မိန်းမကိုယ်နောက်ဘက်နံရံကျွံကျခြင်း
မိန်းမကိုယ်နောက်ဘက်နံရံကျွံကျခြင်း အကြောင်း သိကောင်းစရာ
အစာဟောင်းအိမ်ကျွံကျခြင်း (rectocele) ဟုလည်းသိကြသည့် မိန်းမကိုယ်နောက်ဘက်နံရံကျွံကျခြင်း (Posterior vaginal prolapse) သည် အစာဟောင်းအိမ်က မိန်းမကိုယ်နံရံဘက်သို့ ဖောင်းထွက်လာသောအခါတွင် ဖြစ်ပွားပါသည်။ ၎င်းသည် တင်ပါးဆုံတွင်းအင်္ဂါများ ကျွံကျခြင်းပုံစံတစ်မျိုးဖြစ်ပြီး အစာဟောင်းအိမ်နှင့် မိန်းမကိုယ်ကြားရှိ ထောက်ပံ့ပေးထားသော တစ်သျှူးများ အားနည်းသွားခြင်း သို့မဟုတ် စုတ်ပြဲသွားခြင်းကြောင့် ၎င်းတို့ကို နေရာတကျ ဆက်လက်မထိန်းထားနိုင်တော့ခြင်း ဖြစ်သည်။
မိန်းမကိုယ်နောက်ဘက်နံရံကျွံကျခြင်းသည် ယေဘုယျအားဖြင့် အသက်အရွယ်မရွေး အမျိုးသမီးများတွင် ဖြစ်ပွားတတ်ပါသည်။ သို့သော် အသက် ၆၀ နှင့်အထက် လူများတွင် အထူးသဖြင့် ပိုမိုအဖြစ်များပါသည်။ ကလေးမွေးဖွားစဉ် စုတ်ပြဲခြင်း၊ နာတာရှည် ဝမ်းချုပ်ခြင်းနှင့် တင်ပါးဆုံအောက်ပိုင်းရှိ တစ်သျှူးများအပေါ် ဖိအားပိုဖြစ်စေသော အခြားလှုပ်ရှားမှုများကြောင့် အစာဟောင်းအိမ်ကျွံကျခြင်းကို ဖြစ်စေပါသည်။
အနည်းငယ်မျှသာ ကျွံကျခြင်းတွင် သိသာသော လက္ခဏာများ မပြတတ်ပါ။ ကြီးမားစွာ ကျွံကျနေသူများမှာမူ မိန်းမကိုယ်အတွင်းသို့ ဖောင်းကျနေသည့်အရာတစ်ခုကို ခံစားရပါလိမ့်မည်။ ထိုသို့ဖောင်းကျနေခြင်းကြောင့် နာကျင်မှု မရှိနိုင်သော်လည်း စိတ်အနှောင့်အယှက်တော့ ဖြစ်စေနိုင်ပါသည်။ အစာဟောင်းအိမ်ကျွံကျခြင်းကြောင့် ဝမ်းသွားရန် အခက်အခဲရှိသူများသည် ဝမ်းသွားစဉ် လက်ချောင်းများကို အသုံးပြု၍ မိန်းမကိုယ်နံရံကို ဖိကာ ထောက်ပံ့ပေးခြင်း (splinting) ကို ပြုလုပ်နိုင်ပါသည်။
မိန်းမကိုယ်နောက်ဘက်နံရံကျွံကျသူများအတွက် ခွဲစိတ်ကုသခြင်းနှင့် ခွဲစိတ်ရန်မလိုသော ကုသမှုနှစ်မျိုးစလုံး ရရှိနိုင်ပါသည်။ ဆရာဝန်၏ ရောဂါရှာဖွေတွေ့ရှိချက်အပေါ် မူတည်၍ ထိုအခြေအနေအတွက် အသင့်တော်ဆုံး ကုသမှုကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။
ရောဂါလက္ခဏာများ
အနည်းငယ်မျှသာ ကျွံကျခြင်းတွင် လက္ခဏာများ မရှိနိုင်ပါ။ အလယ်အလတ် သို့မဟုတ် ပြင်းထန်သော အခြေအနေများတွင် တွေ့ရတတ်သော လက္ခဏာများမှာ –
- မိန်းမကိုယ်မှတစ်ဆင့် အပြင်သို့ ထွက်နေသည့် ပျော့ဖတ်ဖတ် တစ်သျှူးအဖုအဖောင်း။
- ဝမ်းသွားရ ခက်ခဲခြင်း။
- အစာဟောင်းအိမ်တွင် ပြည့်နေသကဲ့သို့ သို့မဟုတ် ဖိသိပ်ထားသကဲ့သို့ ခံစားရခြင်း။
- လိင်ဆက်ဆံစဉ် မသက်မသာဖြစ်ခြင်း။
- မိန်းမကိုယ် ကျယ်နေသကဲ့သို့ ခံစားရခြင်း။
- ဝမ်းသွားရာတွင် အကူအညီဖြစ်စေရန် လက်ဖြင့် ဖိပေးထားခြင်း (splinting) လိုအပ်လာခြင်း။
- တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ ဝမ်းသွားလိုစိတ် ဖြစ်ပေါ်နေခြင်း။
အစာဟောင်းအိမ်ကျွံကျခြင်းကို ကုသရန်အတွက် ခွဲစိတ်မှုကို အကြံပြုနိုင်ပါသည်။ ဆရာဝန်သည် ဖြစ်နိုင်ခြေရှိသော ကုသမှုရွေးချယ်စရာများကို အကဲဖြတ်မည်ဖြစ်ပြီး အခြားအင်္ဂါအစိတ်အပိုင်းများ ကျွံကျနိုင်ခြေ ရှိ/မရှိကိုပါ ဆုံးဖြတ်ပေးမည်ဖြစ်သည်။ သားအိမ် သို့မဟုတ် ဆီးအိမ်ကဲ့သို့သော အခြားတင်ပါးဆုံတွင်းအင်္ဂါများ ကျွံကျခြင်းသည်လည်း အစာဟောင်းအိမ်ကျွံကျခြင်းနှင့်အတူ ပူးတွဲဖြစ်ပွားနိုင်ပါသည်။
မိန်းမကိုယ်နောက်ဘက်နံရံကျွံကျခြင်းသည် နာကျင်မှုမရှိသော်လည်း လူနာများအနေဖြင့် နေ့စဉ်လှုပ်ရှားမှုများကို အနှောင့်အယှက်ဖြစ်စေနိုင်သည့် မသက်မသာဖြစ်မှုများကို ခံစားရနိုင်ပါသည်။ ဤသို့ဖြစ်လာပါက ဆရာဝန်နှင့် ပြသရန် လိုအပ်ပါသည်။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
အစာဟောင်းအိမ်ကျွံကျခြင်းသည် တင်ပါးဆုံအောက်ပိုင်းရှိ တစ်သျှူးများ အားနည်းခြင်း သို့မဟုတ် ပျက်စီးခြင်းတို့ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ တင်ပါးဆုံအောက်ပိုင်းအပေါ် ဖိအားများလာစေနိုင်သော အကြောင်းရင်းများမှာ –
- ကလေးမွေးဖွားစဉ် ပြတ်ရှခြင်း သို့မဟုတ် စုတ်ပြဲခြင်း
- မိန်းမကိုယ်မှတစ်ဆင့် ကိရိယာသုံး၍ ကလေးမွေးဖွားခြင်းမှရရှိသော ထိခိုက်ဒဏ်ရာ
- အချိန်ကြာမြင့်စွာ ဝမ်းချုပ်ခြင်း
- နာတာရှည် ချောင်းဆိုးခြင်း သို့မဟုတ် လေပြွန်ရောင်ရမ်းခြင်း
- လေးလံသော အရာများကို ထပ်ခါတလဲလဲ မ,ခြင်း
- အဝလွန်ခြင်း
- အသက်အရွယ်ကြီးရင့်လာခြင်း
တင်ပါးဆုံတွင်းအင်္ဂါများကို ခွဲစိတ်မှုခံယူသောအခါတွင် တင်ပါးဆုံအောက်ပိုင်းရှိ တစ်သျှူးများကို ထိခိုက်ပျက်စီးစေနိုင်ပါသည်။
မိန်းမကိုယ်မှတစ်ဆင့် ကလေးအကြိမ်ကြိမ် မွေးဖွားခြင်းသည် တင်ပါးဆုံအောက်ပိုင်း ကြွက်သားများကို အားနည်းစေနိုင်သည်။ ကလေးမွေးဖွားသည့်အကြိမ်တိုင်းတွင် မိန်းမကိုယ်နောက်ဘက်နံရံကျွံကျနိုင်ခြေ ပိုမိုမြင့်တက်လာပြီး အထူးသဖြင့် မွေးဖွားချိန်ကြာမြင့်ခြင်းနှင့် ကလေးကြီးခြင်းတို့တွင် ပိုဖြစ်နိုင်ခြေရှိသည်။ ကိုယ်ဝန်ဆောင်စဉ်နှင့် ကလေးမွေးဖွားစဉ်တွင် မိန်းမကိုယ်ကို ထောက်ပံ့ပေးထားသော ကြွက်သားများ၊ အရွတ်များနှင့် တွယ်ဆက်တစ်သျှူးများသည် ဆွဲဆန့်ခံရပြီး ကျယ်ထွက်လာသည်။ ရလဒ်အနေဖြင့် ဤတစ်သျှူးများသည် တင်ပါးဆုံတွင်းအင်္ဂါများကို ထောက်ပံ့ပေးနိုင်စွမ်း လျော့ကျသွားသည်။
ဗိုက်ခွဲမွေးခြင်းတွင်လည်း အစာဟောင်းအိမ်ကျွံကျခြင်း ဖြစ်ပွားနိုင်ပါသေးသည်။ သို့သော် မိန်းမကိုယ်မှတစ်ဆင့် မွေးဖွားခြင်းနှင့် နှိုင်းယှဉ်ပါက ဖြစ်နိုင်ခြေမှာ နှိုင်းရအားဖြင့် ပိုမိုနည်းပါးပါသည်။
ဖြစ်နိင်ချေရှိသော အကြောင်းအရင်းများ
ယေဘုယျအားဖြင့် အမျိုးသမီးများသည် မိန်းမကိုယ်နောက်ဘက်နံရံကျွံကျခြင်းကို ခံစားရလွယ်ပါသည်။ သို့သော် အချို့သောအချက်များသည် လူတစ်ဦး၏ ဖြစ်နိုင်ခြေကို ပိုမိုများပြားစေနိုင်ပါသည်။ ၎င်းတို့မှာ –
- မျိုးရိုးဗီဇ (Genetics): အစာဟောင်းအိမ်ကျွံကျခြင်းသည် မွေးရာပါရောဂါထက် နောက်ပိုင်းမှ ဖြစ်ပေါ်လာသော ရောဂါဖြစ်သော်လည်း မွေးရာပါ တွယ်ဆက်တစ်သျှူးများ၏ အရည်အသွေးသည် မိန်းမကိုယ်နောက်ဘက်နံရံကျွံကျခြင်း ဖြစ်ပေါ်နိုင်ခြေအပေါ် လွှမ်းမိုးမှုရှိသည်။ မွေးရာပါ တစ်သျှူးများ အားနည်းခြင်းက ဖြစ်နိုင်ခြေကို ပိုမိုမြင့်တက်စေသည်။
- ကလေးမွေးဖွားခြင်း (Childbirth): မိန်းမကိုယ်မှတစ်ဆင့် ကလေးတစ်ယောက်ထက်ပို၍ မွေးဖွားသောအခါတွင် မိန်းမကိုယ်နောက်ဘက်နံရံကျွံကျနိုင်ခြေ ပိုများပါသည်။ ကလေးမွေးလမ်းကြောင်းချဲ့ခြင်း (episiotomies)၊ မွေးလမ်းကြောင်းစုတ်ပြဲခြင်းနှင့် ကိရိယာသုံး၍ ကလေးမွေးဖွားခြင်း၊ အထူးသဖြင့် ညှပ် (forceps) အသုံးပြုခြင်းတို့သည် ဖြစ်နိုင်ခြေကို ပိုမိုမြင့်တက်စေပါသည်။
- အသက်အရွယ် (Age): အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ တင်ပါးဆုံဧရိယာရှိ တစ်သျှူးများသည် အားနည်းလာသည်။ ပုံမှန်အားဖြင့် ပျော့ပြောင်းမှု လျော့ကျလာခြင်း၊ ကြွက်သားထုဆီ လျော့နည်းလာခြင်းနှင့် အာရုံကြောလုပ်ဆောင်ချက်များ ကျဆင်းလာခြင်းတို့သည် အသက်အရွယ်ကြီးရင့်ခြင်းနှင့်အတူ ဖြစ်ပေါ်လာသည်။
- ကိုယ်အလေးချိန် (Weight): ကိုယ်အလေးချိန်များခြင်း သို့မဟုတ် အဝလွန်ခြင်းသည် တင်ပါးဆုံအောက်ပိုင်း ကြွက်သားများအပေါ် အပိုဖိအားများကို ဖြစ်စေသည်။
ရောဂါရှာဖွေခြင်း (Diagnosis)
ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် အစာဟောင်းအိမ်ကျွံကျခြင်း (rectocele) ကို ရောဂါရှာဖွေရာတွင် လူနာ၏ ဆေးမှတ်တမ်းကို စစ်ဆေးခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် စတင်ပါသည်။
ရောဂါရှာဖွေရာတွင် တင်ပါးဆုံတွင်းအင်္ဂါများကို စမ်းသပ်ခြင်း (pelvic exam) မကြာခဏ ပါဝင်လေ့ရှိသည်။ ဆရာဝန်သည် လူနာအား အောက်ပါအတိုင်း ပြုလုပ်ရန် တောင်းဆိုနိုင်သည် –
- ညှစ်ခိုင်းခြင်း (Bear down): ဝမ်းသွားသည့်အချိန်ကဲ့သို့ ညှစ်ခိုင်းခြင်းဖြင့် ကျွံကျနေသည့် အစိတ်အပိုင်း၏ အရွယ်အစားနှင့် တည်နေရာကို သိရှိနိုင်သည်။ ထိုသို့ ဖိအားပေးလိုက်ခြင်းကြောင့် ကျွံကျနေသည်ကို ပိုမိုထင်ရှားစွာ မြင်တွေ့ရမည် ဖြစ်သည်။
- တင်ပါးဆုံကွင်း ကြွက်သားများကို ကျုံ့ခိုင်းခြင်း (Tighten the pelvic muscles): ဆီးသွားနေစဉ် ဆီးစီးဆင်းမှုကို အောင့်၍ ဖြတ်တောက်လိုက်သကဲ့သို့ ပြုလုပ်ခိုင်းခြင်း ဖြစ်သည်။ တင်ပါးဆုံအောက်ပိုင်း ကြွက်သားများကို ညှစ်ခြင်းနှင့် ပြေလျော့စေခြင်းတို့ ပြုလုပ်ခြင်းဖြင့် ထိုကြွက်သားများ မည်မျှသန်မာသည်ကို ဆုံးဖြတ်နိုင်မည် ဖြစ်သည်။
ဆရာဝန်သည် ဤရောဂါအခြေအနေကြောင့် လူနာ၏ နေ့စဉ်လူမှုဘဝအပေါ် မည်မျှအထိ သက်ရောက်မှုရှိနေသည်ကို အကဲဖြတ်မည် ဖြစ်သည်။ ကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို ဤအချက်အလက်ပေါ်တွင် အခြေခံ၍ ချမှတ်မည် ဖြစ်သည်။ အချို့သော အခြေအနေများတွင် ပုံရိပ်ဖော်စမ်းသပ်မှုများ လိုအပ်နိုင်ပါသည် –
- MRI သို့မဟုတ် X-ray ရိုက်ခြင်း: အစာဟောင်းအိမ်ကျွံကျမှု၏ အရွယ်အစားကို ကောင်းမွန်စွာ မြင်တွေ့နိုင်ရန် ပုံရိပ်ဖော်ပေးနိုင်သည်။
- ဝမ်းသွားစဉ် ဓာတ်မှန်ရိုက်ခြင်း (Defecography): ၎င်းသည် အစာဟောင်းအိမ်မှ ဝမ်းများကို မည်မျှထိရောက်စွာ စွန့်ထုတ်နိုင်သည်ကို တိုင်းတာသည့် အထူး X-ray စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ဓာတ်မှန်အလင်းပြဆေး (contrasting agent) ကို X-ray သို့မဟုတ် MRI ကဲ့သို့သော အခြားစမ်းသပ်မှုများနှင့် တွဲဖက်အသုံးပြုကာ အစာဟောင်းအိမ်ကျွံကျခြင်း၏ အတိုင်းအတာပမာဏကို ဖော်ပြပေးနိုင်သည်။
ကုသခြင်း (Treatment)
အစာဟောင်းအိမ်ကျွံကျခြင်းကို ပြန်လည်ပြုပြင်ရန် ကုသမှုရွေးချယ်စရာ အမျိုးမျိုး ရှိပါသည်။ ဆရာဝန်သည် သင့်တော်သော ကုသမှုကို ဆုံးဖြတ်ရန် ကျွံကျမှု၏ ပြင်းထန်မှုအဆင့်ကို ရောဂါရှာဖွေ အကဲဖြတ်မည် ဖြစ်သည်။ ၎င်းတွင် များသောအားဖြင့် အောက်ပါတို့ ပါဝင်သည် –
- စောင့်ကြည့်လေ့လာခြင်း (Observation): ရောဂါလက္ခဏာ အနည်းငယ်သာရှိခြင်း သို့မဟုတ် လုံးဝမရှိခြင်းတို့ ပြသတတ်သည့် အနည်းငယ်မျှသာ ကျွံကျသော အခြေအနေများအတွက် ခန္ဓာကိုယ်တွင်း ထိုးဖောက်ဝင်ရောက်ရန်မလိုသော (noninvasive) ကုသမှုများ ရရှိနိုင်ပါသည်။ တင်ပါးဆုံအောက်ပိုင်း ကြွက်သားများကို ပိုမိုသန်မာလာစေရန် ပြုလုပ်ခြင်းဖြင့် ကျွံကျခြင်းကို စီမံခန့်ခွဲနိုင်ပြီး ၎င်းကို များသောအားဖြင့် ကီဂယ်လ် လေ့ကျင့်ခန်း (Kegel exercises) ပြုလုပ်ခြင်းနှင့် ဝမ်းသွားခြင်းဆိုင်ရာ အလေ့အကျင့် သင်ကြားပေးခြင်းတို့ဖြင့် လုပ်ဆောင်သည်။
- မိန်းမကိုယ်တွင်း ထည့်ရသော ကွင်း (Vaginal Pessary): ၎င်းသည် ဆီလီကွန်ဖြင့် ပြုလုပ်ထားပြီး မိန်းမကိုယ်အတွင်းသို့ ထည့်သွင်းကာ ကျွံကျနေသော နေရာကို ထောက်ပံ့ပေးထားသည့် ဖြုတ်နိုင်တပ်နိုင်သော ကိရိယာတစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် လူနာအား ဤကွင်းကို မည်သို့ ဂရုစိုက်ရမည်၊ မည်သို့ ဖြုတ်ရမည်နှင့် မည်သို့ ပြန်လည်ထည့်သွင်းရမည်တို့ကို ညွှန်ကြားပေးမည် ဖြစ်သည်။ ၎င်းကို များသောအားဖြင့် အလယ်အလတ်နှင့် ပြင်းထန်သော အစာဟောင်းအိမ်ကျွံကျခြင်း ဖြစ်ရပ်များအတွက် အကြံပြုလေ့ရှိသည်။
ခွဲစိတ်ကုသခြင်း (Surgery)
အောက်ပါအခြေအနေမျိုးတွင် အစာဟောင်းအိမ်ကျွံကျခြင်းကို ခွဲစိတ်ပြုပြင်ရန် အကြံပြုနိုင်ပါသည် –
- မိန်းမကိုယ်တွင်းထည့်ရသော ကွင်းအသုံးပြုခြင်းနှင့် ကီဂယ်လ် (Kegel) ကဲ့သို့သော တင်ပါးဆုံတွင်း လေ့ကျင့်ခန်းများ ပြုလုပ်သော်လည်း အစာဟောင်းအိမ်ကျွံကျခြင်း လက္ခဏာများ သက်သာလာခြင်းမရှိသည့်အခါ။
- အစာဟောင်းအိမ်ကျွံကျခြင်းနှင့်အတူ အခြားသော ဒုတိယအင်္ဂါတစ်ခု ပူးတွဲကျွံကျလာသည့်အခါ။ ရောဂါလက္ခဏာများကြောင့် မသက်မသာ ဖြစ်နေရပါက လူနာ၏ လူမှုဘဝအရည်အသွေး ပြန်လည်ကောင်းမွန်လာစေရန် ထိခိုက်နေသော အင်္ဂါအားလုံးကို ဆရာဝန်က ပြုပြင်ပေးရန် လိုအပ်နိုင်ပါသည်။
အစာဟောင်းအိမ်ကျွံကျခြင်းကို ခွဲစိတ်ပြုပြင်စဉ်အတွင်း မိန်းမကိုယ်တွင် ဖောင်းထွက်နေသောအရာကို ဖယ်ရှားပေးမည် ဖြစ်သည်။ ဆရာဝန်သည် ပိုလျှံနေသော တစ်သျှူးများကို ဖြတ်ထုတ်မည်ဖြစ်ပြီး ကျန်းမာသော တစ်သျှူးများကို ချုပ်ရိုးများဖြင့် တည်ငြိမ်အောင် ပြန်လည်တွဲဆက်ပေးမည် ဖြစ်သည်။ အကယ်၍ အခြားအင်္ဂါတစ်ခုပါ ပူးတွဲကျွံကျနေပါက ဆရာဝန်သည် ခွဲစိတ်မှုတစ်ခုတည်းတွင်ပင် ပြုပြင်မှုအများအပြားကို တစ်ပြိုင်နက် လုပ်ဆောင်ပေးနိုင်သည်။ ဥပမာအားဖြင့် သားအိမ်ကျွံကျခြင်း ပါဝင်နေပါက သားအိမ်ထုတ်ပစ်ခြင်း ခွဲစိတ်မှု (hysterectomy) လိုအပ်နိုင်ပါသည်။
ကီဂယ်လ် လေ့ကျင့်ခန်း (Kegel exercises)
ကီဂယ်လ် လေ့ကျင့်ခန်းများသည် တင်ပါးဆုံအောက်ပိုင်း ကြွက်သားများ၏ ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်ပြီး မိန်းမကိုယ်နောက်ဘက်နံရံကျွံကျခြင်း၏ လက္ခဏာများကို စီမံခန့်ခွဲရာတွင်လည်း ကူညီပေးနိုင်ပါသည်။
ကီဂယ်လ် လေ့ကျင့်ခန်း ပြုလုပ်ရန် –
- မှန်ကန်သော ကြွက်သားကို ရှာဖွေပါ: တင်ပါးဆုံအောက်ပိုင်း ကြွက်သားများသည် ရှေ့ဘက် ဆီးစပ်အရိုးမှသည် နောက်ဘက် ကျောရိုးအဆုံးအထိ တည်ရှိပြီး ပုခက်ငယ်တစ်ခုကဲ့သို့ ပုံစံရှိသည်။ ဆီးသွားနေစဉ်အတွင်း ဆီးစီးဆင်းမှုကို အောင့်၍ ရပ်တန့်ရန် ကြိုးစားကြည့်ပါ။ အကယ်၍ မှန်ကန်သော ကြွက်သားများကို အောင်မြင်စွာ ခွဲခြားသိရှိနိုင်ပြီဆိုပါက လူနာသည် လေ့ကျင့်ခန်းကို စတင်နိုင်ပြီဖြစ်သည်။ လေ့ကျင့်ခန်း စတင်ပြုလုပ်သူများအတွက် လှဲလျောင်းနေသည့် အနေအထားဖြင့် ပြုလုပ်ရန် အကြံပြုပါသည်။
- မှန်ကန်သော နည်းစနစ်ကို အသုံးပြုပါ: ကီဂယ်လ် လေ့ကျင့်ခန်း ပြုလုပ်သည့်အခါ ကြွက်သားများကို အထက်သို့ ဆွဲတင်ပြီး ၃ စက္ကန့်ခန့် ထိန်းထားပါ၊ ထို့နောက် ၃ စက္ကန့်ခန့် ပြန်လွှတ်ပြီး ဖြေလျှော့ပေးပါ။ ဖန်ဂေါ်လီလုံးတစ်ခုပေါ်တွင် ထိုင်နေသည်ဟု စိတ်ကူးပုံဖော်ပြီး ထိုဂေါ်လီလုံးကို အထက်သို့ မြှင့်တင်လိုက်သကဲ့သို့ တင်ပါးဆုံ ကြွက်သားများကို ကျုံ့ပေးပါ။ လူနာများသည် ကြွက်သားများ ပိုမိုသန်မာလာသည်နှင့်အမျှ လေ့ကျင့်ခန်းလုပ်သည့် အကြိမ်ရေကို တစ်ဆင့်ချင်းစီ တဖြည်းဖြည်း တိုးမြှင့်သွားနိုင်ပါသည်။
- အာရုံစိုက်မှုကို ထိန်းသိမ်းပါ: လေ့ကျင့်ခန်း ပြုလုပ်နေစဉ်အတွင်း အသက်ကို အပြင်သို့ မှုတ်ထုတ်ပါ၊ အသက်အောင့်ထားခြင်းကို ရှောင်ကြဉ်ပါ။ ဝမ်းဗိုက်၊ ကျော၊ တင်ပါး သို့မဟုတ် ပေါင်အတွင်းပိုင်းရှိ ကြွက်သားများကို ဖိသိပ်ခြင်း သို့မဟုတ် တင်းကျပ်ခြင်းမပြုရန် သေချာပါစေ။ အကယ်၍ ဤကြွက်သားများ ကျုံ့သွားပါက လေ့ကျင့်ခန်းကို မှန်ကန်စွာ လုပ်ဆောင်နေခြင်း မဟုတ်ပါ။ မှန်ကန်သော ကြွက်သားများကိုသာ ညှစ်ရန် အာရုံစိုက်ပါ။
- တစ်နေ့လျှင် ၃ ကျော့ (sets) ပြုလုပ်ပါ: တစ်ကျော့လျှင် ဆက်တိုက် ၁၀ ကြိမ်မှ ၁၅ ကြိမ်အထိ ထပ်ခါတလဲလဲ ပြုလုပ်ခြင်း ပါဝင်နိုင်သည်။ လူနာများသည် မိမိတို့၏ ကြွက်သားသန်မာမှုနှင့် ခံနိုင်ရည်အပေါ် မူတည်၍ ဤအကြိမ်ရေကို လျှော့ချခြင်း သို့မဟုတ် တိုးမြှင့်ခြင်း ပြုလုပ်နိုင်ပါသည်။
အချို့သော လူနာများသည် ကီဂယ်လ် လေ့ကျင့်ခန်း ပြုလုပ်ရန် ခက်ခဲသည်ဟု ထင်မြင်နိုင်ပါသည်။ ကျန်းမာရေးစွမ်းဆောင်ရှင်တစ်ဦးက ဆောင်ရွက်ပေးသော Biofeedback လေ့ကျင့်မှုသည် လေ့ကျင့်ခန်းများကို မှန်ကန်စွာ လုပ်ဆောင်နေခြင်း ရှိ/မရှိ ဆုံးဖြတ်ရန် ကူညီပေးပါလိမ့်မည်။ လေ့ကျင့်ခန်း ပြုလုပ်နေစဉ်အတွင်း မှန်ကန်သော ကြွက်သားများကို တင်းကျပ်နေစေရန် သေချာစေရန် စောင့်ကြည့်ကိရိယာ သို့မဟုတ် စုံစမ်းစစ်ဆေးသည့် ကိရိယာ (probe) တစ်ခုကို မိန်းမကိုယ်အတွင်းသို့ ထည့်သွင်းစစ်ဆေးသည်။ အချိန်ကြာလာသည်နှင့်အမျှ ဤနည်းလမ်းသည် တင်ပါးဆုံအောက်ပိုင်း ကြွက်သားများကို တိုးတက်ကောင်းမွန်လာစေမည် ဖြစ်သည်။
