အရေပြားလေးဘက်နာ (Psoriatic Arthritis) ခြုံငုံသုံးသပ်ချက်
အရေပြားလေးဘက်နာ (Psoriatic arthritis) သည် အဆစ်များအတွင်း တောင့်တင်းခြင်း၊ ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းတို့ကို ဖြစ်စေသည့် ရောင်ရမ်းမှုဆိုင်ရာ အခြေအနေတစ်မျိုးဖြစ်သည်။ ၎င်းသည် ငွေရောင်အကြေးခွံများဖြင့် ဖုံးအုပ်နေသော အနီရောင်အကွက်များ ဖြစ်ပေါ်တတ်သည့် အရေပြားရောဂါ (psoriasis) ရှိသူများတွင် အများဆုံး ဖြစ်ပွားလေ့ရှိသည်။
အရေပြားလေးဘက်နာ၏ ပြင်းထန်မှုသည် အနည်းငယ်မှသည် အလွန်ပြင်းထန်သည့် အခြေအနေအထိ ရှိနိုင်ပါသည်။ ၎င်းသည် အဆစ်အနည်းငယ်ရောင်ခြင်း (oligoarticular)၊ အဆစ်အများအပြားရောင်ခြင်း (polyarticular) နှင့် ကျောရိုးဆစ်ရောင်ခြင်း (spondylitis) ပုံစံများဖြင့် ပေါ်လာနိုင်ပါသည်။ ၎င်းသည် လက်ချောင်းထိပ်များနှင့် ကျောရိုးအပါအဝင် ခန္ဓာကိုယ်၏ မည်သည့်နေရာကိုမဆို ထိခိုက်စေနိုင်သည်။ လူအများစုသည် အရေပြားလေးဘက်နာ မဖြစ်ပွားမီ နှစ်ပေါင်းများစွာကတည်းက အရေပြားရောဂါကို အရင်ခံစားရလေ့ရှိသော်လည်း အချို့သူများတွင် အရေပြားအကွက်များ မပေါ်မီ သို့မဟုတ် ပေါ်နေစဉ်အတွင်းမှာပင် အဆစ်ပြဿနာများ စတင်လာနိုင်ပါသည်။
Psoriasis နှင့် အရေပြားလေးဘက်နာ နှစ်မျိုးစလုံးသည် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်အချို့က အခြားဆဲလ်များနှင့် တစ်ရှူးများကို ပြန်လည်တိုက်ခိုက်သည့် နာတာရှည် ကိုယ်ခံအားစနစ်ဆိုင်ရာရောဂါ (autoimmune diseases) များ ဖြစ်ကြသည်။ ဤအခြေအနေနှစ်ခုလုံးတွင် ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာသည့် အချိန်နှင့် ပြန်လည်သက်သာသွားသည့် အချိန်ဟူ၍ ရှိတတ်ပါသည်။
အရေပြားလေးဘက်နာကို အမြစ်ပြတ်ကုသနိုင်သော နည်းလမ်း မရှိသေးသော်လည်း ကုသမှု၏ ရည်ရွယ်ချက်မှာ ရောဂါလက္ခဏာများကို သက်သာစေရန်နှင့် အဆစ်များ ပျက်စီးမှုကို ကာကွယ်ရန်ဖြစ်သည်။ ကုသမှုမခံယူဘဲ ထားရှိပါက မသန်စွမ်းမှုအထိ ဖြစ်လာနိုင်ပါသည်။ သို့သော် ရောဂါအကြောင်းကို သေချာစွာ နားလည်သဘောပေါက်ပြီး ကုသမှုခံယူခြင်းဖြင့် ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချနိုင်ပါသည်။
ရောဂါလက္ခဏာများ (Symptoms)
အရေပြားလေးဘက်နာ၏ လက္ခဏာများသည် လူနာတစ်ဦးနှင့်တစ်ဦး မတူညီနိုင်ဘဲ အနည်းငယ်မှ ပြင်းထန်သည့်အဆင့်အထိ သို့မဟုတ် ဖြည်းဖြည်းချင်းမှ မြန်မြန်ဆန်ဆန် ဆိုးရွားလာသည့်အဆင့်အထိ ရှိနိုင်ပါသည်။ ၎င်းသည် အဆစ်တစ်ခုတည်းကိုသာ ထိခိုက်စေပြီး အနည်းငယ် မသက်မသာ ဖြစ်စေနိုင်သလို အဆစ်အများအပြားကို ထိခိုက်စေပြီး ပြင်းထန်စွာ နာကျင်မှုကိုလည်း ဖြစ်စေနိုင်ပါသည်။ ထို့အပြင် လက္ခဏာများ သက်သာလာခြင်း သို့မဟုတ် ခေတ္တပျောက်ကွယ်သွားခြင်းမျိုးလည်း ရှိတတ်ပါသည်။
အရေပြားလေးဘက်နာ၏ လက္ခဏာများသည် လေးဖက်နာ အဆစ်အမြစ်ရောင်ရောဂါ (rheumatoid arthritis) နှင့် ဆင်တူလေ့ရှိသည်။ ရောဂါနှစ်မျိုးလုံးသည် အဆစ်များကို နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနှင့် ပူနွေးနေခြင်းတို့ကို ဖြစ်စေသည်။ ၎င်းသည် ခန္ဓာကိုယ်၏ တစ်ဖက်တည်းရှိ အဆစ်များ သို့မဟုတ် နှစ်ဖက်စလုံးရှိ အဆစ်များကို ထိခိုက်စေနိုင်ပါသည်။
အရေပြားလေးဘက်နာကြောင့် အောက်ပါတို့ ပိုမိုဖြစ်ပွားနိုင်ပါသည် –
- နာကျင်ခြင်း – အရွတ်များ သို့မဟုတ် နာဗ်ကြောများ အရိုးနှင့် ဆုံသည့်နေရာများ (enthesitis) ဖြစ်သော ခြေဖဝါးနှင့် ဖနောင့်ရှိ အကြောများ (Achilles’ tendon) တွင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်းတို့ကို ခံစားရနိုင်သည်။
- ခါးနာခြင်း – Spondylitis ဟုခေါ်သော အခြေအနေသည် ကျောရိုးဆစ်များအကြားရှိ အဆစ်များသို့ ရောင်ရမ်းမှု ပျံ့နှံ့သွားခြင်းဖြစ်ပြီး အရေပြားလေးဘက်နာ ရှိသူများတွင် ဤအခြေအနေ ဖြစ်ပွားနိုင်ပါသည်။
- လက်ချောင်းနှင့် ခြေချောင်းများ ရောင်ရမ်းခြင်း – Dactylitis သည် လက်ချောင်း သို့မဟုတ် ခြေချောင်းတစ်ခုလုံးကို ဝက်အူချောင်းကဲ့သို့ ဖြစ်သွားစေသည့် နာကျင်သော ရောင်ရမ်းမှုဖြစ်သည်။
- လက်သည်းခြေသည်း ပြောင်းလဲမှုများ – လက်သည်းများတွင် ချိုင့်ခွက်လေးများ ဖြစ်ပေါ်ခြင်း၊ ပဲ့ထွက်ခြင်း သို့မဟုတ် အသားမှ ကွာထွက်ခြင်းများ ဖြစ်နိုင်ပါသည်။
- မျက်စိရောင်ရမ်းခြင်း – Uveitis သည် မျက်စိအတွင်းပိုင်းလွှာတွင် ရောင်ရမ်းခြင်းဖြစ်ပြီး ကုသမှုမခံယူပါက အမြင်အာရုံ ဆုံးရှုံးခြင်း သို့မဟုတ် လုံးဝကွယ်သွားခြင်းအထိ ဖြစ်နိုင်ပါသည်။
အရေပြားလေးဘက်နာ လက္ခဏာများ ဆက်တိုက်ဖြစ်နေပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အကြံပြုလိုပါသည်။ မှန်ကန်သော ကုသမှုမရှိပါက အဆစ်များ အမြဲတမ်း ပျက်စီးသွားနိုင်သော်လည်း စောစီးစွာ ရောဂါရှာဖွေကုသခြင်းက နာကျင်မှုနှင့် ရောင်ရမ်းမှုကို သက်သာစေကာ နောက်ထပ်ဖြစ်လာမည့် အဆစ်ပြဿနာများကို ကာကွယ်ပေးနိုင်ပါသည်။
ဖြစ်ပွားရခြင်းအကြောင်းအရင်းများ (Causes)
အရေပြားလေးဘက်နာ ဖြစ်ပွားရသည့် အတိအကျကို အပြည့်အဝ နားမလည်သေးသော်လည်း ၎င်းသည် ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်အတွင်းရှိ ကျန်းမာသော ဆဲလ်များနှင့် တစ်ရှူးများကို ဖျက်ဆီးသောအခါတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤတုံ့ပြန်မှုကြောင့် အဆစ်များရောင်ရမ်းခြင်းနှင့် အရေပြားဆဲလ်များ ပွားများလာခြင်းတို့ကို ဖြစ်စေပါသည်။
ပညာရှင်များက မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ ပေါင်းစပ်မှုကြောင့် ဖြစ်သည်ဟု ယူဆကြပါသည်။ သုတေသီများသည် အရေပြားလေးဘက်နာနှင့် ဆက်စပ်နေသော မျိုးရိုးဗီဇအမှတ်အသားများကို ရှာဖွေတွေ့ရှိထားပါသည်။ ထို့အပြင် မိသားစုအတွင်း အရေပြားရောဂါ သို့မဟုတ် အရေပြားလေးဘက်နာ ဖြစ်ဖူးသည့် ရာဇဝင်ရှိခြင်းသည်လည်း လူနာအများစုတွင် တွေ့ရလေ့ရှိသော အချက်ဖြစ်သည်။
ကိုယ်ခံအားစနစ် ပြဿနာများ၊ ပိုးဝင်ခြင်း၊ အဝလွန်ခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းတို့သည်လည်း ဤရောဂါဖြစ်ပွားမှုအပေါ် သက်ရောက်မှုရှိသည်ဟု ယုံကြည်ကြပါသည်။
ဖြစ်နိုင်ခြေရှိသောအချက်များ (Risk factors)
အရေပြားလေးဘက်နာသည် အမျိုးသားနှင့် အမျိုးသမီးများတွင် တူညီစွာ ဖြစ်ပွားနိုင်သည်။ ဖြစ်နိုင်ခြေကို တိုးမြင့်စေသည့် အချက်များမှာ –
- မိသားစုရာဇဝင် – မိဘများတွင် အရေပြားရောဂါရှိပါက ကလေးများတွင်လည်း ဖြစ်နိုင်ခြေ သုံးဆပိုများပြီး အရေပြားလေးဘက်နာ ဖြစ်လာနိုင်ခြေလည်း ပိုများပါသည်။ အရေပြားလေးဘက်နာ ရှိသူများတွင် ဤရောဂါရှိသော မိဘ သို့မဟုတ် မောင်နှမ ရှိတတ်ကြပါသည်။
- အရေပြားရောဂါ (Psoriasis) – အရေပြားလေးဘက်နာ ဖြစ်ပွားရန် အဓိကအချက်မှာ psoriasis အရေပြားရောဂါ ရှိနေခြင်း ဖြစ်သည်။
- အသက် – ကလေးများတွင် အသက် ၉ နှစ်မှ ၁၁ နှစ်အတွင်း အဖြစ်များပြီး လူကြီးများတွင် အသက် ၃၀ မှ ၅၅ နှစ်အတွင်း အဖြစ်များပါသည်။
ရောဂါရှာဖွေခြင်း (Diagnosis)
အရေပြားလေးဘက်နာ (Psoriatic arthritis) ကို စမ်းသပ်မှုတစ်ခုတည်းဖြင့် ရောဂါရှာဖွေ၍ မရပါ။ အခြေအနေအများစုတွင် psoriasis အရေပြားရောဂါသည် အဆစ်အမြစ်ရောင်ရမ်းသည့် လက္ခဏာများနှင့်အတူ တွဲပေါ်လာပါက ဆရာဝန်များအတွက် ရောဂါအတည်ပြုရန် ပိုမိုလွယ်ကူပါသည်။ ရောဂါရှာဖွေမှုကို လူနာ၏ ဆေးရာဇဝင်၊ ကိုယ်ကာယစစ်ဆေးမှု၊ သွေးစစ်ခြင်းနှင့် ထိခိုက်နေသော အဆစ်များကို X-ray ရိုက်ခြင်းတို့အပေါ် အခြေခံ၍ ပြုလုပ်လေ့ရှိပါသည်။
ကိုယ်ကာယစစ်ဆေးရာတွင် အဆစ်များ ရောင်ရမ်းခြင်း သို့မဟုတ် နာကျင်ခြင်း ရှိမရှိ စစ်ဆေးခြင်း၊ လက်သည်းများတွင် ချိုင့်ခွက်ဖြစ်ခြင်း၊ အဖတ်များကွာခြင်းနှင့် အခြားပုံမှန်မဟုတ်သော အခြေအနေများ ရှိမရှိ စစ်ဆေးခြင်း၊ ခြေဖဝါးနှင့် ဖနောင့်တစ်ဝိုက်ရှိ နာကျင်သည့်နေရာများကို ဖိ၍စစ်ဆေးခြင်းတို့ ပါဝင်ပါသည်။
ရောဂါအစောပိုင်းအဆင့်တွင် X-ray များသည် ရောဂါရှာဖွေရန် ထိရောက်မှုမရှိနိုင်သော်လည်း နောက်ပိုင်းအဆင့်များတွင် အရေပြားလေးဘက်နာတွင် တွေ့ရလေ့ရှိသော ပြောင်းလဲမှုများကို တွေ့မြင်နိုင်ပါသည်။ လေးဖက်နာ (rheumatoid arthritis) သို့မဟုတ် ဂေါက်ရောဂါကဲ့သို့သော အခြားအဆစ်နာကျင်စေသည့် အကြောင်းရင်းများကို ခွဲခြားရန် စမ်းသပ်မှုအမျိုးမျိုး လိုအပ်နိုင်ပါသည်။
ပုံရိပ်ဖော်စစ်ဆေးမှုများ (Imaging tests)
- X-rays – ၎င်းကို radiograph ဟုလည်းခေါ်ပြီး အရိုးနှင့် တစ်ရှူးပျော့များ၏ ပုံရိပ်ကို ဖော်ထုတ်ရန် ဘေးကင်းသော ရောင်ခြည်ပမာဏကို အသုံးပြုပါသည်။ ၎င်းသည် အခြားအဆစ်ရောင်ရောဂါများတွင် မတွေ့ရဘဲ အရေပြားလေးဘက်နာတွင်သာ တွေ့ရသော အဆစ်ပုံစံပျက်ယွင်းမှုများကို သိရှိရန် ကူညီပေးနိုင်ပါသည်။
- MRI – ဤစစ်ဆေးမှုသည် အထူးအခြေအနေများတွင်သာ လိုအပ်လေ့ရှိပါသည်။ ခြေထောက်နှင့် ခါးအောက်ပိုင်းရှိ အရွတ်များနှင့် နာဗ်ကြောများ ပုံမှန်မဟုတ်သည်ကို စစ်ဆေးရန် MRI ကို အသုံးပြုနိုင်ပါသည်။ ၎င်းသည် ရေဒီယိုလှိုင်းများနှင့် အားကောင်းသော သံလိုက်စက်ကွင်းကို ပေါင်းစပ်ပြီး ခန္ဓာကိုယ်၏ မာကျောသောအစိတ်အပိုင်းနှင့် ပျော့ပျောင်းသောအစိတ်အပိုင်းများကို အလွန်ကြည်လင်သော ပုံရိပ်များအဖြစ် ဖော်ထုတ်ပေးပါသည်။
ဓာတ်ခွဲစမ်းသပ်မှုများ (Laboratory tests)
- Rheumatoid factor (RF) – RF ကဲ့သို့သော biomarker စစ်ဆေးမှုများသည် လေးဖက်နာနှင့် အရေပြားလေးဘက်နာကို ခွဲခြားရန် ကူညီပေးနိုင်ပါသည်။ RF သည် လေးဖက်နာရှိသူများ၏ သွေးထဲတွင် တွေ့ရလေ့ရှိသော ပဋိပစ္စည်းဖြစ်သော်လည်း အရေပြားလေးဘက်နာရှိသူများတွင် မတွေ့ရပါ။ လေးဖက်နာရှိသူများ၏ ၈၀ ရာခိုင်နှုန်းခန့်သည် RF positive ဖြစ်ကြပါသည်။
- အဆစ်အရည်ကို စစ်ဆေးခြင်း (Joint fluid test) – ဂေါက်ရောဂါနှင့် အရေပြားလေးဘက်နာသည် တွဲ၍ ဖြစ်နိုင်ပါသည်။ အဆစ်အရည်အတွင်း ယူရစ်အက်ဆစ် ပုံဆောင်ခဲများ ရှိနေပါက အရေပြားလေးဘက်နာအစား ဂေါက်ရောဂါ ဖြစ်နိုင်ခြေရှိပါသည်။ စမ်းသပ်စဉ်အတွင်း ပြဿနာရှိနေသော အဆစ်တစ်ခုမှ အရည်နမူနာကို အပ်ဖြင့်စုပ်ယူပြီး ဓာတ်ခွဲခန်းတွင် စစ်ဆေးပါသည်။
ကုသခြင်း (Treatment)
အရေပြားလေးဘက်နာကို လက်ရှိတွင် အမြစ်ပြတ်ကုသ၍ မရသေးပါ။ ကုသမှုပုံစံသည် ရောဂါရှာဖွေတွေ့ရှိချိန်ရှိ လက္ခဏာများ၏ ပြင်းထန်မှုအပေါ် မူတည်ပါသည်။ အဓိကရည်မှန်းချက်မှာ ရောဂါကို ထိန်းချုပ်ရန်၊ လက္ခဏာများ သက်သာသွားစေရန်နှင့် နောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချရန်ဖြစ်သည်။ လူနာများသည် မိမိနှင့်ကိုက်ညီသော ကုသမှုကို မတွေ့ရှိမီ နည်းလမ်းအမျိုးမျိုးဖြင့် စမ်းသပ်ကုသရန် လိုအပ်နိုင်ပါသည်။
ဆေးဝါးကုသမှုသည် ထိခိုက်နေသော အဆစ်များ ရောင်ရမ်းမှုကို လျှော့ချပေးခြင်းဖြင့် အဆစ်နာကျင်ခြင်းနှင့် မသန်စွမ်းဖြစ်ခြင်းတို့ကို ကာကွယ်ရန်ဖြစ်သလို အရေပြားလက္ခဏာများကိုပါ ထိန်းချုပ်ရန် ဖြစ်ပါသည်။ ရောဂါပြုပြင်ပြောင်းလဲပေးသော လေးဖက်နာကုဆေးများ (DMARDs) သည် အသုံးအများဆုံး ကုထုံးများထဲမှ တစ်ခုဖြစ်သည်။ ကုသမှုတွင် ဆေးဝါးများ၊ ခွဲစိတ်မှုနှင့် အခြားလုပ်ထုံးလုပ်နည်းများကို ပေါင်းစပ်အသုံးပြုနိုင်ပါသည်။
ဆေးဝါးများ (Medications)
- စတီးရွိုက်မဟုတ်သော အရောင်ကျဆေးများ (NSAIDs) – ရောဂါအစောပိုင်းအဆင့်တွင် ရောင်ရမ်းမှု အနည်းငယ်ရှိပါက နာကျင်မှုနှင့် ရောင်ရမ်းမှုကို လျှော့ချရန် NSAIDs များက ကူညီပေးနိုင်ပါသည်။ အစာအိမ်ထိခိုက်ခြင်း၊ နှလုံးပြဿနာနှင့် အသည်း၊ ကျောက်ကပ် ပျက်စီးခြင်းတို့သည် ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ပါသည်။ ဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်သော ဆေးများမှာ ibuprofen နှင့် naproxen sodium တို့ဖြစ်ပြီး ပိုမိုပြင်းထန်သောဆေးများအတွက် ဆရာဝန်ညွှန်ကြားချက် လိုအပ်ပါသည်။
- Conventional DMARDs – NSAIDs များဖြင့် မသက်သာဘဲ ရောဂါသည် ဆက်တိုက်ဖြစ်နေခြင်း သို့မဟုတ် အရိုးများစားလာခြင်းတို့ရှိပါက DMARDs ကို အသုံးပြုပါသည်။ NSAIDs နှင့်မတူဘဲ ၎င်းသည် ကိုယ်ခံအားစနစ်ကို ပြုပြင်ပြောင်းလဲပေးခြင်းဖြင့် ရောဂါဆိုးရွားလာမှုကို လျှော့ချနိုင်ပြီး အဆစ်နှင့် အခြားတစ်ရှူးများ အမြဲတမ်း ပျက်စီးမှုကို ကာကွယ်ပေးပါသည်။ Methotrexate, sulfasalazine နှင့် cyclosporine တို့သည် ဥပမာများ ဖြစ်ကြသည်။ အသည်းပျက်စီးခြင်း၊ ရိုးတွင်းခြင်ဆီ ထိခိုက်ခြင်းနှင့် အဆုတ်ရောင်ခြင်းတို့သည် ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ပါသည်။
- Biologic agents (biologic response modifiers) – NSAIDs သို့မဟုတ် DMARDs တို့ဖြင့် ရောဂါကို မထိန်းချုပ်နိုင်ပါက ဤဆေးများကို ထည့်သွင်းစဉ်းစားသင့်သည်။ ၎င်းတို့သည် ကိုယ်ခံအားစနစ်၏ လမ်းကြောင်းအမျိုးမျိုးကို ပစ်မှတ်ထားတိုက်ခိုက်ပါသည်။ Adalimumab, certolizumab, etanercept, golimumab တို့သည် လူသိများသော ဆေးများဖြစ်သည်။ ၎င်းတို့သည် အဆစ်ပျက်စီးမှုကို ဟန့်တားရာတွင် အလွန်ထိရောက်သော်လည်း ပိုးဝင်နိုင်ခြေကို တိုးမြင့်စေနိုင်ပါသည်။
- Targeted synthetic DMARDs – ပုံမှန် DMARDs နှင့် biologic ဆေးများဖြင့် မအောင်မြင်ပါက tofacitinib ကို အသုံးပြုနိုင်ပါသည်။ ဆေးပမာဏများပြားပါက အဆုတ်အတွင်း သွေးခဲခြင်း၊ ပြင်းထန်သော နှလုံးရောဂါနှင့် ကင်ဆာဖြစ်နိုင်ခြေ တိုးလာနိုင်ပါသည်။
- Newer oral medication – Apremilast ကို DMARDs သို့မဟုတ် biologic ဆေးများ မသုံးလိုသူများ သို့မဟုတ် မသုံးနိုင်သော အရေပြားလေးဘက်နာ အသင့်အတင့်ရှိသူများအတွက် ညွှန်ကြားလေ့ရှိသည်။ ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့သည် ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ပါသည်။
ကုထုံးများ (Therapies)
ဆေးဝါးမဟုတ်သော နည်းလမ်းများသည်လည်း အဆစ်နာကျင်မှုအတွက် အထောက်အကူပြုပါသည်။ အနှိပ်ကုထုံး၊ ကာယကုထုံး (physical therapy) နှင့် လုပ်ငန်းခွင်ဆိုင်ရာကုထုံး (occupational therapy) တို့သည် နာကျင်မှုကို သက်သာစေပြီး နေ့စဉ်လှုပ်ရှားမှုများကို ပိုမိုလွယ်ကူစေနိုင်ပါသည်။ ပညာရှင်များ လမ်းညွှန်သည့်အတိုင်း လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားခြင်းသည် အဆစ်တောင့်တင်းမှုကို လျှော့ချပေးနိုင်ပါသည်။
ခွဲစိတ်မှုနှင့် အခြားလုပ်ထုံးလုပ်နည်းများ (Surgical and other procedures)
- စတီးရွိုက်ထိုးဆေးများ – ရောင်ရမ်းမှုကို လျှော့ချရန် ဆေးပမာဏများများအား ထိခိုက်နေသော အဆစ်အတွင်းသို့ တိုက်ရိုက်ထိုးသွင်းခြင်း ဖြစ်သည်။
- အဆစ်အစားထိုးခွဲစိတ်မှု – အခြေအနေအများစုတွင် ခွဲစိတ်ရန် မလိုအပ်သော်လည်း အဆစ်သည် ပြင်းထန်စွာ ပျက်စီးသွားပါက သတ္တု သို့မဟုတ် ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော အတုများဖြင့် အစားထိုးနိုင်ပါသည်။ ၎င်း၏ ရည်ရွယ်ချက်မှာ အဆစ်၏ လုပ်ဆောင်ချက်ကို ပြန်လည်ရရှိရန်၊ နာကျင်မှုလျှော့ချရန်နှင့် လှုပ်ရှားမှု ပိုမိုကောင်းမွန်လာစေရန် ဖြစ်ပါသည်။
