နှလုံးအောက်ခန်းစောစီးစွာညှစ်ခြင်း

H2: ခြုံငုံသုံးသပ်ချက်

နှလုံးအောက်ခန်း စောစီးစွာ ညှစ်ခြင်း (Premature ventricular contractions – PVCs) ဆိုသည်မှာ နှလုံးအောက်ခန်းများမှ နှလုံးခုန်ခြင်းကို စတင်ရန် လျှပ်စစ် အချက်ပြ မိန့်မှာချက် ပေးပို့လိုက်သည့် ပုံမှန်မဟုတ်သော နှလုံးခုန်ခြင်း ဖြစ်ပါသည်။ ဤသို့ ပုံမှန်မဟုတ်သော နှလုံးခုန်ခြင်းများသည် နှလုံး၏ ပုံမှန် ခုန်နှုန်း စက်ဝန်းကို ပရမ်းပတာ ဖြစ်စေပြီး ရင်ဘတ်အတွင်း တုန်ခါနေသကဲ့သို့ သို့မဟုတ် နှလုံးခုန် တစ်ချက် တောင်းသွားသကဲ့သို့ ခံစားရစေပါသည်။

နှလုံးအောက်ခန်း စောစီးစွာ ညှစ်ခြင်းသည် အတွေ့များပြီး အများအားဖြင့် ဘေးအန္တရာယ် မရှိပါ။ သို့သော် လူနာတွင် နှလုံးရောဂါ သို့မဟုတ် မွေးရာပါ နှလုံးချို့ယွင်းချက်ကဲ့သို့သော ရှိရင်းစွဲ နှလုံးပြဿနာ ရှိပါက နောက်ဆက်တွဲ ရောဂါများ ဖြစ်ပွားနိုင်ခြေ ပိုမို မြင့်တက်လာပါသည်။

နှလုံးအောက်ခန်း စောစီးစွာ ညှစ်ခြင်းကို အောက်ပါအတိုင်းလည်း ခေါ်ဆိုကြပါသည်-

  • Premature ventricular complexes
  • Ventricular extrasystoles
  • Ventricular premature beats

နှလုံးအောက်ခန်း စောစီးစွာ ညှစ်ခြင်းသည် နှလုံးရောဂါ မရှိဘဲလည်း ဖြစ်ပွားနိုင်သော်လည်း ပုံမှန်အားဖြင့် ဘေးအန္တရာယ် မရှိသည့်အပြင် ကုသမှု ခံယူရန်လည်း မလိုအပ်လေ့ရှိပါ။ သို့သော် လူနာတွင် မူလအခံ နှလုံးပြဿနာ ရှိနေပါက သို့မဟုတ် မကြာခဏဆိုသလို နှလုံးအောက်ခန်း စောစီးစွာ ညှစ်ခြင်း ခံစားရပြီး မသက်မသာ ဖြစ်နေပါက ကုသမှု ခံယူရန် လိုအပ်နိုင်ပါသည်။

H2: ရောဂါလက္ခဏာများ

နှလုံးအောက်ခန်း စောစီးစွာ ညှစ်ခြင်းနှင့် ဆက်စပ်၍ လက္ခဏာများ လုံးဝ မပြဘဲ ရှိနေခြင်း သို့မဟုတ် နည်းပါးခြင်းတို့ မကြာခဏ ဖြစ်ပေါ်လေ့ရှိပါသည်။ သို့သော် နှလုံးအောက်ခန်း စောစီးစွာ ညှစ်ခြင်းကြောင့် အောက်ပါတို့ ဖြစ်ပွားနိုင်ပါသည်-

  • နှလုံးတုန်ခြင်း သို့မဟုတ် ရင်ဘတ်အတွင်း တုန်ခါခြင်း
  • နှလုံးပြင်းထန်စွာ ခုန်ခြင်း သို့မဟုတ် ခုန်ပေါက်နေသကဲ့သို့ ခံစားရခြင်း
  • နှလုံးခုန် သွားခြင်း သို့မဟုတ် တစ်ချက် တောင်းသွားခြင်း
  • ခေါင်းမူးခြင်း
  • မောပန်းခြင်း (အသက်ရှူရ ခက်ခဲခြင်း)

လူနာအနေဖြင့် မည်သည့် လက္ခဏာများနှင့် ရောဂါလက္ခဏာများကိုမဆို ခံစားနေရပါက ဆရာဝန်ထံ သွားရောက် ပြသရန် အကြံပြုပါသည်၊၊ သို့သော် စိုးရိမ်ပူပန်မှု လွန်ကဲခြင်း၊ သွေးအားနည်းရောဂါ၊ သိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းနှင့် ကူးစက်ရောဂါများ အပါအဝင် အခြားသော ရောဂါများနှင့် ပုံမှန်မဟုတ်သည့် အခြေအနေ အများအပြားသည်လည်း အလားတူ လက္ခဏာများကို ဖြစ်ပေါ်စေနိုင်ပါသည်။

H2: ဖြစ်ပွားရသည့် အကြောင်းအရင်းများ

နှလုံးအောက်ခန်း စောစီးစွာ ညှစ်ခြင်း (PVCs) ဆိုသည်မှာ နှလုံးအထက်ခန်းများအစား နှလုံးအောက်ခန်းများမှ စတင်ဖြစ်ပေါ်သည့် ပုံမှန်မဟုတ်သော ညှစ်ခြင်းများ ဖြစ်ကြပါသည်။ ဖြစ်စဉ် အများစုတွင် ထိုညှစ်ခြင်းများသည် မျှော်မှန်းထားသည့် နောက်တစ်ကြိမ် နှလုံးမခုန်မီ စောစီးစွာ ဖြစ်ပေါ်လေ့ရှိပါသည်။

နှလုံးအောက်ခန်း စောစီးစွာ ညှစ်ခြင်း ဖြစ်ပွားရသည့် အကြောင်းအရင်း အမျိုးမျိုး ရှိနိုင်ပါသည်။ နှလုံးရောဂါများ သို့မဟုတ် ခန္ဓာကိုယ်ဆိုင်ရာ ပြောင်းလဲမှုများကဲ့သို့သော အချက်အလက် အမျိုးမျိုးကြောင့် နှလုံးအောက်ခန်းများရှိ ဆဲလ်များ၏ လျှပ်စစ်စီးဆင်းမှု ကမောက်ကမ ဖြစ်သွားနိုင်ပါသည်။ နှလုံးရောဂါ သို့မဟုတ် နှလုံးတစ်ရှူး အမာရွတ် ဖြစ်ခြင်းတို့၏ ရလဒ်ကြောင့် နှလုံးမှ ပေးပို့သော လျှပ်စစ် အချက်ပြမှုများ လမ်းကြောင်း လွဲမှားသွားနိုင်ပါသည်။

နှလုံးအောက်ခန်း စောစီးစွာ ညှစ်ခြင်း ဖြစ်ပွားစေနိုင်သော အကြောင်းအရင်းများတွင် အောက်ပါတို့ ပါဝင်ပါသည်-

  • နှလုံးပျက်စီးခြင်း သို့မဟုတ် နှလုံးအတိုက်အခိုက်ခံရခြင်း (Myocardial infarction)
  • ပိုတက်စီယမ် သို့မဟုတ် မဂ္ဂနီစီယမ် နည်းပါးခြင်းကဲ့သို့သော သတ္တုဓာတ် (Electrolyte) မမျှတခြင်းများ
  • နှာခေါင်းပိတ် ပျောက်ဆေးများနှင့် ဓာတ်မတည့် ပျောက်ဆေးများကဲ့သို့သော ဆေးဝါးများ
  • အရက် သောက်သုံးခြင်း
  • မူးယစ်ဆေးဝါး အလွဲသုံးစွဲခြင်း
  • ကဖိန်းဓာတ် သို့မဟုတ် ဆေးလိပ်
  • စိုးရိမ်ပူပန်မှု၊ လေ့ကျင့်ခန်း လုပ်ဆောင်မှု သို့မဟုတ် စိတ်ဖိစီးမှုများကြောင့် အက်ဒရီနလင်း (Adrenaline) ဟော်မုန်း ပမာဏ မြင့်တက်လာခြင်း
  • ရောဂါကြောင့် နှလုံးကြွက်သား ပျက်စီးခြင်း

H2: ဖြစ်နိုင်ခြေရှိသော အချက်များ

အောက်ပါ အခြေအနေများ ရှိသူများတွင် နှလုံးအောက်ခန်း စောစီးစွာ ညှစ်ခြင်း ပိုမို ဖြစ်ပွားနိုင်ခြေ ရှိပါသည်-

  • မွေးရာပါ နှလုံးချို့ယွင်းချက်၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊ နှလုံးပျက်စီးခြင်း သို့မဟုတ် နှလုံးကြွက်သား ရောဂါ ကဲ့သို့သော နှလုံးရောဂါများ
  • နှလုံးပျက်စီးခြင်း သို့မဟုတ် နှလုံးအတိုက်အခိုက်ခံရခြင်း (Myocardial infarction)
  • ကဖိန်းဓာတ် သို့မဟုတ် ဆေးလိပ်
  • အရက် သို့မဟုတ် မူးယစ်ဆေးဝါး အလွဲသုံးစွဲခြင်း
  • စိုးရိမ်ပူပန်မှု
  • လေ့ကျင့်ခန်း ပြုလုပ်ခြင်း (အချို့သော နှလုံးအောက်ခန်း စောစီးစွာ ညှစ်ခြင်း ပုံစံများတွင် ဖြစ်ပါသည်)

H2: ရောဂါရှာဖွေခြင်း

ယေဘုယျအားဖြင့် ဆရာဝန်သည် နှလုံးအောက်ခန်း စောစီးစွာ ညှစ်ခြင်း (PVCs) ကို ရောဂါအမည် တပ်ရန်အတွက် လူနာအား ခန္ဓာကိုယ် စစ်ဆေးခြင်း၊ ဆေးမှတ်တမ်းနှင့် နေထိုင်မှုပုံစံ စစ်ဆေးခြင်း အပါအဝင် နှလုံးခုန်သံများ နားထောင်ခြင်းတို့ ပြုလုပ်ပါမည်။

နှလုံးအောက်ခန်း စောစီးစွာ ညှစ်ခြင်းကို သေချာစွာ ရောဂါအမည် တပ်နိုင်ရန် အောက်ပါ စစ်ဆေးမှုများကို ပြုလုပ်ရန် အကြံပြုပါသည်-

  • သွေးစစ်ဆေးခြင်း- သင့် သိုင်းရွိုက် ဟော်မုန်းနှင့် ပိုတက်စီယမ် ပမာဏများကို တိုင်းတာခြင်း ဖြစ်ပါသည်။
  • နှလုံး MRI သို့မဟုတ် CT စကန် ဖတ်ခြင်း- နှလုံး၏ တည်ဆောက်ပုံ၊ စွမ်းဆောင်ရည်နှင့် သွေးစီးဆင်းမှုများကို ဆန်းစစ် လေ့လာခြင်း ဖြစ်ပါသည်။
  • နှလုံး သွေးကြောဓာတ်မှန် ရိုက်ခြင်း (Coronary angiogram)- နှလုံးအတွင်းရှိ သွေးကြောများကို ပုံရိပ်ဖော် ပြသပေးပြီး သွေးကြော ပိတ်ခြင်း သို့မဟုတ် ကျဉ်းခြင်းကဲ့သို့သော သွေးစီးဆင်းမှုဆိုင်ရာ ပြဿနာများကို ရှာဖွေရာတွင် အသုံးပြုနိုင်ပါသည်။
  • ECG သို့မဟုတ် EKG (နှလုံးလျှပ်စစ်ဓာတ်မှန်)- အပို ခုန်သော နှလုံးခုန်ခြင်း၏ အရင်းအမြစ်နှင့် ပုံစံကို ဖော်ထုတ်ပေးနိုင်သည့် နှလုံး၏ လျှပ်စစ် လှုပ်ရှားမှုကို စောင့်ကြည့် စစ်ဆေးသော လျှင်မြန်ပြီး နာကျင်မှု မရှိသည့် စစ်ဆေးမှု ဖြစ်ပါသည်။ ကပ်ခွာပုံစံ အီလက်ထရုတ် (Electrodes) များကို လက်၊ ခြေထောက်နှင့် ရင်ဘတ်တို့တွင် ကပ်ထားရပါသည်။ ထို အီလက်ထရုတ်များကို ဝါယာကြိုးများဖြင့် ကွန်ပျူတာနှင့် ချိတ်ဆက်ထားပြီး နှလုံးခုန်နှုန်း မြန်လွန်းခြင်း၊ နှေးလွန်းခြင်း သို့မဟုတ် လုံးဝ ခုန်ခြင်း မရှိတော့ခြင်း တို့ကို ပြသပေးပါသည်။

နှလုံးအောက်ခန်း စောစီးစွာ ညှစ်ခြင်းသည် မကြာခဏ ဖြစ်ပေါ်ခြင်း မရှိပါက ပုံမှန် ECG ဖြင့် လွဲချော်သွားနိုင်ပါသည်။ သင့် နှလုံးခုန်နှုန်းဆိုင်ရာ အသေးစိတ် အချက်အလက်များကို ပိုမို ရယူ မှတ်တမ်းတင်နိုင်ရန် အိမ်၌ အလွယ်တကူ သယ်ဆောင်အသုံးပြုနိုင်သော ECG စက် အသုံးပြုရန် သင့်ဆရာဝန်က အကြံပြုနိုင်ပါသည်။ ထို သယ်ဆောင်ရလွယ်ကူသော ECG စက်များမှာ အောက်ပါအတိုင်း ဖြစ်ကြပါသည်။

  • ဟိုးတား မော်နီတာ (Holter monitor)- ပုံမှန် လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်နေစဉ်အတွင်း နှလုံး၏ လှုပ်ရှားမှုကို မှတ်တမ်းတင်ရန် ဤ သယ်ဆောင်ရလွယ်ကူသော ECG ကို တစ် ရက်အထိ တပ်ဆင်ထားနိုင်ပါသည်။ စမတ်နာရီကဲ့သို့သော အချို့ အိမ်သုံး ပစ္စည်းများသည်လည်း သယ်ဆောင်ရလွယ်ကူသော ECG စောင့်ကြည့် စစ်ဆေးမှုကို ဆောင်ရွက်ပေးနိုင်ပါသည်။
  • အဖြစ်အပျက် မှတ်တမ်းတင်စက် (Event monitor)- ဤ သယ်ဆောင်ရလွယ်ကူသော ECG ကို ၃၀ ရက်အထိ သို့မဟုတ် လူနာတွင် နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ခြင်း သို့မဟုတ် လက္ခဏာများ ခံစားရသည်အထိ အသုံးပြုရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ပါသည်။ အချို့သော မော်နီတာများသည် ပုံမှန်မဟုတ်သော နှလုံးခုန်ခြင်းကို အလိုအလျောက် သိရှိပြီး မှတ်တမ်းတင်ခြင်း စတင်သော်လည်း လူနာများအနေဖြင့် လက္ခဏာများ ပေါ်ပေါက်လာသည့်အခါတိုင်း ခလုတ်ကို နှိပ်လေ့ရှိကြပါသည်။
  • နှလုံး ဝန်ပိမှု စစ်ဆေးခြင်း (Cardiac stress test)- လေ့ကျင့်ခန်း ပြုလုပ်စဉ် စစ်ဆေးမှုသည် နှလုံးခုန်နှုန်းနှင့် နှလုံး၏ သွေးစီးဆင်းမှုကို တိုင်းတာခြင်း ဖြစ်ပါသည်။ ဤစစ်ဆေးမှုတွင် လေ့ကျင့်ခန်း ပြုလုပ်ခြင်းက နှလုံးအောက်ခန်း စောစီးစွာ ညှစ်ခြင်းကို ဖြစ်ပေါ်စေသလားဆိုသည်ကို ရှာဖွေရန် ECG ရိုက်ကူးနေစဉ်အတွင်း ပြေးစက်ပေါ်တွင် လမ်းလျှောက်ခြင်း သို့မဟုတ် စက်ဘီးနင်းခြင်းတို့ မကြာခဏ ပါဝင်ပါသည်။

H2: ကုသခြင်း

နှလုံးအောက်ခန်း စောစီးစွာ ညှစ်ခြင်း (Premature ventricular contractions – PVCs) ဆိုသည်မှာ နှလုံးရောဂါ မရှိသူများတွင် ကုသမှု ခံယူရန် မလိုအပ်လေ့ရှိသော ပုံမှန်မဟုတ်သည့် နှလုံးခုန်ခြင်း ဖြစ်ပါသည်။ သို့သော် သင့်တွင် နှလုံးရောဂါ (နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ခြင်း) ရှိပါက နှလုံးအောက်ခန်း စောစီးစွာ ညှစ်ခြင်းသည် ပိုမို ဆိုးရွားသော နှလုံးခုန်နှုန်းဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။ မူလအခံ အကြောင်းအရင်းပေါ် မူတည်၍ ကုသမှု သင်တန်းကို ဆုံးဖြတ်ပါသည်၊၊

နေထိုင်မှုပုံစံ ပြောင်းလဲခြင်း

ကဖိန်းဓာတ်နှင့် ဆေးလိပ်တို့သည် လက္ခဏာများကို လျှော့ချရန်အတွက် ရှောင်ကြဉ်နိုင်သော အတွေ့များသည့် နှလုံးအောက်ခန်း စောစီးစွာ ညှစ်ခြင်း၏ အကြောင်းအရင်း နှစ် ခု ဖြစ်ကြပါသည်။

နှစ်သိမ့်ဆွေးနွေး ကုသခြင်း သို့မဟုတ် တရားဘာဝနာ အားထုတ်ခြင်းကဲ့သို့သော ရင်ဆိုင်ဖြေရှင်းသည့် နည်းလမ်းများကို ဖန်တီးခြင်းနှင့် အနည်းဆုံး အိပ်ချိန် ခုနှစ် နာရီ ရှိအောင် အိပ်စက်ခြင်းဖြင့် စိတ်ဖိစီးမှု ပမာဏနှင့် စိုးရိမ်ပူပန်မှုများကို ထိန်းချုပ်ပါ၊၊ ထို့အပြင် ကျန်းမာသော နှလုံးကို အားပေးမြှင့်တင်ရန်အတွက် ကောက်ပဲသီးနှံများ၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ ပါဝင်သော မျှတသည့် အစားအသောက်များကို စားသုံးပါ၊၊ ကြွက်သား လျှော့ချသည့် လေ့ကျင့်ခန်း၊ အလေးမ လေ့ကျင့်ခန်းနှင့် နှလုံးနှင့် သွေးကြောဆိုင်ရာ လေ့ကျင့်ခန်းများ ပါဝင်နိုင်သည့် ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပါ၊၊

ဆေးဝါးများ

စောစီးစွာ ညှစ်ခြင်းများကို လျှော့ချရန်အတွက် ဘီတာ ဘလော့ကာ (beta blockers) နှင့် ကယ်လ်ဆီယမ် ချန်နယ် ဘလော့ကာ (calcium channel blockers) ကဲ့သို့သော သွေးတိုးရောဂါ ကုဆေးများကို အသုံးပြုနိုင်ပါသည်။ လူနာများတွင် နှလုံး၏ လုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်စေသည့် နှလုံးအောက်ခန်း ခုန်နှုန်း မြန်လွန်းသော ရောဂါ (ventricular tachycardia) သို့မဟုတ် စွဲမြဲစွာ ဖြစ်ပေါ်နေသော နှလုံးအောက်ခန်း စောစီးစွာ ညှစ်ခြင်းတို့ ခံစားရပါက သင့် နှလုံးခုန်နှုန်းကို ထိန်းချုပ်ရန် ဆေးဝါးများကိုလည်း ဆရာဝန်က အကြံပြုနိုင်ပါသည်။

ရေဒီယိုကြိမ်နှုန်းသုံး ပိုက်ပျော့ဖြင့် အပူပေး ကုသခြင်း (Radiofrequency catheter ablation)

ဤကုသမှုတွင် ဆေးဘက်ဆိုင်ရာ အထူးကု ဆရာဝန်သည် ပိုက်ပျော့ တစ် ခု သို့မဟုတ် ထိုထက်မကကို သွေးလွှတ်ကြောမှတစ်ဆင့် (ယေဘုယျအားဖြင့် ပေါင်ခြံမှတစ်ဆင့်) ထည့်သွင်းပြီး နှလုံးဆီသို့ ဦးတည် စေလွှတ်ပါသည်။ ပုံမှန်မဟုတ်သော လျှပ်စစ် အချက်ပြမှုများကို တားဆီးရန်နှင့် နှလုံး၏ ပုံမှန် ခုန်နှုန်း စက်ဝန်းကို ပြန်လည် ရရှိစေရန်အတွက် ပိုက်ပျော့၏ ထိပ်ဖျားရှိ အာရုံခံကိရိယာ (အီလက်ထရုတ်) များမှ ရေဒီယိုကြိမ်နှုန်း အပူဓာတ်ကို အသုံးပြု၍ နှလုံးအတွင်း သေးငယ်သော အမာရွတ်များကို ဖန်တီးပေးခြင်း ဖြစ်ပါသည်။

Doctors who treat this condition