စအိုဝမှ အူကျွံခြင်း အကြောင်း သိကောင်းစရာ
စအိုဝမှ အူကျွံခြင်း သို့မဟုတ် အစာအိမ်ဟောင်းကျွံခြင်း (Rectal prolapse) သည် စအိုဝ၏ အထက်နားတွင် တည်ရှိပြီး အူမကြီး၏ အောက်ခြေအပိုင်းဖြစ်သော အစာဟောင်းအိမ် (rectum) ဆွဲဆန့်ခံရပြီး အပြင်သို့ ပြူးထွက်လာသည့် ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်သည်။ ၎င်းသည် အစာဟောင်းအိမ်ကို နေရာတကျ ထိန်းထားပေးသည့် ကြွက်သားများ အားနည်းသွားခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ ဤအခြေအနေသည် လိပ်ခေါင်းကျွံခြင်းနှင့် ဆင်တူပါသည်။
အစာဟောင်းအိမ်သည် ဝမ်းများကို ခန္ဓာကိုယ်ပြင်ပသို့ မစွန့်ထုတ်မီ ယာယီထိန်းသိမ်းထားရာ နေရာဖြစ်သည်။ အစာဟောင်းအိမ်အတွင်း ဝမ်းများ စုစည်းလာသည်နှင့်အမျှ ဝမ်းသွားလိုစိတ်ကို လှုံ့ဆော်ပေးပြီး ကြွက်သားအုပ်စုများ စုပေါင်းလုပ်ဆောင်ကာ ဝမ်းများကို စအိုဝမှတစ်ဆင့် အပြင်သို့ တွန်းထုတ်ပေးသည်။ သို့သော် အစာဟောင်းအိမ်ကျွံကျသည့် ဖြစ်ရပ်များတွင် အစာဟောင်းအိမ်သည် စအိုဝအပြင်ဘက်သို့ ပြူးထွက်လာပြီး အချို့အခြေအနေများတွင် တယ်လီစကုပ်မှန်ပြောင်းတစ်ခုကို ပြောင်းပြန်လှန်လိုက်သကဲ့သို့ အခြားတစ်ဖက်သို့ပင် ဆွဲဆန့်ထွက်လာတတ်သည်။
အစာဟောင်းအိမ်ကျွံခြင်းသည် အချိန်ကြာလာသည်နှင့်အမျှ ဆက်တိုက်ဖြစ်ပွားနေပြီး တဖြည်းဖြည်းချင်း ပိုမိုဆိုးရွားလာတတ်သည့် အခြေအနေမျိုး ဖြစ်သည်။ ရောဂါလက္ခဏာများ ကွဲပြားနိုင်သော်လည်း ဤအခြေအနေသည် အလိုအလျောက် ပြန်လည်ကောင်းမွန်သွားရန် မဖြစ်နိုင်ပါ။ အစာဟောင်းအိမ်ကျွံခြင်းကို စီမံခန့်ခွဲရန်အတွက် ဝမ်းပျော့ဆေးများနှင့် စအိုထည့်ဆေး (suppositories) များကို ညွှန်းဆိုနိုင်ပါသည်။ သို့သော် ဤရောဂါသည် အဖြစ်များသော ဆေးဘက်ဆိုင်ရာ ပြဿနာတစ်ခု မဟုတ်သည့်တိုင်အောင် အစာဟောင်းအိမ်ကျွံခြင်းကို အမြစ်ပြတ်ကုသရန်အတွက် ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်လေ့ရှိသည်။
ရောဂါလက္ခဏာများ
အစာဟောင်းအိမ်ကျွံခြင်း၏ ထင်ရှားသော လက္ခဏာတစ်ခုမှာ ဝမ်းသွားစဉ် ညှစ်လိုက်သည့်အချိန်မျိုးတွင် စအိုဝမှ နီမြန်းသော အသားစိုင်တစ်ခု ပြူးထွက်လာခြင်း ဖြစ်သည်။ ဤအသားစိုင်သည် စအိုဝအတွင်းသို့ ပြန်ဝင်သွားနိုင်သလို အပြင်ဘက်တွင်လည်း ဆက်လက်မြင်တွေ့နေရနိုင်ပါသည်။
သို့သော် အစာဟောင်းအိမ်ကျွံခြင်းသည် တစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပြီး ခန္ဓာကိုယ်တွင်းကျွံခြင်း (internal) နှင့် ခန္ဓာကိုယ်ပြင်ပသို့ကျွံခြင်း (external) ဟူ၍ နှစ်မျိုးရှိသည်။ အဖြစ်များသော လက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်သည် –
- ဝမ်းသွားပြီးနောက် စအိုတွင်း၌ တစ်ခုခု ကျန်နေသေးသကဲ့သို့ ခံစားရခြင်း။
- စအိုဝမှ အချွဲများ၊ ဝမ်းများ သို့မဟုတ် သွေးများ ယိုစိမ့်ထွက်ခြင်း။
- ဝမ်းမထိန်းနိုင်ခြင်း (Fecal incontinence)။
- ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း။
- စအိုဝ ယားယံခြင်း သို့မဟုတ် နာကျင်ခြင်း။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
အစာဟောင်းအိမ်ကျွံခြင်းသည် အစာဟောင်းအိမ်ကို နေရာတကျ ထိန်းထားပေးသည့် ကြွက်သားများ အလုပ်မလုပ်တော့ဘဲ ပျက်စီးသွားသောအခါတွင် ဖြစ်ပွားတတ်သည်။ ဤသို့ဖြစ်ပွားရခြင်းတွင် အချက်အလက်များစွာက ပါဝင်ပတ်သက်နေနိုင်သော်လည်း အတိအကျဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ ယနေ့တိုင် သေချာစွာမသိရသေးပါ။
ဖြစ်နိင်ချေရှိသော အကြောင်းအရင်းများ
အချို့သောအချက်များသည် အစာဟောင်းအိမ်ကျွံနိုင်ခြေကို ပိုမိုမြင့်မားစေနိုင်ပါသည်။ ၎င်းတို့မှာ –
- အသက်အရွယ်ကြီးရင့်ခြင်း
- ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်း
- အရင်က တင်ပါးဆုံတွင်း ခွဲစိတ်မှု ပြုလုပ်ဖူးခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရဖူးခြင်း
- နာတာရှည် ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း
- အူလမ်းကြောင်းဆိုင်ရာ သန်ကောင်၊ ရောဂါပိုးမွှားများကြောင့် ကူးစက်ရောဂါဖြစ်ခြင်း
- နာတာရှည်ဖြစ်ပြီး ပြင်းထန်စွာ ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်း
- အာရုံကြော ပျက်စီးခြင်း သို့မဟုတ် ကျောရိုးမကြီး (spinal cord) ထိခိုက်ဒဏ်ရာရခြင်း
- စစ်စတစ် ဖိုက်ဘရိုးစစ် ရောဂါ (Cystic fibrosis) ရှိခြင်း
ရောဂါရှာဖွေခြင်း (Diagnosis)
အစာဟောင်းအိမ်ကျွံခြင်း (rectal prolapse) ကို ရောဂါရှာဖွေရန် ဆရာဝန်သည် လူနာ၏ ဆေးမှတ်တမ်းကို ပြန်လည်သုံးသပ်ပြီး အစာဟောင်းအိမ်အား စမ်းသပ်စစ်ဆေးမှု ပြုလုပ်မည်ဖြစ်သည်။ လူနာအား ဝမ်းသွားနေသကဲ့သို့ ကြွက်သားများကို ညှစ်ခိုင်းနိုင်ပါသည်။ အချို့အခြေအနေများတွင် အစာဟောင်းအိမ်ကျွံခြင်းနှင့် လိပ်ခေါင်းရောဂါတို့ကို ခွဲခြားရန် စိန်ခေါ်မှုရှိနိုင်ပါသည်။ ထို့ကြောင့် အစာဟောင်းအိမ်ကျွံခြင်းကို တိကျစွာ ခွဲခြားသိရှိနိုင်ရန်နှင့် အခြားဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများကို ဖယ်ထုတ်နိုင်ရန် နောက်ထပ်စစ်ဆေးမှုများ လိုအပ်နိုင်ပါသည် –
- လက်ချောင်းဖြင့် စအိုတွင်းစမ်းသပ်ခြင်း (Digital rectal examination – DRE): ဤစစ်ဆေးမှုအတွင်း အစာဟောင်းအိမ်အောက်ပိုင်းနှင့် စအိုဝတို့ကို စမ်းသပ်စစ်ဆေးသည်။ ပုံမှန်မဟုတ်သော အခြေအနေများ ရှိ/မရှိ အကဲဖြတ်ရန် ဆရာဝန်သည် လက်အိတ်စွပ်ထားပြီး ချောဆီလူးထားသော လက်ချောင်းကို စအိုဝမှတစ်ဆင့် အစာဟောင်းအိမ်အတွင်းသို့ ထည့်သွင်းစစ်ဆေးမည်ဖြစ်သည်။ ၎င်းသည် စအိုဝပတ်လည် ကြွက်သားများ (sphincter muscles) ၏ သန်မာမှုကို အကဲဖြတ်ရာတွင်လည်း ကူညီပေးသည်။
- မှန်ပြောင်းဖြင့် အူမကြီးစစ်ဆေးခြင်း (Colonoscopy): ဤလုပ်ထုံးလုပ်နည်းတွင် အူမကြီးကြည့်မှန်ပြောင်း (colonoscope) ကို စအိုဝနှင့် အစာဟောင်းအိမ်မှတစ်ဆင့် အူမကြီးအတွင်းသို့ ထည့်သွင်းသည်။ ၎င်းသည် အူမကြီး၊ အစာဟောင်းအိမ်နှင့် စအိုဝအပါအဝင် အူမကြီးအတွင်းပိုင်း ပုံရိပ်များကို ပြသပေးသည်။ အူမကြီးအတွင်း အသားပိုသီးများ (polyps) သို့မဟုတ် အူမကြီးကင်ဆာကဲ့သို့သော အခြားရောဂါများကို ဖယ်ထုတ်နိုင်ရန် အူမကြီးမှန်ပြောင်းကြည့်ခြင်းကို ပြုလုပ်နိုင်ပါသည်။
- စအိုနှင့် အစာဟောင်းအိမ် ဖိအားတိုင်းခြင်း (Anal manometry): ဤစစ်ဆေးမှုကို ဝမ်း (မစင်) စွန့်ထုတ်ရာတွင် အစာဟောင်းအိမ်နှင့် စအိုဝပတ်လည် ကြွက်သားများ၏ လုပ်ဆောင်ချက်ကို အကဲဖြတ်ရန် အသုံးပြုသည်။ ၎င်းတွင် ထိပ်ဖျား၌ ပူဖောင်းပါရှိသော တို၍ ပျော့ပျောင်းသည့် ပြွန်ငယ်တစ်ခုကို စအိုဝမှတစ်ဆင့် အစာဟောင်းအိမ်အတွင်းရှိ စအိုဝပတ်လည် ကြွက်သားကွင်းများ ကျော်လွန်သည်အထိ ထည့်သွင်းခြင်း ပါဝင်သည်။ ထို့နောက် ပြွန်ထိပ်ရှိ ပူဖောင်းကို တဖြည်းဖြည်းချင်း လေသွင်းဖောင်းပွစေပြီး အစာဟောင်းအိမ်နှင့် စအိုဝရှိ အာရုံကြောများနှင့် ကြွက်သားများကို ကျုံ့လာစေရန် လှုံ့ဆော်ပေးသည်။
- ဝမ်းသွားစဉ် ဓာတ်မှန်ရိုက်ခြင်း (Defecography): ၎င်းသည် ဝမ်းသွားနေစဉ်အတွင်း ကြွက်သားများနှင့် ကိုယ်တွင်းအင်္ဂါများ၏ လှုပ်ရှားမှုကို ဆရာဝန်များက စောင့်ကြည့်လေ့လာနိုင်သည့် ဓာတ်မှန်စစ်ဆေးမှုတစ်ခု ဖြစ်သည်။ ဝမ်းသွားစဉ် ဓာတ်မှန်ရိုက်ခြင်းသည် အစာခြေလမ်းကြောင်းအောက်ပိုင်းနှင့် ၎င်း၏ပတ်ဝန်းကျင်ရှိ တည်ဆောက်ပုံဆိုင်ရာ ပြောင်းလဲမှုများကို ဖော်ပြပေးနိုင်သည်။ ဤလုပ်ထုံးလုပ်နည်းတွင် ဓာတ်မှန်အလင်းပြဆေး (အထူးသဖြင့် ဘေရီယမ်ဆေးနှစ် – barium paste) ကို ဖလူရိုစကုပ်ပစ် X-ray သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) ကဲ့သို့သော ပုံရိပ်ဖော်စမ်းသပ်မှုများနှင့် တွဲဖက်အသုံးပြုသည်။
- ကြွက်သားလျှပ်စစ်လှိုင်းတိုင်းခြင်း (Electromyography – EMG): ဤစစ်ဆေးမှုသည် စအိုဝပတ်လည် ကြွက်သားများ၏ လုပ်ဆောင်ချက် ချို့ယွင်းရခြင်း၏ နောက်ကွယ်တွင် အာရုံကြောပျက်စီးမှု ရှိ/မရှိကို အကဲဖြတ်ပေးသည့်အပြင် ဝမ်းသွားရာတွင် ပါဝင်ပတ်သက်နေသည့် ကြွက်သားများ၏ ပူးပေါင်းလုပ်ဆောင်မှုကိုလည်း ဆန်းစစ်ပေးသည်။
ကုသခြင်း (Treatment)
အစာဟောင်းအိမ်ကျွံခြင်းကို ဝမ်းချုပ်ခြင်းသက်သာစေသော ဆေးဝါးများနှင့် ခွဲစိတ်ကုသခြင်းတို့ကို ပေါင်းစပ်၍ ကုသနိုင်ပါသည်။ ဝမ်းချုပ်ခြင်းကို စီမံခန့်ခွဲရန် ဝမ်းပျော့ဆေးများနှင့် စအိုထည့်ဆေး (suppositories) များကို ညွှန်းဆိုနိုင်ပါသည်။ အကယ်၍ ခွဲစိတ်မှု လိုအပ်ပါက သင့်တော်သော ခွဲစိတ်မှုနည်းလမ်းမှာ လူနာ၏ အသက်အရွယ်နှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေအပေါ် မူတည်ပါလိမ့်မည်။
အစာဟောင်းအိမ်ကျွံခြင်းအတွက် အဓိက ခွဲစိတ်ကုသမှု နည်းလမ်းနှစ်ခု ရှိပါသည် –
- ဝမ်းဗိုက်မှတစ်ဆင့် ခွဲစိတ်ခြင်း (Abdominal approach): ၎င်းကို အစာဟောင်းအိမ် တည်ငြိမ်အောင် ချုပ်ခြင်း (rectopexy) ဟုလည်း ခေါ်ဆိုပြီး အစာဟောင်းအိမ်ကို တင်ပါးဆုံကွင်း၏ နောက်ဘက်နံရံနှင့် အမြဲတမ်းခံမည့် ချုပ်ရိုးများ သို့မဟုတ် ပိုက်ကွန် (mesh) များဖြင့် တွဲဆက်ပေးခြင်း ပါဝင်သည်။ ၎င်းသည် အစာဟောင်းအိမ်ကို ပိုမိုခိုင်ခံ့စေပြီး အမာရွတ်တစ်သျှူးများ ဖြစ်ထွန်းလာစေကာ ၎င်းကို နေရာတကျ ရှိနေစေရန် ကူညီပေးသည်။ Rectopexy သည် ရေရှည်တွင် အောင်မြင်မှုနှုန်း အလွန်မြင့်မားသည်။
- စအိုဝမှတစ်ဆင့် ခွဲစိတ်ခြင်း (Rectal approach): အကယ်၍ ဝမ်းဗိုက်မှတစ်ဆင့် ခွဲစိတ်မှုပြုလုပ်ရန် အဆင်မပြေပါက ခွဲစိတ်ဆရာဝန်သည် စအိုဝမှတစ်ဆင့် ခွဲစိတ်သည့်နည်းလမ်း (perineal approach ဟုလည်းခေါ်သည်) ကို ရွေးချယ်နိုင်ပါသည်။ ဝမ်းဗိုက်ခွဲစိတ်မှုနှင့်မတူဘဲ စအိုဝမှတစ်ဆင့် ခွဲစိတ်မှုသည် မေ့ဆေးအပြည့်ပေးရန် အမြဲတမ်းမလိုဘဲ ခါးထုံဆေး (epidural anesthesia) ဖြင့်သာ တစ်ခါတစ်ရံ ပြုလုပ်နိုင်ပါသည်။ ဤနည်းလမ်းသည် အနည်းငယ်မျှသာ ကျွံကျသူများ သို့မဟုတ် အစာဟောင်းအိမ်က အပြင်ဘက်တွင် တစ်ဆို့ ညပ်နေသူများ (incarcerated) အတွက် ပိုမိုကောင်းမွန်သော ရွေးချယ်မှု ဖြစ်နိုင်ပါသည်။
စအိုဝမှတစ်ဆင့် ခွဲစိတ်သည့် နည်းလမ်းတွင် အသုံးများသော လုပ်ထုံးလုပ်နည်း နှစ်ခုရှိပါသည် –
- Altemeier procedure နည်းလမ်း: ဤခွဲစိတ်မှုအတွင်း ခွဲစိတ်ဆရာဝန်သည် ကျွံကျနေသော အစာဟောင်းအိမ်ကို စအိုဝမှတစ်ဆင့် အပြင်သို့ ဆွဲထုတ်ပြီး ဖြတ်ထုတ်ပစ်သည်။ အကယ်၍ ကျွံကျမှုတွင် ဆစ်ဂမွိုက်အူမကြီး (sigmoid colon) ပါဝင်နေပါက အူမကြီး၏ အောက်ခြေအပိုင်းကိုပါ ဖယ်ရှားနိုင်ပြီး ၎င်းကို proctosigmoidectomy လုပ်ထုံးလုပ်နည်းဟု ခေါ်သည်။ ထို့နောက် ဆရာဝန်သည် ကျန်ရှိနေသော အူမကြီးနှင့် စအိုဝတည်းဟူသော အူမကြီး၏ အစွန်းနှစ်ဖက်ကို ချုပ်ရိုးများဖြင့် ပြန်လည်တွဲဆက်ပေးသည်။ ရလဒ်အနေဖြင့် အသစ်ပြန်လည်တွဲဆက်လိုက်သော အူမကြီးအစွန်းသည် အစာဟောင်းအိမ်၏ လုပ်ဆောင်ချက်ကို လွှဲပြောင်းရယူသွားမည်ဖြစ်သည်။
- Delorme procedure နည်းလမ်း: ကျွံကျမှုသည် အကျိအမြှေးပါးအလွှာ (mucosal layer) မျှသာ သို့မဟုတ် အပြင်ဘက် ဧရိယာအနည်းငယ်တွင်သာ ကန့်သတ်ဖြစ်ပွားနေပါက ခန္ဓာကိုယ်တွင်း ထိုးဖောက်ဝင်ရောက်မှုနည်းသော (less invasive) ခွဲစိတ်မှုပုံစံကို ဆရာဝန်က အကြံပြုနိုင်ပါသည်။ Delorme နည်းလမ်းတွင် အစာဟောင်းအိမ်၏ ကျွံကျနေသော အကျိအမြှေးပါးလွှာကို ဖယ်ရှားပြီး အစာဟောင်းအိမ်၏ ကြွက်သားနံရံကို ၎င်းအပေါ်၌ပင် ထပ်ခေါက်ပစ်ခြင်း ပါဝင်သည်။ ထို့နောက် ထိုကြွက်သားနံရံကို စအိုလမ်းကြောင်းအတွင်း၌ အတူတကွ ချုပ်ပေးလိုက်ခြင်းဖြင့် အစာဟောင်းအိမ်ကို ပိုမိုခိုင်ခံ့စေမည့် ကြွက်သားနှစ်ထပ်လွှာကို ဖန်တီးပေးသည်။
