အကျဉ်းချုပ်အကြောင်းအရာ

ပစ်ကျူထရီဂလင်းတွင် ပုံမှန်မဟုတ်ဘဲ အကျိတ်များ ဖြစ်ပေါ်လာခြင်းကို ပစ်ကျူထရီအကျိတ်ဟု ခေါ်ဆိုပါသည်၊၊ ပစ်ကျူထရီဂလင်းသည် ပဲစေ့ခန့်သာရှိသော ဂလင်းငယ်တစ်ခုဖြစ်ပြီး နှာခေါင်း၏ အနောက်ဘက်ရှိ ဦးနှောက်အစိတ်အပိုင်းတစ်ခုနှင့် ဆက်သွယ်နေပါသည်၊၊ ၎င်းတွင် ရှေ့ခြမ်းနှင့် နောက်ခြမ်းဟူ၍ အစိတ်အပိုင်းနှစ်ခုရှိပြီး မတူညီသော ဟော်မုန်းများကို ထုတ်လွှတ်ပေးပါသည်၊၊

ဤဂလင်းတွင်ဖြစ်သော အကျိတ်အများစုမှာ ကင်ဆာမဟုတ်သော အကျိတ်များဖြစ်ပြီး ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပြန့်နှံ့သွားခြင်း မရှိပါ၊၊ သို့သော် ၎င်းတို့သည် ဂလင်း၏ လုပ်ဆောင်ချက်များကို ထိခိုက်စေနိုင်ပြီး ကျန်းမာရေးကို ဘေးဥပါဒ်ဖြစ်စေနိုင်ပါသည်၊၊ အချို့သော အကျိတ်များသည် ဟော်မုန်းထုတ်လုပ်မှုကို ထိခိုက်စေနိုင်ပြီး အချို့မှာမူ ခန္ဓာကိုယ်အတွက် အရေးကြီးသော လုပ်ဆောင်ချက်များကို ထိန်းချုပ်သည့် ဟော်မုန်းများကို အလွန်အကျွံ ထွက်ရှိစေပါသည်၊၊

ဤအကျိတ်များအတွက် ခွဲစိတ်ဖယ်ရှားခြင်းနှင့် ဟော်မုန်းပမာဏကို ထိန်းညှိရန် ဆေးဝါးများဖြင့် ကုသခြင်း အစရှိသော နည်းလမ်းမျိုးစုံရှိပါသည်၊၊ မှန်ကန်သော ရောဂါရှာဖွေမှုရရှိရန် ကျွမ်းကျင်သူနှင့် ပြသတိုင်ပင်သင့်ပါသည်၊၊

ဟော်မုန်းထုတ်လွှတ်မှုအပေါ် မူတည်၍ ခွဲခြားထားသော အမျိုးအစားများမှာ-

  • ဟော်မုန်းထုတ်လွှတ်သော အကျိတ်များ– ဤအကျိတ်များသည် ဟော်မုန်းများကို လိုအပ်သည်ထက် ပိုမိုထုတ်လုပ်နိုင်ပါသည်၊၊ ၎င်းတို့တွင်-
  • မိခင်နို့ရည်ထွက်စေသော ဟော်မုန်းကို အလွန်အကျွံ ထုတ်လုပ်သော အကျိတ်၊၊
  • ကြီးထွားမှုဟော်မုန်းကို အလွန်အကျွံ ထုတ်လုပ်သဖြင့် ခြေလက်နှင့် မျက်နှာအစိတ်အပိုင်းများ ကြီးထွားလာစေသော အကျိတ်၊၊
  • အဒရီနယ်ဂလင်းကို လှုံ့ဆော်သော ဟော်မုန်းများ အလွန်အကျွံ ထွက်ရှိစေသော အကျိတ်၊၊
  • သိုင်းရွိုက်ဂလင်းကို လှုံ့ဆော်သော ဟော်မုန်းများ အလွန်အကျွံ ထွက်ရှိသဖြင့် သိုင်းရွိုက်အဆိပ်တက်ခြင်းကို ဖြစ်စေသော အကျိတ်၊၊
  • မျိုးပွားအင်္ဂါများကို လှုံ့ဆော်သော ဟော်မုန်းများကို အလွန်အကျွံ ထုတ်လုပ်သော အကျိတ်၊၊
  • ဟော်မုန်းမထုတ်လွှတ်သော အကျိတ်များ- ဤအကျိတ်များသည် မည်သည့်ဟော်မုန်းကိုမျှ ထုတ်လုပ်ခြင်းမရှိပါ၊၊ သို့သော် ၎င်းတို့ ကြီးထွားလာပါက ပတ်ဝန်းကျင်ရှိ အစိတ်အပိုင်းများကို ဖိမိစေနိုင်ပါသည်၊၊

အရွယ်အစားအလိုက် ခွဲခြားထားသော အမျိုးအစားများမှာ-

  • အကျိတ်ငယ်များ- အရွယ်အစားမှာ ၁၀ မီလီမီတာအောက် ငယ်ပါသည်၊၊
  • အကျိတ်ကြီးများ- အရွယ်အစားမှာ ၁၀ မီလီမီတာထက် ကြီးပါသည်၊၊ အကျိတ်ကြီးများသည် အကျိတ်ငယ်များထက် ပိုမိုအဖြစ်များလေ့ရှိပြီး ဟော်မုန်းပမာဏ လျော့နည်းသွားခြင်းကိုလည်း ပိုမိုဖြစ်စေနိုင်ပါသည်၊၊

ရောဂါလက္ခဏာများ

အချို့သော အကျိတ်များသည် မည်သည့်လက္ခဏာမျှ မပြတတ်ပါ။ ဟော်မုန်းထုတ်လွှတ်သော အကျိတ်များသည် ထုတ်လုပ်သည့် ဟော်မုန်းအမျိုးအစားပေါ် မူတည်၍ လက္ခဏာအမျိုးမျိုး ပြနိုင်ပါသည်၊၊ တစ်ခါတစ်ရံတွင် အခြားအကြောင်းကိစ္စများအတွက် ဓာတ်မှန်ရိုက်ရာမှတစ်ဆင့် ဤအကျိတ်များကို မတော်တဆ စစ်ဆေးတွေ့ရှိတတ်ပါသည်၊၊ ဟော်မုန်းမထုတ်သော အကျိတ်များမှာမူ ၎င်းတို့ ကြီးထွားလာပြီး အခြားအစိတ်အပိုင်းများကို ဖိမိခြင်းကြောင့် ဖြစ်ပေါ်လာသော လက္ခဏာများနှင့် ဆက်စပ်နေပါသည်၊၊

အကျိတ်ကြီးခြင်းကြောင့် ဖြစ်ပေါ်သော လက္ခဏာများ (ဖိအားကြောင့်ဖြစ်ခြင်း)-

  • အမြင်အာရုံ ချို့ယွင်းခြင်း
  • ခေါင်းကိုက်ခြင်း

ဟော်မုန်းချို့ယွင်းမှုကြောင့် ဖြစ်ပေါ်သော လက္ခဏာများ-

ပစ်ကျူထရီအကျိတ်ကြီးများသည် ဂလင်း၏ တစ်ရှူးများကို ပျက်စီးစေပြီး ဟော်မုန်းချို့ယွင်းမှုများကို ဖြစ်စေနိုင်ပါသည်၊၊ ၎င်းကြောင့် အောက်ပါလက္ခဏာများ ခံစားရနိုင်ပါသည်-

  • မျိုးပွားမှုဆိုင်ရာ ဟော်မုန်းချို့ယွင်းခြင်း-
  • ကိုယ်ခန္ဓာအတွင်း ပူရှိန်းရှိန်းဖြစ်ခြင်း
  • အမျိုးသမီးများတွင် မိန်းမကိုယ် ခြောက်သွေ့ခြင်း
  • အမျိုးသားများတွင် လိင်တံတောင့်တင်းမှု အားနည်းခြင်း
  • အမျိုးသားများတွင် မျက်နှာနှင့် ကိုယ်ခန္ဓာရှိ အမွှေးအမျှင်များ ထွက်ရှိမှု လျော့နည်းခြင်း
  • စိတ်ခံစားချက် ပြောင်းလဲလွယ်ခြင်း
  • လိင်စိတ် လျော့နည်းခြင်း
  • သိုင်းရွိုက်လှုံ့ဆော်ဟော်မုန်း ချို့ယွင်းခြင်း
  • နုံးချိခြင်း သို့မဟုတ် အားနည်းခြင်း
  • ဝမ်းချုပ်ခြင်း
  • နှလုံးခုန်နှေးခြင်း
  • အရေပြား ခြောက်သွေ့ခြင်း
  • ခြေလက်များ ဖောရောင်ခြင်း
  • တုံ့ပြန်မှုများ နှေးကွေးခြင်း
  • အဒရီနယ်လှုံ့ဆော်ဟော်မုန်း ချို့ယွင်းခြင်း-
  • သွေးဖိအား လျော့နည်းခြင်း
  • ပျို့ခြင်းနှင့် အန်ခြင်း
  • ဗိုက်နာခြင်း
  • အစာစားချင်စိတ် လျော့နည်းခြင်း
  • ကြီးထွားမှုဟော်မုန်း ချို့ယွင်းခြင်း-
  • မောပန်းလွယ်ခြင်း
  • အားနည်းခြင်း
  • ကြွက်သားထု လျော့နည်းခြင်း

ရောဂါလက္ခဏာများ (ဟော်မုန်းအလွန်အကျွံထွက်ရှိခြင်း)

အချို့သော ပစ်ကျူထရီအကျိတ်များသည် ဟော်မုန်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ အလွန်အကျွံ ထုတ်လုပ်တတ်ပြီး ၎င်းကို ဟော်မုန်းကြွရောဂါဟု ခေါ်ဆိုပါသည်၊၊ ခံစားရသော လက္ခဏာများသည် ထိခိုက်သွားသော ဟော်မုန်းအမျိုးအစားပေါ် မူတည်၍ ကွဲပြားပါသည်၊၊

  • အဒရီနယ်ဂလင်းကို လှုံ့ဆော်သောဟော်မုန်း (ACTH) ထုတ်လွှတ်သည့် အကျိတ်များ- ၎င်းသည် ကော်တီစောဟော်မုန်း ထုတ်လုပ်မှုကို မြင့်တက်စေပြီး ကူးရှင်းလက္ခဏာစု (Cushing syndrome) ကို ဖြစ်စေပါသည်၊၊ လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
  • မျက်နှာ ဝိုင်းစက်လာခြင်း
  • လည်ပင်းတစ်ဝိုက်တွင် အဆီများ စုပုံလာခြင်း
  • သွေးတိုးခြင်း
  • သွေးတွင်းသကြားဓာတ် မြင့်မားခြင်း
  • ဗိုက်ပေါ်တွင် ခရမ်းရောင် အကြောပြတ်ရာများ ထင်ခြင်း
  • အသားအရေ အလွယ်တကူ ညိုမည်းစွဲခြင်း
  • ကြွက်သားများ အားနည်းခြင်း
  • အရိုးပွခြင်း
  • ကြီးထွားမှုဟော်မုန်း ထုတ်လွှတ်သည့် အကျိတ်များ- ဤဟော်မုန်း အလွန်အကျွံ ထွက်ရှိခြင်း၏ လက္ခဏာများသည် လူနာ၏ အသက်အရွယ်ပေါ် မူတည်ပါသည်၊၊
    • လူကြီးများတွင် ဤဟော်မုန်း အလွန်အကျွံ ထွက်ရှိပါက ခြေလက်နှင့် မျက်နှာအစိတ်အပိုင်းများ ကြီးထွားလာသော ရောဂါကို ဖြစ်စေပါသည်၊၊ လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
  • အဆစ်အမြစ်များ ကိုက်ခဲနာကျင်ခြင်း
  • လက်ဖဝါးနှင့် ခြေဖဝါးများ ကြီးထွားလာခြင်း
  • ချွေးအလွန်အကျွံထွက်ခြင်း
  • နှလုံးဆိုင်ရာ ပြဿနာများ ဖြစ်ခြင်း
  • မျက်နှာသွင်ပြင် ပြောင်းလဲလာခြင်း
  • ကလေးငယ်များတွင် ကြီးထွားမှုဟော်မုန်း အလွန်အကျွံ ထွက်ရှိပါက ကိုယ်ခန္ဓာ အဆမတန် ထွားကြိုင်းသောရောဂါကို ဖြစ်စေပါသည်၊၊ လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
  • သွားများကြားတွင် ဟာလာခြင်း
  • လက်နှင့် ခြေထောက်များ အလွန်ကြီးမားခြင်း
  • နဖူး၊ မေးရိုးနှင့် နှာခေါင်းတို့ သိသိသာသာ ကြီးထွားလာခြင်း
  • မိခင်နို့ရည်ထွက်စေသော ဟော်မုန်း (Prolactin) ထုတ်လွှတ်သည့် အကျိတ်များ- ဤအကျိတ်သည် မျိုးပွားမှုဆိုင်ရာ ဟော်မုန်းများကို လျော့နည်းစေပါသည်၊၊
    • အမျိုးသမီးများတွင် အောက်ပါတို့ကို ဖြစ်စေနိုင်ပါသည်-
  • ရာသီမမှန်ခြင်း သို့မဟုတ် ရာသီထိန်ခြင်း
  • ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် နို့တိုက်နေခြင်းမဟုတ်ဘဲ ရင်သားမှ နို့ရည်များ ထွက်ခြင်း
    • အမျိုးသားများတွင်မူ အောက်ပါတို့ကို ဖြစ်စေနိုင်ပါသည်-
  • လိင်စိတ် လျော့နည်းသွားခြင်း
  • ရင်သား ကြီးထွားလာခြင်း
  • သုတ်ပိုးထုတ်လုပ်မှု လျော့နည်းခြင်း
  • သိုင်းရွိုက်လှုံ့ဆော်ဟော်မုန်း ထုတ်လွှတ်သည့် အကျိတ်များ- ဤဟော်မုန်း အလွန်အကျွံ ထွက်ရှိခြင်းက သိုင်းရွိုက်အဆိပ်တက်ခြင်းကို ဖြစ်စေပါသည်၊၊ လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
  • အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် လျော့ကျခြင်း
  • နှလုံးခုန် မြန်ခြင်း
  • ချွေးအလွန်အကျွံထွက်ခြင်း
  • စိတ်တိုလွယ်ခြင်း

ပစ်ကျူထရီအကျိတ် ဖြစ်နိုင်ခြေရှိသော လက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် ပြသတိုင်ပင်ပါ၊၊ ဤအကျိတ်များကို များသောအားဖြင့် ကုသနိုင်ပြီး ဟော်မုန်းပမာဏကို ပုံမှန်ပြန်ဖြစ်စေကာ ရောဂါလက္ခဏာများကို လျှော့ချပေးနိုင်ပါသည်၊၊

အကယ်၍ မိသားစုအတွင်း မျိုးရိုးဗီဇဆိုင်ရာ ဂလင်းအကျိတ်ရောဂါ (MEN 1) ရာဇဝင်ရှိပါက အကျိတ်ကို စောစီးစွာ သိရှိနိုင်ရန် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ဆရာဝန်နှင့် ဆွေးနွေးပါ၊၊

ဖြစ်ပွားရသောအကြောင်းရင်းများ

ပစ်ကျူထရီဂလင်းအတွင်းရှိ ဆဲလ်များ အဘယ်ကြောင့် ထိန်းချုပ်မရဘဲ ပွားများပြီး အကျိတ်ဖြစ်လာရသည်ကို တိကျစွာ မသိရှိရသေးပါ။

ပစ်ကျူထရီဂလင်းသည် ပဲစေ့ပုံသဏ္ဌာန်ရှိသော ဂလင်းငယ်တစ်ခုဖြစ်ပြီး ဦးနှောက်၏ အောက်ခြေ၊ နားနှစ်ဖက်ကြားနှင့် နှာခေါင်း၏ အနောက်ဘက်တွင် တည်ရှိပါသည်၊၊ အရွယ်အစား သေးငယ်သော်လည်း ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များကို များစွာ အကျိုးသက်ရောက်စေပါသည်၊၊ ၎င်းသည် ကြီးထွားမှု၊ သွေးဖိအားနှင့် မျိုးပွားမှုကဲ့သို့သော အရေးကြီးသော လုပ်ငန်းစဉ်များကို ထိန်းချုပ်သည့် ဟော်မုန်းများကို ထုတ်လုပ်ပေးပါသည်၊၊

ပစ်ကျူထရီအကျိတ် ဖြစ်ပွားမှု အများစုမှာ မျိုးရိုးလိုက်ခြင်း မရှိသော်လည်း အချို့မှာ မိသားစုအတွင်း မျိုးရိုးလိုက်တတ်ပါသည်၊၊ မျိုးရိုးဗီဇဆိုင်ရာ ပြောင်းလဲမှုများသည် ဤအကျိတ်များ ဖြစ်ပေါ်လာခြင်းတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သည်ဟု ယူဆကြပါသည်၊၊

ဖြစ်နိုင်ခြေရှိသောအချက်များ

အချို့သော မျိုးရိုးဗီဇဆိုင်ရာ ရောဂါရာဇဝင်ရှိသူများတွင် ပစ်ကျူထရီအကျိတ် ဖြစ်နိုင်ခြေ ပိုများပါသည်၊၊ ဤအကျိတ်နှင့် ဆက်စပ်နေသော မျိုးရိုးလိုက်ရောဂါများတွင် အောက်ပါတို့ ပါဝင်ပါသည်-

  • မျိုးရိုးဗီဇဆိုင်ရာ ဂလင်းအကျိတ်ရောဂါ အမျိုးအစား (၁)
  • မျိုးရိုးဗီဇဆိုင်ရာ ဂလင်းအကျိတ်ရောဂါ အမျိုးအစား (၄)
  • အာရုံကြောနှင့် အရေပြားဆိုင်ရာ အကျိတ်ရောဂါ အမျိုးအစား (၁)
  • ခန္ဓာကိုယ် အစိတ်အပိုင်းမျိုးစုံတွင် အကျိတ်ဖြစ်သောရောဂါ (Carney complex)
  • ခန္ဓာကိုယ် အဆမတန် ကြီးထွားစေသော မျိုးရိုးဗီဇရောဂါ (X-LAG syndrome)
  • မျိုးရိုးလိုက် ပစ်ကျူထရီအကျိတ်ရောဂါ တစ်မျိုး
  • ခန္ဓာကိုယ် နေရာအနှံ့တွင် အကျိတ်နှင့် အရည်အိတ်များ ဖြစ်စေသောရောဂါ (Von Hippel-Lindau syndrome)

ရောဂါရှာဖွေခြင်း

လူနာတွင် ဖြစ်ပွားနေသော အကျိတ်အမျိုးအစားနှင့် ရောဂါလက္ခဏာ ပြခြင်း၊ မပြခြင်းအပေါ် မူတည်၍ ရောဂါရှာဖွေမှု လုပ်ငန်းစဉ်များ ကွဲပြားနိုင်ပါသည်၊၊ ပစ်ကျူထရီအကျိတ်၏ လက္ခဏာများသည် အခြားသော ဖျားနာမှုများနှင့် ဆင်တူနေတတ်သဖြင့် အချိန်မီ မသိရှိဘဲ ကျော်လွန်သွားတတ်ပါသည်၊၊

တစ်ခါတစ်ရံတွင် အခြားသော ဖျားနာမှုများအတွက် ဆေးစစ်မှုများ ပြုလုပ်ရာမှတစ်ဆင့် ဤအကျိတ်များကို မတော်တဆ စစ်ဆေးတွေ့ရှိတတ်ပါသည်၊၊

ကျွမ်းကျင်သူသည် ပစ်ကျူထရီအကျိတ် ရှိ၊ မရှိ ဆုံးဖြတ်ရန် ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးခြင်းနှင့် ရောဂါရာဇဝင်ကို မေးမြန်းခြင်းများ ပြုလုပ်ပါလိမ့်မည်၊၊ ထို့ပြင် အောက်ပါစစ်ဆေးမှုများကိုလည်း အကြံပြုနိုင်ပါသည်-

  • သွေးစစ်ခြင်း။ ပစ်ကျူထရီအကျိတ်နှင့် ဆက်စပ်နေသော ဟော်မုန်းဆိုင်ရာ မူမမှန်မှုများကို သွေးစစ်ခြင်းဖြင့် ရှာဖွေဖော်ထုတ်နိုင်ပါသည်၊၊
  • ဆီးစစ်ခြင်း။ ခန္ဓာကိုယ်အတွင်း ဟော်မုန်းများ လုပ်ဆောင်ပြီးနောက် ထွက်လာသော ဘေးထွက်ပစ္စည်းများကို စစ်ဆေးရန် အသုံးပြုပါသည်၊၊
  • ပုံရိပ်ဖော်စစ်ဆေးမှုများ။ အကျိတ်၏ တည်နေရာနှင့် အရွယ်အစားကို သိရှိနိုင်ရန် ဦးနှောက်ကို ပုံရိပ်ဖော်စစ်ဆေးရန် အကြံပြုနိုင်ပါသည်၊၊ ၎င်းတို့တွင်-
    • သံလိုက်လှိုင်းနှင့် ရေဒီယိုလှိုင်းများကို အသုံးပြု၍ ဦးနှောက်နှင့် ပတ်ဝန်းကျင် တစ်ရှူးများကို သုံးဖက်မြင် ပုံရိပ်ဖော်ပေးသော သံလိုက်ဓာတ်မှန်ရိုက်ခြင်း၊၊
    • ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းဖြင့် ပုံရိပ်အဆင့်ဆင့်ကို ရယူခြင်း၊၊ ဤပုံရိပ်များကို ကွန်ပျူတာပေါ်တွင် အသေးစိတ်ပြန်လည်ကြည့်ရှုခြင်းဖြင့် အကျိတ်က လူနာအပေါ် မည်သို့အကျိုးသက်ရောက်နေသည်ကို ကျွမ်းကျင်သူက ဆန်းစစ်နိုင်ပါသည်၊၊
  • အမြင်အာရုံ စစ်ဆေးခြင်း။ အကျိတ်ကြောင့် လူနာ၏ အမြင်အာရုံ သို့မဟုတ် ဘေးမြင်ကွင်းများ ထိခိုက်မှု ရှိ၊ မရှိ စစ်ဆေးခြင်း ဖြစ်ပါသည်၊၊

ကုသခြင်း

ပစ်ကျူထရီအကျိတ် အများစုအတွက် ကုသမှု မလိုအပ်ပါ၊၊ အကယ်၍ လူနာတွင် အကျိတ်ရှိပါက အကျိတ်အမျိုးအစား၊ အရွယ်အစားနှင့် ပြန့်နှံ့မှု အနက်ပေါ်မူတည်၍ ကုသမှုကို ဆုံးဖြတ်ပါလိမ့်မည်၊၊ လူနာ၏ အသက်အရွယ်နှင့် အထွေထွေ ကျန်းမာရေး အခြေအနေမှာလည်း ထည့်သွင်းစဉ်းစားရမည့် အချက်များ ဖြစ်ပါသည်၊၊

နှာခေါင်း၊ နား၊ လည်ပင်း ခွဲစိတ်ဆရာဝန်၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဆရာဝန်၊ ဟော်မုန်းဆိုင်ရာ ကျွမ်းကျင်သူနှင့် ကင်ဆာရောဂါ ကျွမ်းကျင်သူများ ပါဝင်သော ဘက်စုံကုသမှု နည်းလမ်းကို အကြံပြုပါလိမ့်မည်၊၊ အကျိတ်ကို ဖယ်ရှားရန်နှင့် ဟော်မုန်းထုတ်လုပ်မှု ပုံမှန်ပြန်ဖြစ်စေရန်အတွက် ဆရာဝန်များသည် ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းနှင့် ဆေးဝါးများဖြင့် ကုသခြင်းတို့ကို တစ်မျိုးတည်း သို့မဟုတ် တွဲဖက်၍ အသုံးပြုလေ့ရှိပါသည်၊၊

ဆေးဝါးများ

ဆေးဝါးများသည် ပစ်ကျူထရီအကျိတ် ပုံစံအမျိုးမျိုးကို သေးငယ်သွားစေရန်နှင့် ဟော်မုန်း အလွန်အကျွံ ထွက်ရှိမှုကို ရပ်တန့်စေရန် ကူညီပေးနိုင်ပါသည်-

  • မိခင်နို့ရည်ထွက်စေသော ဟော်မုန်းထုတ်သည့် အကျိတ်များ။ ဤဆေးဝါးများသည် ဟော်မုန်းထွက်ရှိမှုကို လျှော့ချပေးပြီး အကျိတ်၏ အရွယ်အစားကို သေးငယ်စေပါသည်၊၊ ဆေးဝါးများကို ဆရာဝန်က အနီးကပ် စောင့်ကြည့်စစ်ဆေးပါလိမ့်မည်၊၊ ဤဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများတွင် ခေါင်းမူးခြင်း၊ ပျို့ခြင်း၊ အိပ်ငိုက်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ ပါဝင်နိုင်ပါသည်၊၊
  • အဒရီနယ်ဂလင်းကို လှုံ့ဆော်သော ဟော်မုန်းထုတ်သည့် အကျိတ်များ။ ဤဆေးဝါးသည် အဒရီနယ်ဂလင်းမှ ကော်တီစောဟော်မုန်း အလွန်အကျွံ ထွက်ရှိမှုကို လျှော့ချပေးပါသည်၊၊ အချို့သော ဆေးဝါးများသည် အကျိတ်မှ ဟော်မုန်းထွက်ရှိမှုကို တိုက်ရိုက် လျှော့ချပေးပါသည်၊၊ ဘေးထွက်ဆိုးကျိုးများတွင် ပျို့ခြင်း၊ ဝမ်းလျှောခြင်း၊ သွေးတိုးခြင်းနှင့် အားနည်းခြင်းတို့ ပါဝင်နိုင်ပါသည်၊၊
  • ကြီးထွားမှုဟော်မုန်း ထုတ်လွှတ်သည့် အကျိတ်များ။ ခွဲစိတ်မှုဖြင့် ဟော်မုန်းပမာဏကို ပုံမှန်ပြန်မဖြစ်စေနိုင်ပါက ဤဆေးဝါးများသည် အထူးအသုံးဝင်ပါသည်၊၊ ဆေးဝါးအမျိုးအစား တစ်မျိုးမှာ ဟော်မုန်းထုတ်လုပ်မှုကို လျှော့ချပေးပြီး အကျိတ်ကို သေးငယ်စေနိုင်ပါသည်၊၊ အခြားဆေးဝါး အမျိုးအစားမှာမူ ခန္ဓာကိုယ်အတွင်း ဟော်မုန်းပမာဏ အလွန်အကျွံရှိခြင်းကြောင့် ဖြစ်ပေါ်သော အကျိုးသက်ရောက်မှုများကို တားဆီးပေးပါသည်၊၊ ဘေးထွက်ဆိုးကျိုးများတွင် ပျို့ခြင်း၊ အန်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ဗိုက်နာခြင်းတို့ ပါဝင်နိုင်ပါသည်၊၊

ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း

ဓာတ်ရောင်ခြည်ကုထုံးသည် စွမ်းအင်မြင့်ရောင်ခြည်များကို အသုံးပြု၍ အကျိတ်များကို ဖျက်ဆီးခြင်းဖြစ်ပါသည်၊၊ ခွဲစိတ်ရန် မဖြစ်နိုင်သော အခြေအနေမျိုးတွင် ဤနည်းလမ်းတစ်ခုတည်းဖြင့် ကုသနိုင်ပါသည်၊၊ ခွဲစိတ်မှုအပြီးတွင် အကျိတ်ကျန်ရှိနေပါက သို့မဟုတ် အကျိတ်ပြန်ဖြစ်လာပြီး ဆေးဝါးများဖြင့် ကုသ၍မရသော လက္ခဏာများရှိနေပါက ဓာတ်ရောင်ခြည်ကုထုံးသည် အသုံးဝင်ပါသည်၊၊ ဓာတ်ရောင်ခြည်ကုသမှု နည်းလမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

  • အထူးပစ်မှတ်ထား ဓာတ်ရောင်ခြည်ခွဲစိတ်မှု။ အရေပြားကို လှီးဖြတ်ရန်မလိုဘဲ ဓာတ်ရောင်ခြည်တန်းများကို အကျိတ်ရှိရာသို့ တိကျစွာ စုစည်းလွှတ်ထုတ်ခြင်း ဖြစ်ပြီး များသောအားဖြင့် တစ်ကြိမ်တည်းဖြင့် ပြင်းအားမြင့်စွာ ပေးလေ့ရှိပါသည်၊၊ အကျိတ်ပတ်ဝန်းကျင်ရှိ ကျန်းမာသော တစ်ရှူးများအပေါ် သက်ရောက်မှုနည်းပါးသဖြင့် ဘေးထွက်ဆိုးကျိုးကို လျှော့ချပေးနိုင်ပါသည်၊၊ အဆင့်မြင့် ဦးနှောက်ပုံရိပ်ဖော် ကိရိယာများကို အသုံးပြု၍ ရောင်ခြည်များကို အကျိတ်ပေါ်သို့ တိုက်ရိုက်ကျရောက်စေပါသည်၊၊
  • ပြင်ပမှ ဓာတ်ရောင်ခြည်ပေးခြင်း။ ၎င်းသည် အကျိတ်ကြီးထွားမှုကို ရပ်တန့်ရန်အတွက် ဓာတ်ရောင်ခြည် ပမာဏအနည်းငယ်စီကို အချိန်ကြာမြင့်စွာ အကြိမ်ကြိမ် ခွဲ၍ ပေးခြင်းဖြစ်ပါသည်၊၊ ဤနည်းလမ်းသည် အကျိတ်အနီးရှိ ကျန်းမာသော ဦးနှောက်တစ်ရှူးများနှင့် ကျန်ရှိနေသော ပုံမှန်ဂလင်းဆဲလ်များကို ထိခိုက်စေနိုင်သည့် အလားအလာ ရှိပါသည်၊၊
  • ပြင်းအားထိန်းညှိ ဓာတ်ရောင်ခြည်ကုထုံး။ ကွန်ပျူတာ အကူအညီဖြင့် ဓာတ်ရောင်ခြည်တန်းများကို အကျိတ်၏ ပုံသဏ္ဌာန်အတိုင်း အမျိုးမျိုးသော ထောင့်အကွာအဝေးမှ ဝိုင်းရံလွှတ်ထုတ်သော နည်းလမ်းဖြစ်ပါသည်၊၊ ထို့ပြင် ရောင်ခြည်၏ ပြင်းအားကိုလည်း ထိန်းချုပ်နိုင်သဖြင့် ပတ်ဝန်းကျင်ရှိ တစ်ရှူးများသို့ ရောင်ခြည်ရောက်ရှိမှုကို လျှော့ချပေးနိုင်ပါသည်၊၊
  • ပရိုတွန်ရောင်ခြည်ကုထုံး။ ဤနည်းလမ်းသည် အဖိုဓာတ်ဆောင်သော အမှုန်များကို အသုံးပြုပါသည်၊၊ ၎င်းရောင်ခြည်များသည် အကျိတ်အတွင်းသို့ ရောက်ရှိမှသာ စွမ်းအင်များကို ထုတ်လွှတ်ခြင်းဖြစ်ပါသည်၊၊ ရောင်ခြည်များကို တိကျစွာ ထိန်းချုပ်နိုင်သဖြင့် ကျန်းမာသော တစ်ရှူးများကို ထိခိုက်မှု အနည်းဆုံးဖြင့် ကုသနိုင်ပါသည်၊၊

ခွဲစိတ်ကုသခြင်း

အမြင်အာရုံဆိုင်ရာ အာရုံကြောများကို ဖိမိနေသော သို့မဟုတ် ဟော်မုန်းများကို အလွန်အကျွံ ထုတ်လုပ်နေသော အကျိတ်များကို ခွဲစိတ်ဖယ်ရှားရပါလိမ့်မည်၊၊ ခွဲစိတ်မှု၏ ရလဒ်မှာ အကျိတ်အမျိုးအစား၊ တည်နေရာ၊ အရွယ်အစားနှင့် ပတ်ဝန်းကျင် တစ်ရှူးများသို့ ပြန့်နှံ့မှု ရှိ၊ မရှိအပေါ်တွင် မူတည်ပါသည်၊၊ အဓိက ခွဲစိတ်မှု နည်းလမ်းနှစ်မျိုးရှိပါသည်-

  • နှာခေါင်းမှတစ်ဆင့် ခွဲစိတ်ခြင်း။ ၎င်းသည် ပြင်ပတွင် ဒဏ်ရာရာဇဝင် မကျန်စေဘဲ နှာခေါင်းနှင့် အခေါင်းပေါက်များမှတစ်ဆင့် အကျိတ်ကို ဖယ်ရှားသော နည်းလမ်းဖြစ်ပါသည်၊၊ ဦးနှောက်ကို ထိခိုက်မှု မရှိသကဲ့သို့ အမာရွတ်လည်း ထင်ကျန်လိမ့်မည် မဟုတ်ပါ၊၊ သို့သော် အလွန်ကြီးမားသော အကျိတ်များ သို့မဟုတ် ပတ်ဝန်းကျင်ရှိ အာရုံကြောများနှင့် ဦးနှောက်တစ်ရှူးများအတွင်းသို့ ပြန့်နှံ့နေသော အကျိတ်များအတွက်မူ ဤနည်းလမ်းမှာ ခက်ခဲနိုင်ပါသည်၊၊
  • ဦးခေါင်းခွံကိုဖွင့်၍ ခွဲစိတ်ခြင်း။ ဦးရေပြားကို လှီးဖြတ်ပြီး ဦးခေါင်းခွံ၏ အပေါ်ပိုင်းမှတစ်ဆင့် အကျိတ်ကို ဖယ်ရှားခြင်းဖြစ်ပါသည်၊၊ ဤနည်းလမ်းသည် ကြီးမားသော သို့မဟုတ် ဖယ်ရှားရန် ခက်ခဲသော အကျိတ်များအတွက် ပိုမိုအဆင်ပြေပါသည်၊၊

ဟော်မုန်း အစားထိုးကုသခြင်း

အကျိတ်ကြောင့် သို့မဟုတ် ခွဲစိတ်ကုသမှုကြောင့် ဟော်မုန်းထုတ်လုပ်မှု လျော့နည်းသွားပါက ပုံမှန်ဟော်မုန်းပမာဏ ရရှိစေရန် အစားထိုးဟော်မုန်းများ သောက်သုံးရန် လိုအပ်ပါသည်၊၊ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူသော လူနာအချို့တွင်လည်း ဟော်မုန်းအစားထိုးရန် လိုအပ်နိုင်ပါသည်၊၊

စောင့်ကြည့်စစ်ဆေးခြင်း

အကယ်၍ လူနာသည် ချက်ချင်းကုသမှုမခံယူဘဲ အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ်ပါက အကျိတ်ကြီးထွားလာခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ပါသည်၊၊ အကယ်၍ အကျိတ်သည် မည်သည့်လက္ခဏာမှ မပြပါက ဤနည်းလမ်းကို ရွေးချယ်နိုင်ပါသည်၊၊

အကျိတ်သည် အခြားသော ပြဿနာများ မဖြစ်စေပါက လူနာအများစုမှာ ကုသမှုမခံယူဘဲ နေထိုင်နိုင်ပါသည်၊၊ ငယ်ရွယ်သော လူနာများအတွက် စောင့်ကြည့်စစ်ဆေးရန် အကြံပြုလေ့ရှိသော်လည်း စောင့်ကြည့်နေစဉ်အတွင်း အကျိတ်မှာ ပြောင်းလဲခြင်း သို့မဟုတ် ပိုမိုကြီးထွားလာခြင်းတို့ ဖြစ်နိုင်သည်ကို လူနာက နားလည်ထားရပါမည်၊၊ ဖြစ်ပေါ်လာနိုင်သော လက္ခဏာများနှင့် ကုသမှု နည်းလမ်းများကို ကျွမ်းကျင်သူနှင့် ဆွေးနွေးတိုင်ပင်နိုင်ပါသည်၊၊

   

Doctors who treat this condition