ကြွက်သားနှင့် အဆစ်အမြစ် ကိုက်ခဲရောင်ရမ်းသည့် ရောဂါ

အကျဉ်းချုပ်အကြောင်းအရာ

ကြွက်သားနှင့် အဆစ်အမြစ် ကိုက်ခဲရောင်ရမ်းသည့် ရောဂါသည် အသက် ၅၀ ကျော်သူများတွင် အဓိကဖြစ်ပွားလေ့ရှိပြီး လည်ပင်း၊ ပခုံးနှင့် တင်ပါးဆုံတို့တွင် နာကျင်ခြင်းနှင့် တောင့်တင်းခြင်းတို့ကို ဖြစ်စေသော ရောင်ရမ်းမှုဆိုင်ရာ အခြေအနေတစ်ခု ဖြစ်ပါသည်။ ရောဂါလက္ခဏာများသည် ပုံမှန်အားဖြင့် လျင်မြန်စွာ စတင်လာတတ်ပြီး နံနက်ခင်းအချိန် သို့မဟုတ် လှုပ်ရှားမှုမရှိဘဲ နေပြီးနောက်ပိုင်းတွင် ပိုမိုဆိုးရွားလာတတ်ပါသည်။ နံနက်ခင်းတွင် တောင့်တင်းခြင်းမှာ ပုံမှန်အားဖြင့် အနည်းဆုံး မိနစ် ၃၀ သို့မဟုတ် ထို့ထက်ပို၍ ကြာမြင့်တတ်ပါသည်။ နာကျင်မှုမှာ ပြင်းထန်နိုင်သော်လည်း လှုပ်ရှားမှုပြုလုပ်ပေးပါက သက်သာသွားနိုင်ပါသည်။

ဤရောဂါသည် သွေးလွှတ်ကြောမကြီး ရောင်ရမ်းခြင်းဟု ခေါ်ဆိုသော အခြားရောင်ရမ်းမှုဆိုင်ရာ ရောဂါတစ်ခုနှင့်လည်း ဆက်စပ်မှု ရှိနေပါသည်။ ကြွက်သားနှင့် အဆစ်အမြစ် ကိုက်ခဲရောင်ရမ်းသည့် ရောဂါခံစားနေရသူများ၏ ရာခိုင်နှုန်း ၁၀ မှ ၂၀ ခန့်တွင် ထိုသွေးလွှတ်ကြောရောင်ရမ်းသည့် ရောဂါလည်း ရှိနေနိုင်ပါသည်။ ၎င်းသွေးလွှတ်ကြောရောင်ရမ်းသည့် ရောဂါသည် ခေါင်းကိုက်ခြင်း၊ အမြင်အာရုံ ဝေဝါးခြင်း၊ မေးရိုးနာကျင်ခြင်းနှင့် ဦးရေပြားတွင် ထိမိရုံမျှဖြင့် နာကျင်ခြင်းတို့ကို ဖြစ်စေပါသည်။

ရောဂါလက္ခဏာများ

ဤရောဂါသည် ပုံမှန်အားဖြင့် ပခုံးနှင့် တင်ပါးဆုံကဲ့သို့သော အဆစ်ကြီးများတွင် ရုတ်တရက် နာကျင်ခြင်းနှင့် တောင့်တင်းခြင်းတို့ဖြင့် စတင်လေ့ရှိပြီး လည်ပင်း၊ လက်မောင်း၊ နောက်ကျောနှင့် တင်ပါးတို့တွင်လည်း သက်ရောက်မှု ရှိနိုင်ပါသည်။ ၎င်းလက္ခဏာများသည် များသောအားဖြင့် နှစ်ပတ်အတွင်း၊ အချို့အချိန်များတွင် ညတွင်းချင်း ပေါ်လာတတ်ပြီး ခန္ဓာကိုယ်၏ ဝဲယာနှစ်ဖက်စလုံးတွင် တပြိုင်နက် ခံစားရလေ့ရှိပါသည်။

အခြားတွေ့ရလေ့ရှိသော ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • ထိခိုက်မိသော နေရာများတွင် အထူးသဖြင့် နံနက်ခင်း သို့မဟုတ် အနားယူပြီးနောက်ပိုင်း တောင့်တင်းနေခြင်း။
  • နာကျင်နေသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို လှုပ်ရှားရခက်ခဲခြင်း။
  • ဒူး၊ တံတောင်ဆစ် သို့မဟုတ် လက်ကောက်ဝတ်များတွင် တောင့်တင်းခြင်း သို့မဟုတ် နာကျင်ခြင်း။
  • နုန်းချည့်ခြင်း။
  • တစ်ကိုယ်လုံး မအီမသာဖြစ်ခြင်း သို့မဟုတ် နေမကောင်းသကဲ့သို့ ခံစားရခြင်း။
  • ဖျားစနိုးဖြစ်ခြင်း။
  • စိတ်ဓာတ်ကျခြင်း။
  • အစားအသောက်ပျက်ခြင်း။
  • ကိုယ်အလေးချိန်ကျခြင်း။

အကယ်၍ အဆိုပါ လက္ခဏာရပ်များ တောက်လျှောက်ဖြစ်ပွားနေပါက တိကျစွာ ရောဂါရှာဖွေကုသနိုင်ရန် ကျန်းမာရေးစောင့်ရှောက်သူနှင့် ပြသတိုင်ပင်ပါ။ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေသော သို့မဟုတ် အဝတ်အစားလဲခြင်းကဲ့သို့သော နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန် ခဲယဉ်းစေသော အကိုက်အခဲသစ်များနှင့် တောင့်တင်းမှုများ ခံစားရပါကလည်း ဆရာဝန်နှင့် ပြသရန် လိုအပ်ပါသည်။

ကြွက်သားအဆစ်အမြစ်ရောင်ရမ်းသည့် ရောဂါနှင့် သွေးလွှတ်ကြောမကြီးရောင်ရမ်းသည့် ရောဂါတို့သည် တူညီသော လက္ခဏာအချို့ ရှိနေသဖြင့် ခေါင်းကိုက်ခြင်း၊ အမြင်အာရုံပြောင်းလဲခြင်း၊ ဖျားခြင်း၊ မောပန်းခြင်း၊ အစားအသောက်ပျက်ခြင်း၊ မေးရိုးနာခြင်း သို့မဟုတ် ဦးရေပြားတစ်ဝိုက် ထိရုံမျှဖြင့် နာကျင်ခြင်းတို့ ရှိလာပါက ကျန်းမာရေးစောင့်ရှောက်သူနှင့် ပြသဆွေးနွေးပါ။

ဖြစ်ပွားရသောအကြောင်းရင်းများ

ဤရောဂါ စတင်ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းကို အတိအကျ မသိရသေးသော်လည်း သုတေသီများက သီအိုရီအမျိုးမျိုးကို တင်ပြထားကြပါသည်။ ၎င်းတို့တွင် ကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်ကို မှားယွင်းစွာ ပြန်လည်တိုက်ခိုက်သည့် ခုခံအားလွန်ရောဂါ၊ ပခုံး သို့မဟုတ် တင်ပါးဆုံရှိ အရည်အိတ်များ ရောင်ရမ်းခြင်းနှင့် အသက်အရွယ်ကြီးရင့်လာမှု၏ သက်ရောက်မှုတို့ ပါဝင်ပါသည်။

အခြားဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • မျိုးရိုးဗီဇ: ဤရောဂါဖြစ်ပွားနိုင်ခြေသည် အချို့သော မျိုးရိုးဗီဇဆိုင်ရာ အချက်များအပေါ်တွင် တည်မှီနေလေ့ရှိပါသည်။
  • ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများ: ဤရောဂါသည် သီးခြားဗိုင်းရပ်စ်ပိုးဝင်ခြင်းတစ်ခုခုနှင့် တိုက်ရိုက်သက်ဆိုင်မှု မရှိသော်လည်း ရောဂါဖြစ်ပွားမှု အများစုသည် ရာသီအကူးအပြောင်းနှင့် ကာလအပိုင်းအခြားအလိုက် ဖြစ်ပွားတတ်သော ပုံစံမျိုး တွေ့ရသဖြင့် ဗိုင်းရပ်စ် သို့မဟုတ် ပတ်ဝန်းကျင်ဆိုင်ရာ လှုံ့ဆော်မှုတစ်ခုခုကြောင့် ဖြစ်နိုင်သည်ဟု ယူဆရပါသည်။
  • သွေးလွှတ်ကြောမကြီး ရောင်ရမ်းခြင်း: ဤရောဂါနှစ်ခုသည် အတူတကွ တွဲဖက်ဖြစ်ပွားလေ့ရှိပြီး ဆင်တူသော လက္ခဏာများ ရှိကြပါသည်။ သွေးလွှတ်ကြောမကြီးရောင်ရမ်းခြင်းသည် နားထင်တစ်ဝိုက်ရှိ သွေးလွှတ်ကြောနံရံများကို ရောင်ရမ်းစေသဖြင့် ခေါင်းကိုက်ခြင်း၊ မေးရိုးနာခြင်း၊ အမြင်အာရုံပြဿနာနှင့် ဦးရေပြားနာကျင်ခြင်းတို့ကို ဖြစ်စေပါသည်။ ကုသမှုမခံယူပါက လေဖြတ်ခြင်း သို့မဟုတ် မျက်စိကွယ်ခြင်းကဲ့သို့သော ပြင်းထန်သည့် နောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်ပါသည်။

ဖြစ်နိုင်ခြေရှိသောအချက်များ

ဤရောဂါ ဖြစ်ပွားရသည့် တိကျသောအကြောင်းရင်းကို မသိရသော်လည်း ဖြစ်နိုင်ခြေ ပိုများစေသည့် အချက်အချို့ကို အောက်ပါအတိုင်း တွေ့ရှိထားပါသည် –

  • အသက်အရွယ်: အသက် ၇၀ မှ ၈၀ ကြား လူများတွင် အဖြစ်အများဆုံး ဖြစ်ပါသည်။ ယေဘုယျအားဖြင့် အသက်ကြီးလာလေလေ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလာလေလေ ဖြစ်ပါသည်။
  • ကျား၊ မ: အမျိုးသားများနှင့် နှိုင်းယှဉ်ပါက အမျိုးသမီးများတွင် ဤရောဂါ ပိုမိုအဖြစ်များပါသည်။
  • လူမျိုးစု နောက်ခံ: အခြားသော လူမျိုးစုများနှင့် နှိုင်းယှဉ်ပါက ဥရောပမြောက်ပိုင်းသား နောက်ခံရှိသော လူဖြူများတွင် ဤရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားသည်ကို တွေ့ရပါသည်။

ရောဂါရှာဖွေခြင်း

ဤရောဂါ၏ လက္ခဏာများသည် နာတာရှည် အဆစ်အမြစ်ရောင်ရမ်းသည့်ရောဂါ၊ ခါးဆစ်ရောင်ရမ်းသည့်ရောဂါ၊ အဆစ်အတွင်း ပုံဆောင်ခဲစွဲသည့်ရောဂါ၊ ကြွက်သားရောင်ရမ်းသည့်ရောဂါနှင့် တွယ်ဆက်တစ်ရှူးရောဂါများကဲ့သို့သော အခြားအရေပြားနှင့် အရိုးအဆစ်ဆိုင်ရာ အခြေအနေများနှင့် ဆင်တူနေတတ်သဖြင့် ရောဂါရှာဖွေရန် ခဲယဉ်းနိုင်ပါသည်။

ရောဂါရှာဖွေသည့် လုပ်ငန်းစဉ်တွင် ပုံမှန်အားဖြင့် မိမိ၏ကျန်းမာရေးရာဇဝင်ကို မေးမြန်းခြင်းနှင့် ခန္ဓာကိုယ်ကို စစ်ဆေးခြင်းတို့ ပါဝင်ပြီး အဆစ်အမြစ်များ မည်မျှလှုပ်ရှားနိုင်သည်ကို သိရှိရန် ဦးခေါင်းနှင့် ခြေလက်များကို ညင်သာစွာ လှုပ်ရှားခိုင်း၍ စစ်ဆေးနိုင်ပါသည်။ ကျန်းမာရေးစောင့်ရှောက်သူသည် အခြားဖြစ်နိုင်ခြေရှိသော ရောဂါများကို ထည့်သွင်းစဉ်းစားရင်း ဤရောဂါ၏ ထင်ရှားသော လက္ခဏာရပ်များအပေါ် အဓိကထား၍ စစ်ဆေးပါလိမ့်မည်။

နာကျင်ခြင်းနှင့် တောင့်တင်းခြင်း၏ အရင်းအမြစ်ကို ပိုမိုသိရှိနိုင်ရန် အောက်ပါစစ်ဆေးမှုများ လိုအပ်နိုင်ပါသည် –

  • သွေးစစ်ခြင်း။ ဤရောဂါကို အတည်ပြုရန် သီးသန့်သွေးစစ်နည်းမရှိသော်လည်း သွေးနီဥအနည်ထိုင်နှုန်းနှင့် ရောင်ရမ်းမှုပြပရိုတင်းတို့ကို စစ်ဆေးခြင်းအပြင် သွေးဆဲလ်အမျိုးအစားအစုံကို စစ်ဆေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုလက္ခဏာများကို သိရှိနိုင်ပြီး ရောဂါရှာဖွေကုသမှုတွင် အထောက်အကူပြုပါသည်။
  • ပုံရိပ်ဖော်စစ်ဆေးခြင်း။ သံလိုက်ဓာတ်မှန်ရိုက်ခြင်းသည် ပခုံးနာကျင်ရသည့် အခြားသောအကြောင်းရင်းများနှင့် အဆစ်ပြဿနာများကို ခွဲခြားသိမြင်စေနိုင်ပါသည်။ လှိုင်းလွန်အသံဖြင့် ပုံရိပ်ဖော်ခြင်းနှင့် အခြားသော ပုံရိပ်ဖော်စစ်ဆေးမှုများသည်လည်း ဤရောဂါကို ဆင်တူလက္ခဏာရှိသော အခြားရောဂါများနှင့် ခွဲခြားရာတွင် ကူညီပေးနိုင်ပါသည်။
  • နားထင်သွေးလွှတ်ကြောမှ တစ်ရှူးစယူစစ်ဆေးခြင်း။ ထုံဆေးအသုံးပြု၍ နားထင်ရှိ သွေးလွှတ်ကြောမှ တစ်ရှူးစအနည်းငယ်ကို ယူကာ ရောင်ရမ်းမှုလက္ခဏာများ ရှိ၊ မရှိ စစ်ဆေးခြင်းဖြစ်ပါသည်။ ကျန်းမာရေးစောင့်ရှောက်သူက ဤရောဂါနှင့် ဆက်စပ်လေ့ရှိပြီး အချိန်မီမကုသပါက ပြင်းထန်သော နောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်သည့် သွေးလှတ်ကြောမကြီးရောင်ရမ်းသည့်ရောဂါ ရှိနိုင်သည်ဟု သံသယရှိပါက ဤစစ်ဆေးမှုကို အကြံပြုလေ့ရှိပါသည်။

ကုသခြင်း

ဤရောဂါအတွက် ကုသမှုသည် ပုံမှန်အားဖြင့် ရောဂါလက္ခဏာများကို သိသိသာသာ သက်သာလာစေပါသည်။ ဤကုသမှုအစီအစဉ်သည် တစ်နှစ်မှ နှစ်နှစ်အထိ ကြာမြင့်နိုင်ပြီး ရောဂါပြန်လည်ထလာသည့် အခြေအနေမျိုးတွင်မူ ထိုထက်ပို၍ ကုသမှုကာလ ရှည်ကြာနိုင်ပါသည်။

ကုသမှုနည်းလမ်းများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည် –

  • ဆေးဝါးများ
  • စတီးရွိုက်ဆေးများ(Corticosteroids)။ ဤရောဂါကုသမှုကို စတီးရွိုက်ဆေးပမာဏအနည်းငယ်ဖြင့် စတင်လေ့ရှိပါသည်။ လက္ခဏာများ သက်သာလာပါက ဆေးပမာဏကို တစ်နှစ်မှ နှစ်နှစ်အတွင်း တဖြည်းဖြည်း လျှော့ချသွားပါသည်။ အချို့အချိန်များတွင် ရောဂါလက္ခဏာများ ပြန်လည်ပေါ်ပေါက်လာတတ်သဖြင့် ရောဂါပြန်မကြွစေရန် ဆေးပမာဏအနည်းငယ်ကို ရေရှည်ဆက်လက်သောက်သုံးရန် လိုအပ်နိုင်ပါသည်။ဆေးဝါး၏ ထိရောက်မှုကို အကဲဖြတ်ရန်နှင့် ကိုယ်အလေးချိန်တက်ခြင်း၊ အရိုးသိပ်သည်းဆလျော့နည်းခြင်း၊ သွေးတိုးခြင်း၊ ဆီးချိုရောဂါနှင့် မျက်စိအတွင်းတိမ်ဖြစ်ခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများကို စောင့်ကြည့်ရန် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ရပါမည်။
  • ဗီတာမင်ဒီနှင့် ကယ်လ်စီယမ်(Vitamin D and calcium)။ ဤအားဆေးများသည် စတီးရွိုက်ဆေးသောက်နေစဉ်အတွင်း အရိုးပွခြင်းနှင့် အရိုးအားနည်းခြင်းတို့ကို ကာကွယ်ပေးပါသည်။ စတီးရွိုက်ဆေးကို သုံးလထက်ပို၍ သောက်ရမည့်သူများအတွက် ပုံမှန်အားဖြင့် အကြံပြုလေ့ရှိပါသည်။ ညွှန်ကြားလေ့ရှိသော ပမာဏမှာ ကယ်လ်စီယမ် ၁,၀၀၀ မှ ၁,၂၀၀ မီလီဂရမ်နှင့် ဗီတာမင်ဒီ ၆၀၀ မှ ၈၀၀ နိုင်ငံတကာစံသတ်မှတ်ချက်ယူနစ် ဖြစ်ပါသည်။
  • ခုခံအားထိန်းဆေး(Methotrexate)။ ကုသမှုအစပိုင်းတွင် သော်လည်းကောင်း၊ နောက်ပိုင်းတွင် ရောဂါပြန်ကြွလာလျှင် သော်လည်းကောင်း၊ စတီးရွိုက်ဆေးနှင့် မသက်သာလျှင်သော်လည်းကောင်း ဤဆေးကို ညွှန်ကြားနိုင်ပါသည်။ ၎င်းသည် ကိုယ်ခံအားစနစ်ကို ထိန်းညှိပေးသော သောက်ဆေးဖြစ်ပြီး အချို့သောလူနာများတွင် စတီးရွိုက်ဆေးနှင့်အတူ တွဲဖက်သောက်သုံးရန် အကြံပြုနိုင်ပါသည်။
  • ကာယကုထုံး(Physical therapy)။ ယေဘုယျအားဖြင့် စတီးရွိုက်ဆေးဖြင့် ကုသမှုခံယူနေသော ဝေဒနာရှင်အများစုသည် မိမိတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်နိုင်ကြပါသည်။ လှုပ်ရှားမှုနည်းပါးခဲ့သော ဝေဒနာရှင်များကိုမူ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရန် အကြံပြုလေ့ရှိပါသည်။ ကြွက်သားသန်မာမှုနှင့် အဆစ်အမြစ်များ ပျော့ပျောင်းမှုရှိစေရန် ထိန်းသိမ်းခြင်းမှာ အလွန်အရေးကြီးပြီး အကြံပြုလိုသော လေ့ကျင့်ခန်းများမှာ စက်ဘီးနင်းခြင်းကဲ့သို့သောလေ့ကျင့်ခန်း ၊ ရေကူးခြင်းနှင့် လမ်းလျှောက်ခြင်းတို့ ဖြစ်ပါသည်။ ဤလုပ်ဆောင်မှုများသည် တစ်ကိုယ်လုံးကျန်းမာကြံ့ခိုင်မှုကို မြှင့်တင်ပေးရုံသာမက ရောဂါနှင့်ဆက်စပ်သော လက္ခဏာများကိုလည်း သက်သာစေပါသည်။

Doctors who treat this condition