ဂျာမန်ဝက်သက် ရောဂါ အကြောင်း သိကောင်းစရာ
ဂျာမန်ဝက်သက် သို့မဟုတ် ဘာမီလာ (Rubella) ဆိုသည်မှာ RuV ဟုခေါ်သော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါတစ်မျိုး ဖြစ်သည်။ ပိုးကူးစက်ခံရသူ အများစုတွင် လက္ခဏာ အပျော့စားသာ ပြသတတ်သည် သို့မဟုတ် မည်သည့်လက္ခဏာမျှ မပြဘဲ နေတတ်သည်။ ၎င်းသည် အရေပြားပေါ်တွင် အနီကွက်များ ထွက်ခြင်း၊ ဖျားခြင်းနှင့် အခြားသော လက္ခဏာများကို ဖြစ်စေနိုင်သည်။ တစ်ဦးမှတစ်ဦးသို့လည်း လျင်မြန်စွာ ကူးစက်ပြန့်ပွားတတ်သည်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း မိခင်မှတစ်ဆင့် သန္ဓေသားဆီသို့ ရောဂါပိုး ကူးစက်သွားပါက ကလေးတွင် အကြားအာရုံနှင့် အမြင်အာရုံ ချို့တဲ့ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်းနှင့် အခြားသော ပြင်းထန်သည့် ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ဂျာမန်ဝက်သက်ရောဂါမှ ကာကွယ်နိုင်ပါသည်။
အနီရောင် သို့မဟုတ် ပန်းရောင်ရှိသော အနီကွက်/အဖုအပိမ့်များသည် ပုံမှန်အားဖြင့် မျက်နှာ၊ လည်ပင်းနှင့် ကိုယ်ထည်ပိုင်းတို့တွင် စတင်ဖြစ်ပေါ်လေ့ရှိပြီး ထို့နောက် ခန္ဓာကိုယ်အောက်ပိုင်းသို့ ပျံ့နှံ့သွားတတ်သည်။ ဂျာမန်ဝက်သက်ကို ‘German measles’ သို့မဟုတ် ‘သုံးရက်ဝက်သက် (three-day measles)’ ဟုလည်း ခေါ်ဆိုကြသည်။ ဂျာမန်ဝက်သက် (Rubella) သည် သာမန်ဝက်သက် (Measles) နှင့် ခံစားရသော အနီကွက်ချင်း ဆင်တူသော်လည်း ကွဲပြားခြားနားသော ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားခြင်း ဖြစ်သည်။
ချောင်းဆိုးခြင်း၊ နှာချေခြင်း သို့မဟုတ် ဗိုင်းရပ်စ်ပိုးရှိနေသော အရာဝတ္ထုများကို ကိုင်တွယ်ထိတွေ့မိခြင်းတို့မှတစ်ဆင့် ဂျာမန်ဝက်သက် ဗိုင်းရပ်စ်ပိုးသည် တစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။ ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်မှတစ်ဆင့် သန္ဓေသားထံသို့လည်း ကူးစက်နိုင်သည်။ ဂျာမန်ဝက်သက်သည် မည်သည့်လက္ခဏာမျှ မပြသော်လည်း အခြားသူများထံသို့ ကူးစက်နိုင်စွမ်း ရှိသည်။ အရေပြားပေါ်တွင် အနီကွက်များ မထွက်မီ တစ်ပတ်အလိုခန့်မှစ၍ အနီကွက်များ ထွက်ပြီးနောက် တစ်ပတ်ခန့်အထိ မည်သည့်လက္ခဏာမျှ မခံစားရသော်လည်း အခြားသူများထံသို့ ရောဂါပိုး ပျံ့နှံ့ကူးစက်စေနိုင်သည်။
ရောဂါလက္ခဏာများ
မျက်နှာမှစတင်၍ ခန္ဓာကိုယ်အောက်ပိုင်းသို့ ပျံ့နှံ့သွားတတ်သော အနီကွက်များ ထွက်ခြင်းသည် ဂျာမန်ဝက်သက်၏ အထင်ရှားဆုံးသော လက္ခဏာ ဖြစ်သည်။ ကလေးငယ်များတွင် အနီကွက်ထွက်ခြင်းသည် ကနဦးပြသသော ရောဂါလက္ခဏာ ဖြစ်လေ့ရှိသည်။ အသက်ကြီးသောကလေးများနှင့် လူကြီးများတွင်မူ အခြားသော လက္ခဏာများ ပြသပြီး ရက်အနည်းငယ်ကြာမှသာ အနီကွက်များ စတင်ထွက်လာတတ်သည်။
ပိုးကူးစက်ခံရသူများ၏ ၅၀% အထိသည် မည်သည့်လက္ခဏာမျှ မပြသသော်လည်း အခြားသူများထံသို့ ဂျာမန်ဝက်သက် ဗိုင်းရပ်စ်ပိုးကို ဆက်လက်ကူးစက်စေနိုင်သည်။
ဂျာမန်ဝက်သက် ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်သည်။
- အဖျားငွေ့ငွေ့ရှိခြင်း
- အနီကွက်များ သို့မဟုတ် အဖုအပိမ့်များ ထွက်ခြင်း
- ချောင်းဆိုးခြင်း
- နှာစေးခြင်း
- လည်ချောင်းနာခြင်း
- ခေါင်းကိုက်ခြင်း
- မျက်စိနာခြင်း / မျက်စိရောင်ခြင်း (Pink eye)
- အဆစ်အမြစ်များ နာကျင်ခြင်း
- ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း
- ခန္ဓာကိုယ် တစ်ခုလုံး မအီမသာ ဖြစ်ခြင်း
ဖြစ်ပွားရသည့် အကြောင်းရင်းများ
RuV ဗိုင်းရပ်စ်ပိုးသည် ဂျာမန်ဝက်သက်ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်။ ဗိုင်းရပ်စ်ဆိုသည်မှာ ဒီအင်အေ (DNA) သို့မဟုတ် အာရ်အင်အေ (RNA) ကဲ့သို့သော မျိုးရိုးဗီဇဆိုင်ရာ ဒြပ်ပစ္စည်းများ ပါဝင်သည့် သေးငယ်သောအကာအမြှေးခွံများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိကိုယ်တိုင် ပွားများရန်အတွက် လူ၊ တိရစ္ဆာန် သို့မဟုတ် အပင်များ၏ ဆဲလ်လုပ်ငန်းစဉ်များကို အမှီပြုအသုံးချကြရသည်။
ဖြစ်နိင်ချေရှိသော အကြောင်းအရင်းများ
- ဂျာမန်ဝက်သက်သည် မည်သူ့ကိုမဆို ကူးစက်ဖြစ်ပွားနိုင်သော်လည်း ၎င်း၏ အပြင်းထန်ဆုံးပုံစံဖြစ်သော ‘မွေးရာပါ ဂျာမန်ဝက်သက် ရောဂါစု (congenital rubella syndrome)’ သည် ကိုယ်ဝန်ဆောင်စဉ်အတွင်း မိခင်ဖြစ်သူထံမှတစ်ဆင့် ရောဂါပိုး ကူးစက်ခံရသော မွေးကင်းစကလေးငယ်များတွင်သာ ဖြစ်ပွားတတ်သည်။
- ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် ဂျာမန်ဝက်သက် ဖြစ်ပွားသူပေါင်း ၂၆,၀၀၀ ခန့် ရှိသည်။ ဤရောဂါသည် အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အာရှဒေသတို့တွင် အဖြစ်အများဆုံး ဖြစ်သည်။
ရောဂါရှာဖွေခြင်း (Diagnosis)
ဆရာဝန်သည် သင့်အား ကိုယ်ခန္ဓာပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး အကယ်၍ သင့်တွင် အနီကွက်များ ထွက်နေပါက ၎င်းကို ကြည့်ရှုစစ်ဆေး၍ ဂျာမန်ဝက်သက် ဟုတ်၊ မဟုတ် ဆုံးဖြတ်မည် ဖြစ်သည်။ ထို့ပြင် ဂျာမန်ဝက်သက်ရောဂါ လက္ခဏာများကို ရှာဖွေရန်အတွက် သင့်သွေး၊ ဆီး သို့မဟုတ် လည်ချောင်းနှင့် နှာခေါင်းမှ ထွက်သော အချွဲများကို စစ်ဆေးနိုင်သည်။
ဂျာမန်ဝက်သက် ရောဂါရှာဖွေရန် လုပ်ဆောင်သော စစ်ဆေးမှုများမှာ –
- သွေးစစ်ခြင်း (Blood tests): ဆရာဝန်သည် သေးငယ်သော အပ်တစ်ချောင်းကို အသုံးပြု၍ သင့်လက်မောင်းမှ သွေးနမူနာ အနည်းငယ်ကို ထုတ်ယူမည် ဖြစ်သည်။ ထို့နောက် သွေးအတွင်း ဂျာမန်ဝက်သက်ဆိုင်ရာ ခုခံအားပစ္စည်း (antibodies) ရှိ၊ မရှိ စစ်ဆေးမည်ဖြစ်ပြီး ၎င်းခုခံအားပစ္စည်း ရှိနေခြင်းသည် သင် လက်ရှိတွင် ရောဂါခံစားနေရခြင်း၊ ယခင်က ဂျာမန်ဝက်သက် ဖြစ်ဖူးခြင်း သို့မဟုတ် ဂျာမန်ဝက်သက် ကာကွယ်ဆေး ထိုးနှံထားခြင်း ရှိကြောင်းကို ညွှန်ပြသည်။
- နှာခေါင်း သို့မဟုတ် လည်ချောင်း တို့ဖတ်ယူခြင်း (Nasal or throat swabs): ဆရာဝန်သည် ထိပ်ဖျားအပျော့စားရှိသော ဂွမ်းတံ (swab) ကို အသုံးပြု၍ သင့်လည်ချောင်း သို့မဟုတ် နှာခေါင်းမှ နမူနာကို တို့ဖတ်ယူမည် ဖြစ်သည်။ ထိုနမူနာကို ဓာတ်ခွဲခန်း၌ ဂျာမန်ဝက်သက် စစ်ဆေးမှု ပြုလုပ်မည် ဖြစ်သည်။
- ဆီးစစ်ခြင်း (Urine tests): သင်သည် သန့်ရှင်းသော ခွက်တစ်ခုအတွင်းသို့ ဆီးသွားရမည် ဖြစ်သည်။ ထို့နောက် သင့်ဆီးကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်၍ ဂျာမန်ဝက်သက်ရောဂါ လက္ခဏာများ ရှိ၊ မရှိ စစ်ဆေးမည် ဖြစ်သည်။
အကယ်၍ သင့်နှာခေါင်း၊ လည်ချောင်း သို့မဟုတ် ဆီးစစ်ဆေးချက် ရလဒ်များတွင် ပိုးတွေ့ရှိပါက (positive ဖြစ်ပါက) သင်သည် လက်ရှိတွင် ဂျာမန်ဝက်သက် ရောဂါပိုး ကူးစက်ခံထားရခြင်း ဖြစ်သည်။ သင့်သွေးစစ်ဆေးချက် ရလဒ်တွင် ပိုးတွေ့ရှိပါက (positive ဖြစ်ပါက) သင့်တွင် ဤရောဂါအတွက် ခုခံအားပစ္စည်းများ ရှိနေခြင်း ဖြစ်သည်။ ခုခံအားပစ္စည်း (Antibodies) ဆိုသည်မှာ ဗိုင်းရပ်စ်နှင့် ဗက်တီးရီးယားကဲ့သို့သော ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် တိကျသော အရာများကို မှတ်မိနိုင်စွမ်းရှိသည့် ထူးခြားသော ပရိုတင်းဓာတ်များ ဖြစ်ကြသည်။
အကယ်၍ သင်သည် ကျန်းမာရေးကောင်းမွန်နေသော်လည်း သွေးစစ်ဆေးချက်တွင် ခုခံအားပစ္စည်း တွေ့ရှိပါက (positive ဖြစ်ပါက) ၎င်းသည် သင် ယခင်က ဂျာမန်ဝက်သက် ဖြစ်ဖူးခြင်း သို့မဟုတ် ကာကွယ်ဆေး ထိုးနှံထားခြင်း ရှိကြောင်းကို ပြသသည်။ သင့်တွင် ဂျာမန်ဝက်သက်ကို တိုက်ဖျက်နိုင်သော ခုခံအားပစ္စည်းများ ရှိနေပါက သင့်ကိုယ်ခံအားစနစ်သည် သင် ဖျားနာခြင်းမရှိမီ ၎င်းဗိုင်းရပ်စ်ကို ဖျက်ဆီးပစ်နိုင်ခြေ မြင့်မားသောကြောင့် ဤရောဂါကို ကာကွယ်နိုင်စွမ်း (immune) ရှိနေရန် ပိုမိုသေချာပါသည်။
ကုသခြင်း (Treatment)
ဂျာမန်ဝက်သက်ရောဂါကို တိကျစွာ ကုသနိုင်သည့် သီးသန့်ဆေးဝါး ဟူ၍ မရှိပါ။ ပုံမှန်အားဖြင့် ဤရောဂါသည် ၎င်းဘာသာ ပြန်လည်သက်သာသွားလေ့ ရှိသည်။ ရောဂါလက္ခဏာများကို ဆရာဝန်ညွှန်ကြားချက်မလိုဘဲ အလွယ်တကူ ဝယ်ယူရရှိနိုင်သော ဆေးဝါးများ (over-the-counter drugs) အသုံးပြု၍ အိမ်၌ပင် ပြုစုကုသနိုင်သည်။ ဂျာမန်ဝက်သက်ရောဂါ ပြန့်ပွားမှုကို တားဆီးရန်အတွက် ဆရာဝန်က သင့်အား အခြားသူများနှင့် သီးခြားခွဲနေထိုင်ရန် (quarantining) အကြံပြုနိုင်ပါသည်။
ရောဂါလက္ခဏာများကို ကုသခြင်း (Managing symptoms)
အခြေအနေအများစုတွင် ဂျာမန်ဝက်သက် ရောဂါလက္ခဏာများကို Acetaminophen (Paracetamol ဟုလည်း ခေါ်ဆိုရောင်းချသည်) ကဲ့သို့သော ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်ယူနိုင်သည့် ဆေးဝါးများ သို့မဟုတ် ချောင်းဆိုးနှင့် အအေးမိပျောက်ဆေးများကို အသုံးပြု၍ အိမ်၌ပင် ပြုစုကုသနိုင်သည်။ သင့်ရောဂါလက္ခဏာများကို အထိရောက်ဆုံး မည်သို့ကုသရမည်ဆိုသည်ကို ဆရာဝန်ထံ မေးမြန်းတိုင်ပင်ပါ။ သင့်ကလေးအား ဂျာမန်ဝက်သက်ရောဂါအတွက် ဆေးဝါးများ မတိုက်ကျွေးမီ ကလေးအထူးကုဆရာဝန်နှင့် သေချာစွာ ဆွေးနွေးတိုင်ပင်ပါ။
