အကျဉ်းချုပ်အကြောင်းအရာ

အဆုတ်အတွင်း ရေဝင်ခြင်း (Pulmonary edema) ဆိုသည်မှာ အဆုတ်ထဲတွင် အရည်များ အလွန်အကျွံ စုပုံလာပြီး ပုံမှန်အသက်ရှူခြင်းကို အဟန့်အတားဖြစ်စေသည့် အခြေအနေတစ်ခု ဖြစ်ပါသည်၊၊ ၎င်းသည် အဓိကအားဖြင့် နှလုံးပြဿနာများနှင့် ဆက်စပ်နေသော်လည်း အဆုတ်ရောင်ခြင်း၊ အဆိပ်အတောက်များနှင့် ထိတွေ့ခြင်း၊ ဆေးဝါးများ၊ ရင်ဘတ်ဒဏ်ရာရခြင်း သို့မဟုတ် မြင့်မားသော တောင်တန်းဒေသများတွင် သွားလာလှုပ်ရှားခြင်းတို့ကြောင့်လည်း အဆုတ်အတွင်း အရည်များ စုပုံလာနိုင်ပါသည်၊၊

အဆုတ်အတွင်း ရေဝင်ခြင်း၏ လက္ခဏာများတွင် အသက်ရှူမဝခြင်း၊ အမြှုပ်များပါသော ချွဲသလိပ်များ ချောင်းဆိုးထွက်ခြင်း၊ အသက်ရှူလျှင် တရွှေရွှေအသံမြည်ခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် အသက်ရှူရခက်ခဲခြင်းတို့ ပါဝင်ပါသည်၊၊ နှလုံးညှစ်အားကျဆင်းပြီး ဖောရောင်သည့်ရောဂါမှာ အဖြစ်များသော အကြောင်းရင်းတစ်ခု ဖြစ်သော်လည်း နှလုံးနှင့်မသက်ဆိုင်သော အခြေအနေများကြောင့်လည်း ဖြစ်ပွားနိုင်ပါသည်၊၊

ရုတ်တရက်ဖြစ်ပွားပြီး အသက်အန္တရာယ်ရှိနိုင်သည့် အဆုတ်အတွင်း ရေဝင်ခြင်းအတွက် ဆေးဘက်ဆိုင်ရာ အရေးပေါ်ကုသမှုကို ချက်ချင်းခံယူရန် လိုအပ်ပါသည်၊၊ ကုသမှုနည်းလမ်းမှာ ဖြစ်ပွားရသည့် အခြေခံအကြောင်းရင်းအပေါ် မူတည်ပါသည်၊၊ ယေဘုယျအားဖြင့် အောက်ဆီဂျင် ထပ်မံပေးခြင်းနှင့် တိကျသော ဆေးဝါးများဖြင့် ကုသခြင်းတို့ ပါဝင်ပါသည်၊၊

ရောဂါလက္ခဏာများ

အဆုတ်အတွင်း ရေဝင်ခြင်းသည် ရုတ်တရက် သို့မဟုတ် တဖြည်းဖြည်းချင်း ဖြစ်ပေါ်နိုင်ပြီး ရောဂါအမျိုးအစားပေါ် မူတည်၍ လက္ခဏာများ ကွဲပြားနိုင်ပါသည်၊၊

ရုတ်တရက်ဖြစ်ပွားသော အဆုတ်အတွင်း ရေဝင်ခြင်း လက္ခဏာများ-

  • ပြင်းထန်စွာ အသက်ရှူရခက်ခဲခြင်း (လှုပ်ရှားလျှင် သို့မဟုတ် လှဲအိပ်လျှင် ပိုဆိုးတတ်ပါသည်)၊၊
  • လှဲအိပ်သည့်အခါ အသက်ရှူကျပ်ပြီး အသက်ရှူမရတော့သလို ခံစားရခြင်း၊၊
  • ပန်းရောင်အမြှုပ်များ သို့မဟုတ် သွေးစများပါသော သလိပ်များ ချောင်းဆိုးထွက်ခြင်း၊၊
  • နှလုံးခုန်နှုန်း မမှန်ခြင်း သို့မဟုတ် အလွန်မြန်ခြင်း၊၊
  • စိုးရိမ်ပူပန်ခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း သို့မဟုတ် အသက်အန္တရာယ် နီးကပ်နေပြီဟု ခံစားရခြင်း၊၊
  • အရေပြား အေးစက်ပြီး စိုစွတ်နေခြင်း၊၊
  • အသက်ရှူရခက်ခဲပြီး အသက်ရှူသံ ကျယ်လောင်နေခြင်း၊၊

နာတာရှည် အဆုတ်အတွင်း ရေဝင်ခြင်း လက္ခဏာများ-

  • ချောင်းဆိုးခြင်း သို့မဟုတ် အသက်ရှူမဝခြင်းကြောင့် အိပ်ရာမှနိုးလာပြီး ထိုင်လိုက်သည့်အခါ သက်သာသွားခြင်း၊၊
  • လှုပ်ရှားမှုပြုလုပ်ချိန် သို့မဟုတ် ပက်လက်လှဲအိပ်ချိန်တွင် အသက်ရှူမဝခြင်း၊၊
  • အမြဲတမ်း မောပန်းနွမ်းနယ်နေခြင်း၊၊
  • ယခင်ကထက် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ချိန်တွင် ပိုမိုမောပန်းလာခြင်း၊၊
  • ချောင်းဆိုးခြင်း အသစ်ဖြစ်လာခြင်း သို့မဟုတ် ပိုဆိုးလာခြင်း၊၊
  • အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် လျင်မြန်စွာ တက်လာခြင်း၊၊
  • ခြေထောက်နှင့် ခြေဖဝါးများ ဖောရောင်ခြင်း၊၊
  • အသက်ရှူလျှင် တရွှေရွှေအသံမြည်ခြင်း၊၊

အမြင့်ဒေသကြောင့်ဖြစ်သော အဆုတ်အတွင်း ရေဝင်ခြင်း လက္ခဏာများ-

ဤအခြေအနေသည် မြင့်မားသော တောင်တန်းဒေသများသို့ ရောက်ရှိနေသည့် လူကြီးနှင့် ကလေးများတွင် ဖြစ်ပွားနိုင်ပါသည်၊၊

  • အစောပိုင်းလက္ခဏာမှာ ခေါင်းကိုက်ခြင်း ဖြစ်နိုင်ပါသည်၊၊
  • လှုပ်ရှားလျှင် အသက်ရှူမဝရာမှ နားနေချိန်တွင်ပါ အသက်ရှူမဝခြင်းသို့ ပြောင်းလဲလာခြင်း၊၊
  • ကိုယ်လက်လှုပ်ရှားနိုင်စွမ်း လျော့နည်းသွားခြင်း၊၊
  • အစပိုင်းတွင် ချောင်းခြောက်ဆိုးခြင်း၊၊
  • နောက်ပိုင်းတွင် ပန်းရောင်အမြှုပ်များ သို့မဟုတ် သွေးစပါသော သလိပ်များ ချောင်းဆိုးထွက်ခြင်း၊၊
  • နှလုံးခုန် အလွန်မြန်ခြင်း၊၊
  • အားနည်းခြင်း၊၊
  • ရင်ဘတ်အတွင်း မအီမသာဖြစ်ခြင်း သို့မဟုတ် နာကျင်ခြင်း၊၊
  • အဖျားငွေ့ငွေ့ရှိခြင်း၊၊
  • ညဘက်တွင် လက္ခဏာများ ပိုမိုဆိုးရွားတတ်ပါသည်၊၊

အဆုတ်အတွင်း ရေဝင်ခြင်း၏ အရေးပေါ်လက္ခဏာများကို သတိပြုမိပါက ဆေးကုသမှု ချက်ချင်းခံယူရန် အရေးကြီးပါသည်၊၊ အောက်ပါတို့ ခံစားရပါက အရေးပေါ်လူနာတင်ယာဉ်ကို ခေါ်ဆိုပါ-

  • ရုတ်တရက် အသက်ရှူမဝခြင်း၊၊
  • အသက်ရှူရ အလွန်ခက်ခဲခြင်း သို့မဟုတ် အသက်ရှူကျပ်ခြင်း ခံစားရခြင်း၊၊
  • အသက်ရှူသံ တရွှေရွှေမြည်ခြင်း၊ အသက်ရှူရန် အားစိုက်ရခြင်း သို့မဟုတ် အသက်ရှူသံတွင် ပလုံပလုံအသံမြည်ခြင်း၊၊
  • ပန်းရောင် သို့မဟုတ် သွေးစပါသော ချွဲသလိပ်များ ထွက်ခြင်း၊၊
  • အသက်ရှူရခက်ခဲနေစဉ် ချွေးအလွန်အကျွံထွက်ခြင်း၊၊
  • အရေပြား ပြာနှမ်းခြင်း သို့မဟုတ် မီးခိုးရောင်ဖြစ်လာခြင်း၊၊
  • စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် သတိလွတ်ခြင်း၊၊
  • သွေးဖိအား ရုတ်တရက်ကျဆင်းပြီး ခေါင်းမူးခြင်း၊ နုံးချိခြင်း သို့မဟုတ် ချွေးထွက်ခြင်း၊၊
  • အဆုတ်အတွင်း ရေဝင်ခြင်း လက္ခဏာများ အလွန်လျင်မြန်စွာ ပြင်းထန်လာခြင်း၊၊

ဖြစ်ပွားရသောအကြောင်းရင်းများ

အဆုတ်အတွင်း ရေဝင်ခြင်းကို နှလုံးကြောင့်ဖြစ်ခြင်းနှင့် နှလုံးကြောင့်မဟုတ်ခြင်း ဟူ၍ နှစ်မျိုးခွဲခြားနိုင်ပါသည်၊၊

နှလုံးကြောင့်ဖြစ်ခြင်း-

ဤအမျိုးအစားသည် နှလုံးပြဿနာကြောင့် အဆုတ်အတွင်း အရည်များ စုပုံလာခြင်းဖြစ်ပါသည်၊၊ များသောအားဖြင့် နှလုံးညှစ်အားကျဆင်းပြီး ဖောရောင်သည့် ရောဂါမှ စတင်ပါသည်၊၊ နှလုံး၏ ဘယ်ဘက်ခြမ်းသည် သွေးကို ထိရောက်စွာ မညှစ်ထုတ်နိုင်သောအခါ အဆုတ်အတွင်းရှိ သွေးကြောများတွင် ဖိအားများလာပြီး အရည်များကို အဆုတ်လေအိတ်များထဲသို့ တွန်းထုတ်လိုက်ပါသည်၊၊ အကြောင်းရင်းများမှာ-

  • နှလုံးသွေးကြောပိတ်ခြင်း (နှလုံးအောင့်ခြင်း)
  • နှလုံးကြွက်သား အားနည်းခြင်း
  • နှလုံးအဆို့ရှင်ရောဂါများ
  • သွေးတိုးရောဂါ
  • နှလုံးခုန်နှုန်းမမှန်ခြင်း
  • နှလုံးကြွက်သားရောင်ခြင်း
  • နှလုံးအိတ်အတွင်း အရည်စုခြင်း

နှလုံးကြောင့်မဟုတ်ခြင်း-

ဤအမျိုးအစားသည် အဆုတ်အတွင်းရှိ သွေးကြောများမှ အရည်များစိမ့်ထွက်ကာ လေအိတ်များအတွင်းသို့ ရောက်ရှိသွားစေသည့် အခြေအနေများကြောင့် ဖြစ်ပါသည်၊၊ ၎င်းသည် နှလုံးပြဿနာကြောင့်ဖြစ်သော သွေးစီးဆင်းမှု နောက်ပြန်အိုင်ခြင်းကြောင့် မဟုတ်ပါ၊၊ အဓိကအကြောင်းရင်းမှာ ရောင်ရမ်းခြင်း ဖြစ်ပါသည်၊၊ အကြောင်းရင်းများတွင်-

  • အဆုတ်ရောင်ခြင်း
  • သွေးဆိပ်တက်ခြင်း (ပြင်းထန်စွာ ပိုးဝင်ခြင်း)
  • ထိခိုက်ဒဏ်ရာရခြင်း
  • ပန်ကရိယရောင်ခြင်း
  • အသည်းရောဂါ
  • အချို့သော ဆေးဝါးများ
  • အာရုံကြောဆိုင်ရာ အကြောင်းရင်းများ (ဥပမာ- ဦးနှောက်အတွင်း သွေးယိုခြင်း သို့မဟုတ် ရောင်ခြင်း)
  • အသက်ရှူလမ်းကြောင်းအထက်ပိုင်း ပိတ်ဆို့မှုကြောင့်ဖြစ်သော အဆုတ်ရေဝင်ခြင်း
  • အမြင့်ဒေသကြောင့်ဖြစ်သော အဆုတ်ရေဝင်ခြင်း

ဖြစ်နိုင်ခြေရှိသောအချက်များ

နှလုံးညှစ်အားကျဆင်းခြင်းကဲ့သို့ ဖိအားကို မြင့်တက်စေသည့် နှလုံးရောဂါများသည် အဆုတ်အတွင်း ရေဝင်နိုင်ခြေကို မြင့်မားစေပါသည်၊၊ နှလုံးညှစ်အားကျဆင်းစေနိုင်သည့် အချက်များမှာ-

  • နှလုံးခုန်နှုန်းမမှန်ခြင်း
  • အရက်သေစာ သောက်စားခြင်း
  • မွေးရာပါ နှလုံးရောဂါများ
  • နှလုံးသွေးကြောပိတ်ခြင်း
  • ဆီးချိုရောဂါ
  • နှလုံးအဆို့ရှင် ချို့ယွင်းခြင်း
  • သွေးတိုးခြင်း
  • အိပ်နေစဉ် အသက်ရှူရပ်ခြင်း

အချို့သော အာရုံကြောဆိုင်ရာ အခြေအနေများအပြင် ရေနစ်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ မီးခိုးငွေ့ရှူမိခြင်း၊ ဗိုင်းရပ်စ်ရောဂါများနှင့် သွေးခဲခြင်းတို့ကြောင့်ဖြစ်သော အဆုတ်ဒဏ်ရာများသည်လည်း အဆုတ်အတွင်း ရေဝင်နိုင်ခြေကို မြင့်တက်စေပါသည်၊၊ အမြင့်ပေ ၈,၀၀၀ (မီတာ ၂,၄၀၀ ခန့်) ထက် မြင့်သောနေရာများသို့ သွားရောက်သူများသည် အမြင့်ဒေသကြောင့်ဖြစ်သော အဆုတ်ရေဝင်ခြင်း ဖြစ်နိုင်ခြေ ပိုများပါသည် (အထူးသဖြင့် ခန္ဓာကိုယ်ကို ထိုဒေသနှင့် အသားကျစေရန် ရက်အနည်းငယ်မှ တစ်ပတ်ခန့် အချိန်မပေးသူများတွင် ဖြစ်တတ်ပါသည်)၊၊ ထို့အပြင် အဆုတ်သွေးကြော ဖိအားများသည့်ရောဂါ သို့မဟုတ် မွေးရာပါ နှလုံးပုံမှန်မဟုတ်သည့်ရောဂါရှိသော ကလေးငယ်များသည်လည်း ဤရောဂါဖြစ်နိုင်ခြေ ပိုမိုမြင့်မားပါသည်၊၊

ရောဂါရှာဖွေခြင်း

အသက်ရှူလမ်းကြောင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများသည် ဆေးဘက်ဆိုင်ရာ အရေးပေါ်ကုသမှုကို ချက်ချင်းခံယူရန် လိုအပ်ပါသည်၊၊ ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူများသည် ရောဂါလက္ခဏာများ၊ ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးခြင်းနှင့် တိကျသော ရောဂါရှာဖွေရေး စစ်ဆေးမှုများမှတစ်ဆင့် အဆုတ်အတွင်း ရေဝင်ခြင်းကို ဖော်ထုတ်နိုင်ပါသည်၊၊ လူနာ၏ အခြေအနေကို ထိန်းချုပ်နိုင်ပြီဆိုပါက ယခင်ကဖြစ်ဖူးသော နှလုံး သို့မဟုတ် အဆုတ်ဆိုင်ရာ ပြဿနာများကို အဓိကထား၍ ရောဂါရာဇဝင်ကို ပြန်လည်သုံးသပ်ပါသည်၊၊

အဆုတ်အတွင်း ရေဝင်ခြင်းကို အတည်ပြုရန် သို့မဟုတ် အဆုတ်အတွင်း အရည်စုရခြင်း၏ အကြောင်းရင်းကို သိရှိရန် အောက်ပါစစ်ဆေးမှုများကို အသုံးပြုပါသည်-

  • ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း။ အဆုတ်အတွင်း ရေဝင်သည်ဟု သံသယရှိပါက အဓိကအသုံးပြုလေ့ရှိပြီး ၎င်းသည် ရောဂါကို အတည်ပြုပေးနိုင်သည့်အပြင် အသက်ရှူရခက်ခဲစေသော အခြားအကြောင်းရင်းများကိုလည်း ဖယ်ထုတ်ပေးနိုင်ပါသည်၊၊
  • ရင်ဘတ်ကို ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း။ အဆုတ်၏ အခြေအနေကို အသေးစိတ်မြင်ရပြီး အဆုတ်အတွင်း ရေဝင်ခြင်း ရှိ၊ မရှိကို ပိုမိုတိကျစွာ အတည်ပြုနိုင်ပါသည်၊၊
  • သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်း။ လက်ချောင်း သို့မဟုတ် နားရွက်တွင် အာရုံခံကိရိယာတစ်ခု တပ်ဆင်၍ သွေးထဲတွင် အောက်ဆီဂျင် မည်မျှရှိသည်ကို အလင်းလှိုင်းအသုံးပြု၍ တိုင်းတာခြင်း ဖြစ်ပါသည်၊၊
  • သွေးကြောအတွင်းရှိ ဓာတ်ငွေ့များကို စစ်ဆေးခြင်း။ သွေးထဲတွင် ပါဝင်သော အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏကို ဆုံးဖြတ်ပေးပါသည်၊၊
  • နှလုံးဆိုင်ရာ သွေးစစ်ခြင်း။ သွေးထဲတွင် တိကျသော ဓာတ်ပစ္စည်းတစ်ခု မြင့်မားနေပါက ၎င်းသည် နှလုံးနှင့်ပတ်သက်သော ပြဿနာရှိနေခြင်းကို ညွှန်ပြနိုင်ပါသည်၊၊
  • အထွေထွေ သွေးစစ်ခြင်း။ ၎င်းတွင် သွေးဆဲလ်အမျိုးအစားစုံလင်မှုကို စစ်ဆေးခြင်း၊ ကျောက်ကပ်ကျန်းမာရေးအတွက် ဇီဝဖြစ်စဉ်ကို စစ်ဆေးခြင်းနှင့် သိုင်းရွိုက်ဂလင်း၏ လုပ်ဆောင်ချက်များကို စစ်ဆေးခြင်းတို့ ပါဝင်ပါသည်၊၊
  • နှလုံးစက်လှိုင်းတိုင်းတာခြင်း။ ရင်ဘတ်နှင့် ခြေလက်များတွင် အာရုံခံကိရိယာများတပ်ဆင်၍ နှလုံး၏ လျှပ်စစ်စီးဆင်းမှုကို စစ်ဆေးခြင်း ဖြစ်ပါသည်၊၊ ၎င်းသည် နှလုံးနံရံထူခြင်း သို့မဟုတ် ယခင်က နှလုံးသွေးကြောပိတ်ဖူးသည့် လက္ခဏာများကို ဖော်ထုတ်ပေးနိုင်ပါသည်၊၊
  • နှလုံးကို အသံလှိုင်းဖြင့် ပုံရိပ်ဖော်ခြင်း။ အသံလှိုင်းများကို အသုံးပြု၍ လှုပ်ရှားနေသော နှလုံးပုံရိပ်များကို ဖော်ထုတ်ပြီး သွေးစီးဆင်းမှုအားနည်းခြင်း၊ အဆို့ရှင်ပြဿနာများနှင့် နှလုံးအိတ်အတွင်း အရည်စုခြင်းတို့ကို သိရှိနိုင်ပါသည်၊၊
  • နှလုံးသွေးကြောအတွင်းသို့ ပိုက်ထည့်၍ စစ်ဆေးခြင်း။ အခြားစစ်ဆေးမှုများဖြင့် အဖြေမထွက်သောအခါ သို့မဟုတ် ရင်ဘတ်အောင့်သည့် လက္ခဏာများရှိပါက လုပ်ဆောင်လေ့ရှိပါသည်၊၊ ၎င်းသည် နှလုံးသွေးကြောများအတွင်း ပိတ်ဆို့နေမှုများကို မြင်တွေ့နိုင်စေပါသည်၊၊ ပိုက်ငယ်တစ်ခုကို ပေါင်ခြံ သို့မဟုတ် လက်ကောက်ဝတ်ရှိ သွေးကြောမှတစ်ဆင့် နှလုံးအထိ ထည့်သွင်းပြီး ဆေးရည်တစ်မျိုးကို အသုံးပြု၍ ဓာတ်မှန်တွင် သွေးကြောများကို ပိုမိုထင်ရှားစွာ မြင်ရစေပါသည်၊၊
  • အဆုတ်ကို အသံလှိုင်းဖြင့် စစ်ဆေးခြင်း။ အဆုတ်အတွင်း သွေးစီးဆင်းမှုကို ဆန်းစစ်ရန် အသံလှိုင်းများကို အသုံးပြုသည့် နည်းလမ်းဖြစ်ပြီး အရည်စုပုံနေခြင်းကို လျင်မြန်စွာ ရှာဖွေနိုင်ပါသည်၊၊

ကုသခြင်း

ရုတ်တရက်ဖြစ်ပွားသော အဆုတ်အတွင်း ရေဝင်ခြင်းအတွက် အောက်ဆီဂျင်ကုထုံးမှာ ပထမဆုံးသော ကုသမှုဖြစ်ပြီး နှာခေါင်းပိုက် သို့မဟုတ် မျက်နှာဖုံးမှတစ်ဆင့် အောက်ဆီဂျင်ပေး၍ ဝေဒနာကို သက်သာစေပါသည်၊၊ ကျန်းမာရေးစောင့်ရှောက်သူများက အောက်ဆီဂျင်ပမာဏကို စောင့်ကြည့်စစ်ဆေးပြီး အသက်ရှူရန် အလွန်ခက်ခဲလာပါက အသက်ရှူစက်များ သို့မဟုတ် လေဖိအားပေးစက်များကို အသုံးပြုနိုင်ပါသည်၊၊

ကုသမှုပုံစံမှာ ရောဂါပြင်းထန်မှုနှင့် အခြေခံအကြောင်းရင်းအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်၊၊ အသုံးပြုနိုင်သော ဆေးဝါးများမှာ-

  • ဆီးဆေးများ။ နှလုံးနှင့် အဆုတ်အတွင်း အရည်စုပုံမှုကို လျှော့ချပေးပြီး ၎င်းနှင့် ဆက်စပ်နေသော ဖိအားများကို ကျဆင်းစေပါသည်၊၊
  • သွေးဖိအားထိန်းဆေးများ။ အဆုတ်အတွင်း ရေဝင်ခြင်းကြောင့် ပြောင်းလဲနေသော သွေးဖိအားကို ထိန်းညှိရန် အသုံးပြုပါသည်၊၊ အချို့ဆေးဝါးများသည် နှလုံးအတွင်းသို့ ဝင်ရောက်သော သို့မဟုတ် ထွက်ခွာသော သွေး၏ဖိအားကို ထိန်းညှိပေးပါသည်၊၊
  • နှလုံးညှစ်အားကောင်းစေသောဆေးများ။ နှလုံးညှစ်အား အလွန်အမင်းကျဆင်းနေသော လူနာများအတွက် ဆေးရုံတွင် အကြောဆေးအဖြစ် ပေးလေ့ရှိပါသည်၊၊ ၎င်းတို့သည် နှလုံး၏ သွေးညှစ်ထုတ်နိုင်စွမ်းကို မြှင့်တင်ပေးပြီး သွေးဖိအားကို တည်ငြိမ်စေပါသည်၊၊
  • နာကျင်မှုနှင့် စိုးရိမ်စိတ် လျှော့ချသောဆေးများ။ အသက်ရှူမဝခြင်းနှင့် စိုးရိမ်သောကများကို လျှော့ချရန် အသုံးပြုပါသည်၊၊ သို့သော် အချို့သော ဘေးထွက်ဆိုးကျိုးများကြောင့် ဆရာဝန်အချို့မှာ အခြားသော ကုသမှုများကိုသာ ပိုမိုရွေးချယ်တတ်ကြပါသည်၊၊

အမြင့်ဒေသကြောင့်ဖြစ်သော အဆုတ်အတွင်း ရေဝင်ခြင်းအတွက် ကုသမှုများ-

  • အောက်ဆီဂျင်။ ၎င်းမှာ အဓိကကျသော ကုသမှုဖြစ်ပါသည်၊၊ အောက်ဆီဂျင် အလွယ်တကူ မရနိုင်သော အခြေအနေမျိုးတွင် လေဖိအားမြှင့်အခန်းငယ်များကို အသုံးပြု၍ အမြင့်ပေနိမ့်ရာသို့ ဆင်းသက်သကဲ့သို့ အခြေအနေမျိုးကို ဖန်တီးပေးနိုင်ပါသည်၊၊
  • အမြင့်ပေနိမ့်ရာသို့ ဆင်းသက်ခြင်း။ အမြင့်ပေ ၁,၀၀၀ မှ ၃,၀၀၀ (မီတာ ၃၀၀ မှ ၁,၀၀၀ ခန့်) အထိ ဆင်းသက်လိုက်ခြင်းက လက္ခဏာအနည်းငယ်ရှိသူများအတွက် အကျိုးရှိစေပါသည်၊၊ ပြင်းထန်သော အခြေအနေများတွင် အရေးပေါ် ရွှေ့ပြောင်းကုသမှု လိုအပ်နိုင်ပါသည်၊၊
  • အနားယူခြင်းနှင့် နွေးထွေးစွာ နေထိုင်ခြင်း။ ကိုယ်လက်လှုပ်ရှားမှုများကို ရပ်ဆိုင်းပြီး နွေးထွေးစွာ နေထိုင်သင့်ပါသည်၊၊ အကြောင်းမှာ အားစိုက်ထုတ်ခြင်းနှင့် အအေးမိခြင်းတို့က ရောဂါအခြေအနေကို ပိုမိုဆိုးရွားစေနိုင်သောကြောင့် ဖြစ်ပါသည်၊၊
  • ဆေးဝါးများ။ တောင်တက်သမားများသည် ရောဂါလက္ခဏာများကို ကုသရန် သို့မဟုတ် ကာကွယ်ရန်အတွက် ဆရာဝန်ညွှန်ကြားသော ဆေးဝါးများကို အသုံးပြုနိုင်ပါသည်၊၊ ပုံမှန်အားဖြင့် အမြင့်ဒေသသို့ မတက်မီ တစ်ရက်ကြိုတင်၍ ဆေးသောက်လေ့ရှိကြပါသည်၊၊

Doctors who treat this condition