အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆင်စီရှာဗိုင်းရပ်စ်ပိုး

အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆင်စီရှာဗိုင်းရပ်စ်ပိုး အကြောင်း သိကောင်းစရာ

အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆင်စီရှာဗိုင်းရပ်စ် (Respiratory Syncytial Virus – RSV) သည် ကလေးများနှင့် လူကြီးများတွင် အဆုတ်နှင့် အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းကို ဖြစ်စေသည့် အဖြစ်များသော အကြောင်းရင်းတစ်ခု ဖြစ်သည်။ ကလေးအများစုသည် အသက် ၂ နှစ်အရွယ်မတိုင်မီ ဤဗိုင်းရပ်စ်နှင့် ထိတွေ့ဖူးကြသည်။ ကျန်းမာသန်စွမ်းသော လူကြီးများနှင့် အသက်ကြီးပိုင်းကလေးများတွင် RSV ရောဂါလက္ခဏာများသည် များသောအားဖြင့် သာမန်တုပ်ကွေးကဲ့သို့ မပြင်းထန်တတ်ဘဲ မအီမသာဖြစ်မှုများကို သက်သာစေရန် မိမိဘာသာ ဂရုစိုက်စောင့်ရှောက်မှု (self-care measures) ပေးရုံဖြင့်ပင် လုံလောက်ပါသည်။

သို့သော်လည်း RSV ဗိုင်းရပ်စ်သည် အသက် ၁၂ လအောက် ကလေးငယ်များ (အထူးသဖြင့် လနု၍ မွေးဖွားလာသော ကလေးငယ်များ)၊ သက်ကြီးရွယ်အိုများ၊ နှလုံးနှင့် အဆုတ်ရောဂါအခံရှိသူများ သို့မဟုတ် ကိုယ်ခံအားစနစ် အားနည်းသူများကဲ့သို့သော အချို့သောအုပ်စုများအတွက် ပြင်းထန်သော အန္တရာယ်များကို ဖြစ်စေနိုင်သည်။ ဤကဲ့သို့ ထိခိုက်လွယ်သော လူဦးရေအုပ်စုများတွင် RSV ပိုးဝင်ခြင်းသည် ပြင်းထန်သော ဖျားနာမှုများနှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို ဦးတည်စေနိုင်ပါသည်။

ရောဂါလက္ခဏာများ

RSV ဗိုင်းရပ်စ် ပိုးဝင်ခြင်း၏ သာမန်လက္ခဏာရပ်များသည် များသောအားဖြင့် ဗိုင်းရပ်စ်နှင့် ထိတွေ့ပြီးနောက် ၄ ရက်မှ ၆ ရက်ဝန်းကျင်တွင် စတင်ပြသလေ့ရှိသည်။ လူကြီးများနှင့် အသက်ကြီးပိုင်းကလေးများတွင် RSV သည် သာမန်တုပ်ကွေးကဲ့သို့ မပြင်းထန်သော လက္ခဏာများအဖြစ် ပေါ်လာတတ်သည်။ ၎င်းတို့တွင် –

  • ဖျားခြင်း
  • ချောင်းခြောက်ဆိုးခြင်း
  • နှာချေခြင်း
  • ခေါင်းကိုက်ခြင်း
  • နှာပိတ်ခြင်း သို့မဟုတ် နှာရည်ယိုခြင်း
  • လည်ချောင်းနာခြင်း

ပြင်းထန်သော လက္ခဏာများ

RSV ပိုးဝင်ခြင်းသည် အသက်ရှူလမ်းကြောင်းအောက်ပိုင်းသို့ ပြန့်နှံ့သွားနိုင်ပြီး အဆုတ်ရောင်ခြင်း (pneumonia) သို့မဟုတ် လေပြွန်ငယ်များ ရောင်ရမ်းခြင်း (bronchiolitis) တို့ကို ဖြစ်စေနိုင်သည်။ လက္ခဏာရပ်များတွင် အောက်ပါတို့ ပါဝင်နိုင်သည် –

  • ဖျားခြင်း
  • ပြင်းထန်စွာ ချောင်းဆိုးခြင်း
  • အသက်ရှူမြန်ခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်း (လူနာသည် လှဲလျောင်းနေခြင်းထက် ထိုင်နေရခြင်းက ပို၍ သက်သာသည်ဟု ခံစားရနိုင်သည်)
  • တရွှတ်ရွှတ်/တရွှီရွှီ မြည်ခြင်း (Wheezing) – များသောအားဖြင့် လေရှူထုတ်ချိန်တွင် စူးရှသောအသံ မြည်ခြင်းမျိုး ဖြစ်သည်။
  • အောက်ဆီဂျင် ချို့တဲ့မှုကြောင့် အရေပြား ပြာနှမ်းလာခြင်း (cyanosis)

RSV သည် နို့စို့ကလေးငယ်များအပေါ် အပြင်းထန်ဆုံး သက်ရောက်မှုရှိသည်။ ကလေးငယ်များတွင် ပြင်းထန်သော RSV ပိုးဝင်ခြင်း၏ လက္ခဏာရပ်များမှာ –

  • ချောင်းဆိုးခြင်း
  • အသက်ရှူတိုခြင်း၊ မောခြင်းနှင့် အသက်ရှူမြန်ခြင်း
  • အသက်ရှူရခက်ခဲခြင်း – တစ်ချက်ရှူတိုင်း ရင်ဘတ်ကြွက်သားများနှင့် အရေပြားများ အတွင်းသို့ ချိုင့်ဝင်သွားခြင်း (ရင်ဘတ်ချိုင့်ခြင်း)
  • နုန်းခွေနေခြင်း
  • နို့/အစာ ကောင်းစွာမစားခြင်း
  • ဂျီကျခြင်း

ကလေးများနှင့် လူကြီးအများစုသည် များသောအားဖြင့် ၁ ပတ်မှ ၂ ပတ်အတွင်း RSV မှ ပြန်လည်သက်သာလာကြသော်လည်း အချို့သူများတွင် တရွှီရွှီမြည်၍ အသက်ရှူရခက်ခြင်း (wheezing) ခဏခဏ ပြန်ဖြစ်တတ်သည်။ သို့သော်လည်း လမစေ့ဘဲမွေးသော ကလေးငယ်များ သို့မဟုတ် နာတာရှည် နှလုံး သို့မဟုတ် အဆုတ်ရောဂါ ရှိသူများတွင် ဆေးရုံတက်ကုသရန် လိုအပ်သည့်အထိ ပြင်းထန်သော သို့မဟုတ် အသက်အန္တရာယ်ရှိသော ပိုးဝင်မှုများ ဖြစ်ပွားနိုင်သည်။

အကယ်၍ သင့်ကလေး သို့မဟုတ် ပြင်းထန်သော RSV ကူးစက်နိုင်ခြေရှိသူ တစ်ဦးဦးတွင် အသက်ရှူရခက်ခဲခြင်း၊ အဖျားကြီးခြင်း သို့မဟုတ် နှုတ်ခမ်းနှင့် လက်သည်းခြေသည်းများတွင် အရေပြားပြာနှမ်းလာခြင်းများ ကြုံတွေ့ရပါက ချက်ချင်း ဆေးဝါးကုသမှု ခံယူရန် အလွန်အရေးကြီးသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

RSV ဗိုင်းရပ်စ်သည် မျက်စိ၊ နှာခေါင်း သို့မဟုတ် ပါးစပ်တို့မှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပြီး ပိုးရှိသူ၏ အသက်ရှူလမ်းကြောင်းမှ ထွက်သော အမှုန်အမွှားများမှတစ်ဆင့် လေထဲတွင် လွယ်ကူစွာ ပြန့်နှံ့သွားနိုင်သည်။ RSV ရှိသူတစ်ဦး၏ ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်းများနှင့် ထိတွေ့မိပါက ကူးစက်ခံရနိုင်သည်။ ထို့ပြင် လက်ဆွဲနှုတ်ဆက်ခြင်းကဲ့သို့သော တိုက်ရိုက်ထိတွေ့မှုများမှလည်း ဗိုင်းရပ်စ် ကူးစက်နိုင်သည်။ ဗိုင်းရပ်စ်သည် စားပွဲခုံမျက်နှာပြင်များ၊ ကလေးကုတင်အကာများနှင့် ကစားစရာများကဲ့သို့သော မာကျောသည့် မျက်နှာပြင်များပေါ်တွင် နာရီပေါင်းများစွာ ရှင်သန်နေနိုင်သည်။ ပိုးမွှားပေကျံနေသော အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးနောက် မိမိ၏ ပါးစပ်၊ နှာခေါင်း သို့မဟုတ် မျက်စိတို့ကို ကိုင်တွယ်မိပါက ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ မြင့်တက်စေပါသည်။

ပိုးကူးစက်ခံရသူတစ်ဦးသည် ဗိုင်းရပ်စ်ပိုး စတင်ဝင်ရောက်ပြီးနောက် ပထမဆုံးပတ်ဝန်းကျင်တွင် အခြားသူများသို့ ရောဂါဖြန့်ဝေနိုင်စွမ်း (ကူးစက်နိုင်စွမ်း) အရှိဆုံး ဖြစ်သည်။ သို့သော်လည်း နို့စို့ကလေးငယ်များနှင့် ကိုယ်ခံအားစနစ် အားနည်းသူများတွင်မူ ရောဂါလက္ခဏာများ ပျောက်ကင်းသွားပြီးနောက်တွင်ပင် ဗိုင်းရပ်စ်သည် အခြားသူများထံ ၄ ပတ်အထိ ဆက်လက်ပြန့်နှံ့နေနိုင်ပါသည်။

ဖြစ်နိင်ချေရှိသော အကြောင်းအရင်းများ

ကလေးအများစုသည် အသက် ၂ နှစ်အရွယ်တွင် RSV ဗိုင်းရပ်စ်နှင့် ကြုံတွေ့ဖူးကြပြီး အကြိမ်ကြိမ် ပြန်လည်ကူးစက်ခံရခြင်းမျိုးလည်း ရှိနိုင်သည်။ ကလေးထိန်းကျောင်းများသို့ တက်ရောက်နေသော ကလေးများ သို့မဟုတ် ကျောင်းတက်နေသည့် မောင်နှမရှိသော ကလေးများသည် ဗိုင်းရပ်စ်နှင့် ထိတွေ့နိုင်ခြေနှင့် နောက်ဆက်တွဲ ပြန်လည်ကူးစက်ခံရနိုင်ခြေ ပိုမိုမြင့်မားသည်။ RSV ရောဂါသည် များသောအားဖြင့် ဆောင်းဦးရာသီမှ နွေဦးရာသီနှောင်းပိုင်းအထိ ကူးစက်ပျံ့နှံ့လေ့ရှိပြီး ၎င်းကို RSV ရာသီဟု သတ်မှတ်ကြသည်။

ပြင်းထန်သော သို့မဟုတ် အသက်အန္တရာယ်ရှိနိုင်သော RSV ပိုးဝင်နိုင်ခြေ မြင့်မားသူများတွင် အောက်ပါတို့ ပါဝင်သည် –

  • ကလေးငယ်များ (အထူးသဖြင့် လမစေ့ဘဲ မွေးဖွားလာသူများ သို့မဟုတ် အသက် ၆ လနှင့် ၎င်းအောက် ကလေးငယ်များ)
  • နာတာရှည် အဆုတ်ရောဂါ သို့မဟုတ် မွေးရာပါ နှလုံးရောဂါ ခံစားနေရသော ကလေးများ
  • ကြွက်သားကျုံ့ခြင်း (muscular dystrophy) ကဲ့သို့သော အာရုံကြောနှင့် ကြွက်သားဆိုင်ရာ ရောဂါဝေဒနာ ခံစားနေရသော ကလေးများ
  • ကင်ဆာကဲ့သို့သော ရောဂါများ သို့မဟုတ် ကီမိုဆေးသွင်းခြင်း (chemotherapy) ကဲ့သို့သော ကုသမှုများကြောင့် ကိုယ်ခံအားစနစ် အားနည်းနေသည့် ကလေးများ သို့မဟုတ် လူကြီးများ
  • အဆုတ် သို့မဟုတ် နှလုံးရောဂါ ခံစားနေရသော လူကြီးများ
  • သက်ကြီးရွယ်အိုများ (အထူးသဖြင့် အသက် ၆၅ နှစ်နှင့် ၎င်းအထက်ရှိသူများ)

ရောဂါရှာဖွေခြင်း (Diagnosis)

ဆရာဝန်သည် ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုမှ တွေ့ရှိချက်များနှင့် ရောဂါလက္ခဏာများ ပြသသည့် အချိန်ကာလအပေါ် မူတည်၍ RSV ပိုးဝင်ခြင်း ဖြစ်နိုင်ခြေ ရှိ/မရှိကို သုံးသပ်မည် ဖြစ်သည်။ စမ်းသပ်စစ်ဆေးစဉ်အတွင်း ဆရာဝန်သည် နားကြပ် (stethoscope) ကို အသုံးပြု၍ အဆုတ်အတွင်း တရွှီရွှီမြည်သံ သို့မဟုတ် ပုံမှန်မဟုတ်သော အသံများ ရှိ/မရှိ နားထောင်စစ်ဆေးမည် ဖြစ်သည်။

ယေဘုယျအားဖြင့် RSV ကို ရောဂါရှာဖွေရန် ဓာတ်ခွဲခန်းစစ်ဆေးမှုများနှင့် ပုံရိပ်ဖော်စစ်ဆေးမှုများ ပြုလုပ်ရန်မလိုပါ။ သို့သော်လည်း ၎င်းတို့သည် RSV နှင့် ဆက်စပ်နေသော နောက်ဆက်တွဲ ပြဿနာများကို ရှာဖွေဖော်ထုတ်ရန် သို့မဟုတ် တူညီသော လက္ခဏာများ ရှိနိုင်သည့် အခြားသော ရောဂါအခြေအနေများကို ဖယ်ထုတ်ရန်အတွက် အထောက်အကူပြုနိုင်ပါသည်။ ဤစစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည် –

  • ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း (Chest X-rays): အဆုတ်ရောင်ရမ်းမှုကို အကဲဖြတ်ရန် ပြုလုပ်သည်။
  • နှာခေါင်း သို့မဟုတ် အာခေါင်တို့ဖတ်ယူခြင်း (Swab test): ဗိုင်းရပ်စ်၏ လက္ခဏာရပ်များကို ရှာဖွေရန် နှာခေါင်း သို့မဟုတ် ပါးစပ်အတွင်းရှိ အရည်များကို တို့ဖတ်ယူ၍ စစ်ဆေးသည်။
  • သွေးစစ်ခြင်း (Blood tests): သွေးဖြူဥအရေအတွက်ကို စစ်ဆေးရန် သို့မဟုတ် ဗိုင်းရပ်စ်များ၊ ဘက်တီးရီးယားများနှင့် အခြားသော ပိုးမွှားများကို ရှာဖွေရန် ပြုလုပ်သည်။
  • အောက်ဆီဂျင်တိုင်းခြင်း (Pulse oximetry): သွေးတွင်းအောက်ဆီဂျင်ပမာဏ ပုံမှန်ထက် လျော့နည်းနေခြင်း ရှိ/မရှိကို သိရှိနိုင်ရန် အသုံးပြုသည်။

ကုသခြင်း (Treatment)

အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆင်စီရှာဗိုင်းရပ်စ် (RSV) ကုသမှုသည် သင့်ကလေး ပိုမိုသက်တောင့်သက်သာ ဖြစ်စေရန် ရည်ရွယ်သည့် ပံ့ပိုးကူညီမှုပေးသော စောင့်ရှောက်မှုများ (supportive care measures) အပေါ်တွင်သာ အဓိကမူတည်ပါသည်။ သို့သော်လည်း ပြင်းထန်သော လက္ခဏာများ ပြသလာပါက ဆေးရုံတက်ရောက်ကုသမှု ခံယူရန် လိုအပ်နိုင်ပါသည်။

ပံ့ပိုးကူညီမှုပေးသော ကုသမှုများ (Supportive treatment)

သင့်ဆရာဝန်သည် အဖျားကျစေရန်အတွက် ပါရာစီတမော (acetaminophen) ကဲ့သို့သော ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်ယူနိုင်သည့် ဆေးဝါးများကို အသုံးပြုရန် အကြံပြုနိုင်ပါသည်။ ကလေးငယ်အား အက်စပရင် (aspirin) ဆေးဝါး ပေးခြင်းကို လုံးဝရှောင်ကြဉ်ရန် အရေးကြီးပါသည်။ နှာပိတ်ခြင်းကို သက်သာစေရန် နှာခေါင်းဖျန်း ဆားရည်စက် (nasal saline drops) များ အသုံးပြုခြင်းနှင့် အချွဲစုပ်ထုတ်ခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါသည်။ အကယ်၍ ဘက်တီးရီးယားကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါကဲ့သို့သော ဘက်တီးရီးယားဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားလာပါက သင့်ဆရာဝန်သည် ပိုးသတ်ဆေးများကို ညွှန်းဆိုနိုင်ပါသည်။

သင့်ကလေး သက်တောင့်သက်သာ ဖြစ်စေရန်အတွက် အရည်များများ သောက်သုံးစေပြီး ရေဓာတ်ခမ်းခြောက်သည့် လက္ခဏာများ ဖြစ်သော နှုတ်ခမ်းခြောက်ခြင်း၊ မျက်ကွင်းချိုင့်ခြင်း၊ ဆီးသွားနည်းခြင်း၊ အိပ်ငိုက်ခြင်း သို့မဟုတ် ဂျီကျခြင်းများ ရှိ/မရှိကို သေချာစွာ စောင့်ကြည့်ရပါမည်။

ဆေးရုံတက်ရောက်ကုသခြင်း (Hospitalization)

အကယ်၍ RSV ပိုးဝင်ခြင်းသည် ပြင်းထန်သောအဆင့်သို့ ရောက်ရှိသွားပါက ဆေးရုံတက်ရန် လိုအပ်နိုင်ပါသည်။ ဆေးရုံတွင်း ကုသမှုများတွင် အောက်ပါတို့ ပါဝင်နိုင်သည် –

  • သွေးကြောထဲသို့ အကြောဆေးရည် သွင်းခြင်း (IV solutions)
  • စိုထိုင်းဆထိန်းညှိထားသော အောက်ဆီဂျင် ပေးခြင်း (Humidified oxygen)
  • အလွန်ရှားပါးသော အခြေအနေများတွင် အသက်ရှူစက် (mechanical ventilation) တပ်ဆင်ပေးခြင်း

RSV ပိုးဝင်ခြင်းကို ကုသရာတွင် ပန်းနာရင်ကြပ်ရှူဆေးများ (bronchodilators) သို့မဟုတ် စတီးရွိုက် (steroids) ဆေးဝါးများ၏ ထိရောက်မှု ရှိ/မရှိကိုမူ တိကျစွာ အတည်မပြုနိုင်သေးပါ။

Doctors who treat this condition