်ရှိ အနာများကို စစ်ဆေးခြင်းတို့ ပြုလုပ်ပါလိမ့်မည်၊၊

ဆာကွိုက်ဒိုးဆစ်ရောဂါ ရှိ၊ မရှိနှင့် မည်သည့်စနစ်များကို ထိခိုက်နေသည်ကို သိရှိနိုင်ရန် ရောဂါရှာဖွေရေး စစ်ဆေးမှုများသည် မရှိမဖြစ် လိုအပ်ပါသည်၊၊ အခြားသော ဝေဒနာများကို ဖယ်ထုတ်ရန်နှင့် မည်သည့်အင်္ဂါများတွင် ပါဝင်နေသည်ကို အကဲဖြတ်ရန် ဆရာဝန်က အောက်ပါ စစ်ဆေးမှုများကို အကြံပြုနိုင်ပါသည်-

  • ဆာကွိုက်ဒိုးဆစ်ရောဂါကြောင့် ဖြစ်နိုင်သော အမြင်အာရုံ ပြဿနာများကို စစ်ဆေးရန် မျက်စိစစ်ဆေးခြင်း၊၊
  • သင်၏ ယေဘုယျ ကျန်းမာရေးနှင့် ကျောက်ကပ်၊ အသည်းတို့၏ ကျန်းမာရေးကို အကဲဖြတ်ရန် သွေးနှင့် ဆီးစစ်ခြင်း၊၊ နှလုံးနှင့် အဆုတ်ကို စစ်ဆေးရန် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊၊
  • အဆုတ်ကို အသေးစိတ် စစ်ဆေးရန် ရင်ဘတ်ကို ကွန်ပျူတာဓာတ်မှန် ရိုက်ခြင်း၊၊ အဆုတ်၏ ထုထည်နှင့် သွေးထဲသို့ အောက်ဆီဂျင် ပို့ဆောင်ပေးနိုင်စွမ်းကို အကဲဖြတ်ရန် အဆုတ်လုပ်ဆောင်ချက် စစ်ဆေးမှုများ၊၊
  • နှလုံးပြဿနာများကို ရှာဖွေရန်နှင့် နှလုံးအခြေအနေကို ခြေရာခံရန် အီးစီဂျီ လျှပ်စစ်နှလုံးစမ်းသပ်မှု ပြုလုပ်ခြင်း၊၊
  • နှလုံး သို့မဟုတ် ဗဟိုအာရုံကြောစနစ်ကို ထိခိုက်နေသည်ဟု ယူဆရပါက ပုံရိပ်ဖော် စစ်ဆေးမှုများ ပီအီးတီ/ သံလိုက်ဓာတ်မှန် ပြုလုပ်ခြင်း၊၊
  • အသားစယူ စစ်ဆေးခြင်း – ဤရောဂါနှင့် ဆက်စပ်နေသော ဂရန်နူလိုမားများ ရှိ၊ မရှိ စစ်ဆေးရန် သံသယရှိသော နေရာမှ တစ်ရှူးအစအန အနည်းငယ်ကို ယူ၍ စစ်ဆေးခြင်း ဖြစ်ပါသည်၊၊ အရေပြား၊ အဆုတ် သို့မဟုတ် ပြန်ရည်ကျိတ်များမှ အသားစယူ၍ စစ်ဆေးနိုင်ပါသည်၊၊

ကုသခြင်း

ဆာကွိုက်ဒိုးဆစ်ရောဂါအတွက် အပြီးတိုင်ပျောက်ကင်းစေမည့် ဆေးမရှိသော်လည်း များစွာသော ဖြစ်ရပ်များတွင် ရောဂါသည် အလိုအလျောက် ပျောက်ကွယ်သွားတတ်ပါသည်၊၊ လက္ခဏာ မရှိပါက သို့မဟုတ် လက္ခဏာ အပျော့စားသာ ရှိပါက ကုသမှုခံယူရန် မလိုအပ်နိုင်ပါ၊၊ ကုသမှု နည်းလမ်းကို ရွေးချယ်ရာတွင် ရောဂါ၏ ပြင်းထန်မှုနှင့် ပျံ့နှံ့မှုအပေါ် မူတည်ပါသည်၊၊

ဆေးဝါးများ

သင်၏ လက္ခဏာများ ပြင်းထန်ပါက သို့မဟုတ် အင်္ဂါအစိတ်အပိုင်းများ၏ လုပ်ဆောင်ချက် ထိခိုက်နိုင်ခြေရှိပါက ဆေးဝါးဖြင့် ကုသမှုကို ခံယူရပါလိမ့်မည်၊၊ ဤဆေးဝါးများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-

  • စတီးရွိုက်ဆေးများ – ဤပြင်းထန်သော ရောင်ရမ်းမှု လျော့ကျစေသည့် ဆေးဝါးများသည် ပုံမှန်အားဖြင့် ဆာကွိုက်ဒိုးဆစ်ရောဂါအတွက် ပထမဆုံးအဆင့် ကုသမှုဆေးများ ဖြစ်ပါသည်၊၊ အချို့သောအခြေအနေများတွင် အရေပြားအတွက် လိမ်းဆေး သို့မဟုတ် မျက်စိအတွက် ခတ်ဆေးများအဖြစ် တိုက်ရိုက် အသုံးပြုနိုင်ပါသည်၊၊
  • ခုခံအားစနစ်ကို ထိန်းချုပ်သော ဆေးဝါးများ – ဤဆေးများသည် ခုခံအားစနစ်ကို ထိန်းချုပ်ခြင်းဖြင့် ရောင်ရမ်းမှုကို လျော့နည်းစေပါသည်၊၊
  • ဟိုက်ဒရောက်ဆီကလိုရိုကွင်း – အရေပြားပေါ်ရှိ အနာများနှင့် သွေးထဲတွင် ကယ်လ်စီယမ် ပမာဏ မြင့်မားနေခြင်းတို့ကို ကုသရာတွင် အသုံးဝင်နိုင်ပါသည်၊၊
  • ရောင်ရမ်းမှုကို လျှော့ချပေးသော အခြား အဆင့်မြင့်ဆေးဝါးများ – အခြားသော ကုသမှုများဖြင့် မသက်သာသည့်အခါတွင် ဤဆေးဝါးများကို အသုံးပြုနိုင်ပါသည်၊၊ အချို့သော လက္ခဏာများ သို့မဟုတ် ပြဿနာများအတွက် အခြားဆေးဝါးများဖြင့်လည်း ကုသနိုင်ပါသည်၊၊

အခြားသော ကုသမှုများ

သင်၏ လက္ခဏာများအပေါ် မူတည်၍ နောက်ထပ် ကုသမှုများကို အကြံပြုနိုင်ပါသည်၊၊ ဥပမာအားဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ လျော့နည်းစေရန် အဆုတ်ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ၊ နွမ်းနယ်မှုကို လျှော့ချပြီး ကြွက်သားသန်မာစေရန် ရုပ်ပိုင်းဆိုင်ရာ ကုသမှုများ သို့မဟုတ် နှလုံးခုန်မမှန်ခြင်းကို ကုသရန် နှလုံးခုန်နှုန်း ထိန်းစက် တပ်ဆင်ခြင်းတို့ ပြုလုပ်နိုင်ပါသည်၊၊

စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးခြင်း

သင်၏ လက္ခဏာများနှင့် ကုသမှုအခြေအနေအပေါ် မူတည်၍ ဆရာဝန်နှင့် ပြသရမည့် အကြိမ်ရေ ကွဲပြားနိုင်ပါသည်၊၊ ကုသမှုခံယူရန် မလိုအပ်သည့်တိုင်အောင် ဆရာဝန်နှင့် ပုံမှန်ပြသရန်မှာ အလွန်အရေးကြီးပါသည်၊၊ ဆရာဝန်သည် သင်၏ လက္ခဏာများကို စောင့်ကြည့်ခြင်း၊ ကုသမှု ထိရောက်မှု ရှိ၊ မရှိ အကဲဖြတ်ခြင်းနှင့် ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲ ပြဿနာများကို ရှာဖွေခြင်းတို့ ပြုလုပ်ပါလိမ့်မည်၊၊ ပုံမှန် ဓာတ်ခွဲစစ်ဆေးမှုများ၊ ဆီးစစ်ခြင်း၊ နှလုံးစမ်းသပ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းနှင့် မျက်စိ၊ အဆုတ်၊ အရေပြားတို့ကို စစ်ဆေးခြင်းတို့ ပါဝင်နိုင်ပါသည်၊၊ တစ်သက်တာလုံး ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်နိုင်ပါသည်၊၊

ခွဲစိတ်ကုသခြင်း

အကယ်၍ သင်၏ အသည်း၊ နှလုံး သို့မဟုတ် အဆုတ်တို့သည် ဆာကွိုက်ဒိုးဆစ်ရောဂါကြောင့် ပြင်းထန်စွာ ပျက်စီးသွားပါက အင်္ဂါအစိတ်အပိုင်း အစားထိုး ကုသမှု ခံယူရန် လိုအပ်နိုင်ပါသည်၊၊

Doctors who treat this condition