ပိုးသတ်ဆေးကြောင့်ဖြစ်သောအူမကြီးရောင်ခြင်း

ခြုံငုံသုံးသပ်ချက်

Pseudomembranous colitis (တစ်ခါတစ်ရံ ပိုးသတ်ဆေးကြောင့်ဖြစ်သော အူမကြီးရောင်ခြင်းဟု ခေါ်ဆိုသည်) သည် အူမကြီး ရောင်ရမ်းခြင်းနှင့် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းကို ဆိုလိုပါသည်။ ၎င်းသည် Clostridioides difficile (သို့မဟုတ် C. diff) ဟုခေါ်သော ဘက်တီးရီးယားပိုးများ အလွန်အကျွံ ပွားများလာခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး များသောအားဖြင့် ပိုးသတ်ဆေးများ အသုံးပြုခြင်းကြောင့် ဖြစ်လေ့ရှိပါသည်။

ပိုးသတ်ဆေးများသည် Clostridium difficile (C. diff) ဘက်တီးရီးယားများကို ပွားများလာစေရန် လှုံ့ဆော်ပေးပြီး အူလမ်းကြောင်းနံရံကို ကူးစက်ကာ ရောင်ရမ်းမှုကို ဖြစ်စေပါသည်။ ဤရောဂါသည် အသက် ၆၅ နှစ်ထက်ကျော်သော လူကြီးများတွင် ပိုမိုအဖြစ်များသလို မကြာသေးမီက ဆေးရုံတက်ထားဖူးသူများနှင့်လည်း ဆက်စပ်မှုရှိတတ်ပါသည်။ ကုသမှုများတွင် ဆေးဝါးများဖြင့် ကုသခြင်း၊ ဝမ်းအစားထိုးကုသခြင်း (Fecal transplant) သို့မဟုတ် ခွဲစိတ်ကုသခြင်းတို့ ပါဝင်နိုင်ပါသည်။

ရောဂါလက္ခဏာများ

ဤရောဂါရှိသူ အများစုသည် ပိုးသတ်ဆေး စတင်သောက်သုံးပြီး ၅ ရက်မှ ၁၀ ရက်အတွင်း ရောဂါလက္ခဏာများကို ခံစားရလေ့ရှိပါသည်။ ပိုးသတ်ဆေးကို ရပ်တန့်လိုက်ပြီးနောက်တွင်ပင် လက္ခဏာများသည် လပေါင်းများစွာ သို့မဟုတ် ထို့ထက်ပို၍ ကြာရှည်နိုင်ပါသည်။

အဖြစ်များသော လက္ခဏာများမှာ-

  • ဝမ်းသွားလျှင် ရေကဲ့သို့ သွားခြင်း
  • ဗိုက်နာခြင်းနှင့် ဗိုက်ကိုနှိပ်လျှင် နာကျင်ခြင်း
  • ဖျားခြင်း
  • ဗိုက်ရစ်၍ နာခြင်း
  • အစားအသောက်ပျက်ခြင်း
  • ဝမ်းအတွင်း ပြည် သို့မဟုတ် အကျိအချွဲများ ပါလာခြင်း
  • ပျို့အန်ခြင်း
  • ရေဓာတ်ခမ်းခြောက်ခြင်း
  • ပြင်းထန်သောအခြေအနေများတွင် သွေးဆိပ်တက်ခြင်း (Sepsis)

အကယ်၍ သင်သည် ပိုးသတ်ဆေးသောက်ပြီးနောက် ဝမ်းပျက်ဝမ်းလျှော ဖြစ်လာပါက လက္ခဏာ မည်မျှပင် ပေါ့ပါးသည်ဖြစ်စေ ကျန်းမာရေးစောင့်ရှောက်သူနှင့် ဆက်သွယ်ရန် အကြံပြုလိုပါသည်။ ထို့အပြင် ဖျားခြင်း၊ ပြင်းထန်စွာ ဗိုက်ရစ်ခြင်းတို့နှင့်အတူ ဝမ်းပျက်ခြင်း သို့မဟုတ် ဝမ်းတွင် သွေး သို့မဟုတ် ပြည်များ ပါလာပါက ကျန်းမာရေးစောင့်ရှောက်သူနှင့် ချက်ချင်း တိုင်ပင်ဆွေးနွေးရန် အလွန်အရေးကြီးပါသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

အူမကြီးအတွင်းရှိ ဘက်တီးရီးယားများ၏ သဘာဝမျှခြေကို ပုံမှန်အားဖြင့် ကောင်းမွန်စွာ ထိန်းသိမ်းထားပါသည်။ သို့သော် ပိုးသတ်ဆေးများ သို့မဟုတ် အခြားဆေးဝါးများ သောက်သုံးခြင်းသည် ထိုမျှခြေကို ပျက်စီးစေနိုင်ပါသည်။ အချို့သော ဘက်တီးရီးယားများ၊ အထူးသဖြင့် C. diff ပိုးများသည် လျင်မြန်စွာ ပွားများလာပြီး အခြားအကျိုးပြု ဘက်တီးရီးယားများကို ကျော်လွန်သွားသောအခါ ဤရောဂါ ဖြစ်ပွားတတ်ပါသည်။ C. diff မှ ထွက်ရှိသော အန္တရာယ်ရှိသော အဆိပ်အတောက်များသည် အူမကြီးကို ပျက်စီးစေလောက်သည့် အဆင့်အထိ မြင့်တက်သွားနိုင်ပါသည်။

ပိုးသတ်ဆေး အမျိုးမျိုးကြောင့် ဖြစ်နိုင်သော်လည်း အချို့သော ပိုးသတ်ဆေးများသည် ဤရောဂါနှင့် ပိုမိုဆက်စပ်မှု ရှိပါသည်။ ၎င်းတို့တွင် Fluoroquinolones (ဥပမာ- Ciprofloxacin နှင့် Levofloxacin)၊ Penicillins (ဥပမာ- Amoxicillin နှင့် Ampicillin)၊ Clindamycin နှင့် Cephalosporins (ဥပမာ- Cefixime) တို့ ပါဝင်ပါသည်။

အခြားသော ပိုးမျိုးစိတ်များထက် ပိုမိုပြင်းထန်ပြီး အဆိပ်အတောက် ပိုမိုထုတ်လုပ်နိုင်သော C. diff ပိုးမျိုးစိတ်အသစ်ကိုလည်း တွေ့ရှိထားပါသည်။ ဤပိုးမျိုးစိတ်သည် အချို့သော ဆေးဝါးများကို ပိုမိုခံနိုင်ရည်ရှိနိုင်ပြီး ဆေးရုံမတက်ဖူးသူ သို့မဟုတ် ပိုးသတ်ဆေး မသောက်ဖူးသူများတွင်ပင် တွေ့ရှိရတတ်ပါသည်။

အခြားသော ဖြစ်ပွားရသည့် အကြောင်းရင်းများမှာ-

  • အူမကြီးနှင့် ဆက်စပ်သော ရောဂါများ: အူမကြီး အနာဖြစ်၍ ရောင်ခြင်း (Ulcerative colitis) သို့မဟုတ် Crohn’s ရောဂါကဲ့သို့သော အူလမ်းကြောင်းရောဂါ ရှိသူများသည် ဤရောဂါဖြစ်နိုင်ခြေ ပိုများပါသည်။
  • ပတ်ဝန်းကျင်မှ ကူးစက်သော C. diff: C. diff ပိုးမွှားများသည် ပိုးသတ်ဆေး အမျိုးမျိုးကို ခံနိုင်ရည်ရှိပြီး ကျန်းမာရေးဝန်ထမ်းများ၏ လက်မှတစ်ဆင့် လူနာများထံ ပျံ့နှံ့နိုင်ပါသည်။ မကြာသေးမီက ဆေးရုံနှင့် ထိတွေ့မှုမရှိသူ သို့မဟုတ် ပိုးသတ်ဆေး မသောက်ဖူးသူများကြားတွင်လည်း C. diff ပိုးကူးစက်မှုများ တိုးပွားလာနေပါသည်။
  • ကင်ဆာဆေးသွင်းခြင်း (Chemotherapy): ကင်ဆာကုသရန် အသုံးပြုသော ဆေးဝါးများသည် အူမကြီးအတွင်းရှိ ဘက်တီးရီးယားများ၏ ပုံမှန်မျှခြေကို ပျက်စီးစေနိုင်ပါသည်။

ဖြစ်နိုင်ခြေ မြင့်မားသူများ

ဤရောဂါဖြစ်ပွားနိုင်ခြေကို မြင့်တက်စေသည့် အချက်များစွာ ရှိပါသည်။ ၎င်းတို့မှာ-

  • အသက်ကြီးခြင်း (အထူးသဖြင့် အသက် ၆၅ နှစ်ကျော်သူများ)
  • ဘိုးဘွားရိပ်သာတွင် နေထိုင်သူများ
  • ဆေးရုံတွင် အချိန်ကြာမြင့်စွာ တက်ရောက်နေရသူများ
  • ပိုးသတ်ဆေးများ သောက်သုံးနေသူများ
  • အခြားပြင်းထန်သော ရောဂါတစ်ခုခုကြောင့် ကိုယ်ခံအားစနစ် အားနည်းနေသူများ
  • ကင်ဆာရောဂါအတွက် ဆေးသွင်းကုသမှု ခံယူနေသူများ
  • အူလမ်းကြောင်းဆိုင်ရာ ခွဲစိတ်မှု ပြုလုပ်ထားသူများ
  • အူလမ်းကြောင်း ရောင်ရမ်းသောရောဂါ၊ အူမကြီးကင်ဆာ သို့မဟုတ် အခြားအူမကြီးနှင့် ဆက်စပ်သော ရောဂါရှိသူများ

ရောဂါရှာဖွေခြင်း

ပိုးသတ်ဆေးကြောင့်ဖြစ်သောအူမကြီးရောင်ခြင်း (Pseudomembranous colitis )ကို ရောဂါရှာဖွေအတည်ပြုရန် စစ်ဆေးမှုနှင့် လုပ်ဆောင်ချက် အမျိုးမျိုး လိုအပ်နိုင်ပါသည်။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်နိုင်သည် –

  • သွေးစစ်ခြင်း: ဤစစ်ဆေးမှုမှတစ်ဆင့် သွေးဖြူဥအရေအတွက် ပုံမှန်ထက် များပြားနေခြင်း (Leukocytosis) ကို တွေ့ရှိနိုင်ပါသည်။ ဝမ်းပျက်ဝမ်းလျှောခြင်းနှင့်အတူ ဤသို့တွေ့ရှိရပါက C. difficile ကဲ့သို့သော ပိုးဝင်ခြင်း၏ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါသည်။
  • ပုံရိပ်ဖော် စစ်ဆေးခြင်း: ဗိုက်ကို ဓာတ်မှန်ရိုက်ခြင်း (X-ray) သို့မဟုတ် ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်းဖြင့် ပြင်းထန်သော အခြေအနေများတွင် ဖြစ်ပွားတတ်သည့် အူမကြီး အဆိပ်တက်၍ ပွလာခြင်း (Toxic megacolon) သို့မဟုတ် အူမကြီးပေါက်ခြင်း စသည့် ပြဿနာများကို စစ်ဆေးနိုင်ပါသည်။
  • ဝမ်းစစ်ဆေးခြင်း: ဝမ်းနမူနာကို ဓာတ်ခွဲခန်းတွင် စစ်ဆေး၍ C. diff မှ ထွက်ရှိသော အဆိပ်အတောက်များကို ရှာဖွေခြင်း ဖြစ်သည်။ နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ ဘက်တီးရီးယားပိုး ရှိ၊ မရှိကို စစ်ဆေးနိုင်ပါသည်။
  • အူမကြီး မှန်ပြောင်းကြည့်ခြင်း (Colonoscopy သို့မဟုတ် Sigmoidoscopy): ပါးလွှာပြီး ပျော့ပြောင်းသော မှန်ပြောင်းပြွန်ကို အသုံးပြု၍ ဆရာဝန်က အူမကြီးအတွင်းပိုင်းကို ကြည့်ရှုခြင်း ဖြစ်သည်။ ဤစစ်ဆေးမှုသည် Pseudomembranous colitis ကို ညွှန်ပြနိုင်သည့် အဝါရောင် အဖတ်များ (Lesions) နှင့် ရောင်ရမ်းမှုများ ရှိ၊ မရှိကို စစ်ဆေးပေးမည် ဖြစ်သည်။

ကုသမှု

ပိုးသတ်ဆေးကြောင့်ဖြစ်သောအူမကြီးရောင်ခြင်း (Pseudomembranous colitis) ကို ပျောက်ကင်းစေရန် ကုသမှု နည်းလမ်းများစွာ ရှိပါသည်။ ကုသမှု စတင်ပြီး ရက်အနည်းငယ်အတွင်း ရောဂါလက္ခဏာများ သက်သာလာနိုင်ပါသည်။ ကုသမှုများတွင် အောက်ပါတို့အနက် တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ပါဝင်နိုင်သည် –

  • ပိုးသတ်ဆေး သို့မဟုတ် အခြားဆေးဝါးများ ရပ်တန့်ခြင်း: ဆရာဝန်က ပထမဦးဆုံး အကြံပြုမည့်အချက်မှာ ရောဂါပိုးဝင်ခြင်းကို ဖြစ်စေသည့် ဆေးဝါးကို ရပ်တန့်ရန် ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ရောဂါပျောက်ကင်းသွားနိုင်သည် သို့မဟုတ် အနည်းဆုံးအားဖြင့် ရောဂါလက္ခဏာများ သက်သာသွားစေနိုင်ပါသည်။
  • C. difficile ကို နှိမ်နင်းနိုင်သော ပိုးသတ်ဆေးများ: C. difficile လက္ခဏာများ ဆက်ရှိနေပါက အူမကြီးအတွင်းရှိ အကျိုးပြု ဘက်တီးရီးယားများ၏ မျှခြေကို ပြန်လည်ရရှိစေရန် ဆရာဝန်က အခြားပိုးသတ်ဆေးတစ်မျိုးကို ညွှန်ကြားပါလိမ့်မည်။ ဆေးဝါးများကို သောက်ဆေး၊ အကြောသွင်းဆေး သို့မဟုတ် နှာခေါင်းမှတစ်ဆင့် အစာအိမ်ထဲသို့ ထည့်သောပိုက် (Nasogastric tube) မှတစ်ဆင့် ပေးနိုင်ပါသည်။ ရွေးချယ်လိုက်သော သီးသန့်ပိုးသတ်ဆေး အမျိုးအစားသည် ရောဂါ၏ ပြင်းထန်မှုအခြေအနေနှင့် လူနာ၏ ဆေးဒဏ်ခံနိုင်ရည်ရှိမှုတို့အပေါ် မူတည်နိုင်ပါသည်။ Vancomycin နှင့် Fidaxomicin တို့ကို အသုံးများပြီး၊ အဆိုပါဆေးများ မရရှိနိုင်ပါက သို့မဟုတ် မတည့်ပါက Metronidazole ကို အသုံးပြုနိုင်ပါသည်။ ပြင်းထန်သော အခြေအနေများတွင် သောက်ဆေးနှင့် အကြောသွင်းဆေးများကို တွဲဖက်၍ဖြစ်စေ၊ ဝမ်းချူသည့်နည်းဖြင့်ဖြစ်စေ ကုသနိုင်ပါသည်။
  • ဝမ်းအစားထိုး ကုသခြင်း (FMT): ရောဂါပိုးဝင်ခြင်း ပြင်းထန်လျှင် သို့မဟုတ် အကြိမ်ကြိမ် ပြန်ဖြစ်နေလျှင် ကျန်းမာသော အလှူရှင်ထံမှ ဝမ်းကိုယူ၍ လူနာ၏ အူမကြီးအတွင်း ထည့်သွင်းကုသသည့်နည်းကို ဆရာဝန်များက အကြံပြုနိုင်ပါသည်။ ၎င်းသည် အူမကြီးအတွင်းရှိ ဘက်တီးရီးယား မျှခြေကို ပြန်လည်ကောင်းမွန်စေရန် ကူညီပေးပါသည်။ အလှူရှင်ထံမှ ရရှိသော ဝမ်းကို နှာခေါင်းမှတစ်ဆင့် အစာအိမ်ထဲသို့ ထည့်သောပိုက် (Nasogastric tube) ဖြင့် ဖြစ်စေ၊ အူမကြီးအတွင်းသို့ တိုက်ရိုက်ထည့်သွင်း၍ ဖြစ်စေ သို့မဟုတ် ဆေးတောင့်ပုံစံဖြင့် သောက်သုံး၍ ဖြစ်စေ ပေးနိုင်ပါသည်။ အချို့သော အခြေအနေများတွင် ဆရာဝန်များသည် ရောဂါပိုးကို ကုသရန်အတွက် ပိုးသတ်ဆေးများနှင့် FMT (ဝမ်းအစားထိုးကုသခြင်း) ကို တွဲဖက်၍ အသုံးပြုနိုင်ပါသည်။

ပြန်လည်ဖြစ်ပွားတတ်သော Pseudomembranous colitis ကို ကုသခြင်း

ဤရောဂါသည် ကုသမှုခံယူပြီးသူများ၏ ၂၀ ရာခိုင်နှုန်းခန့်တွင် ပြန်လည်ဖြစ်ပွားတတ်ပါသည်။ ပြန်ဖြစ်သည့် အကြိမ်အရေအတွက် များလေလေ၊ နောက်တစ်ကြိမ် ပြန်ဖြစ်နိုင်ခြေ ပိုများလေလေ ဖြစ်သည်။ ပိုမိုပြင်းထန်သော C. diff ပိုးမျိုးစိတ်သစ်များ ပေါ်ထွက်လာခြင်းကြောင့် ကုသရန် စိန်ခေါ်မှုများ ရှိလာပါသည်။ ပြန်လည်ဖြစ်ပွားတတ်သော ဤရောဂါအတွက် ကုသမှုများတွင် အောက်ပါတို့ ပါဝင်နိုင်သည် –

  • ပိုးသတ်ဆေး ထပ်မံပေးခြင်း: ရောဂါပြန်ဖြစ်ပါက ဆရာဝန်က ပိုးသတ်ဆေးကို နောက်တစ်ကြိမ် ထပ်မံညွှန်ကြားပါမည်။ ကုသမှုသက်တမ်းမှာ လူနာ၏ ဆေးတုံ့ပြန်မှုအပေါ် မူတည်၍ ပိုမိုကြာမြင့်နိုင်ပါသည်။
  • Bezlotoxumab: ၎င်းသည် C. difficile ပိုး ပြန်လည်ဝင်ရောက်နိုင်ခြေကို လျှော့ချရန်အတွက် FDA မှ ခွင့်ပြုချက်ပေးထားသော လူသားမိုနိုကလိုနယ် အင်တီဘော်ဒီ (Human monoclonal antibody) တစ်မျိုး ဖြစ်ပါသည်။ ပိုးသတ်ဆေးများနှင့် တွဲဖက်အသုံးပြုပါက ရောဂါပြန်ဖြစ်နိုင်ခြေကို လျှော့ချရာတွင် အလွန်ထိရောက်ကြောင်း တွေ့ရှိရပါသည်။ သို့သော်လည်း ဆေးဖိုးဝါးခ ကြီးမြင့်မှုကြောင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန် အခက်အခဲ ရှိနိုင်ပါသည်။
  • ဝမ်းအစားထိုး ကုသခြင်း (FMT): ဤကုသမှုတွင် ပိုးသတ်သန့်စင်ထားသော ကျန်းမာသည့် ဝမ်းနမူနာ ပါဝင်သည့် ဆေးတောင့်ကို သောက်သုံးခြင်း၊ သို့မဟုတ် နှာခေါင်းမှတစ်ဆင့် အစာအိမ်ထဲသို့ ထည့်သောပိုက်ဖြင့် ဖြစ်စေ၊ အူမကြီးအတွင်းသို့ တိုက်ရိုက်ဖြစ်စေ ထည့်သွင်းကုသခြင်းတို့ ပါဝင်ပါသည်။
  • ခွဲစိတ်ကုသခြင်း: ကိုယ်ခန္ဓာ အင်္ဂါအစိတ်အပိုင်းများ အလုပ်မလုပ်တော့ခြင်း၊ အူမကြီးပေါက်ခြင်း သို့မဟုတ် ဝမ်းဗိုက်နံရံ ရောင်ရမ်းခြင်း (Peritonitis) တို့ ဖြစ်ပေါ်လာပါက ခွဲစိတ်ကုသမှုကို ရွေးချယ်စရာ နည်းလမ်းတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားနိုင်ပါသည်။ ပုံမှန်အားဖြင့် အူမကြီးတစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ဖယ်ထုတ်သည့် ခွဲစိတ်မှု (Total or subtotal colectomy) ကို ပြုလုပ်လေ့ရှိပါသည်။ သို့သော်လည်း ထိခိုက်ဒဏ်ရာနည်းပါးပြီး ရလဒ်ကောင်းမွန်သည့် “Loop ileostomy and colonic lavage” ဟုခေါ်သော ခွဲစိတ်မှုအသစ်ကိုလည်း တီထွင်ထားပြီ ဖြစ်ပါသည်။ ဤလုပ်ထုံးလုပ်နည်းတွင် ဝမ်းဗိုက်ကို အပေါက်ငယ်လေးများဖောက်၍ ကြည့်ရှုသည့်နည်း (Laparoscopic techniques) ကို အသုံးပြုကာ အူလမ်းကြောင်းကို သန့်စင်ပေးခြင်း ဖြစ်ပါသည်။

Doctors who treat this condition